Breaking News

ဇင်လင်း - ငြိမ်းချမ်းရေးကင်းမဲ့နေပါက ၂၀၂၀ အလွန်တွင် လက်နက်အားကိုးဝါဒ ကြီးထွားလာမည်ကို သတိပြု





ဇင်လင်း - ငြိမ်းချမ်းရေးကင်းမဲ့နေပါက ၂၀၂၀ အလွန်တွင် လက်နက်အားကိုးဝါဒ ကြီးထွားလာမည်ကို သတိပြု

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၀



ယခု ၂၀၂၀ ပြည်နှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ(EAOs) မှ ခေါင်းဆောင်များ NCA လက်မှတ်ရေးထိုးခဲ့ကြတာ (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေသောကြောင့် ယခင်နှစ်များကကဲ့သို့ အခမ်းအနား ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၀၂၀ ပြည့်နှစ်အလွန်တွင် ဆောင်ရွက်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အစီအစဉ် သစ် တစ်ရပ်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် အထိမ်းအမှတ် သဝဏ်လွှာ” ၌ ယင်းအစီအစဉ်သစ် ကို ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ အလွန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ချိတ်ဆက် လုပ် ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ၌ ထုတ်ဖော် တင်ပြထား သည်။

ပထမလုပ်ငန်းစဉ်မှာ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှစ်ရပ်ကို ဒွန်တွဲ ဖော်ဆောင်သည့် လုပ်ငန်းစဉ်ဖြစ်၍ NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-NS-EAOs)နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်များ ရရှိလာစေရန်နှင့် နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်ရှိလာစေရေး ဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ တစ်ပြိုင်နက်တွင် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S-EAOs)နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန် ပစ်ခတ်မှု ရပ်စဲရေး စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်ခိုင်မာစေ ဆွေးနွေးညှိနှိုင်း၍ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဒုတိယလုပ်ငန်းစဉ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ် နှစ်ရပ် ကို ပူးတွဲဖော်ဆောင်သည့် လုပ်ငန်းဖြစ်သည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ အပိုင်း(၃)ဖြစ်သော ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးရန် ကျန်ရှိ နေသည့်အချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းပြီးနောက်၊ အားလုံးသဘောတူ လက်ခံသည့် ပြည်နယ်များဆိုင်ရာ ကိုယ်ပိုင် အခြေခံ ဥပဒေ ဖော်ပြချက်ကို ရှာဖွေသွားမည်ဟု ဆိုသည်။

တတိယလုပ်ငန်းစဉ်မှာ ပထမနှင့် ဒုတိယလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာသော သဘောတူညီချက်များကို အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းဖြစ်သည်ဟု ဆိုသည်။ လမ်းညွှန် အခြေခံမူများနှင့်အညီ အဆင့်အလိုက် လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းကြခြင်းအားဖြင့် အားလုံး သဘောတူ လက်ခံနိုင်မည့် နိုင်ငံရေးမူ တစ်ရပ် ထွက်ပေါ်လာမည် ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံရေး သဘောတူညီချက် ရရှိရန် လုပ်ငန်း ကော်မတီအဆင့်တွင် တတ်သိပညာရှင်များ ပါဝင်စေပြီး၊ NCA စာချုပ် လမ်းပြမြေပုံနှင့်အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါ အဝင် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်သွားမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းနှင့်အတူ ပြည်နယ် ကိုယ်ပိုင် အခြေခံ ဥပဒေရေးဆွဲခွင့်ကို မည်သည့် လမ်းကြောင်းဖြင့် ဆောင်ရွက်မည်ဆိုသည်ကိုလည်းကောင်း၊ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို ဟန်ချက်ညီစေရန် မည်သို့ဆောင်ရွက်မည် ဆိုသည်ကို လည်းကောင်း၊ စနစ်တကျ စီစဉ် ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

အထက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကို ထိရောက်စွာ ဟန်ချက်ညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် “၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အစီအစဉ်သစ်”ကိုလည်း အစုအဖွဲ့ အသီးသီး၏ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်များတွင် ပါဝင်သူများ၏ အကြံပြုချက်၊ လက်ရှိ ဖော်ဆောင်မှု အစီအစဉ် အပေါ် လေ့လာသုံးသပ်ချက်များကို အခြေခံ၍ ၂၀၂၀ အလွန်ကာလတွင် အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရန် ဆက်လက် ကြိုးပမ်းမည်ဟု ဆိုသည်။ ယနေ့အချိန်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံရည်မှန်းချက်သည် တိုင်းရင်းသားပြည်သူများအကြား ဝိဝါဒကွဲပြားစရာ မရှိသော ဘုံအိပ်မက်တစ်ခု ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။ လက်ရှိ ရင်ဆိုင်ဖြေရှင်းနေရသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်ရေး၊ လွတ်လပ် ၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဘေးကင်းလုံခြုံ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေး စသည်တို့အတွက် ဆက်လက်ကြိုးပမ်းရန် သန္နိဋ္ဌာန်ပြုထားကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ပြောကြားသည့် မိန့်ခွန်း၏ အဆုံး၌ ဒေါ်အောင်ဆန်းစုကြည် က အောက်ပါအတိုင်း တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။

“နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သူ့ချည်းသက်သက် သီးသန့်ဖြစ်နေတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူးဆိုတာကို လည်း ထပ်လောင်း သတိပြုကြစေချင်ပါတယ်။ အခုဆိုရင် COVID-19 ရဲ့ ကျန်းမာရေး၊ စီးပွားရေးစတဲ့ အကျိုးဆက်တွေ ကို ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ ပြည်သူတွေကိုယ်တိုင် ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အနာဂတ်အတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနည်းလမ်းတကျကျင်းပမယ့် ရွေးကောက်ပွဲတွေရဲ့ အခြေအနေ၊ ဒါ့အပြင် အားပြိုင်မှုတွေနဲ့ ပြောင်းလဲလာနေတဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပထဝီနိုင်ငံရေးအခြေအနေ စတဲ့ မြောက်များစွာသော ဆက်စပ်အခြေအနေတွေထဲမှာ ကျွန်မတို့ နိုင်ငံရဲ့ အရေးကြီးလှတဲ့ ငြိမ်းချမ်းရေးကို တစ်နေ့ပြီးတစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်အောင်၊ တစ်ဆင့်ပြီးတစ်ဆင့် ပိုမို တိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမှာပါ။
ကိုယ့်နိုင်ငံမှာ အားနည်းချက်တွေရှိရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ အနေနဲ့ ဖိတ်ခေါ်နေသလိုဖြစ်နေမှာ ကို သတိချပ်ကြစေချင်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကျွန်မတို့နိုင်ငံရဲ့ အဓိကအားနည်းချက်ကို ပြောပါဆိုရင် တစ်မျိုးသားလုံးညီညွတ်တဲ့ အမျိုးသား ညီညွတ်ရေးနဲ့ ညီညွတ်ရေးကြောင့် တည်တံ့စေမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ခြင်း မရှိခဲ့တာပါပဲ။ ဒီတော့ အကျိုးဆက်အနေနဲ့ ဖွံ့ဖြိုးမှုလည်း မရှိနိုင်တော့ဘူး။ ဖွံ့ဖြိုးမှု ရှိခဲ့ရင်တောင်မှ အားလုံးမျှဝေ ခံစားနိုင်မယ့် ဖွံ့ဖြိုးမှုဆိုတာမျိုးလည်း မဖြစ်နိုင်ပါဘူး။

အခုအချိန်မှာ ကျွန်မတို့အားလုံးဟာ ကျွန်မတို့ပြည်ထောင်စုရဲ့ ရောဂါကိုလည်း သိ၊ ကုထုံးကိုလည်း သိနေပါပြီ။ NCA စာချုပ်က အစပြုလိုက်ပြီးတဲ့နောက် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)လိုမျိုး ခိုင်မာတဲ့ ရှေ့ဆက် လျှောက်လှမ်းရမယ့် လုပ်ငန်းစဉ်တွေနဲ့ အုတ်မြစ်လည်း ချနိုင်ခဲ့ပါပြီ။ ၂၀၂၀ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ခရီးမှာ လိုအပ်နေတာက ကျွန်မတို့အားလုံး ညီညွတ်ရေးပြိုကွဲနေခြင်းဆိုတဲ့ ရောဂါဆိုးကြီး ပျောက်ကင်းချင်စိတ်ရှိဖို့၊ အားလုံး သိထားပြီးဖြစ်တဲ့ ကုထုံးအတိုင်း အနာနဲ့ဆေးချက်တည့်အောင် အချိန်မဆွဲဘဲ ကုသမှုပေးပြီး အမြန်ဆုံး ရောဂါပျောက် ကင်းဖို့ပဲ ဖြစ်တယ်လို့ပဲ တိုက်တွန်းချင် ပါတယ်။

ငြိမ်းချမ်းရေးကင်းမဲ့ခြင်းကြောင့် ဒီနိုင်ငံမှာ လက်နက်အားကိုးဝါဒကို ပိုပြီး ကြီးထွား လာစေမယ်။ ယဉ်ကျေးတဲ့၊ ငြိမ်းချမ်းတဲ့၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေး ဓလေ့ကိုလည်း ချည့်နဲ့စေနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာတွေဟာလည်း တံလျှပ်လိုပဲ တကယ့်လက်တွေ့မှာ ဖမ်းဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ပြည်သူပြည်သားတွေ အလေးအနက် သုံးသပ်ဆင်ခြင်ကြစေ လိုပါတယ်။ ဒါတွေဟာ ကိုယ်နေထိုင်ရာ ကိုယ့်ဒေသ၊ ကိုယ့်အိမ်နားလေးမှာ ဖြစ်မှမဟုတ်ဘူး။ ပြည်ထောင်စုကြီးရဲ့ ဘယ်နေရာမှာပဲ ဖြစ်နေ ဖြစ်နေ အားလုံးခံစားရတဲ့ ဆိုးမွေတွေပဲ ဆိုတာကို သိမြင်ကြစေလိုပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ ပြည်သူတွေ ဟာ နှစ်ပေါင်းများစွာ မငြိမ်းချမ်းတဲ့ဒဏ်ကို ခါးကော့အောင် ခံခဲ့ရတာ ကြာလှပါပြီ။ ကျွန်မတို့ ပြည်သူတွေဖက်ကလည်း ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေတဲ့အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကို အားပေးထောက်ခံရုံသာမက ပြည်သူတွေကိုယ်တိုင်က လည်း ငြိမ်းချမ်းရေးအကြောင်း သိနားလည်အောင် ကြိုးစားခြင်းဆိုတဲ့ အခြေခံအသိကစလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စွမ်းတဲ့နေရာ၊ ကျရာနေရာ၊ တတ်နိုင်တဲ့နေရာစုံက ပါဝင်ပေးကြပါ။ ဒီလိုပါဝင်ပေးခြင်းအားဖြင့် အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအုတ်မြစ်အပေါ် အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာ အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။” ဟု ပြောကြားသွား သည်။

ဤအတောအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေမြင့်တက်လာနေပြီး၊ ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကလည်း နီးသည်ထက်နီးလာနေသည်။ သီတင်းသုံးပတ်မျှသာ လိုတော့သည်။ ကပ်ရောဂါကြောင့် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့နှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပြည်စစ်ပဋိပက္ခများ တိုက်ပွဲများ ရပ်ပေးကြရန်နှိုးဆော်နေ သော်လည်း မြန်မာပြည်တွင်မူ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများက မကြားချင်ယောင်ဆောင်နေကြ သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား စစ်ရေးပဋိပက္ခများ အရှိန်မြင့် လာလျှက်ရှိသည်။ ယင်းအခြေအနေကြောင့် အရပ်သားများအပေါ် သနားညှာတာမှုမရှိဘဲ၊ ဆင်ခြင်တုံတရားကင်မဲ့စွာ ပစ်ခတ် တိုက်ခိုက်နေမှုများရှိနေပြီး၊ ရွာများကို မီးရှို့ဖျက်စီးမှုများနှင့်ပတ်သက်သော သက်သေအထောက်အထားအသစ် မျာ စုဆောင်းထားသည့် အစီရင်ခံစာတစ်စောင်ကို AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အောက်တိုဘာ လ ၁၂ ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သူတို့ရရှိထားတဲ့ သက်သေအထောက်အထားတွေကိုကြည့်ရင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ တကယ်ကို တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို အမြန်ဆုံးအရေးယူကိုင်တွယ်ဖို့ AI အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က ထုတ်ပြန်လိုက်သော ယင်းအစီရင်ခံစာသည် ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ များအား တွေ့ဆုံမေးမြန်းထားသည့် သက်သေခံထွက်ဆိုချက်များ၊ ကျေးရွာအများအပြား မီးလောင်ကျွမ်းနေသည်ကို ဂြိုလ်တု စလောင်းဖြင့် လှမ်းပြီးရိုက်ယူထားသည့် ဓါတ်ပုံများ၊ ရခိုင်ပြည်နယ်ရှိ သတင်းမီဒီယာများ ရရှိထားသည့် သတင်း ဓါတ်ပုံများနှင့် ဗွီဒီယိုမှတ်တမ်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများက ရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍ စုစည်း ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ အစီရင်ခံစာတွင် ဖေါ်ပြထားသော နာမည်များမှာမူ လုံခြုံရေးအရ နာမည် အရင်းမဟုတ်ဘဲ ပြောင်းလွှဲဖေါ်ပြထားသည်ဟု အစီရင်ခံစာက ဆိုကြောင်း ဗွီအိုအေသတင်း၌ ဖေါ်ပြထားသည်။

လက်ရှိ မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြား တိုက်ပွဲအရှိန် လျော့နည်းသွားမည့် လက္ခဏာမရှိသည့် အပြင် အရပ်သားများအနေဖြင့် စစ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန် ဆက်လက်ခံနေရဆဲဖြစ်သည်ဟု AI ဒေသဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး Ming Yu Hah ကပြောကြောင်း ဗွီအိုအေသတင်းအရ သိရသည်။ ထို့ပြင် မြန်မာစစ်တပ်က ယခုကဲ့သို့ အရပ်သားများ ဆင်းရဲဒုက္ခရောက်နေသည်ကို လုံးဝ လျစ်လျူရှုထားခြင်းသည် တုန်လှုပ်စရာကောင်း၍ အရှက် သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းပေးရေး ဆုံးဖြတ်သင့်ကြောင်း Ming Yu Hah ကတိုက်တွန်းထားသည်ဟု ဆိုသည်။

အရပ်သားတွေနေထိုင်ရာ ဒေသတဝိုက်တွင် တွေ့ရသော မြေမြှုပ်မိုင်း ပုံများကို AI ၏ လက်နက်ရေးရာ ကျွမ်းကျင်သူများ က လေ့လာဆန်းစစ်ခဲ့ကြပြီး မြန်မာစစ်တပ်က မကြာခဏ အသုံးပြုသည့် MM2 အမျိုးအစား မြေမြှုပ်မိုင်းများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု အစီရင်ခံစာ၌ ဖေါ်ပြထားသည်ဟု ဆိုသည်။ ထိုလက်နက်အမျိုးအစားသည် သာမန်မြေမြှုပ်မိုင်းများထက် ပိုကြီး၍ ပြင်းပြင်းထန်ထန် ပေါက်ကွဲပျက်စီးမှုများ ုဖြစ်စေသည်ဟု ဆိုသည်။

AI ကဲ့သို့သော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမျိုးသည် နိုင်ငံတကာ ဥပဒေနှင့် အညီ တင်ပြထားခြင်းဖြစ်သဖြင့် ယခု အစီရင်ခံစာပါ အချက်များသည် အရေးကြီးပြီး ထိရောက်မှုရှိသည်ဟု ယူဆကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်နေသူ ဒေါက်တာတင်မောင်သန်းက ဗွီအိုအေအား ပြောကြားကြောင်းသိရသည်။

ယခုကဲ့သို့သော နိုင်ငံတကာ အစီရင်ခံစာမျိုးထွက်ပေါ်လာခြင်းသည် ယေဘုယျအားဖြင့် ကောင်းသည်ဟု ဒေါက်တာ တင်မောင်သန်းက ဆိုသည်။ မြန်မာနိုင်ငံအတွက် ဖြစ်ပေါ်တိုးတက်မှုဟု ဆိုနိုင်ကြောင်း သူက သုံးသပ်သည်။ တပ်မတော် ကိုယ်တိုင်က မိမိတပ်မတော်သားများ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နိုင်သောကြောင့် စုံစမ်းစစ်ဆေးမှုများ လုပ်လာ သည်ကို တွေ့ရ၍ ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် နိုင်ငံတကာခုံရုံးများကို ရင်ဆိုင်ရာ၌ သက်သေ အထောက်အထား အပေါ် မြင်သည့် အမြင်များ ကွာခြားနေတာတွေ့ရသည်ဟု သူကဆိုသည်။ ဥပမာ- ရခိုင်မြောက်ပိုင်းကိစ္စနှင့် ပတ်သက်၍ မြန်မာဘက်က အစဉ်အဆက် ပြောခဲ့သည့်အချက်မှာ အထောက်အထားပြပါဟု ဆိုသည်။ မြန်မာနိုင်ငံက ပြောနေသည့် သဘောက များသောအားဖြင့် ရာဇဝတ်မှုတွင် ပြောသည့် အထောက်အထားသဘော ဖြစ်နေကြောင်း၊ လူ့အခွင့်အရေးကိစ္စ တွင် ပြောသည့် အထောက်အထားများ မဟုတ်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဆိုသော ကိုယ်တိုင်ကြံုတွေ့ခဲ့ ရသူများ၏ ထွက်ဆိုချက်က အလွန်အရေးပါ လေးနက်ကြောင်း၊ လူ့အခွင့်အရေးနိုင်ငံတကာ ခုံရုံးများ၏ စဉ်းစားပုံများအရ ဥပမာ မြန်မာနိုင်ငံက သက်သေအထောက်အထားရှာမည့် နိုင်ငံတကာအဖွဲ့အစည်းကို ၀င်ခွင့်မပြုခြင်းကပင်လျှင် ပတ်ဝန်းကျင် သက်သေ အထောက်အထားတခု ပြန်ဖြစ်သွားနိုင်သည်ဟု ဒေါက်တာတင်မောင်သန်းက ဆိုသည်။ သို့သော် ရာဇဝတ်မှုခင်းများတွင် ထိုကိစ္စမျိုးကို အထောက်အထားအဖြစ် ယူ၍မရကြောင်း သူကဆိုသည်။

အောက်တိုဘာ ၁၂ ရက်နေ့ က ထုတ်ပြန်သည့် AI ၏ အစီရင်ခံစာတွင် - စက်တင်ဘာလ ၁၈ ရက်နေ့က ပလက်ဝဒေသ တွင် မျှစ်ရှာနေသည့် အသက် ၄၄ နှစ်အရွယ် ချင်းအမျိုးသမီး တဦး မြေမြှုပ်မိုင်း ထိမှန်သေဆုံးခဲ့သော ဖြစ်ရပ်ကို ဖေါ်ပြ ထားသည်။ အဆိုပါ အမျိုးသမီး မြေမြှုပ်မိုင်းထိခဲ့သော နေရာသည် တပ်မ ၂၈၉ အခြေစိုက်စခန်း အနီးအနားတွင် ဖြစ်သည် ဟု ရေးသားဖေါ်ပြထားသည်။ မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးက လူသေစေနိုင်သော လက်နက် များကို အသုံးပြုကြသည်။ သို့သော် ထိုကိစ္စကို သက်သေပြရန် မလွယ်ကူသည့် အကြောင်းရင်းမှာ မြေပြင်အခြေအနေတွင် မှတ်တမ်းတင်စုဆောင်းရသူတို့၏ လုပ်ငန်းများအပေါ် ကန့်သတ်ချက်များ ရှိနေ၍ ဖြစ်သည်ဟု ဖေါ်ပြထားသည်။

နိဂုံးသတ်ရလျှင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ကပ်ရောဂါအရိပ်မည်းအောက်၌ ရုန်းကန်ကြိုးပမ်းနေရသည်။ ယင်းအခြေအနေမျိုးတွင် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ပွဲများ ရပ်သင့်သည်ကို လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး လက်ခံကြလိမ့်မည် ထင်သည်။ ယခုအချိန်တွင် ပို၍ပင် စစ်ပွဲများ ရပ်ဖိုလိုသည်။ အကြောင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို ညီညွတ်မှုဖြင့် ရေရှည် တိုက်ကြရမည် ဖြစ်သည့်အပြင် ကိုဗစ်ကြောင့် ကျဆင်းလျှက်ရှိသော နိုင်ငံ၏စီးပွားရေးကို ပြန်လည်ထူထောင်ရန် လည်း အရေးကြီးနေသည်။ မလိုလားအပ်သော တိုက်ပွဲများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် လူ့အခွင့်အရေးချိုးဖေါက်မှု ကိစ္စအတွက် ICJ ၌ အမှု ရင်ဆိုင်နေရသည်။ နယ်သာလန် နိုင်ငံ သဟိဂ် (The Hague) မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌ ရခိုင်အရေးကိစ္စအတွက် စွဲဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ရင်ဆိုင်ဖြေရှင်း နေရသည်။ ယင်းသို့ သော လူ့အခွင့်အရေးချိုးဖေါက်မှု ပြဿနာများကြောင့် နိုင်ငံ၏ ပုံရိပ်ညှိုးနွမ်းကျဆင်းရသည်။

တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ပေါ်ပေါက်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို အစိုးရက နိုင်ငံတကာ ခုံရုံးများအထိ လိုက်ဖြေရှင်းနေရသည်။ တိုင်းပြည်ပြန်လည်ထူထောင်ရန် အားစိုက်ကြရမည့်အချိန်တွင် အပစ်အခတ်ရပ်စဲရေးကို အလေးထားလိုက်နာသင့်သည်။ ၂၀၂၀ အလွန်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အစီအစဉ်သစ်ကို အစိုးရက အရှိန် အဟုန်ဖြင့် ဖော်ဆောင်ရန် ဆက်လက် ကြိုးပမ်းမည်ဟု ဆိုထားသည်။ ထို့ကြောင့် တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီး အနေဖြင့် ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေး ရရှိစေရန် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒကို အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်ချိန်တန်ပြီဟု အနှစ်ချုပ် သုံးသပ်မိပေသည်။။။