Breaking News

ဇင်လင်း - စာဖတ်ခြင်း အလေ့အထနှင့် စာကြည့်တိုက်များ၏ တန်ဖိုး



ဇင်လင်း - စာဖတ်ခြင်း အလေ့အထနှင့် စာကြည့်တိုက်များ၏ တန်ဖိုး

(အတွေးအမြင်မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၂၀)
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၁

မိမိငယ်စဉ်အခါက စာဖတ်ခြင်း၌ ၀ါသနာ ထက်သန်လှသည်မဟုတ်ပေ။ ငယ်စဉ်ဟု ဆိုရာ၌ အသက်အားဖြင့် ရ နှစ်နှင့် ၁၂ နှစ်သားအရွယ်အကြား ငါးနှစ်တာကာလလောက်ကို ဆိုလိုသည်။ မိမိအသက် ရ နှစ်အရွယ် ၁၉၅၄ ခုနှစ်တွင် အဘိုးဖြစ်သူ ၏ လမ်းညွှန်မှုအရ မြင်းခြံမြို့ ဘုန်းတော်ကြီးကျောင်းမှ မလှိုင်မြီု့ အစိုးရ အတန်းကျောင်းသို့ ပြောင်းရွှေ့ကျောင်းအပ်ခဲ့ သည်။ မလှိုင်မြို့သည် ဇာတိချက်မြှုပ်ရာ မြို့ဖြစ်ပြီး အဘိုးအဘွားများလည်း မလှိုင်မြို့မှာပင်နေကြသည်။ ဖခင်ဖြစ်သူက မြင်းခြံ၌ မော်တော်စက်ဆရာအလုပ် လုပ်ကိုင်သဖြင့် မိမိတို့ မိသားစုသည် မြင်းခြံမြို့ လမ်းသစ်အရပ်၌ ခေတ္တနေထိုင်ခဲ့ရ သည်။ ထိုစဉ် က ၅ နှစ်သားအရွယ် မိမိအား မိခင်ဖြစ်သူက အိမ်နှင့် နီးသည့် ဆရာတော် ဦးတိလောက၏ ဘုန်းတော်ကြီး ကျောင်းတွင် အပ်နှံထားသည်။ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းမအပ်မီကပင် မိခင်ဖြစ်သူက မိမိအား မြန်မာသင်ပုန်းကြီး ဖတ်စာကို ကိုယ်တိုင် သင်ပေးခဲ့သည်။ မိခင်ဖြစ်သူကိုယ်တိုင်လည်း ဘုန်းတော်ကြီးကျောင်းထွက်ဖြစ်၍ ပရိတ်ကြီး ၁၁ သုတ် နှင့် ရတနာရွှေချိုင့်စသည်အထိ သင်အံကျက်မှတ်ခဲ့ရကြောင်း ပြောပြဖူး၏။

မိခင်ဖြစ်သူသည် မြင်းခြံဈေးအတွင်း ကျူလယာကုန်စုံဆိုင်မှ မြန်မာသင်ပုန်းကြီးစာအုပ်ကိုတွေ့သဖြင့် ၀ယ်ယူခဲ့ပြီး မိမိအား ကကြီး ခခွေး အစရှိသော မြန်မာအက္ခရာ ဗျည်း ၃၃ လုံးနှင့် အအာ အိအီ အုအူ အေအဲ အစရှိသော သရများကို စတင် သင်ကြားပေးသည်။ ကျောက်သင်ပုန်းနှင့် ကျောက်တန်ကို အသုံးပြုစေပြီး ဦးစွာပထမ ၀လုံးရေးခြင်းဖြင့် လက်ရေး စတင် လေ့ကျင့်ပေးသည်။ ထို့နောက် ဗျည်းနှင့် သရတို့တွဲဖက်၍  အသံထွက်ပုံကို သင်ပေးသည်။ ဆရာတော် ဦးတိလောက ကျောင်းသို့ ရောက်ချိန်တွင် မိမိသည် စာလုံးပေါင်းအသံထွက်ပုံကို အတော်အတန် နားလည်နေပြီဖြစ်သည်။ ဆရာတော် သည် သူ့ခေတ်နှင့်သူ ခေတ်မီသူဖြစ်သည်။ စာလုံးပေါင်းသတ်ပုံကျေညက်သည်နှင့် ကဗျာတိုတို ကလေးများကို နှုတ်တိုက် ချပေးသည်။ အလွတ်ရွတ်ဆိုနိုင်အောင် လေ့ကျင့်ခိုင်းသည်။ ပြီးမှ တတ်ထားပြီးသည့် စာလုံးပေါင်းသတ်ပုံကို အသုံးပြု၍ ကျောက်သင်ပုန်းပေါ်တွင် အလွတ်ရပြီးသား ကဗျာကို ချရေးစေသည်။

အလွတ်ရပြီးမှ ကျောက်သင်ပုန်းပေါ်ချရေးခဲ့ရသည့် ကဗျာများအနက် ကဗျာ အချို့ကို မှတ်မိနေသည်။

“လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး၊ ခိုဖြူခိုပြာနက်ကယ်၊ ဖမ်းခက်လှသေး။”  “တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။”  “မိုးပေါ်မှာ ကြယ်တလုံး၊ တိမ်ဖုံးပါလို့ လမသာ၊ သာတော့ခါ သာပါလိမ့်၊ နတ်ဒေဝါ သူဖန်ဆင်း၊ ဖိုးရွှေလမင်း။”  “ရွှေလမှာယုန်ဝပ်လို့၊ ဆန်ဖွပ်သည့် အဘိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အရောင်ပြတယ်၊ ဘိုးလနတ်သား။” စသည့်  ကဗျာကလေးများကို မှတ်မိနေသည်။ ထိုစဉ်က မိမိမှာ ခြောက်နှစ်သားခန့်သာဖြစ်၍ ကဗျာများကို အလွတ်ကျက်မှတ် ပြန်လည်ရွတ်ဆိုရာ၌ အတော်အတန် အဆင်ပြေသော်လည်း အလွတ်ချရေးခိုင်းသည့်အခါ အမှားအယွင်းမစင်သေးချေ။ ဆရာတော်က သတ်ပုံမှန်အောင် ရေးနိုင် သည့် ကျောင်းသားများထံမှ ပြန်ကူးခိုင်းသည်။ စာလုံးပေါင်းသတ်ပုံအမှန်ကို ခေါင်းထဲစွဲသွားစေရန် ဆရာတော်က ကဗျာကို အနည်းဆုံး ဆယ်ခေါက် အခေါက်နှစ်ဆယ် ပြန်ရေးခိုင်းသည်။

မိမိထက်ကြီးသည့် ၁၀ နှစ် ၁၅နှစ်အရွယ် ကျောင်းသားများ စာမရလျှင် ဆရာတော်က ကြိမ်လုံးဖြင့် ခြေသလုံးအား ရိုက် နှက် အပြစ်ပေးလေ့ရှိသည်။ ကျောင်းသားကြီးများအား မိမိရှေ့ တွင် ကြိမ်ဒဏ်အပြစ်ပေးသည်ကို မြင်တွေ့ရသောကြောင့် တစ်နေ့စာ တစ်နေ့ ရမှဖြစ်မည်ဟု နားလည်သဘောပေါက်ခဲ့သည်။ စာဖတ်ရသည်ကို မကြိုက်လှသော်လည်း ဆရာတော် ၏ ကြိမ်လုံးကို ကြောက်သောစိတ်ကြောင့် ၀ါယမစိုက်ထုတ် ကျက်မှတ်ရသည်။ ယနေ့ခေတ်အမြင်နှင့်ဆိုပါက ကြိမ်လုံးဖြင့် ခြေသလုံးတွင် အစင်းရာထင်အောင် ရိုက်ပါက ပြဿနာဖြစ်ပေမည်။ မိမိတို့ငယ်စဉ်ခေတ်ကမူ ဆရာတော်၏ ကြိမ်လုံးတံခိုး ကြောင့် စာရေးစာဖတ်ရသည့် အလုပ်ကို  မပျက်မကွက်လုပ်ရတော့သည်။ ရက်ရှည်လာသောအခါ ကျင့်သားရ၍ အိမ်စာ မပြီးလျှင် ကစားရန် စိတ်မကူးရဲတော့ပေ။ စာဖတ်ရမည်ကို မနှစ်ချိုက်သည့်တိုင် ဆရာတော်၏ ကြိမ်လုံးကျေးဇူးကြောင့် မဖြစ်မနေ ဖတ်ရတော့သည်။

မလှိုင်မြို့ အထက်တန်းကျောင်းတွင်လည်း ကြိမ်လုံးကိုင်သည့် ဆရာ ဆရာမများနှင့် ကြုံရပြန်သည်။ များသောအားဖြင့် သချင်္ာဆရာ ဆရာမများက ကြိမ်ဒဏ်ပေးလေ့ရှိသည်။ သချင်္ာဆရာတိုင်း အိမ်စာပေးလေ့ရှိ၍ အိမ်စာမပြီးခဲ့ပါက ကြိမ်ဒဏ် သင့်ကြရပေသည်။ စတုတ္ထတန်းတွင် မိမိတို့ အတန်းပိုင်ဆရာက သချင်္ာဆရာ ဆရာရွှေ ဖြစ်သည်။ အိမ်စာလုပ်မလာပါက ကျိန်းသေ ကြိမ်ဒဏ်သင့်ပေသည်။ အိမ်စာလုပ်လာခဲ့သည့်တိုင် သချင်္ာတွက်ပုံ မှားလျှင်လည်း ကြိမ်ဒဏ်သင့်ပေသည်။ ထို့ကြောင့် ဆရာရွှေ၏ သချင်္ာအချိန်တွင် တွက်ပုံတွက်နည်းသင်ပြသည်ကို အာရုံမပျံ့လွင့်ဘဲ ဂရုစိုက် မှတ်သားကြရသည်။ ဆရာရွှေ၏ ကြိမ်လုံးကြောင့် စာသင်ချိန်တွင် အာရုံစိုက်လေ့လာမှတ်သားတတ်သည့် အလေ့အကျင့် ရရှိခဲ့သည်။ သို့ဖြစ်၍ မိမိတို့ခေတ်အခါ အလျောက် ဆရာတော် ဦးတိလောကနှင့် ဆရာရွှေတို့၏ ကြိမ်လုံးသည် ကျောင်းသူကျောင်းသားများ အား အလေ့အကျင့်ကောင်းများရရှိစေရန် ကူညီခဲ့သည်ဟု ဆိုရပေမည်။

၁၉၅၆-၅၇ မိမိအသက် ဆယ်နှစ် ဆယ့်တစ်နှစ်အရွယ်တွင် မလှိုင်အစိုးရအထက်တန်းကျောင်း၌ ပဥ္စမတန်းတက်နေရချိန် ဖြစ်သည်။ မိမိအား ကျောင်းမှအိမ်သို့ ပြန်ရောက်သည်နှင့် ရေချိုး ညနေစာ စားရသည်။ ပြီးလျှင် အဘိုးကို သတင်းစာဖတ် ပြရသည်။ ပြီးလျှင် ကျောင်းမှ ပေးလိုက်သော အိမ်စာလုပ်ရသည်။ အိမ်စာပြီးသည့်နောက် အိပ်ချိန် မတိုင်သေးလျှင် မိခင် ၀ယ်ပေးထားသည့် ခလေးဂျာနယ်နှင့် မော်ဒန်ကာတွန်းတို့ကို အလျဉ်းသင့်သလို ဖတ်ဖြစ်သည်။ ခလေးဂျာနယ်သည် နိုင်ငံတကာ ပုံပြင်မျိုးစုံဖြင့် ခလေးများ၏ စာဖတ်ချင်စိတ် မြှင့်တင်ပေးခဲ့သည်။ ကလေးဂျာနယ်တွင် ဖတ်ရသော ဂရိပုံပြင် များသည် ပေါ့ပေါ့ပါးပါးဖြင့် စါရိတ္တဗလခိုင်ခန့်စေမည့် သင်္ခန်းစာများပေးသည်ကို သတိပြုမိသည်။ ယခုခေတ်ကဲ့သို့ တီဗီ၊ ဗီဒီယို၊ အွန်လိုင်းဂိန်းစသည်ဖြင့် ဖျော်ဖြေရေးအစီအစဉ်များ မရှိသဖြင့် ကလေးများအတွက် အကောင်းဆုံးမှာ ပုံပြင်စာအုပ် ဖတ်ခွင့်ရခြင်းဟု ဆိုနိုင်သည်။

ထိုအချိန်က မလှိုင်အစိုးရ အထက်တန်းကျောင်းသည် ကျောင်းအင်္ဂါရပ်ဖြင့်ပြည့်စုံသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်း စာကြည့်တိုက်နှင့် အားကစားပစ္စည်းများအပါအဝင် ကိုယ်ကာယလေ့ကျင့်ရေးဆရာလည်း ရှိသည်။ ဆရာဦးအုန်းရွှေကို မိမိ ကောင်းစွာမှတ်မိသည်။ Physical Training (PT) ခေါ် ကာယပညာအချိန်တွင် ကာယလေ့ကျင့်ခန်း၊ ဘောလုံး ဘော်လီ ဘော ကစားနည်းများကို ဆရာဦးအုန်းရွှေက တာဝန်ယူသင်ပြပေးခဲ့သည်။ မိမိအနေဖြင့်မူ PT အချိန်တွင် ကာယလေ့ကျင့် မှု ပြီးသည်နှင့် ဆရာထံ ခွင့်တောင်း၍ ကျောင်းစာကြည့်တိုက်အခန်းသို့ သွားလေ့ရှိသည်။ ကျောင်း၌ စာကြည့်တိုက် ရှိနေ ခြင်းကို သဘောကျခဲ့သည်။ “ဘာသာပြန်စာပေအသင်း” (နောင်စာပေဗိမာန်)၏ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆိုသော ဆောင်ပုဒ်ဖြင့် ထုတ်ဝေဖြန့်ချိခဲ့သော သမိုင်းပုံပြင်များ၊ သိပ္ပံအခြေခံ ဗဟုသုတများ၊ နိုင်ငံရေး စီးပွားရေး အခြေပြ စာအုပ်များကို မိမိတို့ ကျောင်းစာကြည့်တိုက်တွင် ငှားရန်းဖတ်ရှုနိုင်သဖြင့် PT အချိန်တွင် စာအုပ်ငှားရန် စာကြည့်တိုက်သို့ သွားခြင်းဖြစ်သည်။

ထို့ကြောင့် မိမိတို့ ကျောင်းသူ ကျောင်းသားများသည် ကျောင်းစာကြည့်တိုက်တွင် စာအုပ်ငှားရန်း ဖတ်ရှုနိုင်သော အခွင့် အရေးကောင်းကို ရရှိခဲ့သည်။ မိမိအနေဖြင့် “ဘာသာပြန်စာပေအသင်း” က ထုတ်ဝေခဲ့သော စာအုပ်များကို ကျောင်းစာ ကြည့်တိုက်မှ ငှားရန်းဖတ်ရှုခွင့် ရရှိခဲ့ရာ အချို့စာအုပ်အမည်များကို ယခုတိုင် မှတ်မိဆဲဖြစ်သည်။ ကျောင်းစာကြည့်တိုက်မှ မိမိငှားရန်းဖတ်ရှုခဲ့သည့် စာအုပ်များအနက် “အီစွတ်ပုံပြင်များ” ကို အထူးမှတ်မိနေသည်။ ထို့ပြင် ဂရိပုံပြင်များ၊ ရောမပုံပြင် များ၊ ထရွိုင်မြီု့ပုံပြင်များ၊ သင်္ဘောသားဆင်းဗတ်ပုံပြင်၊ အာလာဒင်နှင့် မီးခွက်စောင့်ဘီလူး၊ လေးသည်ကျော် ၀ီလျံတဲ၊ အလီဘာဘာနှင့် ခိုးသားလေးဆယ်၊ ရှိတ်စပီးယားပုံပြင်များ၊ အီဂျစ်ပုံပြင်များ၊ ပါရှားပုံပြင်များ၊ စသည်တို့ကို အမှတ်ထင် ထင် ရှိနေသေးသည်။ ကမ္ဘာ့ကျေးဇူးရှင်ကြီးများနှင့် လူရည်ချွန်ကဲ့သို့သော စာအုပ်များကိုလည်း ငှားရန်းဖတ်ရှု ဖြစ်ခဲ့သည်။

မိမိတို့ငယ်စဉ်တောင်ကျေး ကလေးဘဝတွင် စာဖတ်ခြင်းအလေ့အထ ဖြစ်ထွန်းလာအောင် ဖန်တီးပေးသူများမှာ မိဘနှင့် ဆရာသမားများဖြစ်ပေသည်။ စာချစ်စိတ်နှင့် စာဖတ်ဝါသနာ အထုံပါသော ကျောင်းနေဖက်သူငယ်ချင်းအချို့၏ ကျေးဇူး ပြုမှုမျိုးလည်း ရှိသည်။ စာအုပ်ကောင်းကလေး တစ်အုပ်ဖတ်ပြီးလျှင် ဖတ်ပြီးပြီလားဟု သူငယ်ချင်း အချင်းချင်းမေးလေ့ရှိ ခြင်း၊ မဖတ်ရသေးလျှင် ဖတ်ဖြစ်အောင် ဖတ်ဖို့တိုက်တွန်းခြင်းကြောင့် စာဖတ်ဖြစ်သည်လည်းရှိတတ်သည် မဟုတ်ပါလား။ မိမိ၏ မိခင်သည် သူငယ်စဉ်က စာဖတ်ဝါသနာပါသူဖြစ်သဖြင့် စာဖတ်ခြင်းကို အားပေးသူဖြစ်သည်။ အိမ်ထောင့် တာဝန် များကြောင့် သူစာမဖတ်နိုင်တော့သော်လည်း မိမိကိုမူ စာအုပ်ဝယ်မည်ဆိုလျှင် အမြဲပိုက်ဆံထုတ်ပေးရန် လက်တွန့် လေ့မရှိပေ။ မလှိုင်မြို့တွင် နေစဉ်အခါက ကျောင်းစာကြည့်တိုက်၏ ကျေးဇူးကြောင့် မိမိတွင် ဖတ်စရာ စာအုပ် မရှားလှ၍ အဆင်ပြေသည်ဟု ဆိုရမည်။ ထို့ကြောင့် မိမိ၏ စာဖတ်ခြင်းအလေ့အထကို စွဲမြဲရှင်သန်နေစေရန် အဓိက အထောက်အပံ့ ကို ကျောင်းစာကြည့်တိုက်မှ ရရှိသည်ဟု ဆိုချင်သည်။

ကျောင်းအဆောက်အအုံအတွင်း၌ စာကြည့်တိုက် ရှိနေသည့်တိုင် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ အတွက် အကျိုးရှိအောင် စီမံဆောင်ရွက်ပေးနိုင်မှသာ ကျောင်းစာကြည့်တိုက် ရှင်သန်နိုင်သည်။ စေတနာ့ ၀န်ထမ်း စာကြည့်တိုက်မှူးအဖြစ်ကူညီဆောင်ရွက်ပေးမည့် ဆရာ ဆရာမအချို့၊ ကျောင်းသူကျောင်းသားအချို့လည်း ရှိဖို့လိုသည်။ စာအုပ်များကို မြတ်နိုး၍ စာဖတ်ဝါသနာပါသော စာကြည့်တိုက်မှူးမျိုး ရှိဖို့ဆိုလျှင် ပို၍ခက်ပေမည်။ ကျောင်းစာကြည့်တိုက် တွင် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ ဖတ်ရှုရန် သင့်လျော်မည့် စာအုပ်များ ၀ယ်ယူရရှိ ရေးအတွက် ငွေကြေးကူညီထောက်ပံ့မှုရရန်လည်း လိုသည်။ သို့ဖြစ်၍ ထိုခေတ်ထိုအခါက မလှိုင်အစိုးရအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်ရှိနေခဲ့သည်ကို ယခု ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်သောအခါ ထိုအချိန်က ဆရာ ဆရာမများနှင့် မြို့မိမြို့ဖများကို ကျေးဇူးတင်မိပေသည်။

မိမိသည် ၁၉၅၈ ခုနှစ်တွင် ဆဋ္ဌမတန်းမှ ကျောင်းထွက်၍ ရန်ကုန်မြို့သို့ပြောင်းရွှေ့ကာ အဘိုးဖြစ်သူနှင့် အတူနေရသည်။ ထိုအချိန်က ရန်ကုန်၌ အစိုးရအထက်တန်းကျောင်းများတွင် ကျောင်းနေခွင့်ရရန် ခက်ခဲပေသည်။ မိမိ ရန်ကုန်သို့ ရောက် သည့် ၁၉၅၈-၅၉ စာသင်နှစ်တွင် တာမွေအစိုးရ အထက်တန်းကျောင်းတွင် ကျောင်းအပ်သော်လည်း နေရာလပ်မရှိသဖြင့် စောင့်ဆိုင်းစာရင်း၌သာ စာရင်းသွင်းထားခဲ့ရသည်။ အတန်းတစ်တန်းလျှင် ကျောင်းသူကျောင်းသား ၄၀ သာလက်ခံသည်။ အနည်းဆုံး တန်းခွဲ ၈ ခုခန့်ရှိသည့် ဆဋ္ဌမတန်းကို နောက်စာသင်နှစ် ၁၉၅၉-၆၀ တွင်မှ တက်ရောက်ခွင့်ရခဲ့သည်။

စောင့်ဆိုင်းနေရသည့် စာသင်နှစ်တွင် အိမ်မှာပင် အဘိုး၏ ကြီးကြပ်မှုအောက်၌ စာဖတ်ရလေသည်။ တနင်္ဂနွေနေ့ဆိုလျှင် အဘိုးနှင့်အတူ မောနင်းရှိုးဟု ခေါ်သည့် ရုပ်ရှင်တစ်ကြိမ် ကြည့်ရသည်။ လူကြိုက်များသော ဟောလိ၀ုဒ် ရုပ်ရှင်ကားများကို တနင်္ဂနွေနံနက် ၉ နာရီခွဲ အထူးပွဲများပြလေ့ရှိသော ဂလုပ်ရုံ၊ ပလေဒီယံရုံ၊ ရွိုင်ရယ်ရုံ၊ ကာလ်တန်ရုံ၊ အိတ်က်စ်ဆယ်စီယာ ရုံ တို့တွင် ကြည့်ရလေ့ရှိသည်။ ရုပ်ရှင်က ၁၁ နာရီခွဲခန့်ပြီးသည်။ စားသောက်ဆိုင်တွင် နေ့လည်စာ စားပြီးနောက် အဘိုး က ဦးဆောင်၍ စာအုပ်ဆိုင်များဘက် ခြေဦးလှည့်ကြသည်။ အင်္ဂလိပ်ဖတ်စာအုပ်များနှင့် ဂရမ္မာစာအုပ်များကို အဘိုးက ဦးစားပေး ၀ယ်ယူသည်။

သို့ဖြင့် ကျောင်းနားနေရချိန်တွင် အင်္ဂလိပ်ဖတ်စာအုပ်များ Wren & Martin Reader; New Method English Reader; English by Stages; Brighter Grammar နှင့် Lessons in English ဖတ်စာနှင့် သဒ္ဒါစာအုပ်များကို ဖတ်ရမှတ်ရသည်။ လေ့ကျင့်ခန်း လုပ်ရသည်။ ထို အင်္ဂလိပ် ဖတ်စာများတွင် မိမိ မြန်မာလို ဖတ်ရှုဖူးသော အီစွပ်ပုံပြင်များပါ၀င်သဖြင့် စိတ်ဝင် စားစွာ ဖတ်ဖြစ်သည်။ ဥပမာ ‘ယုန်နှင့် လိပ်’ အကြောင်း၊ ‘ခြင်္သေ့ကြီးနှင့် ကြွက်ကလေး’ အကြောင်း၊ ‘နှံကောင်နှင့် ပုရွက် ဆိတ်’အကြောင်း၊ ‘မြေခွေးနှင့် ကျီးကန်း’အကြောင်း၊ ‘စပျစ်သီး ချင်သည်ဆိုသော မြေခွေး’အကြောင်း၊ ‘မြည်းတစ် ကောင်နှင့် သားအဖနှစ်ယောက်’’သစ်ခုတ်သမားနှင့် မြစ်စောင့်နတ်’ အကြောင်း စသည်တို့ကို အင်္ဂလိပ်ဖတ်စာများတွင် ဖတ်ရှုရ လေသည်။

တာမွေအစိုးရအထက်တန်းကျောင်း၌ ၁၉၅၉-၆၀ စာသင်နှစ် ဆဋ္ဌမတန်းမှစတင်၍ ကျောင်းတက်ရသောအခါ လပတ် စာ မေးပွဲများတွင် အဆင့်တစ်ရရှိသဖြင့် အတန်းခေါင်းဆောင်တာဝန်ယူရသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းညွန့်၏ စည်းကမ်းသတ်မှတ်ချက်အရ အဆင့်တစ်ရသူကို အတန်းခေါင်းဆောင်တာဝန်ယူစေခြင်းဖြစ်သည်။ ကျောင်းနားနေစဉ် အဘိုး၏ သင်ကြားမှုများ ခံယူခဲ့ရ၍ လစဉ်စာမေးပွဲများတွင် အခြေအနေကောင်းခဲ့ခြင်းဖြစ်သည်။

တာမွေအထက၌လည်း ကျောင်းစာကြည့်တိုက် ရှိသဖြင့် မိမိ၏ စာဖတ်ခြင်းအလေ့အထကို ဆက်လက်ရှင်သန်စေပြန် သည်။ ထို့ပြင် ကျောင်းစာကြည့်တိုက်က တာဝန်ယူကာ နံရံကပ်စာစောင်လည်း သုံးလတစ်ကြိမ်ခန့် ရှိခဲ့သည်။ အဋ္ဌမတန်း၊ နဝမတန်း တက်သည့်နှစ်များတွင် ကျောင်းစာကြည့်တိုက်အဖွဲ့၌ အတန်းခေါင်းဆောင်များ အလှည့်ကျ တာဝန်ယူရသဖြင့် မိမိလည်းတာဝန်အချို့ ယူရသည်။ နံရံကပ်စာစောင်အတွက် စာမူစုဆောင်းပေးရသည့် တာဝန်ယူရ သည်။ နံရံကပ်စာစောင်၌ ကိုယ်တိုင်လည်း စာရေးဖြစ်သည်။ မြန်မာစာဆရာဖြစ်သူ ဆရာ ဦးဝမ်းဖေ၊ ဆရာမ ဒေါ်ခင်သန်းနွယ်တို့က စာမူရွေးချယ် တည်းဖြတ်ပေးကြသည်။

ကျောင်း၌ ပန်းချီခန်းရှိသဖြင့် နံရံကပ်စာစောင်အတွက် ပန်းချီသရုပ်ဖေါ်ပုံများကို ပန်းချီတာဝန်ခံ ဆရာ ဦးကျော်သန်းနှင့် ကျောင်းသားတပည့်အချို့က တာဝန်ယူကြသည်။ ထို့ကြောင့် ထိုအချိန်က ကျောင်းနံရံကပ်စာစောင်သည် ပန်းချီအရောင် အသွေးစုံစုံလင်လင်နှင့် ဖတ်ရှုသူများခဲ့သည်။ ကျောင်း၏ နှစ်ပတ်လည် မဂ္ဂဇင်းထုတ်များ ၁၉၆၂-၆၃၊ ၁၉၆၃-၆၄ စသည် ဖြင့် ထုတ်ဝေရာတွင်လည်း နံရံကပ်စာစောင်အဖွဲ့က အင်တိုက်အားတိုက်ကူညီခဲ့ကြသည်။ မိမိမှတ်မိသရွ့ ထိုစဉ်က နံရံ ကပ် စာစောင်တွင် ကလောင် သွေးခဲ့ကြသူများသည် ကျောင်းအနီးရှိ တိုင်းရင်းမေမဂ္ဂဇင်းနှင့် သင့်ဘဝမဂ္ဂဇင်းတို့တွင် လည်း စာမူများပို့ဖူးကြသလို ထိုခေတ်က ဆယ်ပြားတန် ဘားမားစတား၊ ဖလင်စတား စာစောင်များတွင်လည်း ကဗျာများ ရေးခဲ့ကြသည်ကို မှတ်မိနေသည်။ မိမိလည်း ထိုစာစောင် မဂ္ဂဇင်းများအပြင် အိုးဝေဂျာနယ်၌လည်း ကဗျာအချို့ ရေးခဲ့ဖူး သည်။ “နွယ်တစ်ကြိုးနှင့် ပိုးတစ်ဆင်” ကဗျာစာအုပ်ဖြင့် ‘၁၉၉၇ ခုနှစ်အတွက် အမျိုးသားစာပေ ကဗျာဆု’ ရရှိခဲ့သော ကဗျာဆရာ ‘မောင်ဟေမာ’ သည် တာမွေအထက (၂)၏ နံရံကပ်စာပေဝိုင်းတွင် စတင်ကလောင်သွေးခဲ့သူ ဖြစ်သည်။

မိမိတို့တာမွေအထက (၂)၏ နံရံကပ်စာစောင်နှင့် ကျောင်းနှစ်လည်မဂ္ဂဇင်းတို့သည် ကျောင်းစာကြည့်တိုက်ကို အခြေခံခဲ့ သည်ဖြစ်ရာ စာကြည့်တိုက်များ၏ ကျေးဇူးကြီးလှသည်ဟု ယခုအခါတွင် ဆင်ခြင်မိပေသည်။ မိမိတစ်ဦးချင်း၏ အမြင်အရ ‘မဆလခေတ်’ မှ စတင်၍ ၂၀၁၀ ခုနှစ်ခန့်အထိ စာကြည့်တိုက်ယဉ်ကျေးမှုအတော်ပင် တုန့်ဆိုင်းသွားခဲ့သည်။ ကျောင်းသူ ကျောင်းသား လူငယ်လူရွယ် ရာခိုင်နှုန်း အတော်များများသည် စာကြည့်တိုက်ကို အသုံးချရကောင်းမှန်း မသိဖြစ်ခဲ့သည်။ ထိုသို့ဖြစ်ရသည့် အကြောင်ရင်းခံမှာ စစ်အာဏာရှင်စနစ်၏ ဟန့်တားပိတ်ပင် ကန့်သတ်မှုများကြောင့် ဖြစ်သည်။ မိမိ၏ အတွေ့အကြုံအရ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်၊ အမျိုးသားစာကြည့်တိုက်တို့တွင် ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေခဲ့ သော သတင်းစာများအပါအဝင် သတင်းစာအဟောင်း လချုပ်ဖိုင်များကို စာကြည့်တိုက်မှာပင် ငှားရန်းဖတ်ရှုရန် ကြိုးစားခဲ့ ဖူးသည်။ သက်ဆိုင်ရာ အာဏာပိုင် တစ်ဦးဦး၏ ထောက်ခံချက်မပါလျှင် ကြည့်ခွင့်မရှိကြောင်း သိခဲ့ရသည်။ အလားတူ နိုင်ငံရေးဆိုင်ရာ အရေးကြီး စာအုပ်စာတမ်းများကိုလည်း ငှားရန်းဖတ်ရှုခွင့် ကန့်သတ်ထားသည်။ ယင်းသို့ ကန့်သတ် ထားသော စာအုပ်စာတမ်းများနှင့် ပေစာများစာရင်းတွင် ရှေးဟောင်း ရှားပါးစာရင်းဝင် ဆန်းကျမ်း၊ ဗေဒင်ကျမ်း၊ ယတြာ ကျမ်း၊ ဓါတ်ရိုက်ဓါတ်ဆင်ကျမ်း၊ အင်းဝိဇ္ဇာကျမ်း၊ နက္ခတ်ကျမ်း၊ လက္ခဏာကျမ်းများကိုပင် အာဏာရှင်ခေတ်က ကြည့်ရှုခွင့် ပိတ်ပင်ထားသည်ကို အံ့သြဖွယ်ရာ သိခဲ့ရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ်တွင် တစ်ပါတီအာဏာရှင်စနစ် ကျင့်သုံးခဲ့သောကြောင့် စာကြည့်တိုက်တံခါး များ ပိတ်သွားခဲ့ရသည်။ မဆလခေတ်က ပြန်ကြားရေးစာကြည့်တိုက်ဆိုသည်များမှာ မဆလပါတီက ထုတ်ဝေသော ၀ါဒဖြန့်စာအုပ်များနှင့် အစိုးရထုတ်သတင်းစာ ဂျာနယ်များသာရှိသဖြင့် လူငယ်လူရွယ်များ စိတ်ဝင်စားမှု မရှိကြပေ။ ကျောင်းများတွင်လည်း စာကြည့်တိုက်ဟူ၍ မည်ကာမတ္တမျှသာ ရှိသည်။ ရပ်ရွာများတွင် စာကြည့်တိုက်ဖွင့်လိုပါက မဆလ ပါတီ နှင့် သက်ဆိုင်ရာဒေသအာဏာပိုင်တို့၏ ခွင့်ပြုချက်ရရှိရန် ၀န်ခံကတိပြုချက်များလက်မှတ်ထိုးမှသာ ဖွင့်ခွင့်ရသည်။ လူငယ်လူရွယ်တို့၏ သဘောသဘာဝမှာ လွတ်လပ်စွာ စိတ်ကြိုက် စာအုပ်ကို ရွေးချယ် ဖတ်လိုကြသည်။ မဆလအစိုးရ၏ အကန့် အသတ်များကြောင့် စာကြည့်တိုက်များတွင် ဖတ်စရာ စိတ်ဝင်စားစရာ စာအုပ်ကောင်းများ မရှိတော့သဖြင့် စာဖတ် မည့်သူ မရှိ ဖြစ်ခဲ့သည်။ ပြည်သူတို့အတွင်း စာဖတ်အား ကျဆင်းသွားသည်။ ယင်းသို့သော ဖြစ်ရပ်များကြောင့် မဆလ ခေတ်မှစတင်၍ မြန်မာနိုင်ငံ အဖက်ဖက်မှ အရည်အချင်းများ ကျဆင်းခဲ့ရခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

မြန်မာတို့၏ အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ၁၉၁၀ ခုနှစ်ခန့်တွင် မြို့နယ်အနှံ့အပြား၌ စာကြည့်တိုက်များ ပေါ်ပေါက် ခဲ့ကြောင်း မှတ်တမ်းများရှိသည်။ တိုင်းသူပြည်သားများသည် နိုင်ငံ လွတ်လပ်ရေးအတွက် ဝံသာနုလုပ်ငန်းများတွင် ပါဝင် လာကြပြီး စာဖတ်လာကြသည်။ ‘ဝိုင်၊အမ်၊ဘီ၊အေ’ ခေါ် ‘ဗုဒ္ဓဘာသာကလျာဏယုဝအသင်း’၊ ‘သုစရိတယုဝအသင်း’ အစရှိ သည့် အသင်များ ပေါ်လာ၍ ထိုအသင်းများနှင့်အတူ စာကြည့်တိုက်များလည်း ပွားများလာခဲ့သည်။ ၁၉၂၅ ခုနှစ် ခန့်က အစပြု၍ စာကြည့်တိုက်လုပ်ငန်း အားကောင်းလာခဲ့သည်။ ထိုစဉ်က ‘မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း’ သည် စာကြည့် တိုက်များ ထွန်းကားရေးကို အားထုတ်ခဲ့သည်။ ထိုအသင်းတည်ထောင်သူ တဦးဖြစ်သည့် ‘မစ္စတာဖာနီဗယ်’ (John Sydenham Furnivall) ကလည်း စာကြည့်တိုက်များ ထူထောင်ကြရန် ဟောပြောခဲ့သည်။ သို့ဖြင့် စာကြည့်တိုက်များ ပေါ်ပေါက်လာရာ အင်္ဂလိပ်အစိုးရက ငွေကြေးထောက်ပံ့ပေးရသည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာပြည်အရပ်ရပ်၌ လူထု စာကြည့်တိုက်ငယ်ပေါင်း ၁၈၆ တိုက်ရှိခဲ့ပြီး၊ စာကြည့်တိုက် ၁၄၆ တိုက်သည် အစိုးရ၏ ထောက်ပံ့ကြေးများကို ရခဲ့သည်ဟု မှတ်တမ်းများ ရှိခဲ့သည်။

‘ကျေးလက်ပြုပြင်ရေးအသင်း’၊ ‘လူငယ်များကြီးပွားရေးအသင်း’ များက ဆက်လက်ကြိုးပမ်းခဲ့ရာ ကျေးရွာစာကြည့်တိုက် ပေါင်း တထောင်ခန့်အထိ တိုးတက်ခဲ့သည်ဟု ဆိုသည်။ ဦးဖိုးကျား၊ ဦးဆန်နီ အစရှိသော ပုဂ္ဂိုလ်ကြီးများက စာကြည့်တိုက် များသို့ စာအုပ်များ လှူဒါန်းကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ စာကြည့်တိုက်အရေအတွက် ဆုတ်ယုတ်သွားသေးခဲ့သော် လည်း စစ်ပြီးခေတ်၌ ရန်ကုန်မြို့တွင် ယခင်ကထက် စာကြည့်တိုက်များ ပိုမိုများပြားလာခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးသည့် ခေတ်တွင် ဦးနုအစိုးရက ပြန်ကြားရေးဌာနခွဲများနှင့်အတူ အစိုးရစာဖတ်ခန်းများ မြို့အတော်များများတွင် ဖွင့်လှစ်ပေးခဲ့ သည်။ ရန်ကုန်မြို့ တွင် ယခင် ‘ဗားနတ်ပိဋကတ်တိုက်’ ကို အစိုးရသို့ပြန်အပ်၍ အစိုးရ၏ ‘ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီး ဌာန’ က ‘နိုင်ငံတော် စာကြည့်တိုက်’ အဖြစ်ဖြင့် ၁၉၅၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ‘မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း’ ကလည်း ‘စာကြည့်တိုက်လုပ်ငန်းတိုးတက်ရေး’ ကို ရှေးရှုလျက် စာကြည့်တိုက်သင်တန်းများ၊ ပြတိုက်မှူး သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ’၏ ‘တစ်ပါတီအာဏာရှင်စနစ် အစိုးရ ခေတ်’ တွင် စာကြည့်တိုက်များလည်း အကန့်အသတ် ပိတ်ပင်တားဆီးမှု အထပ်ထပ်အောက်သို့ ကျရောက်ခဲ့ရသဖြင့်  ကျောင်းသားလူငယ်များစွာ စာကြည့်တိက်များနှင့် ကင်းကွာခဲ့ရလေသည်။

လက်ရှိ NLD ပါတီ အစိုးရခေတ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံ ကျောင်းပေါင်း ၂၆၂၁၂ ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပေးခဲ့သည်ဟု အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်က စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ ပညာရပ်စကားဝိုင်း(ဇန္နဝါရီ ၂၈၊ ၂၀၁၉) ၌ ပြောကြား ခဲ့သည်။  ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးမှုလုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နှင့် Asia Foundation တို့သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ခုနှစ် မှ စတင် ဆောင်ရွက်နေကြောင်း သတင်းကောင်း ကြားရသည်။

စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ ပညာရပ်စကားဝိုင်း(ဇန္နဝါရီ ၂၈၊ ၂၀၁၉) ၌  “မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့် ရှောက်မှု ပရဟိတအဖွဲ့” (Myanmar Book Aid and Preservation Foundation - MBAPF) မှ ဒေါက်တာသန့်သော်ကောင်း က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ၂၀၀၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၃ ခုနှစ် တွင် Beyond Access ဆိုသော စာကြည့်တိုက်စီမံကိန်းတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ ယင်း  စီမံကိန်းသည် ရပ်ရွာများရှိ ပြည်သူ့စာကြည့်တိုက်များကို ကူညီပံ့ပိုးရေးဖြစ်သည်။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွင်  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်အတူ Mobile Library ဖွံ့ဖြိုးရေးလုပ်ခဲ့သည်။ Mobile Library အစီအစဉ်သည် မြို့ပေါင်း ၁၄ မြို့အထိရောက်သည် ဟုဆိုသည်။ ပြည်သူ့စာကြည့်တိုက်နှင့် Mobile Library နှစ်မျိုးစလုံးတွင် အသုံးပြုသူ (၇၀) ရာခိုင်နှုန်းသည် ကျောင်းသူ ကျောင်းသား များ ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ကျောင်းစာကြည့်တိုက်များ ပြန်လည် အသက်ဝင်အောင် လုပ်ရန်လို သည်ဟု သုံးသပ်ပြောဆိုလာကြသည်။ 

နိဂုံးချုပ်ရသော် မိမိဘဝဖြတ်သန်းမှုအရ စာကြည့်တိုက်များ၏ ကျေးဇူးကြီးပုံကို သိခဲ့ရသည်။ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားသော နိုင်ငံများ တိုးတက်ကြီးပွားသည်ကို သိခဲ့ရသည်။ အမြော်အမြင်ကြီးသော အစိုးရမျိုးတို့က  စာကြည့်တိုက် ယဉ်ကျေးမှု ထွန်းကားစေရန် အားပေးထောက်ပံ့ကြောင်း ဖတ်မှတ်ခဲ့ရသည်။ အမြင်တိမ်လွန်းသော စစ်အာဏာရှင် အစိုးရ အဆက်ဆက် စာကြည့်တိုက်ယဉ်ကျေးမှုကို ပိတ်ပင်တားမြစ်၍ လွတ်လပ်စွာ စာဖတ်ခွင့်ကို ကန့်သတ်ခဲ့မှုတို့ကြောင့် မြန်မာနိုင်ငံ ခေတ်နောက်ကျကျန်ရစ်ခဲ့ရကြောင်း သိခဲ့ရသည်။  “စာဖတ်သောလူမျိုးများသည် တိုးတက်၍ တိုးတက်သော လူမျိုးတို့သည် စာဖတ်ကြလေသည်” - ဆိုသော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း (ဦးသန့်) ၏ နှိုးဆော်မှာကြားချက်ကို သတိရမိပေသည်။။။။

 အတွေးအမြင် (အမှတ် ၃၃၆) ၂၀၂၀ အောက်တိုဘာလ ၌ ဖေါ်ပြသော ဆောင်းပါး။