Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၁

စစ်ကောင်စီရဲ့ တရားရုံး၊ ရိက္ခာပြတ်လုနီးဖြစ်နေတဲ့ စစ်ဘေးရှောင်တွေနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ NUG
အောက်တိုဘာ ၈ ရက်နေ့ သတင်းတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ လာဘ်စားမှုဆိုတဲ့အမှုမှာ တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်းကို ဒီဘက်က ရှေ့နေတွေက အပြန်အလှန်မေးခွန်းထုတ်မယ့် သတင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်း၊ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မင်းတပ်တို့မှာ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်လုနီးပါး ဖြစ်နေတဲ့ သတင်း၊ မနေ့က နေ့စွဲနဲ့ ဥရောပ သမဂ္ဂပါလီမန်က မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုပဲ NUG ကိုသာ အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်း၊ မနေ့ညက ရန်ကုန်မြို့က ဘားတခုမှာ ညဘက်ဝင်ရောက်စစ်ဆေးပြီး ဘားမှာ ညဘက် ကာဖျူးချိန်ကျော်လွန်ချိန်ထိ စားသောက် ကခုန်နေကြတဲ့သူ ၂၀၀ ကျော်ကို ခေတ္တထိန်းသိမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။ 

ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေ ယာဥ်တန်းတွေ စခန်းတွေကို တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်မြို့နယ်တို့မှာရှိတဲ့ ထောင်သောင်းချီတဲ့ စစ်ဘေးရှောင် စခန်းတွေ ရွာတွေဆီ ဆန်နဲ့ အခြားစားသောက်ကုန်မရောက်ရှိအောင် စစ်ကောင်စီတပ်တွေက လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာ လနဲ့ချီလာတဲ့နောက် စစ်ဘေးရှောင်တွေအနေနဲ့ ဆန် ရိက္ခာ ကုန်လုနီးပါး ဖြစ်လာနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ပြောင်းဖူးဆံ ချက်စားနေရတဲ့ သတင်းတွေလည်း ဖတ်ရှုနေရပါတယ်။ စစ်ကောင်စီအနေနဲ့ လူထုနဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စည်းလုံးမှု ထောက်ခံမှုကို ဖြိုခွဲဖို့ ဖြတ်လေးဖြတ် နည်းဗျူဟာကို သုံးတာဖြစ်ပြီး ဒီနည်းနဲ့ ပြည်တွင်းစစ်ကာလတလျှောက်လုံး တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေကို ဖိအားပေး အားပျော့အောင်လုပ်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ လာဘ်စားမှုမှာ  ဦးဖြိုးမင်းသိန်းက တရားလိုပြ သက်သေအဖြစ် မမျှော်လင့်ထားပဲ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ပြီး ခုတပတ်မှာတော့  သူ့ကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကလိုက်ပါတဲ့ ရှေ့နေတွေက ပြန်လှန်မေးခွန်းမေးဖို့ ဒီနေ့မှာ အလှည့်ကျတာကြောင့် ဒီနေ့ ရုံးချိန်းကို လူအများစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒေါ်လာရော ရွှေတွေပါ ပေးတယ်ဆိုတဲ့အဖြစ်အပျက်ဟာ  လုံးဝဖြစ်ပျက်ခဲ့ခြင်း မရှိဘူးလို့ ရှေ့နေတွေကို ပြောထားပြီးဖြစ်ပြီး ဒီလိုထွက်ဆိုတာဟာ လုပ်ကြံထွက်ဆိုတာအဖြစ် ထုတ်ပြောထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေက သက်သေအဖြစ် ထွက်ဆိုသူကို အပြန်အလှန်မေးခွန်းထုတ်ခဲ့တာပါ။ 

ဦးဖြိုးမင်းသိန်းအပြင် တရားလိုဘက်က ခေါ်ယူထားတဲ့ အဂတိလိုက်စားမှု ကော်မရှင်ဘက်က အမှုစစ်ဖြစ်သူ ဦးရဲထက်ကိုလည်း ရှေ့နေတွေက ပြန်လှန်မေးခွန်း မေးခဲ့တာပါ။ အမှန်တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်  အခုလို တဒါဇင်နီးနီးအမှုတွေ စွဲဆိုနေတာတွေဟာ နိုင်ငံရေးအရ လုပ်ကြံထားတာတွေဆိုတာ လူအများက သိပြီးဖြစ်သလို အမှုဆင်တဲ့ စစ်ကောင်စီဘက်ကလည်း သိပြီးဖြစ်ပါတယ်။ သို့ပေမယ့် စစ်ကောင်စီကို ထောက်ခံနေတဲ့ စစ်တပ်က လက်အောက်ငယ်သားတွေကို စည်းရုံးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရတဲ့အကြောင်းကို ဆင်ခြေပေးဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

ဒါကြောင့် အခုလို နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ကြံတဲ့အမှုမျိုးကို ဥပဒေကြောင်းအရ ကြိုးစားကာကွယ်တာ ပြန်လှန်ချေပတာတွေ မလုပ်ပဲနဲ့ တရားရုံးကို အသိအမှတ်မပြုပဲ စစ်ကောင်စီဘက်က လုပ်ကြံမှုတွေကို လျစ်လျူရှုပြီး သပိတ်မှောက်ဖို့ စဥ်းစားသင့်တယ်လို့ ဝေဖန်သူအချို့က ပြောဆိုမှုတွေ ရှိနေပါတယ်။ 
ဒီနည်းလမ်းနဲ့ စစ်ကောင်စီရဲ့ တရားရုံးထုတ်တွေ၊ သက်သေတွေ၊ စစ်ဆေးမှုတွေကို လျစ်လျူရှုပြီး သူတို့ လုပ်ချင်တာလုပ်ပါစေဆိုတဲ့ သဘောမျိုးနဲ့ စစ်ကောင်စီတရားရင်ဆိုင်မှုကို တုံ့ပြန်စေချင်ကြတာ ဖြစ်ပါတယ်။ တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအရ ခုခံကာကွယ်မယ်ဆိုတာမျိုးရပ်တည်ပြီး ရှေ့နေတွေကို ဘယ်လို ခုခံချေပဖို့ ညွှန်ကြားနေတာလည်း သတင်းတွေအရ ကြားသိနေရတာပါ။ 

ဦးဖြိုးမင်းသိန်းဟာ အခုလို စစ်ကောင်စီအလိုကျ သက်သေထွက်ဆိုပေးတဲ့အချက်ကြောင့် သူ့အပေါ်မှာ အမှုစွဲဆိုတာတွေ ခုချိန်ထိမရှိသေးသလို အကျဥ်းထောင်လိုနေရာကိုလည်း ပို့ပြီး ထိန်းသိမ်းထားတာမဟုတ်ပဲ စစ်ကောင်စီရဲ့ သတ်မှတ်နေရာတခုခုမှာ အကျယ်ချုပ်သဘောမျိုးသာ ထားရှိတယ်လို့ယူဆရပါတယ်။ 

အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ အခြားသောခေါင်းဆောင်တွေကို အမှုတွေ တခုမက စွဲဆိုပြီး တရားရုံးစစ်ဆေးနေစဥ်မှာ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ဦးညီပုကို နောက်ထပ် အဂတိလိုက်စားမှုနဲ့လည်း စွဲဆိုထားတာရှိသေးပြီး လာမယ့်သီတင်းပတ်တွေမှာ ဆက်လက်စစ်ဆေးဦးမှာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်ကတော့ ဥရောပပါလီမန်က စစ်ကောင်စီအစိုးရကို အသိအမှတ်မပြုဘဲ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာ ထောက်ခံကြောင်း၊ တရားဝင် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့တယ်လို့ ဘရပ်ဆဲလ်မြို့မှာကျင်းပနေတဲ့ အစည်းအဝေးရဲ့ ရလဒ်အဖြစ်သိရပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ပြင်သစ်နိုင်ငံ လွှတ်တော်တရပ်က NUG အစိုးရကို ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ပါသေးတယ်။ 

အခုလို လွှတ်တော်တွေရဲ့ ဆုံးဖြတ်ချက်က သက်ဆိုင်ရာ အစိုးရတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိပြီး လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်၊ နေပြည်တော်တို့လိုမှာထားရှိတဲ့ သံရုံး၊ သံတမန်ဆက်ဆံရေး အပေါ်  ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။ 

နိုင်ငံရေးသတင်းတွေ အပြင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲက ဘားတခုမှာ ည ၁၂နာရီထိုးခါနီးအချိန်ထိ သောက်စားနေကြတဲ့ သူ ၂၀၀ ကျော်ကို ၇ ရက်နေ့ညက ရဲတွေဝင်ဖမ်းခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ည ၁၀ နာရီကနေ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အောက်မှာ အခုလို ညလုံးပေါက် ဘားဆိုင်ဖွင့်လှစ်တာက သက်ဆိုင်တဲ့ အာဏာပိုင်တွေနဲ့ အဆက်အစပ်ရှိ နားလည်မှုရှိလိမ့်မယ်လို့ အများက ယူဆနေကြပြီး ညဘက်မှာ ဝင်ဖမ်းဆီးတယ် သတင်းထွက်ပေါ်ပေမယ့်လည်း ဘယ်တဦးတယောက်မှ အမှုဖွင့်ခံရတယ်လို့တော့ မကြားသိရသေးကြောင်းလည်း သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar