မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၁ဒီနေ့ သတင်းတွေမှာတော့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်က ထွေ/အုပ် စာရေးဝန်ထမ်း လမ်းမှာ သေနတ်နဲ့ အပစ်ခံရတဲ့ သတင်း၊ NUG အစိုးရက လေလှိုင်းကထုတ်လွှင့်တဲ့ ရေဒီယို အစီအစဥ် ယနေ့က စတင်လိုက်ပြီး ရေဒီယိုတွေရောင်းချတာကို လိုက်သိမ်းဆည်းတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ အကြောင်း၊ နောက် ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး လုပ်ဆောင်မှုအဖြစ် အစိုးရရုံးတွေကို နောက်တပတ်ထပ်တိုးပိတ်လိုက်တဲ့အကြောင်း ၊ ရုံးပိတ်ရက်တွေ တလကျော်ကြာလာတာကြောင့် အချို့သော စက်မှုဇုန်စက်ရုံအချို့ အလုပ်ပိတ်ထားပြီး လစာပေးတာ နောက်ကျတဲ့အဖြစ်မျိုးတွေရှိနေတယ်ဆိုတဲ့ အကြောင်းတွေ နဲ့ မင်းကင်းမြို့နယ် ကျေးရွာတရွာက ကျောင်းထိုင်ဆရာတော် အသတ်ခံရတဲ့အကြောင်း နဲ့ ပီဒီအက်ဖ်တွေကတော့ သူတို့ လက်ချက်မဟုတ်ဘူး လို့ငြင်းဆိုထားတဲ့ သတင်းတွေက သတင်းစာမျက်နှာတွေမှာ တွေ့နေရပါတယ်။
ရန်ကုန်မြို့၊ မန္တလေးနဲ့ နဲ့ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းက မြို့နယ်တွေမှာ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ထွေ/ အုပ်ရုံးက ဝန်ထမ်း၊ သတင်းပေးသူလို့ သံသယရှိသူ၊ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးတွေကို ပစ်ခတ်လုပ်ကြံမှုတွေ နေ့စဥ်လိုလို သတင်းတွေထဲ ပါရှိနေတာ သိရှိကြပြီး ဖြစ်ပါတယ်။
နေ့စဥ်သတင်းတွေထဲ အခုလို ပစ်သတ်ခံရတဲ့ သတင်းတွေပါလာနေကျ မို့လို့ ရိုးသွားတဲ့ အဖြစ်အပျက်လို မှတ်ယူနေကြပြီး ပရိသတ်အနေနဲ့ ထူးတဲ့ ဖြစ်ရိုးဖြစ်စဥ်သဖွယ် သတင်းလို့တောင် မမှတ်ယူကြတော့ပါဘူး။ ဒီနေ့ အဖြစ်အပျက်ကတော့ အင်းစိန်မြို့နယ် ထွေ/အုပ်ရုံးက စာရေးဝန်ထမ်း ရပ်ကွက်ထဲက လမ်းသွယ်တခုမှာ ပစ်သတ်ခံရတာဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်တဲ့ အရပ်သားတွေကို လုပ်ကြံသတ်ဖြတ်တာဟာ ရေရှည်အနေနဲ့ မှန်ကန်တဲ့ နည်းဗျူဟာရော ဟုတ်ရဲ့လား ဆိုတာမေးစရာရှိကောင်းရှိမှာ ဖြစ်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရေဒီယို စတင်ထုတ်လွှင့်တဲ့ သတင်းအပေါ် ပြည်တွင်းနေ လူထုရဲ့ စိတ်ဝင်စားမှု ဖြစ်ပါတယ်။ Radio NUG လို့အမည်ပေးထားတဲ့ ရေဒီယို အစီအစဥ်ကို နံနက်နဲ့ ည တကြိမ်စီ နာရီဝက်ကြာ ထုတ်လွှင့်မှာဖြစ်ပြီး သတင်း၊ သတင်းနဲ့ အာဘော်အမြင်၊ သုံးသပ်ချက် တေးဂီတစတဲ့ အစီအစဥ်တွေ ပါဝင်မယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြို့ကြီးတွေ မြို့ငယ်တွေနဲ့ အချို့သော ကျေးရွာတွေအထိ လူအများက ဖုန်းအင်တာနက်သုံးစွဲမှုက ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ဖြစ်လို့ သတင်းတွေ အချက်အလက်တွေကို မိုဘိုင်းဖုန်းအင်တာနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှ တဆင့် ရယူနေကြတာ ဖြစ်ပါတယ်။ အသက်အရွယ်အရ ကြီးရင့်တဲ့ မျိုးဆက်အိုင်တီကို မရင်းနှီး မျက်နှာပြင်သေးသေးမှာ ကြည့်ရပြုရတာ ကရိကထ မခံချင်တဲ့ မျိုးဆက်က လူအချို့လောက်သာ ရေဒီယိုကို ယခုအချိန်ထိ နားထောင်နေကြတာ ဖြစ်နိုင်ပါတယ်။ အက်ဖ်အမ်လို ရေဒီယိုမျိုး၊ အေအမ်၊ မီဒီယမ်ဝေ့ဗ် လိုရေဒီယိုမျိုးဆိုရင်တော့ အသံအရည်အသွေးကြည်လင်တာရယ်၊ ဖမ်းရတဲ့ လိုင်းကျယ်လို့ အလွယ်တကူ ဖမ်းယူနိုင်တာရယ်ကြောင့် အလုပ်လုပ်ရင်း နားထောင်တတ်ကြပေမယ့် လှိုင်းတိုကတော့ သွားရင်းလာရင်း နားထောင်ဖို့ ထက် ဂရုတစိုက် ဖမ်းယူနားထောင်မှ သေသေချာချာ ကြားရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
အခုလို လှိုင်းတိုစနစ်နဲ့ ရေဒီယိုထုတ်လွှင့်တာက အကယ်၍ စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထာတွေ လုပ်ခဲ့ရင်ဆိုတဲ့ အရေးပေါ် အစီအစဥ် သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အခုလို စစ်ကောင်စီက တင်းကြပ်စွာဖိနှိပ်တဲ့ကြားထဲက လူထုက Radio NUG နဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ စိတ်ဝင်တစားပြောဆိုနေကြတာကို လိုလားမယ်မဟုတ်ပါဘူး။ ခုမနက်မှာတော့ စစ်ကောင်စီသတင်းစာမှာ ရေဒီယိုအန်ယူဂျီက ထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဥ်ဟာ တရားဝင်ထုတ်လွှင့်တာမဟုတ်လို့ ဒါနဲ့ပတ်သက်လို့ ကူညီလုပ်ကိုင်သူတွေကို အရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဒါ့အပြင် မနေ့က စစ်ကောင်စီတပ်တွေက ရေဒီယို ရောင်းချတဲ့ကုန်တိုက်က ဆိုင်တွေဆီက ရေဒီယို လိုက်သိမ်းဆည်းတယ်ဆိုတဲ့ သတင်းတွေ ဆိုရှယ်မီဒီယာကတဆင့် သတင်းဌာနတွေအထိ ဖေါ်ပြကြတာရှိတာလည်း တွေ့ရပါတယ်။
နောက်သတင်းတပုဒ်ကတော့ ရုံးပိတ်ရက် နောက်တပတ် ထပ်တိုးလိုက်တဲ့ အကြောင်း စစ်ကောင်စီက ယနေ့ည သတင်းမှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဇူလိုင်လလယ် ဝါဆိုလပြည့် ပိတ်ရက်တွေကစလို့ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်ကြေညာခဲ့တာ အခုဆို သီတင်းပတ် ၆ ပတ်ထဲရောက်လာပြီဖြစ်ပါတယ်။ အရေးပေါ် လိုအပ်တဲ့ စားသောက်ကုန်လုပ်ငန်းလို ၊ ဘဏ်လုပ်ငန်းလို၊ ကျန်းမာရေး ဆေးပစ္စည်းတွေ တင်သွင်းတာကို ခွင့်ပြုတဲ့ဌာနလိုမျိုးက ဖွင့်လှစ်ထားတယ်လို့လည်း ဆိုပါတယ်။
ယခင်နှစ်ကထက် ကူးစက်မှုနှုန်းမြင့် သေဆုံးမှု အဆမတန်များပြားတဲ့ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့က အသွားအလာ ကန့်သတ်ဖို့ လိုအပ်တာမှန်ပေမယ့် တဖက်မှာ စီးပွားရေးအရ အလုပ်အကိုင် ရပ်နားထားရပြီး ဝင်ငွေမရှိလို့ အခက်အခဲ အကြပ်အတည်းနဲ့ ကြုံရတဲ့သူတွေအတွက် ခုခံသာမယ့် အစီအစဥ်မျိုး စစ်ကောင်စီလက်ထက်မှာ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ အစိုးရဝန်ထမ်းတွေ အဖို့ ရုံးပိတ်ရက်တွေအတွက် လစာရရှိမှာ ဖြစ်ပေမယ့် ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေ အဖို့ ထမင်းစားဖို့ အခက်အခဲတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
အခြေအနေက အစိုးရအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီအနေနဲ့ စစ်တပ်နဲ့ လက်ရှိ အစိုးရဝန်ထမ်းတွေ အတွက်သာထည့်သွင်းစဥ်းစားပြီး ကျန် လူထုရဲ့ အငတ်ဘေးကိစ္စလိုမျိုး အခက်အခဲအကြပ်အတည်းတွေကို ထည့်သွင်းစဥ်းစားတာ လုပ်ဆောင်တာ မတွေ့ရပါဘူး။
မြန်မာပြည်သူတွေကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ မင်းမဲ့စရိုက် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖမ်းဆီးနှီပ်စက်မှုတွေကို ခါးခါးသီးသီး ဆန့်ကျင်နေကြပါတယ်။ စစ်ကောင်စီကို လုံး၀ လက်ခံနိုင်ခြင်း မရှိကြပါဘူး။ အဲသည်အတွက် စစ်အာဏာရှင်ကို အပြီးသတ်အမြစ်ဖြတ်ပေးနိုင်မယ့် မည်သူမဆို ဘယ်အဖွဲ့အစည်းမဆိုကို လက်ကမ်းကြိုဆိုနေကြတာ ဖြစ်ပါတယ်။ အထူးအားဖြင့်ကတော့ ပြည်သူနဲ့အတူ အတိုက်အခံပါတီအဖြစ်လည်း ရပ်တည်ခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ထောက်ခံမဲအများဆုံးနဲ့ အနိုင်ရတဲ့ အင်န်အယ်ဒီပါတီ၊ ပြီးတော့ ရွေးကောက်ခံအမတ်တွေကနေ ကနေ ပေါက်ဖွားလာတဲ့ CRPH ၊ အဲသည်နောက် တိုင်းရင်းသား လူမျိုးပေါင်းစုံ အဖွဲ့အစည်းတွေ ပါဝင်ထောက်ခံကြတဲ့ NUG အစိုးရတို့၏ ဦးဆောင်မှု တိုက်ပွဲဝင်နေမှုကို ပြည်သူတွေက တခဲနက်ထောက်ခံအားပေး ဆက်တိုက်လိုက်ပါနေကြတာကို တွေ့နေရပါတယ်။ လက်ရှိ နွေဦးထီလှုပ်ရှားမှု၊ ယုံကြည်ချက်ခြေတလှမ်း ကံစမ်းမဲလှုပ်ရှားမှုနဲ့ Radio NUG စတင်စမ်းသပ်မှုတွေမှာ လူထု၏ ထောက်ခံအားပေးမှု ကြီးမားကျယ်ပြန့်လှတာကို ကြည့်ရင် သိသာထင်ရှားလှတာကို ဝန်ခံရပါမယ်။
(Photo - Myanmar NOW - ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ယနေ့ (ဩဂုတ် ၂၀)က "အဆုံးထိ ပုန်ကန်နေမည့်လူငယ်များ၏သပိတ်" ခေါင်းစဉ်ဖြင့် လူငယ်များက ပြုလုပ်ခဲ့ကြသည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar