Breaking News

ကိုသန်းလွင် - အာမေးနီးယမ်း နှင့် အာဇာဘိုင်ဂျန်တို့ နေရာလုပွဲ



ကိုသန်းလွင် - အာမေးနီးယမ်း နှင့် အာဇာဘိုင်ဂျန်တို့ နေရာလုပွဲ

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၀

(၁)

ကားလမ်းတစ်လျှောက် အာမေးနီးယမ်းစစ်ပြေးဒုက္ခသည်များ၏ကားများဖြင့်ပြည့်နေပါသည်။ သူတို့ သယ်နိုင်သမျှအိမ်ထောင်ပစ္စည်းများ အိမ်မှာမွေးသည့် သတ္တဝါများ၊ နေ့စဉ်အသုံးအဆောင်များ၊ မှန်တံခါး များစသည်ဖြင့် ရသမျှသယ်ဆောင်ခဲ့ကြပါသည်။

သူတို့အိမ်မှထွက်သည်နှင့်အိမ်များကိုမီးရှို့နေကြပါသည်။ သူတို့သည်အဝါရောင်မီးတောက်များ၊ အမဲရောင် မီးခိုးများကြားမှထွက်လာနေကြပါသည်။ မီးလောင်နေသောအိမ်အနီးတွင်လွန်ခဲ့သော ၂၅ နှစ်ကျော်ကတည်းက အာဇာဘိုင်ဂျန်တို့စွန့်ပစ်ထားသောပစ္စည်းများကိုလည်းတွေ့ကြရပါသည်။ သူတို့စွန့်ပစ်ထားသောပစ္စည်းများကြား တွင် အာမေးနီးယမ်းတို့ကနေရာယူခဲ့ကြပါသည်။

(၂)

တောင်ပိုင်း ကော့ကေးဆပ်တောင်တန်းများနှင့်ဝိုင်းရံထားသည့်ဥရောပနှင့် အာရှတိုက်တို့၏နယ်နိမိတ်တွင် လူသူအရောက်နည်းပါးသောကျောက်တုံးကျောက်ခဲများဖြင့် ပြည့်နေသည့် နေရာများရှိပါသည်။ ထို့နေရာများ တွင် ယခုအပါတ်စနေ၊ တနင်္ဂနွေနေ့များက ပုံစံ လုံးဝပြောင်းလဲသွားခဲ့ပါသည်။ နှစ်ဖက်လုံးကသူတို့ပိုင်ဆိုင်သည် ဟုယုံကြည်ကြသောဒေသကို အာဇာဘိုင်ဂျန်တို့က သူတို့သာပိုင်ဆိုင်သည်ဟု တရားဝင်ကြေညာခဲ့ပါသည်။

လွန်ခဲ့သော ၁၉၉၀ နှစ်များဆီက ဤအရပ်မှ အာဇာဘိုင်ဂျန်များဆုတ်ခွါပေးခဲ့ရပါသည်။ ယခုအခါ အာမေး နီးယမ်းတို့၏အလှည့်ဖြစ်ပါသည်။ ရုရှားတို့ကစေ့စပ်ပေးခဲ့သော ၆ ပါတ်ကြာ ပဋိပက္ခသည်ပြေငြိမ်းခဲ့ရပြီးလူပေါင်း များစွာအသက်ဆုံးရှုံးခဲ့ရပါသည်။ အာဇာဘိုင်ဂျန်များက ဤတနင်္ဂနွေနေ့မှစ၍ အာမေးနီးယမ်းတို့နေထိုင် ခဲ့ရာ နာဂိုနို ကာရာဘတ်(Nargorno Karabakh)ဒေသကို အပြည်ပြည်ဆိုင်ရာဥပဒေများကအသိအမှတ်ပြုထားသည့် အတိုင်း အာဇာဘိုင်ဂျန် တို့ကပိုင်ဆိုင်သည်ဟုဆိုပါသည်။

အာမေးနီးယမ်းများသည် မိမိတို့ပိုင်ဆိုင်သောအိမ်များကို မီးရှို့ဖျက်ဆီးရန်လက်တွန့်နေကြပါသည်။ ကယ် ဘာဂျာမြို့တွင် အာမေးနီးယမ်းတို့က မိမိအိမ်ကိုမိမိဆောက်ပြီးနေခဲ့ကြရာ ယခုထိုနေရာမှအပြီးအပိုင်ထွက်ခွာ ပေးရတော့ မည်ဖြစ်သည်။ သူတို့သည် မိမိတို့ကြက်များကို ကြိုးဖြင့်စုချည်ထားကြပါသည်။ အာလူးဥများ ကိုမှု ဒီတိုင်းထားခဲ့ရပါလိမ့်မည်။

တူရကီစစ်တပ်က အာဇာဘိုင်ဂျန်များကိုထောက်ခံခဲ့ပြီး ရုရှားတို့က မိမိတို့အုပ်ချုပ်ခဲ့သည့်ဒေသကို အပစ် အခတ်ရပ်စဲအောင် ကြိုးပမ်းနေကြပါသည်။ ရုရှား ငြိမ်းချမ်းရေတပ်သားများကဒေသတွင်အစိုးရပြောင်းလဲ အုပ်ချုပ်ခြင်းကို ကြီးကြပ်ခဲ့ကြပြီး ကယ်ဘာဂျာနယ်သို့ သောကြာနေ့ကရောက်ရှိခဲ့ကြပါသည်။ သူတို့စခန်းချ ရာနေရာမှာ နှစ်ပေါင်းရာကျော်သက်တမ်းရှိပြီဖြစ်သည့်ဘုန်းတော်ကြီးကျောင်း (Dadibank) ခေါ်နေရာကိုရွေး ချယ်ခဲ့ကြပါသည်။ ၄င်းဒေသသည် အာမေးနီးယမ်း ခရစ္စယာန်များနေရာဒေသဖြစ်ပြီး အာဇာဘိုင်ဂျန်မွတ်စလင် များကရောက်လာ၍နေရာယူကြပါလိမ့်မည်။

အာဇာဘိုင်ဂျန်မြို့တော် ဘာကူး တွင်မှု မြင်ကွင်းကမတူညီပါ။ အိမ်တိုင်းတွင် အာဇာဘိုင်ဂျန်အလံများ ထိုး ထားကြပြီး အောင်ပွဲကိုကြိုဆိုနေကြပါသည်။ သမ္မတအီဟမ် အာလီယက်(Ilham Aliyev) ကအဂါင်္နေ့နံနက်စော စောတွင်အပစ်အခတ်များရပ်စဲလိုက်ပြီးဖြစ်ကြောင်း၊ အာမေးနီးယမ်းစစ်တပ်ကဆုတ်ခွါပေးပြီး နီဂါရိုကာရာဘတ် ရှိခရိုင် ၃ ခုကိုအာဇာဘိုင်ဂျန်တို့ လက်သို့ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်းကြေညာလိုက်သည်နှင့် မကြာမီ မှာပင် ပျော်ရွှင်နေသော လူအုပ်က လမ်းမပေါ်သို့ရောက်လာကြပါသည်။

အာမေးနီးယမ်း နှင့် အာဇာဘိုင်ဂျန်တို့သည် ရုရှားတို့၏လက်အောက်တွင်နေခဲ့ရစဉ်က ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခဲ့ကြပါသည်။ ကွန်မြူနစ်စနစ်ပြိုကွဲသွားသောအခါရာစုနှစ်ပေါင်းများစွာကွဲပြားခဲ့သောမူဝါဒမတူညီ မှုသည်လူနှစ်စုကိုပြိုကွဲစေပြီး တစ်ယောက်နှင့်တစ်ယောက်အငြင်းပွားခဲ့ကြပါသည်။ နာဂါနို ကာရာဘတ် ဒေသ တွင်အဓိကအားဖြင့်အားမေးနီးယမ်းတို့ ရှိနေကြသော်လည်း ၄င်းဒေသမှာ အာဇာဘိုင်ဂျန်တို့လက်အောက်သို့ ရာက်ရှိနေခဲ့ပါသည်။

၁၉၉၀ နှစ်များတွင် ဖြစ်ပွားခဲ့သော ဒေသလုပွဲတွင် အာမေးနီးယမ်းတို့က အနိုင်ရရှိပြီး လူ နှစ်သောင်းကျော် သေဆုံးကာ လူသန်းချီ၍ နေစရာပျောက်ခဲ့ကြရာ ၄င်းတို့တွင် အာဇာဘိုင်ဂျန်တို့က လူများစုဖြစ်ပါသည်။ နာဂါနို ကာရာဘတ် ဒေသတွင်မကဘဲ ကျန်ခရိုင် ၇ ခုမှနေ၍ အာဇာဘိုင်ဂျန်တို့ကို နှင်ထုတ်ခဲ့ကြပါသည်။ အထူးသဖြင့် ကယ်ဘာဂျာဒေသမှာ အာဇာဘိုင်ဂျန်များအများစုနေထိုင်ရာခရိုင်ဖြစ်ပါသည်။ ဒေသခုနှစ်ခုလုံးသည် ကမ္ဘာကအ သိအမှတ်မပြုရဘဲအာမေးနီးယမ်းတို့နေထိုင်ရာဒေသဖြစ်ခဲ့ရပါသည်။ မိမိနေရပ်ကိုပြန်လိုကြသောအာဇာဘိုင်ဂျန် အများစုသည် နိုင်ငံရေးအရ တွန်းအားပေးရာ ကြီးမားသော အင်အားစုဖြစ်ခဲ့ပါသည်။

၂၅ နှစ်ကြာအောင် စေ့စပ်မှုများသည် အကြိမ်ကြိမ်ပျက်ပြယ်ခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်နေ့ က သမ္မတ အာလီယက်က ထိုဒေသကိုအင်အားသုံးပြန်တိုက်ယူရန် တိုက်ပွဲများစခဲ့ပါသည်။ အာဇာဘိုင်ဂျန်တွင်ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ့ရှိရာမှ ငွေအင်အားတောင့်တင်းလာခဲ့ပြီး ဒရုန်း များနှင့် အာမေးနီးယမ်း တို့၏ခံတပ်များကို စတင်တိုက်ခိုက်ခဲ့ပါသည်။ အနည်းဆုံး အာမေးနီးယမ်းစစ်သား ၂၃၁၇ ဦး သေဆုံးခဲ့ရပြီး အာဇာဘိုင်ဂျန်တို့ဘက် မှ အကျအဆုံးကို ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပါ။

နိုဝင်ဘာလတွင် အာဇာဘိုင်ဂျန်တို့သည် ခံတပ်မြို့တော် ရှုရှား (Shusha) ကိုတိုက်ခိုက်ခဲ့ပြီး ၄င်းမြို့မှာနှစ် ဘက်စလုံးအတွက် အဓိကမြို့တော်ဖြစ်ပါသည်။ အာဇာဘိုင်ဂျန်တစ်ပြည်လုံးမအိပ်နိုင်ဘဲ တယ်လီဗွီးရှင်းတွင် စစ်ပွဲသတင်းများကို နားထောင်ခဲ့ကြပါသည်။ နောက်ဆုံး ရှုရှားမြို ကိုသိမ်းပိုက်လိုက်ပြီဟု သမ္မတကကြေညာ သောအခါ အိမ်မက်ရှည်ကြီးပြီးဆုံးခဲ့ပြီဟု သက်ပြင်းချနိုင်ခဲ့ကြပါသည်။

ဤစစ်ပွဲကြောင့် အိုးပစ်အိမ်ပစ်ဖြစ်ခဲ့ ရသော လူတစ်သန်းခန့်မှာ အာဇာဘိုင်ဂျန်ပြည်အနှံ့ ယာယီအိမ်များ တွင် နေခဲ့ကြပါသည်။ ထိုအထဲမှာ အိမ်ထောင်စုပေါင်းများစွာသည် ယနေ့တိုင်ဖြစ်သလိုနေထိုင်ရဆဲဖြစ်ပါသည်။ ဘာကူးမြို့အနီးမှ အိမ်ထောင်စုပေါင်းများစွာမှာ မိမိနေရာကိုပြန်ရတော့မည်ဖြစ်သဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြ ပါသည်။ သမ္မတအာလီယပ် က(Infra structure) ပရောဂျက်များကို ဦးစားပေး ပြုလုပ်ပေးပြီး တပြည်လုံး မိုင်း များကှိုရှာဖွေ ရှင်းလင်းပေးမည်ဟု ကြေညာခဲ့ပါသည်။

စနေနေ့က အာမေးနီးယမ်းတို့ထွက်ခွါရန်အချိန်ကို ၁၀ ရက်မျှတိုးပေးခဲ့ပါသည်။ ၄င်းတို့သည်ရောက်လာ တော့မည့် အာဇာဘိုင်ဂျန်များကိုနေမဖြစ်အောင် ဖန်တီးချင်ခဲ့ ကြပါသည်။ ပါဝါလိုင်းများကို ဖြတ်တောက်ခြင်း ရေနှင့်အခြားပိုက်လိုင်းများကိုသုံးမရအောင်ဖျက်ဆီးခြင်းများပြုလုပ်ကြပါသည်။ အင်တာနက်လိုင်း၊ Gas Station များ၊ စားသောက် ဆိုင်များကို ဖျက်ဆီးကြပါသည်။ ရဲတပ်ဖွဲ့ဝင်များက သူတို့၏မှတ်တမ်းမှတ်ရာများကို မီးပုံ၍ရှို့ ကြပါသည်။

အာမေးနီးယမ်းမြို့တော် ရာရာဘန် (Yerevan) တွင် စစ်ကိုအရှုံးပေးရပါမည်လောဟု လူအများက ဆန္ဒပြ ကြပါသည်။ အာဇာဘိုင်ဂျန်နှင့်စာချုပ်ချုပ်ဆိုခဲ့သည့် ဝန်ကြီးချုပ် ပါရှီရန် (Nikol Pashinyan) ကိုနိုင်ငံတော်သစ္စာ ဖောက်အဖြစ်ရှုံ့ချကြပါသည်။ ဝန်ကြီးချုပ်အနေဖြင့်မှု အင်အားမမျှတသည့်စစ်ပွဲကို နိုင်စရာမရှိဟုသတ်မှတ်ထား ပုံရ ပါသည်။ သူ့ကြေညာချက်ထွက်ပေါ်စကလူအများသည်တုန်လှုပ်ချောက်ခြားနေပြီး မယုံနိုင်အောင်ဖြစ်နေကြ ပါသည်။

ရုရှားစစ်သား ၂၀ဝ၀ ခန့်က အာဇာဘိုင်ဂျန်နှင့် အာမေးနီးယမ်းတို့အကြားခြားနားထားသော မျဉ်းကြောင်း တစ်လျှောက်အနည်းဆုံး ၅ နှစ်ကြာစောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ လွန်ခဲ့သောအပါတ်ကရုရှားသမ္မတပူတင် က ဤသို့စောင့်ရှောက်ရန်အကြံပြုခဲ့ပြီး ရုရှားစစ်သားများကိုရှေ့တန်းသို့စေလွှတ်ခဲ့ပါသည်။ ရုရှားစစ်တပ်ရောက် လာသည်ကိ်ုအာမေးနီးယမ်းတို့ကအဓိကကြိုဆိုကြပြီး ရုရှားစစ်တပ်ကို အာမေးနီးယမ်းပိုင် နေရာတွင်ချထားမည် ဖြစ်သည်။

(၃)

ဒေသခံများကမှု ဤကဲ့သို့ဖြစ်ရသည့်အတွက် နိုင်ငံရေးသမားများကို အပြစ်တင်လိုက်ပြီး ရပ်ကွက်နေလူ ထုအဖို့ မိမိပါတ်ဝန်းကျင်နှင့် အချင်းချင်းရင်းရင်းနှီးနှီးနေရန်သာ အဓိကဟုပြောဆိုနေကြပါသည်။ မည်သို့ပင်ဖြစ် စေကာမူ အသက်ကြီးသူ ခေတ်ဟောင်းကိုမှီလိုက်သူတို့က ယခုကဲ့သို့ စစ်ပွဲကြီးများဖြစ်၍နေရာလုခြင်းကို မယုံ ကြည်နိုင်ကြဘဲရှိနေပါသည်။

ကိုသန်းလွင်

Ref; A Homeland Not For Sharing By Carlotta Gall, New York Time November 17 2020