Breaking News

နရီမင်း - COVID-19 ၊ လူအုပ်စုလိုက် ကိုယ်ခံအားနှင့် ကျင့်ဝတ်ဆိုင်ရာပြဿနာ

 

Credit- Phamaceutical journal

COVID-19 ၊ လူအုပ်စုလိုက် ကိုယ်ခံအားနှင့် ကျင့်ဝတ်ဆိုင်ရာပြဿနာ

နရီမင်း

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၀

COVID-19 ရောဂါနှင့် ပတ်သက်၍ လူထုအတွင်း ကိုယ်ခံအားပဋိပစ္စည်း (Antibody) မည်မျှရှိနေသည်ကို သိရှိနိုင်ရန် စစ်ဆေးမည်ဖြစ်ရာ ကနဦးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း COVID-19 ကုသရေးလုပ်ငန်းများ၌ ဦးဆောင်ပါဝင်နေသည့် ဆေးတက္ကသိုလ် (၁)၊ ဆေးပညာဌာနမှ ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သွေးထဲမှာ ပဋိပစ္စည်း ကိုယ်ခံအားကို Test လုပ်တဲ့စက်လေးတွေ အခုပေါ်နေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ခုခံအားကို စမ်းသပ်တဲ့အခါ အသုံးပြုတဲ့ စမ်းသပ်မှု Antibody Test တွေက အရေးကြီးတာ ဘာလဲဆိုတော့ ဒီစမ်းသပ်မှုရဲ့ ခိုင်မာမှု၊ မှန်ကန်မှုက အလွန်အရေးကြီးပါတယ်။ ရောင်းချနေတဲ့စက်တွေထဲမှာ အမျိုးစုံရှိနေပါတယ်။ စီးပွားရေးအရ ရောင်းချနေပါတယ်။ ဒါပေမဲ့ ခိုင်မာမှုမရှိဘူး၊ တိကျမှုမရှိဘူးဆိုရင် အဲဒီရဲ့ ကောက်ချက်က မှားသွားနိုင်ပါတယ်။ ဒါပေမဲ့ အခုမြန်မာပြည်မှာ ခိုင်မာမှု၊ တိကျမှုရှိတဲ့ စက်လေးတွေကို စပြီးတင်သွင်းလာတယ်။ သူ့ရဲ့ဆေးပစ္စည်းလေးတွေကို တင်သွင်းလာတယ်။ စစ်လို့ရနေပါပြီ။ ဒီတစ်ပတ်တည်းမှာပဲ စတင်ပြီး စစ်မှာဖြစ်ပါတယ်။ ဒီလိုစစ်တော့ ဘာထူးမှာလဲလို့ဆိုရရင် ရောဂါကို စတင်ပြီး ထိတွေ့တဲ့သူက နှစ်ပတ်၊ ၁၄ ရက်ကျရင် သူ့ရဲ့သွေးထဲမှာ ခုခံအားဆိုတဲ့ ပဋိပစ္စည်းတစ်ခု ပေါ်လာပါတယ်။ ဒီပဋိပစ္စည်းကို တိုင်းတာကြမယ်။ တိုင်းတာတဲ့အခါမှာလည်း တိုင်းတာပြီး ဒီလူဟာ သူ့ရဲ့ရောဂါပိုးကို ထိတွေ့ပြီးတဲ့အခါမှာ သူက ပဋိပစ္စည်းပေါ်လာတဲ့အတွက် ကိုယ်ခံအားဆိုတာရှိလာတာတွေရှိသလို တချို့ မထိတွေ့ရသေးရင် အဲဒီကိုယ်ခံအားဆိုတာ မပေါ်သေးပါဘူး” ဟု ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ပြောကြားခဲ့သည်။

“ ပထမအဆင့်အနေနဲ့ ဒီရောဂါတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကိုယ်ခံအားပဋိပစ္စည်း ဘယ်လောက်ပေါ်လဲဆိုတာ ကျွန်တော်တို့ စတင်ပြီး စမ်းသပ်ပါတယ်။ စမ်းသပ်တဲ့အခါမှာလည်း တစ်ကြိမ်တည်း စမ်းသပ်လို့ မသေချာရင် နှစ်ကြိမ် စမ်းသပ်မှာဖြစ်ပါတယ်။ စမ်းသပ်ပြီးတဲ့အခါမှာ ကိုယ်ခံအားတွေ ပေါ်နေပြီဆိုရင်ဖြင့် ရောဂါကို ထိတွေ့ပြီးသား ဖြစ်တယ်။ ရောဂါပိုး ဝင်ရောက်ပြီးသားဖြစ်တယ်။ တစ်ခါတစ်ရံ လက္ခဏာပြတယ်။ တစ်ခါတစ်ရံ လက္ခဏာမပြဘူး။ အဲဒီလိုမျိုး သတ်မှတ်လို့ရပါတယ်။ ဒီမှာလည်း လူအများစုကိုစစ်လိုက်ပြီး ဥပမာအားဖြင့် တစ်နိုင်ငံလုံးရဲ့ ၆၀၊ ၇၀ ရာခိုင်နှုန်းက အဲဒီပဋိပစ္စည်းတွေ ပေါ်နေရင်တော့ ဝမ်း သာစရာ ကောင်းပါတယ်။ ဒါကို Herd Immunity လို့ ခေါ်ပါတယ်။ အဲဒါဟာ ကူးစက်ခြင်းကြောင့် ရနိုင်သလို ကာကွယ်ဆေးထိုးခြင်းနဲ့လည်း ရနိုင်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ပြောကြားခဲ့သည်။

Herd Immunity ဟူသည် ...

လူဦးရေတစ်ရပ်၌ အများစုက ကူးစက်ရောဂါတစ်ခုကို “ ကိုယ်ခံအားရရှိ/ ရောဂါပြီး” သွားသည့်အခါ ယင်းသည် ယင်းရောဂါနှင့်ပတ်သက်၍ ကိုယ်ခံအား မရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအား ရရှိခြင်း (Herd Immunity) ကို ဖြစ်စေသည်။

ဥပမာအားဖြင့် လူဦးရေတစ်ရပ်၏ ရာခိုင်နှုန်း ၈၀ သည် ဗိုင်းရပ်စ်တစ်မျိုးကို ကိုယ်ခံအားရရှိသွားပါက လူငါးဦးလျှင် လေးဦးနှုန်းသည် ရောဂါပိုးနှင့် ထိတွေ့သော်လည်း ရောဂါကူးစက်ခံရခြင်းမရှိသောကြောင့် ရောဂါကို ထပ်မံပျံ့နှံ့စေတော့မည်မဟုတ်ပေ။ ဤသို့နှင့် ရောဂါကူးစက်ပျံ့နှံ့မှုသည် ထိန်း ချုပ်နိုင်မှုအောက်သို့ ရောက်ရှိသွားတော့သည်။ သဘောတရားအရ ရောဂါပိုး၏ကူးစက်နိုင်စွမ်းပေါ် မူတည်လျက် Herd Immunity ဖြစ်ရန် လူဦးရေ ၏ ရာခိုင်နှုန်း ၇၀ မှ ၉၀ အတွင်း ကိုယ်ခံအားရရှိရန် လိုအပ်သည်။

ဝက်သက်၊ ပါးကျိတ်ရောင်၊ ပိုလီယိုနှင့် ရေကျောက် အစရှိသောရောဂါများသည် ယခင်က အလွန်အဖြစ်များသော်လည်း ကာကွယ်ဆေးများက Herd Immunity ရရှိစေရန် အထောက်အကူပြုခဲ့သောကြောင့် ယခုအခါ အလွန်ရှားပါးသွားပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော်လည်း ကာကွယ်ဆေး ရရှိထားသူအရေအတွက်နိမ့်ပါးသောကြောင့်  လူထုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသည်ကိုလည်း တွေ့ရှိရသည်။ ယင်းမှာ လူထုအတွင်း Herd Immunity ရရှိမှုမရှိခြင်းကြောင့် ဖြစ်သည်။

ကာကွယ်ဆေးမရှိသည့် ကူးစက်ရောဂါများ၌ အရွယ်ရောက်ပြီးသူများစွာတို့ ရောဂါကူးစက်ခံရဖူးသောကြောင့် ကိုယ်ခံအား ရရှိပြီးသားဖြစ်သည့်တိုင် ရောဂါပိုးသည် ကလေးများအကြား သံသရာလည်ကာ ကျန်ရှိနေသော ကြောင့် ကိုယ်ခံအားစနစ် အားနည်းသော လူများကို ကူးစက်နိုင်ဆဲဖြစ်ကြောင်း တွေ့ရှိရသည်။  အထက်ဖော်ပြပါ ရောဂါများသည်လည်း ကာကွယ်ဆေးများ မဖွံ့ဖြိုးမီက ယင်းကဲ့သို့ပင် တွေ့ရှိရသည်။

(တုပ်ကွေးနှင့် တူသော) အခြားဗိုင်းရပ်စ်များသည် အချိန်နှင့်အမျှ ဗီဇများ ပြောင်းလဲလျက်ရှိသောကြောင့် ယခင်ရောဂါပိုးနှင့် ပတ်သက်၍ ရရှိထားသည့် ပဋိပစ္စည်း (Antibody) သည် အချိန် အတိုင်းအတာတစ်ခုအတွင်းမျှသာ ကာကွယ်မှုပေးနိုင်သည်။ တုပ်ကွေးရောဂါများအတွက် ယင်းကိုယ်ခံအားသည် တစ်နှစ်ပြည့်အောင်ပင် မခံတတ်ပေ။ COVID-19 ရောဂါကို ဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်သည် လူကို လက်ရှိကူးစက်နိုင်သည့် အခြားကိုရိုနာဗိုင်းရပ်စ်များနှင့်တူပါက ရောဂါ ကူးစက်ခံရပြီးသား လူများအနေဖြင့် လပိုင်းမှ နှစ်ပိုင်းအထိ ကိုယ်ခံအား ရရှိရန် မျှော်လင့်နိုင်သော်လည်း တစ်သက်တာလုံး ကိုယ်ခံအားရရှိရန် မဖြစ်နိုင်ပေ။

COVID-19 ဗိုင်းရပ်စ်နှင့်ပတ်သက်၍ Herd Immunity ရရှိအောင် မည်သို့ပြုလုပ်မည်နည်း

အခြားကူးစက်ရောဂါများ ကဲ့သို့ပင် Herd Immunity ရရှိရန် နည်းလမ်းနှစ်သွယ် ရှိသည်။ လူဦးရေအချိုးအစား ၏ ကြီးမားသော အစိတ်အပိုင်းအနေဖြင့် “ရောဂါကူးစက်ခံရခြင်း” သို့မဟုတ် “ကာကွယ်ဆေး ရရှိခြင်း” ဖြစ်သည်။ ယခုဗိုင်းရပ်စ်၏ ရောဂါကူးစက်မှုကို အစောပိုင်းတွက်ချက်မှုများအပေါ် အခြေခံလျက် Herd Immunity ရရှိရန် လူဦးရေစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကိုယ်ခံအား ရရှိရန် လိုအပ်သည်ဟု ဆိုကြသည်။ 

အဆိုးဆုံးအနေအထား (ဥပမာအားဖြင့် SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှေးကွေးသွားစေမည့် Social Distancing သို့မဟုတ် အခြားနည်းလမ်းများကို မလုပ်နိုင်သည့် အနေအထား) တွင် ဗိုင်းရပ်စ်သည် လအနည်းငယ်အတွင်း လူပေါင်းများစွာကို ကူးစက်မည်ဖြစ်သည်။ ယင်းက ဆေးရုံများကို ပြည့်လျှံသွားစေကာ သေဆုံးမှုနှုန်းကို မြင့်မားစေလိမ့်မည်ဖြစ်သည်။

အကောင်းဆုံးအနေအထားတွင် ကာကွယ်ဆေးတစ်ရပ် ရရှိခြင်းမရှိမီ လက်ရှိရောဂါကူးစက်မှု အဆင့်ကို ထိန်းထားနိုင်ခြင်း သို့မဟုတ် လျှော့ချနိုင်ခြင်း ပြုနိုင်ရမည် ဖြစ်သည်။

ထိရောက်မှုမြင့်မားသော ကာကွယ်ဆေးတစ်ရပ် ဖွံ့ဖြိုး၊ စမ်းသပ်၊ အများအပြားထုတ်လုပ်ခြင်း မလုပ်နိုင်မီ တစ်နှစ် သို့မဟုတ် ယင်းထက် ပိုကြာအောင် Social Distancing ကို အဆင့်တစ်ခု၌ ထိန်းထားလျက် လူဦးရေတစ်ရပ်လုံးတွင် ရောဂါကာကွယ်ရေးအားထုတ်မှုများ အဆက်မပြတ် လုပ်နိုင်မှသာ ယင်းအကောင်းဆုံး အနေအထားကို ရရှိမည်ဖြစ်သည်။

ဖြစ်နိုင်ဖွယ်အရှိဆုံး အနေအထားမှာ ယင်းအဆိုးဆုံးနှင့် အကောင်းဆုံး နှစ်ခုကြားမှ အလယ်အလတ် အနေအထားတစ်ရပ်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းမှာ အချိန်နှင့်အမျှ တက်လိုက်ကျလိုက် ဖြစ်နေမည်ဖြစ်သည်။ ကူးစက်ပျံ့နှံ့မှုနှုန်း ကျလာသည့်အခါ Social Distancing ကို ဖြေလျှော့ပေးလိုက်မည်၊ ယင်းနောက် ရောဂါကူးစက်ခံရသူအရေအတွက် ပြန်လည်မြင့်မားလာသည့်အခါ Social Distancing ကဲ့သို့သော နည်းလမ်းများကို ပြန်တင်းကျပ်မည်။ ဤသို့နှင့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် သံသရာလည်နေပေဦးမည်။ ကာကွယ်ဆေးတစ်ရပ် မရမီ ရောဂါကူးစက်ပျံ့နှံ့မှု အကြီးအကျယ် မဖြစ်ပွားအောင် ရေရှည်အားထုတ်မှု လိုအပ်မည်ဖြစ်သည်။

ယင်းနောက်၌ပင်လျှင် ကလေးများ ကာကွယ်ဆေး မထိုးရသေးသည့်အခါ သို့မဟုတ် လူကြီးများ၏ ရရှိပြီးသား ကိုယ်ခံအားများ ဆုတ်ယုတ်သွားသည့်အခါ SARS-CoV-2 ဗိုင်းရပ်စ်က ကလေးများကို ကူးစက်နိုင်ဆဲဖြစ်သည်။ သို့သော် လူဦးရေထဲမှ လူပေါင်းများစွာတို့သည် အနာဂတ်ကာလတွင် ကိုယ်ခံအား ရရှိလာမည်သာ ဖြစ်သောကြောင့် ယခုမြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် ဖြစ်ပေါ်နေသကဲ့သို့ ရေရှည်၌ အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုမျိုး ဖြစ်ပွားလာနိုင်ဖွယ်ကား မရှိပေ။

ကျင့်ဝတ်ဆိုင်ရာ ပြဿနာ

လူအုပ်စုလိုက် ကိုယ်ခံအား ရရှိခြင်း (Herd Immunity) သည် ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကို ရပ်တန့်စေနိုင်သော လက်တွေ့ကျသည့် နည်းဗျူဟာတစ်ရပ် ဖြစ်နိုင်သည်ဟူသော ထင်မြင်ယူဆချက်ကို ဖယ်ထုတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို အက်ဟာနွန် ဂေဘရီယေဆုက သတိပေးခဲ့ပြီး ယင်းကဲ့သို့ ထင်မြင်ယူဆမှုများသည် လူ့ကျင့်ဝတ်ကို သွေဖည်နေကြောင်း ပြောကြားခဲ့သည်။

အချို့သော နိုင်ငံများတွင် သဘာဝအတိုင်း ကူးစက်ပျံ့နှံ့မှု ရပ်တန့်သွားစေရန် လိုအပ်သည့် လုံလောက်သော လူအရေအတွက် ကိုယ်ခံအားရရှိသွားခြင်း ဖြစ်ပေါ်သည်အထိ COVID-19 ရောဂါကို သူ့အတိုင်း လွှတ်ထားပေးရန် တောင်းဆိုနေမှုများအား WHO ၏ ညွှန်ကြားရေးမှူးချုပ်က ဆန့်ကျင်လျက် သတိပေးလိုက်ခြင်း ဖြစ်သည်။

“ လူအုပ်စုလိုက် ကိုယ်ခံအားဆိုတာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သဘောတရားပါ။ အဲဒီမှာက ကာကွယ် ဆေးရရှိသွားတဲ့ သတ်မှတ်ချက်ပြည့်မီသွားတဲ့အခါ လူထုတစ်ရပ်လုံးကို သက်ဆိုင်ရာ ဗိုင်းရပ်စ်ကနေ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သဘောတရားပါ” ဟု တက်ဒရိုက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

“ လူအုပ်စုလိုက် ခုခံအားရရှိခြင်းဆိုတာက ပြည်သူလူထုကို ဗိုင်းရပ်စ်အန္တရာယ်က ကာကွယ်ပေးခြင်းကနေ ရရှိတာပါ။ လူထုကို ဗိုင်းရပ်စ်ကူးစက်ခံရအောင် လုပ်ပြီး ကိုယ်ခံအား ရရှိတာ မဟုတ်ပါဘူး။ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဖို့အတွက် လူအုပ်စုလိုက် ခုခံအား ရရှိခြင်းနည်းကို နည်းဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုခဲ့တယ်ဆိုတာမျိုး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော အနေအထားတစ်ရပ်တွင် သဘာဝအတိုင်း လူအုပ်စုလိုက် ကိုယ်ခံအားကို ရရှိခြင်းအပေါ် အမှီပြုနေခြင်းသည် သိပ္ပံပညာအရနှင့် ကျင့်ဝတ်ပိုင်းအရ ပြဿနာဖြစ်နေသည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ အသေအချာ နားမလည်သေးတဲ့ အန္တရာယ်ရှိ ဗိုင်းရပ်စ်ကို လွတ်လွတ်လပ်လပ် ကူးစက်ပျံ့နှံ့ခွင့်ပြုခြင်းက လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်သက်သက်ပါပဲ။ ဒါဟာ ရွေးချယ်စရာ နည်းလမ်းတစ်ရပ် မဟုတ်ပါဘူး” ဟု တက်ဒရိုက ပြောကြားခဲ့သည်။

သူက ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှုသည် မည်မျှအားကောင်းသနည်းဆိုသည်နှင့် ကိုယ်ခံအားဆိုင်ရာ ပဋိပစ္စည်းသည် ခန္ဓာကိုယ်​အတွင်း မည်မျှကြာအောင် တည်ရှိနေနိုင်သနည်းဆိုသည်တို့ အပါအဝင် COVID-19 ကိုယ်ခံအားဆိုင်ရာ ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ သိရှိပြီးသား အချက်အလက် နည်းပါးပုံကို ထောက်ပြခဲ့သည်။

ယခုဗိုင်းရပ်စ်ကို နှစ်ကျော့ပြန် ကူးစက်ခံခဲ့ရသည်ဟု ယုံကြည်ရသူများ ရှိနေသည့် ဖြစ်ရပ်အချို့ကိုလည်း တက်ဒရိုက ထောက်ပြခဲ့သည်။

သူက သုတေသနပြုသူများအနေဖြင့် အစပိုင်းမျှလောက်ကလေးသာ နားလည်နိုင်သေးသည့် ကူးစက်ရောဂါပိုးနှင့်ပတ်သက်သော ရေရှည်ကျန်းမာရေးပြဿနာများစွာ ရှိကြောင်းလည်း အထူးပြုပြောကြားခဲ့သည်။

သူက နိုင်ငံအများစုတွင် လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်​နှုန်​းထက် နည်းပါးသော ပမာဏသာ ရောဂါကူးစက်ခံရဖူးပြီးသားဖြစ်သည်ဟု ယုံကြည်ရကြောင်း ခန့်မှန်းထားသည်ကိုလည်း ထောက်ပြခဲ့သည်။

“ နိုင်ငံအများစုက အလွန်ကြီးမားတဲ့ ပမာဏရှိတဲ့ လူအရေအတွက်ဟာ ဒီဗိုင်းရပ်စ်ကူးစက်မှုကို ခံရနိုင်တုန်းပါပဲ” ဟု သူက ဆိုသည်။

“ ဒါ​ကြောင်​့ ဒီဗိုင်းရပ်စ်လည်ပတ်မှုကို မစစ်မဆေး လွှတ်ထားပေးတာဟာ မလိုလားအပ်တဲ့ ရောဂါပိုးကူးစက်မှုတွေ ခံစားစေပြီး သေဆုံးကြစေဖို့ ခွင့်ပြုပေးထားတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်​။

သူက COVID-19 ကာကွယ်​ဆေးများ ဖွံ့ဖြိုးလာနေသည့် အရှိန်အဟုန်နှင့်ပတ်သက်၍ အကောင်းမြင်ထားလျက် ကာကွယ်ဆေးအမျိုးပေါင်း ၄၀ ကို စမ်းသပ်မှုများ ပြုလုပ်နေပြီး ယင်းတို့အနက် ၁၀ မျိုးမှာ နောက်ဆုံးအဆင့် (အဆင့် - ၃) စမ်းသပ်မှုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အ​မေရိကန်​သမ္မတ ဒေါ်နယ်ထရန့်က လာမည့်လ အ​မေရိကန်​ရွေးကောက်ပွဲမတိုင်မီ COVID-19 ကာကွယ် ဆေး အဆင်​သင့်ဖြစ်လိမ့်မည်ဟု အထပ်ထပ် ကတိပေးထားသည်။

သို့သော် WHO ၏ သိပ္ပံပညာရှင်အဖွဲ့အကြီးအကဲ ဆူမြာဆွာမိနာသန်က စမ်းသပ်မှုနောက်ဆုံးအဆင့် ရောက်နေသည့် ကာကွယ်​ဆေးများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများနှင့် လျော်ညီသော လုံ လောက်သည့် အချက်အလက်များ ရရှိပြီဟု အတည်ပြုနိုင်ရန် အစောဆုံးအဖြစ် ဒီဇင်​ဘာလမတိုင်မီအထိ မမျှော်လင့်နိုင်ဟု ပြောကြားခဲ့သည်​။

“ ကြီးကြပ်သူတွေစစ်ဆေးဖို့အတွက် အချက်အလက်တွေစပြီးပေးဖို့ရာ ၂၀၂၁ ခုနှစ် နှစ်စပိုင်းအထိကို စမ်းသပ် မှုတွေ အများကြီးလုပ်ရမယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်​။

ယင်းတို့ကို ဖြတ်​သန်​းပြီးနောက် ကြီးကြပ်သူများအနေဖြင့် ဆုံးဖြတ်ချက်များ မချမီ အချက်အလက်များကို အပြန်​ပြန်​အလှန်​လှန်​ စစ်ဆေးရန် လိုအပ်ဦးမည်ဖြစ်သည်။

“ အချက်အလက်တွေ အများကြီးရဖို့ ဆက်သွားရဦးမှာပါ။ WHO အတွက်ဆိုရင်လည်း အဲဒီလိုပါပဲ” ဟု ၎င်းက ဆိုသည်​။

ရောဂါကူးစက်ခံလိုက်ပြီး ကိုယ်ခံအားရအောင်လုပ်ခြင်းက အဘယ့်ကြောင့် စိတ်ကူးကောင်းတစ်ရပ် မဟုတ်ရသနည်း

Varicella ကာကွယ်ဆေး မပေါ်မီက ရေကျောက်ကဲ့သို့သော အခြားရောဂါအချို့၌ လူများသည် တစ်ခါတစ်ရံ ကိုယ်ခံအား ရရှိစေရန် တမင်ရောဂါကူးစက်ခံလိုက်ခြင်းမျိုး ရှိခဲ့သည်။ ပြင်းထန်မှုနည်းပါးသော ရောဂါများအတွက် ယင်းချဉ်းကပ်ပုံမှာ ကျိုးကြောင်းဆီလျော်မှု ရှိနိုင်သည်။ သို့သော် SARS-CoV-2 ဗိုင်းရပ်စ်အတွက် အနေအထားမှာမူ လွန်စွာကွဲပြားခြားနားသည်။ COVID-19 ရောဂါသည် ရောဂါပြင်းထန်နိုင်ခြေ များစွာမြင့်မားသည့်အပြင် သေဆုံးသည်အထိပင် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

COVID-19 ရောဂါအတွက် သေဆုံးမှုနှုန်းကို တိတိကျကျသိရှိရခြင်းမရှိသေးသော်လည်း လက်ရှိ အချက်အလက်များက အခြားတုပ်ကွေးရောဂါများထက် သေဆုံးမှုနှုန်း ၁၀ ဆ ပိုမိုမြင့်မားကြောင်း ထောက်ပြနေသည်။ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားစနစ်ချို့တဲ့သူများကဲ့သို့သော အားနည်းသည့် အုပ်စုများအကြား၌ သေဆုံးမှုနှုန်း ပိုမိုမြင့်မားနေဆဲလည်း ဖြစ်သည်။အဆုံးစွန်ဆုံးဆိုရလျှင် တူညီသော လူအရေအတွက်ကို SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခံစေမည်ဆိုလျှင်ပင် ဆေးရုံများနှင့် ဆရာဝန်များအပေါ် မနိုင်ဝန်များ ပိမလာစေရန်အတွက် ရောဂါကူးစက်မှုများကို အချိန်အရ ခြားထားနိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ၁၉၁၈ တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကြီးကဲ့သို့သော သေဆုံးမှုနှုန်း မြင့်မားခဲ့သည့် ယခင်ရောဂါ ကူးစက်ပျံ့နှံ့မှုများကို သုံးသပ်ကြည့်ပါက မြန်လေကောင်းလေဆိုသည်မှာ အမြဲတမ်း မမှန်နိုင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

မျှော်လင့်နိုင်သည့်အရာ

သိပ္ပံပညာရှင်များသည် ထိရောက်သည့်ကာကွယ်ဆေးတစ်ရပ် ဖွံ့ဖြိုးလာရန် အပြင်းအထန် အားထုတ်လျက်ရှိသည်။ ယခုလောလောဆယ်ဆယ်တွင် ကမ္ဘာ့လူဦးရေ၏ အများစုသည် SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိသေးသောကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု မထိန်းနိုင်လောက်အောင် အကြီး အကျယ် ဖြစ်ပွားခြင်းမရှိစေရန် အချို့သော နည်းလမ်းများကို ကျင့်သုံးရန် လိုအပ်မည်ဖြစ်သည်။

Social Distancing နည်းလမ်းများကို အချိန်အပိုင်းအခြားအလိုက် အတိုင်းအတာအမျိုးမျိုးဖြင့် လိုအပ်သလိုပြောင်းလဲကျင့်သုံးရန် လိုအပ်ပြီး နေအိမ်ထဲ၌သာ နေထိုင်ရမည်ဟူသည့် ဥပဒေများကဲ့သို့ အမြဲတမ်းတင်းကျပ်ထားရန်လည်း မလိုအပ်ပေ။ သို့သော် (Herd Immunity ရရှိနိုင်မည့်အနေအထားဖြစ်သော) မြန်မာနိုင်ငံမှ လူပေါင်း ၃၅ သန်းကျော် ရောဂါကူးစက်ခံလိုက်ရမည့် အနေအထားမျိုးကိုမလိုလားပါက ကာကွယ်ဆေးတစ်ရပ်ပေါ်ပေါက်လာပြီး အကြီးအကျယ်ဖြန့်ချိနိုင်မည့် အချိန်သို့မရောက်မချင်း လူတို့၏နေ့စဉ်ဘဝများ ပုံမှန်အတိုင်း အပြည့်အဝပြန်လည်ရရှိရန် မဖြစ်နိုင်သေးပေ။

ဒေါက်တာရိုက်နှင့် Antibody စစ်ဆေးမှု     

“ ပဋိပစ္စည်း (Antibody) စစ်ဆေးမှုတစ်ရပ်က လူဦးရေအချိုးအစား ဘယ်လောက်ဟာ ရောဂါကူးစက်ခံရပြီးပြီလဲဆိိုတာ ကျွန်တော်တို့ကို ပြောနိုင်ပါတယ်။ ဘယ်သူဟာ ရောဂါပိုးကူးစက်ခံထားရသလဲ ဆိုတာတော့ ချက်ချင်းမပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပစ္စည်းဆိုတာ သီတင်းတစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်ကြာမှ ထွက်လာတာမို့ အဲဒီအချိန်လောက်ဆိုရင် ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်ထဲကနေ ရှင်းလင်းပြီးကောင်းဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ ဘယ်သူဟာ ရောဂါကူးစက်ခံခဲ့ရပြီး ဘယ်သူဟာ ဗိုင်းရပ်စ်ကို ကိုယ်ခံအား ရထားနိုင်သလဲဆိုတာကိုတော့ ပြောပြနိုင်ပါတယ်” ဟု Sussex တက္ကသိုလ် အဏုဇီဝဗေဒဌာန အကြီးတန်းကထိက ဒေါက်တာအက်ဒဝပ်ရိုက်က ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခံအားရရှိသည့်အချိန်ကာလ မည်မျှကြာသည်ကို ယခုအထိ သဲသဲကွဲကွဲ သိရှိရခြင်း မရှိသေးပေ။ ၂၀၀၃ ခုနှစ်တွင် SARS ရောဂါ ဖြစ်ပွားစဉ်က အသက်ရှင် ကျန်ရစ်သူများအား လေ့လာမှုပြုလုပ်ခဲ့စဉ် ၎င်းတို့သည် နာလန်ထပြီးနောက် နှစ်အတန်ကြာသည်အထိ ၎င်းတို့၏ သွေးထဲ၌ Antibody များ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

COVID-19 နှင့် SARS ရောဂါနှစ်ရပ်စလုံးသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သော်လည်း COVID-19 တွင် အလားတူ ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှုမျိုး ထုတ်လုပ်ခြင်း ရှိမရှိကို ပြောရန် အချိန်စောလွန်းနေသေးသည်။ အစီရင်ခံမှုများကလည်း အချို့သောလူများသည် ယခုဗိုင်းရပ်စ်ကို နှစ်ခါပြန် ကူးစက်ခြင်းခံရကြောင်း ပြသနေသောကြောင့် လူအချို့သည် ရောဂါပြီးသည့် ကိုယ်ခံအားစနစ် လုံးလုံးဖွံ့ဖြိုးလာမှုမရှိသည့် သဘောဆောင်နေသည်။

ပြည်သူ့ကျန်းမာရေး အာဏာပိုင်များအနေဖြင့် လူဦးရေ၏ မည်သည့်အချိုးအစားသည် သဘောတရားအရ ယခုဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကိုယ်ခံအား ရရှိပြီးဖြစ်သနည်းဟူသည့်အချက်အပေါ် ကိုင်တွယ်နိုင်လျှင် ယင်းအချက်အလက်က Social Distancing ကို ရုပ်သိမ်းရန် ပြင်ဆင်ရာ၌ အထောက်အကူ ပြုနိုင်လိမ့်မည်ဖြစ်သည်။

“ လူဦးရေထဲမှာ ကိုယ်ခံအား ရရှိထားပြီး အချိုးအစားက အလုံအလောက်မြင့်မားလို့ရှိရင် အဲဒီလူတွေက လူထုအတွင်း ဗိုင်းရပ်စ်ပိုး သံသရာလည်နေမှုကို ရပ်တန့်နိုင်ပါလိမ့်မယ်။ ဒါကို Herd Immunity လို့ ခေါ်တာပါ” ဟု ရိုက်က ပြောကြားခဲ့သည်။ “လူတစ်ယောက် ရောဂါကူးစက်ခံရတဲ့အခါ သူ့အနားတစ်ဝိုက်က လူတွေ ဗိုင်းရပ်စ်အပေါ်ကိုယ်ခံအား ရှိနေသမျှကာလပတ်လုံး အဲဒီဗိုင်းရပ်စ်က မပျံ့နှံ့နိုင်တော့ဘူးလေ” ဟု ရိုက်က ဆိုသည်။

သို့သော် COVID-19 ကို စုံစမ်းထောက်လှမ်းရန် နှာခေါင်းတို့ဖတ်နမူနာ အသုံးပြုလေ့ရှိသည့် PCR နှင့် မတူဘဲ Antibody Test များ၌ သွေးနမူနာများကို အသုံးပြုလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက သွေးလှည့်အဖွဲ့စနစ်ထဲ ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ် ပမာဏသည် နည်းပါးလွန်းသောကြောင့် ဖြစ်သည်။ သို့သော် တိုင်းတာ၍ရနိုင်လောက်အောင် အရေးပါသည့် Antibody များက သွေးထဲတွင် ရှိနေသည်။

ဒေါက်တာမက်လစ်ဆစ်နှင့် တွေ့ဆုံမေးမြန်းခန်း

နယူးယောက်မြို့နှင့် အမေရိကန်ပြည်ထောင်စုတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအမြင့်ဆုံး ရောက်နေချိန်၌ USA TODAY အယ်ဒီတာအဖွဲ့က ဟားဗက်တက္ကသိုလ်၊ ကူးစက်ရောဂါဗေဒဌာန ပါမောက္ခ ဒေါက် တာ မက်လစ်ဆစ်နှင့် ဧပြီလ ၈ ရက်က တွေ့ဆုံမေးမြန်းခဲ့ပုံကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

မေး - အချက်အချာ နေရာတွေဖြစ်တဲ့ ဝူဟန်နဲ့ အီတလီမြောက်ပိုင်းမှာ ရောဂါပိုးတွေ့ရှိသူအရေအတွက်က လူဦးရေရဲ့ သုံးရာခိုင်နှုန်း ဒါမှမဟုတ် လေးရာခိုင်နှုန်းလို့ပဲ အတည်ပြုကြတယ်။ ခင်ဗျားနဲ့ တခြားရောဂါကူးစက်ပျံ့နှံ့မှုနဲ့ ကာကွယ်မှု ပညာရှင်တွေက လူဦးရေစုစုပေါင်း ရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်ခံရနိုင်တယ်လို့ ပြောကြတယ်။ ဘာလို့ အဲဒီလောက်ထိ ကွာဟနေတယ်ဆိုတာ ရှင်းပြနိုင်မလား။

ဖြေ - ခုဟာက ပထမလှိုင်းပါ၊ ကျွန်တော်တို့ ပြောတာက ကပ်ကြီးတစ်ခုလုံးပါ။ ကပ်ရောဂါဆိုးကြီးကို တစ်ကြိမ်တည်းနဲ့ အမြစ်ဖြတ်ပစ်နိုင်မယ်လို့ နားလည်မှုလွဲခဲ့ရင်တော့ ၀ိ၀ါဒကွဲစရာ အမြင်တွေ ပေါ်ထွက်လာလိမ့်မယ်။ ခုအဲဒီလို တွေးစရာအကြောင်းမရှိဘူး။ တစ်နိုင်ငံလုံး ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့တိုင်အောင် ၁၉၁၈ ကပ်ဘေးတုန်းကလို ဝူဟန်မှာ နောက်ထပ်လူနာတွေ ပြန်ပေါ်နေပြီ။ ၄၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းဆိုတဲ့ ဂဏန်းက ဗိုင်းရပ်စ်ပိုးကူးစက်မှု သူ့အလိုလို ရပ်တန့်မသွားခင် ကိုယ်ခံအား ရရှိဖို့ လိုအပ်တဲ့ အရေအတွက်ကို ပြောတာ။ အလွန်တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက် ရောက်ပြီးတဲ့အချိန် ကူးစက်ခံရသူ ကိန်းဂဏန်းအတိုင်းအတာဟာ အဲဒီထိန်းချုပ်မှု အပြည့်အဝ သြဇာသက်ရောက်မှု မရှိခင်ဖြစ်တဲ့ ကိန်းဂဏန်းအတိုင်းအတာအကြား ကွာခြားမှုရှိပါတယ်။

မေး - ရောဂါကူးစက်ခံရပြီးသူတစ်ယောက်အနေနဲ့ရောဂါပြီးစနစ် ကိုယ်ခံအားရနိုင်ပါသလား၊ တကယ်လို့ ဒီအဖြေကိုမသိရဘူးဆိုရင် ဒုတိယနဲ့ တတိယလှိုင်းတွေမှာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

ဖြေ -  ကျွန်တော်တို့ ခုထိ မသိသေးဘူး။ တခြားကိုရိုနာဗိုင်းရပ်တွေရဲ့ လုံးဝအားကောင်းပေမဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်တဲ့ ကိုယ်ခံအားကိုရရှိတဲ့အချိန်အပိုင်းအခြားကိုတော့ ကျွန်တော်တို့ သိပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ရာ အရေးပါတဲ့အချက်တွေက ကိုယ်ခံအားရသွားတဲ့ လူအချိုးအစား ဒါမှမဟုတ်  အနည်းဆုံးက တခြားလူတစ်ယောက်ဆီ ရောဂါထပ်မကူးစေတော့တာပဲ။ ကာကွယ်ဆေးထိုးတာက တစ်ဆင့်ဖြစ်ဖြစ် ရောဂါကူးစက်ခံရပြီးကနေ တစ်ဆင့်ပဲဖြစ်ဖြစ် အဲဒီအရေအတွက်ကို ကျွန်တော်တို့ လုံလုံလောက်လောက်များအောင် ရဖို့လိုတယ်။

မေး - အဲဒီအရေအတွက်က ကျွန်တော်တို့ ထင်တာထက် ပိုများအောင် ရခဲ့ပြီးတာမျိုး ဖြစ်နိုင်သလား။

ဖြေ - ဖြစ်နိုင်ခြေတစ်ခုကတော့ စစ်ဆေးဖော်ထုတ်ရခြင်း မရှိသေးတဲ့ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် အများကြီးရှိနိုင်ပြီး အဲဒီထဲက တော်တော်များများဟာ ကိုယ်ခံအားရပြီး ဖြစ်နိုင်တာပဲ။ ကျွန်တော်တို့ သိတာထက်  “လူအုပ်စုလိုက် ကိုယ်ခံအား” (Herd Immunity) ပိုပြီး ရထားပြီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် သဲလွန်စတွေ ရှိပါတယ်။ ဒါပေမဲ့ ခုထိခိုင်မာတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဒါရဲ့ တခြားတစ်ဘက်မှာတော့ အဲဒီရောဂါကူးစက်ခံရပြီးသူတွေရဲ့ အရေးပါတဲ့ အချိုးအစားထဲက တချို့ဟာ ကိုယ်ခံအား မရဘူးဆိုရင် ရောဂါပြီးနေတဲ့ လူဦးရေအချိုးအစားထဲကနေ ဖယ်ထုတ်ရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ တကယ့်တကယ်မှာ (လူတွေ ရောဂါကူးစက်ခံရပြီး ပဋိပစ္စည်းတွေ ရှိသလား သိရအောင်) သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေ လိုအပ်ပါတယ်။

မေး - ကိုယ်ခံအားက ဘယ်လိုအကာအကွယ်ပေးနိုင်သလဲ။

ဖြေ - ကျွန်တော်တို့ရော တခြားလူတွေပါ ဒါကို လေ့လာဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဖို့ဆိုတာ တကယ်ကို ပရိယာယ်များလွန်းတာမျိုးပါ။ နည်းနည်း ကြာနိုင်ပေမဲ့ တစ်စုံတစ်ယောက်ကတော့ဖြင့် ဒါကို ဖော်ထုတ်ပါလိမ့်မယ်။

မေး - အိမ်မှာနေပါဆိုတဲ့ အမိန့်တွေ ပယ်ဖျက်ဖို့ စိတ်ချရပြီဆိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ ဘယ်လိုသိနိုင်မလဲ။

ဖြေ - သိပ်ကောင်းတဲ့ မေးခွန်းပဲ။ အဲဒါအတွက် သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေက အရေးပါလာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကပဲ လူပေါင်းဘယ်လောက်များများ ရောဂါကူးစက်ခံရ ပြီးပြီလဲဆိုတာ နားလည်ဖို့ ပဟေဠိရဲ့ လိုအပ်နေတဲ့ အစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။ သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေ ကျွန်တော်တို့ ရပြီးတာနဲ့ “လူအုပ်စုလိုက် ကိုယ်ခံအား” ဘယ်လောက်ရှိတယ်ဆိုတာ တွက်ချက်နိုင်ပါလိမ့်မယ်။ ထည့်သွင်းလို့ရတဲ့ (အလုပ်ဖြစ်တဲ့) ကိုယ်ခံအားကို ရထားတဲ့ တစ်စုံတစ်ယောက်ကို  ကာကွယ်ဖို့ မဖြစ်နိုင်တဲ့ ကိုယ်ခံအား တုံ့ပြန်ချက်သာ ရှိထားတဲ့ တခြားတစ်ဦးကနေ ခွဲခြားဖို့ ဖြစ်နိုင်သလား ဆိုတာမျိုးကိုတော့ ကျွန် တော်တို့ မသိပါဘူး။ ဒါမျိုး ဖြစ်နိုင်ပါစေလို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ခုထိတော့ ဒါဟာလူသိများတဲ့ သိပ္ပံမေးခွန်းတစ်ရပ်အဖြစ်ပဲ ရှိပါသေးတယ်။

မေး - မသိသေးတာတွေထဲက အကြီးမားဆုံးက ဘာလဲ။

ဖြေ - ကျွန်တော့်အတွက်ကတော့ အကြီးမားဆုံး ​မေးခွန်​းတွေက ကိုယ်ခံအားအကြောင်းတွေပါပဲ။ လူဦးရေ ဘယ်လောက် ကိုယ်ခံအားရပြီးပြီလဲ၊ အဲဒီလူတွေထဲမှာ လူဘယ်လောက်က ကိုယ့်ကို ရောဂါကူးစက်ခဲ့တာကိုတောင် မသိဘူးလဲ၊  ဒီကိုယ်ခံအားက ဘယ်​လိုကာကွယ်မှုပေးနိုင်သလဲ၊ ပြီးတော့ ကာကွယ်ဆေး အလားအလာအတွက် ကိုယ်ခံအားက ဘယ်လိုကာကွယ်မှုပေးမလဲဆိုတာတွေပါ။ ကိုယ်ခံအားဆိုတာ တခြားဘက်ကို ကျွန်တော်တို့ ဖြတ်​သန်းသွားဖို့ရာ ရလာဖို့လိုတဲ့အရာလို့ ကျွန်တော်ထင်တယ်။ ပြီးတော့ ဒါဟာအကြီးမားဆုံး ဖြစ်နေဆဲ မရေရာမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပြန်ပါသေးတယ်။

မေး - လူတွေ ဘယ်လောက်ကြာအောင် အိမ်ထဲနေရဦးမလဲ။

ဖြေ - ဒါက သိပ္ပံပညာနဲ့ပဲဆိုင်တဲ့ ရွေးချယ်စရာတော့ မဟုတ်​ဘူး။ ဒါက အဆုံးသတ်မှာ နိုင်​ငံ​ရေးနဲ့ဆိုင်တဲ့ ​ရွေးချယ်​စရာ ဖြစ်လာမှာ ဖြစ်ပြီး သိပ္ပံပညာက ထည့်ဝင်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဒါက သိပ်အရေးကြီးတဲ့ ထည့်ဝင်မှုတစ်ခုဖြစ်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးက အဲဒီကန့်သတ်ထိန်းချုပ်ထားမှုတွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် အကျိုးဆက်​တွေ စောင့်ကြည့်ဖို့နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချဖို့ကလွဲပြီး ရွေးချယ်နိုင်တာ များများစားစား မရှိပါဘူး။ မေးခွန်​းက ကာကွယ်​ဆေးရတဲ့အထိ ဒါမှမဟုတ်​ ကျွန်တော်တို့အနေနဲ့ သဘာဝအတိုင်း “လူအုပ်စုလိုက် ကိုယ်ခံအား” (Herd Immunity) ရဖို့ဆီ ဦးတည်ဖို့ ရောဂါကူးစက်ခံရသူတွေ စုပုံလာမှု ပိုမိုနှေးကွေးအောင် လုပ်နိုင်တဲ့အထိ ကျွန်တော်တို့အနေနဲ့ အကျိုးဆက်တွေကို ကောင်းကောင်းတောင့်ခံထားနိုင်မလား ဆိုတာပါပဲ။ ဒါပေမဲ့ ဒါဟာ နှေးကွေးတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။

မေး - ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ချက်အတွက် ရောဂါစစ်ဆေးဖော်ထုတ်နိုင်စွမ်းက ဘယ်လောက်အရေးကြီးသလဲ။

ဖြေ - အဲဒီလို ဆုံးဖြတ်ချက်ချဖို့ အတွက်ဆိုရင် သွေးရည်ကြည်ဗေဒဆိုင်ရာ စမ်းသပ်စစ်ဆေးနိုင်စွမ်းက ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးဖော်ထုတ်နိုင်စွမ်းထက်တောင် ပိုလို့အရေးကြီးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကန်​့သတ်​ထိန်းချုပ်ထားမှုတွေ ရုပ်သိမ်းလိုက်ရင်တော့ မလွှဲမရှောင်သာ မြင့်တက်လာမယ့် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ရေး ကြိုးစားဖို့ကတော့ ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးဖော်ထုတ်နိုင်စွမ်းက လိုအပ်လာပါလိမ့်မယ်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း

COVID-19 ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ CNN က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံမေ းမြန်းခဲ့ရာတွင် “ လူဦးရေရဲ့ ရာခိုင်နှုန်း ၄၀ ရောဂါကူးစက်ခံမှ ရမယ်ဆိုတဲ့ လူထုကိုယ်ခံအား ဖွံ့ဖြိုးလာရမယ်ဆိုတဲ့ သီအိုရီတွေရှိတာကြောင့် ဝန်ကြီးချုပ်အနေနဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့အချိန်ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးပါလဲ။ ဒါမှမဟုတ် တကယ်က ကာကွယ်ဆေး ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ကုထုံးကို စောင့်ရမယ်ဆိုတာမျိုးလား” ဟု မေးမြန်းခဲ့သည်။

လီရှန်လွန်းက “ လူထုကိုယ်ခံအားဆိုတဲ့ဆီကိုသွားမယ်ဆိုရင် လူဦးရေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဟာ ရောဂါ ကူးစက်ခံမှရပါလိမ့်မယ်။ စကားကိုအလွန်သတိထားပြောတဲ့ အင်ဂျလာမာကယ်က ဂျာမနီ လူဦးရေရဲ့ ရာခိုင် နှုန်း ၇၀ လောက်ကို ရောဂါကူးစက်ခံရနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ အီတလီမြောက်ပိုင်း ဒါမှမဟုတ် တရုတ်က မြို့ကြီးအချို့မှာဖြစ်ပျက်ခဲ့သလို ထိန်းချုပ်လို့မရတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားလာပြီး ကူးစက်မှုက အကြီးအကျယ်ထောင်တက်သွားတာကြောင့် အလွန့်အလွန်ကိုနာကျင်ဖွယ်ဖြစ်တဲ့ဆီသွားမယ်လို့ ကျွန် တော်ထင်ပေမဲ့ ဒီလမ်းကြောင်းအတိုင်းပဲ သွားရပါလိမ့်မယ်။ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ ရောဂါကူးစက်မှုကျဆင်းအောင်လုပ်ရမှာဖြစ်ပြီး အရမ်းအရမ်းကို အချိန်ကြာပါလိမ့်မယ်။ ဒီလမ်းကြောင်းကို လျှော့ချဖို့ အရှိန်တားတုံးတစ်ခုကို မျှော်လင့်ရပါမယ်။ အရှိန်တားဖို့ရာ မြင်သာတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကုထုံးတစ်ရပ် ဒါမှမဟုတ် ထိရောက်တဲ့ကာကွယ်ဆေးတစ်ရပ် ရှိလာဖို့ပါပဲ။ ဒါက အလှမ်းကွာဝေးနေပေမဲ့လည်း သိပ်တော်တဲ့လူတွေအများကြီးက ဒါနဲ့ပတ်သက်ပြီး သိပ်ကို ပြင်းပြင်းထန် ထန်ကြိုးစားနေပါတယ်။ မကြာမီ သူတို့တိုးတက်မှုတချို့ လုပ်နိုင်ပါစေလို့ပဲ ကျွန်တော်မျှော်လင့်နိုင်၊ ဆုတောင်းနိုင်ပါတော့တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နိဂုံး

ကူးစက်မြန်ရောဂါတစ်ခုအား ကုလည်းမကုနိုင်၊ ကာလည်း မကာကွယ်နိုင်သည့်အခါ လူဦးရေတစ်ရပ်ထဲမှ အချိုးအစားအများစု “ကိုယ်ခံအားရရှိသွား” (ရောဂါပြီးသွား) သည့် အနေအထားသို့ ရောက်ရှိအောင် မျှော်လင့်ရုံသာ ရှိသည်။ “လူအုပ်စုလိုက် ကိုယ်ခံအား” (Herd Immunity) သို့ သွားရာ၌ နည်းလမ်းနှစ်မျိုးရှိရာ တစ်နည်းမှာ လူဦးရေထဲမှ လူအများစုရောဂါကူးစက်ခံရခြင်းမှတစ်ဆင့် ကိုယ်ခံအားရရှိသွားခြင်းဖြစ်ပြီး အခြားတစ်နည်းမှာ လူ အများစုကို ကာကွယ်ဆေးထိုးနှံပေးခြင်းမှတစ်ဆင့် ကိုယ်ခံအားရရှိသွားခြင်း ဖြစ်သည်။ သို့သော် Herd Immunity ရရှိစေရန် လူအများစုကို ရောဂါ ကူးစက်ခံစေခြင်းမှာ ကျင့်ဝတ်နှင့် မည်သို့မျှမလျော်ညီပေ။

အရာရာမှာ ချင့်ချိန်ရသည်သာဖြစ်၏။ တစ်ချိန်တည်းတစ်​ပြိုင်​တည်​း ရောဂါပြင်းထန်သူအရေအတွက်က ကျန်းမာရေးစနစ်က ကိုင်တွယ်နိုင်သည်ထက်ပို၍များသွားလျှင် ကျန်​းမာ​ရေးစနစ်ပြိုလဲသွားကာ လူအသေအပျောက် အလွန်များနိုင်သည်။

တစ်ချိန်တည်း တစ်​ပြိုင်​တည်​း ရောဂါပြင်းထန်သူအရေအတွက် မများစေရန် Lockdown ချရသည်။ Lockdown ဟုဆိုရာတွင်လည်း လူအများ ငတ်ပြတ်ပြီး တရားဥပဒေစိုးမိုးရေး လုံးဝနီးပါးပျက်ပြားသွားသည့်အနေအထား၊ စီးပွား​ရေးလုံးဝနီးပါးပြိုလဲသွားသည့်အနေအထားမရောက်အောင် သတိပြုရသည်။ တစ်ဖက်ကလည်း လူအများကြီး တစ်​ပြိုင်​နက်​တည်​း ရောဂါကူးစက်ခံရသည့်အနေအထားမရောက်အောင် ချိန်ရသည်။

အစိုးရတစ်ရပ်အနေဖြင့် ပညာရှင်များစုပေါင်းထားသည့် အကြံပေးအဖွဲ့မှနေ၍ အကြံဉာဏ်များ ရယူခြင်းနှင့် သုတေသနများမှနေ၍ အချက်အလက်များရယူခြင်းတို့ ပြုလုပ်ကာ ခိုင်မာသည့်အချက်အလက်များအပေါ် အခြေခံသည့် Evidence-based ဖြစ်သော မူဝါဒများ ချမှတ်အကောင်အထည် ဖော်ရန် လိုအပ်သည်။

ရောဂါစစ်ဆေးဖော်ထုတ်ရာတွင် Risk Group Analysis များ မပြတ်သုံးသပ်ရန် လိုအပ်ပြီး Herd Immunity ကို ခန့်မှန်းတွက်ချက်နိုင်ရန်လည်း Serological Tests (သွေးရည်ကြည်စစ်ဆေးစမ်းသပ်မှုများ) လိုအပ်မည်ဖြစ် သည်။