Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - "ရန်ကုန်ရောက်နေလား ဇော်မိုးလွင်"



မျိုးသန့်ထွန်း(စစ်ကိုင်း) - "ရန်ကုန်ရောက်နေလား ဇော်မိုးလွင်"

(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၀

(မော်ဒန်ကဗျာ အက်ဆေးဆရာ ဇော်မိုးလွင်)
​ ဇော်မိုးလွင် ... ဇော်မိုးလွင် ... ဇော်မိုးလွင် ...

၂၀ရာစု စာရေးဆရာကြီး စစ်ကိုင်းအေးလွင်ရဲ့ သား ဇော်မိုးလွင်။ အက်ဆေးဆရာ ဇော်မိုးလွင်၊ ကဗျာဆရာ ဇော်မိုးလွင်၊ မော်ဒန်စာရေးဆရာ ဇော်မိုးလွင်လို့ စာပေလောကရပ်ဝန်းမှ သိကြပါတယ်။ ဇော်မိုးလွင်ဟာ ပစ္စက္ခလူမှုကွန်ယက် (Fb) မှာတော့ အမှန်တရားအတွက် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးနေတဲ့ကဗျာဆရာမ၊ စာရေးဆရာမ၊ ပြင်သစ်ဘာသာမှ မြန်မာလိုပြန်ဆိုနိုင်တဲ့ သွေး(စစ်ကိုင်း) ရဲ့ အစ်ကိုရင်းတစ်ယောက်ဖြစ်ပါတယ်။

ဇော်မိုးလွင်းကို စစ်ကိုင်းမှာမွေးတယ်။ စစ်ကိုင်းမှာကြီးပြင်းတယ်။ ကျောင်းနေတယ်။ ဆင်းရဲတယ်။ သို့သော် စာတော်တယ်။ စာရေးဆရာကြီးရဲ့သား .. ရဲရင့်တယ်။ ခံစားတတ်တယ်။ ရောင့်ရဲတတ်တယ်။ ကျောင်းစာထက်အပြင်စာ ပို အဖတ်များတယ်။ သူ့အဖေစာအုပ်တွေကို ဘဝအတွက် အရင်းပြုခဲ့ရတယ်။ ငယ်ငယ်ကစ စာရေးနေတယ်။ ဇော်မိုးလွင်ဟာ သူငယ်ချင်းတွေနဲ့ စစ်ကိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ စာအကြောင်းပြောတယ်။နိုင်ငံအရေးလည်းပြောတယ်။ သူစာရေးတဲ့အခါ တစ်မျိုးထွက်တယ်။ 

မောင်ကိုကို(အမရပူရ)က ပြောတယ်။ ခံစားချက်နဲ့ ဇော်မိုးလွင် စာတွေ ရေးတယ်၊ မော်ဒန်ဖြစ်နေတယ်။ မောင်ကိုကို(အမရပူရ) နှင့် ဇော်မိုးလွင် အတူတူ ဆိုင်ကယ်စီးကာ ပန်းချီဆရာ ရာဟုလာ ရှိရာ မင်းကွန်းကိုရောက်ခဲ့ကြတယ်။ ရာဟုလာအိမ်မှာ နှစ်ရက်သုံးရက်နေတယ်။ အတူတူစားကြသောက်ကြနဲ့ ပျော်ရွှင်စရာလောကကို ဖန်းတီးခဲ့ကြတယ်။ စာရေးဆရာအတွက် အားဆေးတစ်ခွက်၊ ရေးဖို့ ကုန်ကြမ်း တွေရခဲ့ တာပေါ့ ။  

မော်ဒန်စာရေးဆရာ၊ကဗျာဆရာ တစ်ယောက်လို နေထိုင်တယ် ။ သွားလာလှုပ်ရှားမှု ရှိနေတယ်။ လက်ရေးလက်သားကောင်း တယ်။တွေ့တဲ့စာရွက်အပေါ်မှာ မော်ဒန်ကဗျာရေးတယ်။ သူမှာ ဆင်းရဲတာ ချိုနဲ့လား မေးစရာ မလို။ ဘဝကို ရဲရဲကြီးပေါင်းသင်းတယ်။ ဒုက္ခ ကြီးကြီး နဲ့ဖက်ကြီးပြင်းလာတယ်။ ဒါပေမယ့် အမှန်တရားကို ချစ်မြတ်နိုးတယ်။ ၈၈အရေးမှာ ထဲထဲဝင်ဝင် သူပါတယ်။ လှုပ်ရှားတယ်။ ဖမ်းမယ် ဆီးမယ် လုပ်လို့ ပန်းချီဆရာဇော်မောင် (စစ်ကိုင်း၊မင်းကွန်း) နဲ့အတူတူ တောမဟာမြိုင်မှာ ခေတ္တ ခိုလှုံခဲ့ရတယ်။သူကပြောတယ်။

"ငါ..သည် အမှန်တရားအတွက် တိုက်ပွဲဝင်နေတယ်."
"ငါသည် လူဘဝအတွက် အဓိပ္ပာယ်ရှိရှိ ဖြတ်သန်း နေ တယ်"... တဲ့။

သူကို ကျနော်တို့က "ထူးကြီး" လို့ခေါ်တယ်။ ကျွန်တော့်မဂ်လာဆောင် မှာ "မော်ဒန်ကဗျာအရှည်ကြီး"(လျှောက်လွှာစာရွက် ၄-၅ ရွက်အပြည့် ) ရေးဖွဲ့ပြီး လက်ဖွဲ့တယ်။ ပျော်ရွှင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ သူငယ်ချင်းကောင်းပီသတယ်။ သူမှာ စရိုက်တစ်ခု ရှိတယ်။ သူလိုအပ်မှ ပိုက်ဆံတောင်းတယ်။ မလိုအပ်ရင် လ္ဘက်ဖက်ရည်နဲ့ ပြီးတယ်။သူအကြိုက်ဆုံးက စာအုပ်ရယ်...ဝိုင်တစ်ခွက်ရယ်....ပြီတော့....ပရဟိတရယ်။

သူရန်ကုန်ရောက်ရင် ကျွန်တော်ဆီ ပုံ မှန်လာတယ်။ ဟိုအခါက ကျွန်တော်အလုပ်မှာ သူရောက်နေတယ်။ကျွန်တော် မရှိတဲ့အခါ ပိတောက်ပွင့်သစ်မဂ္ဂဇင်း နဲ့ စာအုပ်တစ်အုပ်ကို သူ့လက်မှတ် ထိုးပြီးပေးသွားတယ်။ တစ်ခါတစ်ခါ ကျနော်တို့အလုပ်က လူကြီးတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ စကားပြောကြတယ်။သေရည်သေရက်မသောက်ဖို့ အဖိုးကြီးက ပြောတဲ့အခါ သူက အဘ ရေ...လ္ဘက်ဖက်ရည်တစ်ခွက် ၂၅၀ကျပ် (အဲဒီအချိန်က)၊ အရက်က ၁၀၀ဖိုး ၅၀ဖိုး ရသတဲ့ ။  ဒီလိုဆိုတော့ ဈေးပေါတာကို ဦးစားပေးရတာ... မတတ်နိုင်ဘူးလေလို့ ချေပရှာတယ်။

သူ ပိတောက်ပွင့်သစ်မှာ အလုပ်လုပ်တယ်။ မောင်စိမ်းနီ က သူကို ခေါ်ထားတယ်။ ဆရာမောင်စိမ်းနီနဲ့ ခေါ်မိတ်ဆက်ပေးတယ်။ နောက်တော့ ဆရာမောင်စိမ်းနီနဲ့ ကျွန်တော် ရင်းနှီးခဲ့ရတယ်။ ပိတောက်ပွင့်သစ်အတွက် လိုအပ်ချက်ရှိရင် ကူညီဖူးပါတယ်။ ပိတောက်ပွင့်သစ်အတွက် စာမှု လာတောင်းရင် မပေးလိုက်ရတာ ဝမ်းနည်းမိတယ်။ တစ်ခါတော့ ဒေါက်တာသန်းထွန်းမျက်နှာဖုံးနဲ့ ပိတောက်ပွင့်သစ်မှာ အဇွတ်ရေးခိုင်းလို ရေးလိုက်ရတယ်။ဇော်မိုးလွင်က ပြောတယ်။ အက်ဆေးရေးကွာ!  ဒါပေမယ့် မရေးဖြစ်ပါ။ သူကို ပြန်ပြောလိုက်တယ်။ ငါက စာရေးချင်တဲ့ အကောင်မဟုတ်. .စာဖတ်ချင်တဲ့အကောင် လို့ ဆိုလိုက်ရတယ်။ ဒါပေမဲ့ ငယ်ကထဲက စာအုပ်စုဆောင်းတယ်။ ဒီအတွက် ဇော်မိုးလွင် ကူညီတယ်။သူ့လက်လှမ်းမီရာ စာအုပ်တွေယူလာတယ်။လက်မှတ်ထိုးပြီပေးတယ်။ စာအုပ်သည် ငါ့မိတ်ဆွေဖြစ်တယ်။

နေ့တစ်နေ့က မိုးတွေရွာသောနေ့ ဖြစ်တယ်။ ဇော်မိုးလွင် အိမ်ရောက်လာတယ် ။ မိုးတွေ စိုစွတ်လို့ပေါ့။ သုတ်စရာ တဘက် လှမ်းပေးလိုက်တယ်။ ဝတ်စရာတွေ ပေးလိုက်တယ်။ ပြီး တော့ ကော်ဖီပူပူတစ်ခွက်နဲ့ ပေါင်မုန့် တစ်ချပ် သူ သောက်နေတယ်။ အိမ်ရှေ့မင်းစည်းစိမ် ယူလျက်ရှိပါတယ်။ သမီးက အဖေ ထမင်းကျွေးလိုက်ပါလို့ ပြောတယ်။ သူနဲ့ ကျွန်တော် စာပေလောက အဖြစ်အပျက်ကို အိတ်သွန် ဖာမှောက်ပြောနေတယ်။ ထမင်းလည်းကျွေးလိုက်တယ် ။  မိုးတိတ်လို့ ပြန်မယ်လဲလုပ် နေဝင်နေပြီ။ 

သူ လှည်းတန်းမှာ ဌါးနေတယ်။ ကဗျာလွတ် အိပ်စက်ရတယ်။ ရေမိုးချိုးတဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ခါ ရေမကုန်အောင်ချိုးရ၊ တန်းစီးစနစ်နဲ့ ရေချိုးရတယ်။ ဘယ်လိုပဲနေနေ စာရေးတော့မပျက်၊ ကဗျာဆရာ၊ စာရေးဆရာ ဒီ  လောက် တော့ ခံနိုင်ရည်ရှိပါတယ်။ သူ့ပြန်ရင် လွယ်အိတ်တစ်လုံးနဲ့ စားစရာများ ထည့်ပေးလိုက်တယ်။ လွယ်အိတ်အထဲမှာ အသပြာတွေလည်းပါတယ်။ ပျော်ရွှင်ပါစေ။

တစ်ခါက ဇော်မိုးလွင် ရွှေတောင်ကြားက ခြံကြီးအထဲမှာ နေတယ်။ မိမိကိုယ်ကို စာပေဆိုင်ရာ Novel Prize ရရှိတဲ့ ပုဂ္ဂိုလ်တွေမျိုးနေတဲ့ သူတွေ ရှိတယ်။ ထိုသူတွေနဲ့ ဇော်မိုးလွင် နေထိုင်ဖြတ်သန်းတယ်။ ရွှေတောင်ကြား စားကျက်မြေမှာ ထွန်ယက်စိုက်ခဲ့ကြတယ်။ ရွှေတောင်ကြားမှာ ဗကပခေါင်းဆောင်ကြီး သခင်သန်းထွန်းလည်းနေခဲ့ဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးသမားများနဲ့အတူတူ ဗမာပြည်လွတ်လပ်ရေးအတွက် အလုပ်လုပ်ခဲ့ကြဖူးတယ်။ ထိုကြောင့်... ထိုကြောင့်.. ရွှေတောင်ကြား....ရွှေတောင်ကြား နာမည်လည်း ကြီးပေတယ်။

ရွှေတောင်ကြားရဲ့ ထိုခြံကြီးမှာ "ကျွန်တော့်နာမည် ဂုဏ်သရေရှိ" ကဗျာရှည်ကြီရေးတဲ့ဗိုလ်ကြူး (ဆရာကြူးနစ်) လည်းနေတယ်။ မိဝေး....ဖဝေး....ဟဲမင်းဝေးတို့လည်း နေထိုင်လျက်။ကဗျာဆရာလည်း နေတယ်။ ကဗျစ်ဆရာတွေလည်း နေကြတယ်။ စစ်ကိုင်းသား ဇော်မိုးလွင် ပါဝင် မုံ့ရွာသားကြည်ဇော်အေး၊ မျိုးမင်းညိန်း၊ တိုးနှောင်မိုး၊သားဦး၊ အောင်ရင်ငြိမ်း၊ ဝိုင်ချို၊ လူဇော်သစ်၊ ချစ်ထွန်း၊ ညီညီနိုင်သစ်... အစ စုပေါင်းနေထိုင်ခြင်းဟာ ကမ္ဘာကို ထိတ်လန့် ချေက်ခြားဖွယ်အတိ ။ ပိုက်ဆံနတ္တိ နေ့ရက်များ ရှိခဲ့ဖူးပါတယ်။ ထိုခြံအထဲ မှာ ချစ်စရာ ခွေးလေး Happy လေးလည်း ရှိနေတယ်။ ထိုခွေးကို အဖော်ပြုပြီ အက်ဆေးနဲ့ ကဗျာတွေ ရေးခြစ်ကြ။ မြူးကြွပျော်ရွှင်ခဲ့ရတယ်။ ခွေးကလေးအစားအတွက် ရွှေတောင်ကြားမှာ နေထိုင်တဲ့ စာရေးဆရာ ကိုတာ ဆီမှာ သွားယူရတယ်။

ရွှေတောင်ကြားခြံကြီးဟာ ကဗျာလည်း ဖြစ်၊ အက်ဆေးလည်းဖြစ်၊ စာတွေလည်းဖြစ်ခဲ့ကြတယ်။ စာသမားတွေစခန်းချရာ ထိုခြံဟာ ညူးယောက်က ဂရင်းဝှစ်ရွာလေးလား ထင်မှတ်စရာ။ ရွှေတောင်ကြားကို တစ်ခါပြန်ပြီး  စဥ်းစားရရင် ပါရီက မွန်ပါနာဆေးရပ်ကွက်လား... တစ်ခါတစ်ရံ မိုးရေများကြား တယောက်ပုခုံး  တယောက်ဖက်ပြီး ပန်းဆိုးတန်းလမ်းမကြီးမှာ ကဗျာတွေရွတ်ခဲ့ကြတယ်။ ထိုအခါက ပါရီလမ်းမှာ မိုဒီကလျာနီတို့ဖြတ်သန်းကြသလိုမျိုး ...

ဇော်မိုးလွင် ကျွန်တော်ဆီ စာတစောင်ရောက်လာတယ်။

ဖိုးဝ
ငါ ရန်ကုန် ရောက်နေတယ်။
ပိတောက်ပွင့်သစ်မှာ လုပ်နေတယ်၊
သံဈေးမှာ စာအုပ်လက်ဆောင် ပေးထားခဲ့တယ်။
မြို့ထဲရောက်ရင်... ၄၅လမ်းဖက် လာလည်ပါဦး ...
အဆင်ပြေပါတယ်။
SUNDAY ကလွဲပြီး နေ့ခင်း ၁၂ နာရီကျော်ရင် ရုံးခန်းမှာ ရှိပါတယ်။
ဇော်မိုးလွင်!

အော်... ရန်ကုန်ရောက်နေလား ... ဇော်မိုးလွင်။ "ပြည်သူချစ်လျှင်ကမ္ပည်းတင်မည်" ပိတောက်ပွင့်သစ် ကို မောင်စိမ်းနီ အယ်ဒီတာချုပ်လုပ်၍ ထုတ်တယ်။ စာပေအနုပညာမဂ္ဂဇင်းဖြစ်တယ်။ စာရေးဆရာမောင်စိမ်းနီက လူငယ်ကဗျာဆရာ စာရေးဆရာများကို မြေတောင်မြှောက်ပေးတယ်။ လွတ်လပ်ချင်တယ်။ ဇော်မိုးလွင်လို လူငယ်မျိုး သူလိုလားတယ်။ ချစ်တယ်မြတ်နိုးတယ်။ ထိန်းကျောင်းရေးစခန်းလား။

ကဗျာဆရာလူငယ်အချို့ ဆိုးတယ် တေတယ်။ ပေပေတေတေနေကြတယ်။ မောင်စိမ်းနီနဲ့ဆို ပွဲပြီးတယ်လို့ ဆိုတာပဲ။ ထိုသူတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မောင်စိမ်းနီထံ မျှကြရတယ်။ ကဗျာဆရာကြီးတင်မိုး (၁၀)ပြည့် အခမ်းအနားကို တော်ဝင်နှင်းဆီမှာ လုပ်တယ်။ အဲဒီမှာ မောင်စိမ်းနီ တက်ရောက်တယ်။ ဆရာစိမ်းက ကျွန်တော်ကို တွေ့တဲ့အခါ ဖက်ပြီ ဖွဖွလေး ဗိုက်ကို လက်သီးနဲ့ထိုးတယ်။ မင်းဘာတွေ ရေးနေလဲ၊ ဘာမှ မရေးဘူးဆရာ ! ရေးလေးကွာ! ရေးစမ်းပါတဲ့။ ကျွန်တော်က ဆရာစိမ်း...ဇော်မိုးလွင် ရန်ကုန်ရောက်နေတယ် လို့ ပြောလိုက်တယ် (ဆရာကို တမင်ပြောလိုက်တာပါ) ။ ဆရာမောင်စိမ်းနီက အော်...ဒီကောင် လူတော်ကွ...ဒါက ဖျက်တာ... ဆရာ့လက်မကို ပါးစပ်အနားတေ့ပြတယ်။ နောက်တော့ ဆရာစိမ်းမျက်နာမှာ မျက်ရည်တစ်စကို တွေ့လိုက်တယ်။ ထိုမျက်ရည်တစဟာ ဇော်မိုးလွင်ကို ဆရာသတိရနေပါတယ်။ နောက်ပိုင်း မကြာခင်မှာ ဆရာမောင်စိမ်းနီ လည်း စာပေလောကကြီးကို ခွဲခွာ သွားပါတော့တယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာမောင်စိမ်းနီ ကောင်းသောဘုံမှာ ငြိမ်းချမ်းစွာနေပါစေ။ 

ဆရာစိမ်း ချစ်တဲ့....
- ကဗျာရေးသော ဇော်မိုးလွင်
- စာရေးသော ဇော်မိုးလွင်
- အက်ဆေးရေးသော ဇော်မိုးလွင်
- ပရဟိတ လုပ်လိုသော ဇော်မိုးလွင်
ကောင်းမွန်သောအရပ်များမှာ ထိုအလုပ်များကို ဆက်လုပ်နိုင်ပါစေ။

​(စာရေးဆရာဇော်မိုးလွင်ဟာ  ၆ မတ်လ ၂၀၁၄ မှာ ကွယ်လွန်သွားခဲ့တယ်။ သူအတွက် အမှတ်တရ ဂုဏ်ပြုလိုက်ရပါတယ်။)

မျိုးသန့်ထွန်း(စစ်ကိုင်း)