Breaking News

လင်းလက်နွေဦး - ရှက်ဖွယ်… ရှက်ဖွယ်…

လင်းလက်နွေဦး - ရှက်ဖွယ်… ရှက်ဖွယ်…
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၁


အစိုးရဝန်ထမ်းဘဝတုန်းက တာဝန်ကျရွာမှာပေါ့၊ အဲရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိတယ်။ ကျောင်းထိုင်တစ်ပါးက လူငယ်လည်း လူငယ်၊ လူငယ်စိတ်လည်း ရှိတယ်။ မှတ်မိကြမယ်၊ ထင်ပါရဲ့၊ အက်ဆေး တစ်ပုဒ်မှာ အဲဆရာတော်အကြောင်း ထည့်ရေးဖူးတယ်။ ဆရာတော်က ဦးဆောင်ပြီး ရွာထဲလမ်းတွေကို ကွန်ကရစ်ခင်းတုန်းကလေ၊ ‘ဂေါ်သုံးဂေါ်လောက် ယူခဲ့ဟေ့’ လို့ မိန့်လို့ ‘အရှင်ဘုရား ဂေါ်ပြားဆိုရင် သုံးလက်လို့ ပြောရတယ် ဘုရား’ လို့ လျှာရှည်လိုက်တာပေါ့။ ဆရာတော်က ‘ဟေ့ ဆရာလေး၊ ဂေါ်ရလာရင် ပြီးတာပဲ မဟုတ်လား’ လို့ ပြုံးပြုံးကြီး ပြောလာပါတယ်။ အဲဒီရွာက ရွာသူရွာသားတွေကလည်း လုပ်အားဒါနရှင်တွေချည်းပဲ။ ကြိုးစားပမ်းစား လုပ်ကြတယ်၊ ကျွေးမွေးကြတယ်၊ လှူဒါန်းကြတယ်။ ရွာချင်းဆက် လမ်းတွေ၊ မြို့တက်တဲ့ လမ်းတွေကိုလည်း တတ်နိုင်သလောက် လမ်းဖို့ကြ၊ ပြင်ဆင်ပေးကြတယ်။ ဒီလမ်းတွေလျှောက်ရင်း ဒီလိုစဉ်းစားမိတယ်၊ ကျန်တဲ့ရွာတွေက နို့သက်ခံစို့နေကြတယ်ပေါ့။

ဆေးပညာမှာ ဒီလိုကြားဖူးတယ်၊ Herd Immunity ဆိုတာလေ။ နားလည်တာကတော့ ကူးစက်ရောဂါတစ်ခုခု လူတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်ခံလိုက်ရင် ဒါမှမဟုတ် အဲဒီရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးထားရင် အဲဒီရောဂါအတွက် ခုခံအားရလာတယ်တဲ့။ ပြီးတော့ မကူးစက်ခံလိုက်ရတဲ့လူတွေလည်း ရေမျှောကမ်းတင် ရောဂါကာကွယ်ပြီးသား ဖြစ်သွားတယ်တဲ့။ ခုခံအားရှိတဲ့လူတွေကြားမှာ ခုခံအားမရှိတဲ့ တစ်ယောက် နှစ်ယောက်က ပြဿနာမဟုတ်တော့ဘူးပေါ့။ ပါစင့်နိတ်နည်းနည်းလေးဆိုတော့ ရာနှုန်းပြည့်နီးပါးလို့ ပြောနိုင်တယ်မဟုတ်လား။ ကိုယ်တော့ အဲလို ထင်တယ်။ ဒါပေမယ့် နှာတောင်တစ်ချက် မစေးလိုက်ရဘဲ၊ ရောဂါကာကွယ်နိုင်တယ်ဆိုတာမျိုးက အချောင်သမား ဆန်နေသလားလို့။

ကာကွယ်ဆေးနဲ့ပတ်သက်လို့ တစ်ခု မှတ်သားဖူးသေးတယ်။ ဝက်သက်ကာကွယ်ဆေးပေါ့။ တစ်နှစ်စာ ရာခိုင်နှုန်း (၈၀ )လောက် မိတယ်၊ ထိုးနိုင်တယ်ပေါ့။ (၂၀) ရာခိုင်နှုန်း ကျန်တယ်နော်။ တစ်နှစ်အတွက် ကိစ္စမရှိပေမယ့်၊ သုံးလေးနှစ် စုမိရင်တော့ ကိစ္စရှိသွားပြီ။ ရေလယ်ခေါင်ရောက်လို့ လှေယိုတော့မှ ‘ကိစ္စရှိပြီ’ လို့ ထပြောတဲ့ လှေသမားလိုပေါ့။ သုံးနှစ်စုမိရင် ကလေး (၆၀) ရာခိုင်နှုန်းလောက် ဆေးမထိုးရသေးဘူးဆိုတဲ့ သဘောမျိုး၊ လေးနှစ်ဆိုရင် (၈၀) တောင် ဖြစ်သွားမယ်။ ဒါကြောင့် ဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးနေတာတောင်မှ သုံးလေးနှစ်မှာ တစ်ကြိမ်ကျ ကလေးအစုလိုက်အပြုံလိုက်မှာ လာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံပြင်ပြောအုံးမယ်။

ကြားဖူးနေကျလေးပါပဲ။ ရွာကလေးတစ်ရွာ ရှိတယ်။ အဲဒီရွာကလေးက အိမ်နီးချင်းရွာတွေလို မဖွံ့ဖြိုးဘူး။ ဘေးရွာလေးတွေက ကွန်ကရစ်လမ်းနဲ့ ဆည်ရေသောက်မြောင်းနဲ့၊ စည်ကားစိမ်းစိုနေတာပေါ့။ ညဆိုရင် လျှပ်စစ်မီး တထိန်ထိန်နဲ့၊ မြို့ကြီးပြကြီးဆန်တယ်။ ဒီရွာမှာတော့ ကန္တာရဆူးခြုံကြားမှာ တဲပုတ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့၊ နွေမှာ ဖုန်ထူ၊ မိုးတွင်း လှည်းပုံတောင်း နစ်၊ ဆောင်းတွင်း ဗွက်ထ သုံးပန်လှလမ်းတွေနဲ့ ရွာလေး။ ရွာသူကြီးက အရက်ပုန်းချက်တဲ့အိမ်က မပြန်ဘူး။ သူကြီးကတော်က ထမိန်ခါးစောင်းတင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဆဲခေါ်တော့မှ ကုတ်ချောင်းချောင်းလေး ထွက်လာတာ။ ရွာထဲဝင်လိုက်တာနဲ့ လက်ဗီးဂတ်ရောက်သွားသလိုပဲ၊ လှည်းလမ်းပေါ် ဖန်ဂေါ်လီပစ်နေကြတယ်၊ တစ်ဖိုမှန်ရင် တစ်သောင်းတဲ့။ လမ်းဘေးတစ်လျှောက် ဖဲဝိုင်းလေးတွေ တန်းစီလို့။ ကလေးတွေ အပျော်ဆော့နေတာတဲ့လေ။ လူကြီးတွေကလည်း ရွာ့ပြင် တမာပင်အောက်၊ ဆူးပင်အောက်မှာ ‘ဂျင်လှည့်’၊ ‘ကြက်တိုက်’၊ ‘မာကျောက်ရိုက်’ ပေါ့လေ။

ကံကောင်းချင်တော့ အဲလို ရွာလေးက အစိုးရကျေးလက်ဆေးပေးခန်းလေး ကျတယ်။ ဆေးမှူးကြီးက စာဖတ်တဲ့လူ။ အဲတုန်းက စာပေဟောပြောပွဲ ခေတ်စားခဲ့ပါတယ်။ အဲတော့ ဒီဆေးမှူးက သူ့ရွာလေးမှာ နာမည်ကြီးစာရေးဆရာတွေနဲ့ ဟောပြောပွဲလေးလုပ်ချင်တာပေါ့။ ဘုန်းကြီးကျောင်းသွားပြီး စည်းရုံးရေးဆင်းတယ်၊ ဘုန်းကြီးက ရိုးရိုးအေးအေးကြီး၊ ‘လုပ်ပေါ့ ဒကာကြီးရယ်၊ ကြက်သရေတိုက်ထဲက မုန့်ပဲသရေစာတွေ ကြိုက်သလောက် ယူ’ တဲ့။ ‘မြို့ထိသွားကြိုဖို့ အရှင်ဘုရား ကားငှားပေးပါဘုရား’ လို့ ထပ်လျှောက်ရတယ်။ သူကြီးသွားပြောတော့ အာလေးလျှာလေးကြီးနဲ့ ‘ကျုပ် ပွဲမိန့်ခံပေးမယ်’ တဲ့။ ‘ကျွေးမွေးဧည့်ခံဖို့ လိုသေးတယ်လေ’ ဆိုတော့ ‘ထုံးစံအတိုင်း တစ်အိမ်ဟင်းတစ်ခွက် ဆင့်လိုက်မယ်’ တဲ့။ ဒီလို ဉာဏ်ကောင်းလွန်း လို့ သူကြီးဖြစ်နေတာထင်ပါ့။ အပြန်လက်ဆောင်ကိုတော့ ‘မြေပဲ’ တစ်တောင်းစီလောက်တော့ ပေးနိုင်ကောင်းပါရဲ့။

စာရေးဆရာတွေကလည်း လိုက်လာတယ်။ ‘ကြေးမကြီးဘူး၊ ရွာမရွေးဘူး’ မှတ်ကျောက်တင်ခံချင်လို့လား မသိ။ ဘုန်းကြီးကား ဂလုံးဂလွမ်းကြီးနဲ့ စကောလှိမ့်လာကြတယ်။ မဖြုံပါဘူး။ ရွာရောက်တော့ မျောက်ဖြူကြီးတွေ ဖြစ်ကုန်တယ်၊ တစ်ယောက်နဲ့တစ်ယောက် စလို့ နောက်လို့။ အပြုံးမပျက်ပါဘူး။ နေ့လည်ကြီးရောက်သွားတာကိုး၊ ခဏအနားယူပြီး ရေမိုးချိုးမယ်လုပ်တော့ နည်းနည်းစလာပြီ။ ရေတွင်းက ရွာလယ် ဘုံတွင်းတစ်တွင်းပဲ ရှိတာကိုး၊ ကြည့်လိုက်တော့ ရေက အနက်ကြီး။ ဒါပေမယ့် ဆေးမှူးက အဆင်ပြေအောင် စက်သီးတွေ ငှား၊ ရေပုံးငင်ပေးမယ့်သူတွေ ရှာထားတာကိုး။ ကိုယ့်ကောင်တွေက ရီဝေဝေနဲ့ သီချင်းတွေ အော်ဆို၊ အချင်းချင်း စကားတွေများနေတော့ ရေပုံးက တစ်ပုံးနဲ့ တစ်ပုံး ငါးမိနစ်လောက် ကြာနေတယ်။ စာရေးဆရာတွေက ဝင်ငင်မယ်ဆိုတော့လည်း မရ။ အပေါ်က နေပူ၊ လေက တဖြူးဖြူး၊ ရေတစ်ပုံးချိုးပြီး ငါးမိနစ်လောက်စောင့်နေရတာ စဉ်းစားသာ ကြည့်ပေတော့။

ရေချိုးပြီး ဗိုက်ကဆာလာတယ် မဟုတ်လား။ ထမင်းစားပွဲရောက်တော့ ယင်ခြောက်ပေးနေတဲ့ ဆေးမှူးကြီးက မျက်နှာအိုလို့။ သူတို့ခမျာ မသိရှာဘူး။ ဝင်ထိုင်ပြီး ဟင်းခွက်တွေကြည့်လိုက်တော့မှ၊ အကုန် ချဉ်ပေါင်ဟင်းရည်တွေချည်းပဲ။ ကံကောင်းလို့ ပဲပြုတ်တစ်ခွက်၊ ငရုတ်သီးထောင်းတစ်ခွက် ပါလာတယ်။ စာရေးဆရာတွေခမျာ ပြုံးချင်ပေမယ့် ချဉ်ပြုံးပြုံးကြီးတွေ ဖြစ်ကုန်ကြတာပေါ့။

ဆူးလေဘောလုံးကွင်းထဲမှာ စင်ထိုးထားတာ။ ဆူးလေဆူးပင်တွေနဲ့ပြည့်နေလို့ ဆူးလေဘောလုံးကွင်းလို့ ခေါ်တာပါ။ ဘယ်သူမှ မရှင်းကြဘူး၊ ဘောလုံးကန်ချင်ရင် ဆူးစူးခံပြီး ကန်ကြတာပဲ။ သူတို့ ရွာသားတွေအတွက်တော့ အေးဆေးပေါ့လေ။ စင်က ပီပါခွံကြီးတွေ အောက်ကခံ၊ အပေါ်က ကပ်ကြမ်းခင်းပြီး ဖျာကြမ်းခင်းထားတာ။ ဆေးမှူးကြီးက ဘယ်က မီးစက်ငှားလာသလဲ မသိပါဘူး၊ မီးစက်နဲ့ မီးကြိုး မီးသီးတွေဆင်လို့။ လူတွေကလည်း ပွဲငတ်နေကြတော့ နေမဝင်သေးဘူး၊ မည်းမည်းကို လှုပ်နေတာပဲ။ စာရေးဆရာတွေဆိုတာ ပရိသတ်များလေ သဘောကျလေပဲ မဟုတ်လား။ အတွေ့အကြုံရှိတဲ့ ဆေးမှူးက အနောင်စာတွေ ဘာတွေတောင် ဇာတ်တိုက်ထားတာ၊ ခပ်ချေချေ မော်ဒယ်မလေးနှစ်ယောက်။

မှောင်ရိပ်ပျိုးတော့ မီးစက်နှိုးပါလေရော။ မီးစက်က အမူးလွန်နေတယ်ထင်ပါ့။ လုံးဝမနှိုးဘူး။ ဘယ်နှိုးမလဲ၊ ဆီဝယ်ထည့်ဖို့ တာဝန်ပေးထားတဲ့နှစ်ယောက်က ဂေါ်လီဝင်ပစ်ရင် ရှုံးသွားလို့ ဘယ်ပြေးမှန်းမသိတော့ဘူးတဲ့။ နောက်တယ်နော်။ ဘုန်းကြီးကျောင်းပြေးအပူကပ်တော့၊ ဘုန်းကြီးမှာ ရှိတာက နိုင်တီတူးတွေ။ ကိစ္စမရှိပါဘူးတဲ့၊ ဖယောင်းတိုင်ပဲ ထွန်းပေးပါတဲ့၊ စာရေးဆရာတွေက ဇွဲကောင်းကြတယ်။ ပွဲဦးမင်းက ဖယောင်းတိုင်လေးကိုင်ပြီး စင်ပေါ်တက်သွား၊ ဖယောင်းတိုင်လေးကို လက်ကလေးနဲ့ လေကာလို့ပေါ့။  အနောင်စာမလေးတွေက ဖယောင်းတိုင်မီးလေးနဲ့ အထုပ္ပတ္တိ စမ်းတဝါးဝါး ဖတ်၊ ဘာတဲ့ ‘ဆရာ လင်လက်ဝင်းဦးသည်’ တွေ ဘာတွေ ဖြစ်ကုန်တာပေါ့။

အောက်က ပရိတ်သက်ဆိုတာက ဘာပြောပြော ရီမယ်လို့များ သံဓိဋ္ဌာန်ချထားကြသလား မသိပါဘူး။ စာရေးဆရာ ပါးစပ်ဟလိုက်တာနဲ့ ရီတော့တာပဲ။ အပေါ်ကဆရာလည်း အရှိန်တွေဘာတွေ ရလာတုန်း ဗြုန်းဆို သူကြီး စင်ပေါ်တက်လာတယ်။ စာရေးဆရာကို လက်ကာပြတယ်၊ အောက်ကလူတွေက လက်ညှိုး ငေါက်ငေါက်ထိုးတဲ့ ထိုးတဲ့ပြီး ဆူတာလေ။ အပေါ်ကဆိုတာ လက်ညှိုးငေါက်ငေါက်ထိုးလို့ သိပ်ကောင်းတာပေါ့။ မူးမူးရူးရူးနဲ့ ပုဆိုးမနိုင် ပုဝါမနိုင် ဆဲဆိုနေတာပေါ့လေ၊ စာရေးဆရာက စင်ဘေးနားမှာ လက်လေးပိုက်လို့။ သူ့ရုပ်ကလည်း ငိုရမလို ရီရမလို ဖြစ်လို့။ ‘ဒီဆရာ ပြောတာတွေ သေချာမှတ်ထားကြ၊ နင်တို့ နကန်းတစ်လုံးမှလည်း မသိဘဲနဲ့’ ဘာပဲ ညာပဲပေါ့လေ။ အဲလို လက်ညှိုးထိုး အပြောခံရတိုင်း စာရေးဆရာက ခေါင်းလေး ညိမ့်ညိမ့်ပြရှာတယ်။ ခဏနေတော့ အရန်မီးသတ်ဗိုလ်ဆိုတဲ့သူ တက်လာပြန်တယ်။ နောက်ပြီး၊ ကာလသားခေါင်းဆိုတဲ့လူ အလှည့်။ ပရိတ်သက်က မျက်လုံးအပြူးသားနဲ့ ကြောင်ကြည့်နေကြတာပေါ့။ ဆေးမှူးက မနေနိုင်ဘူးထင်ပါရဲ့၊ ‘တော်ကြပါတော့ဗျာ’ ဆိုတော့ ‘ဒါတောင် ဘုန်းကြီး မအားလို့’ တဲ့၊ သူကြီးက ပြန်ပြောတယ်။

အဲစာရေးဆရာက သူ့အလှည့်မှာ ဘာမှဟုတ်တိပတ်တိ ပြောမသွားနိုင်ပေမယ့်၊ သူသိချင်တာတော့ အရအမိ မေးသွားတယ်။ ‘ဘာလို့ ချဉ်ပေါင်ဟင်းရည်ချည်းပဲ ဖြစ်နေတာတုန်း’ တဲ့။ အောက်ကလူတွေက ဖြေရှာတယ်၊ ‘ကျန်တဲ့အိမ်က ကြက်သား ဝက်သားချက်မှာပဲ၊ ငါတို့အိမ်က ချဉ်ပေါင်ဟင်းရည်ချက်ရင် အအီပြေတာပေါ့’ လို့ စဉ်းစားမိလို့တဲ့လေ။ ကောင်းလိုက်တဲ့ စေတနာတွေဗျာ။

လင်းလက်နွေဦး
၁၅.၁၀.၂၀၂၁ ည ၈ နာရီ ၃၁ မိနစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar