Breaking News

မောင်မောင်စိုး - ကရင်နီ (ကယား) ပြည်နယ်မှတ်စု

မောင်မောင်စိုး - ကရင်နီ (ကယား) ပြည်နယ်မှတ်စု 
(မိုးမခ) နို၀င်ဘာ ၇၊ ၂၀၂၁

မူလ ကရင်နီပြည်နယ်အား ကယားပြည်နယ်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သို့သော် ဒေသခံများက ကရင်နီအမည်ကို ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။ ကရင်နီပြည်နယ်သည်  မြန်မာနိုင်ငံအရှေ့ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက်တွင် ကရင်ပြည်နယ်၊ အနောက်ဖက်တွင် နေပြည်တော်၊ ပဲခူးတိုင်းတို့ ဝန်းရံလျက်ရှိသည်။ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် ကယားပြည်နယ်၏ လူဦးရေမှာ ၂၉၉,၀၂၃ ဦး (၃ သိန်းခန့်) ဖြစ်သည်။ လူဦးရေအနည်းဆုံးပြည်နယ်ဖြစ်သည်။ ကရင်နီပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် ကရင်နီလူမျိုးဟုခေါ်ဝေါ်သော ကယားလူမျိုးများဖြစ်ကြသည်။ ကရင်နီပြည်နယ်တွင် ကယားတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သော ကယား၊ ကယန်း (ပဒေါင်)၊ ကယန်း (လထ)၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား၊ ကယားမိုနု (မနုမနော) အပြင် ဗမာ၊ ရှမ်း၊ ကရင် စသည့် လူမျိုးများလည်း နေထိုင်ကြသည်။ 

ကရင်နီပြည်နယ်သည် ၄,၅၂၉. စတုရန်းမိုင် (၁၁,၇၃၁ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။ ပြည်နယ် ၇ ခုအနက် အ​သေးဆုံး​သော ပြည်နယ်ဖြစ်သည်။ ကရင်နီပြည်နယ်သည် မြေပြင်အနေအထားသည် တောင်ပေါ်ကုန်ပြင်မြင့်ဖြစ်သည်။ ကုန်းပြင်မြင့်သည် ပျှမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် (၉၈၅) ပေ မှ (၆၀၀၀) ပေအထက်တွင် တည်ရှိသည်။ ကယားပြည်နယ်၏ အမြင်ဆုံးတောင်မှာ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ နတ်တောင်ဖြစ်၍ အနိမ့်ဆုံးအရပ်ဒေသမှာ ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်ဖြစ်သည်။ ကယားပြည်နယ်တွင်အထူးထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်ပြီး ရှားတောမြို့၊ ရွာသစ်မြို့၊ ဖားဆောင်းမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့စီးဆင်း လျက်ရှိသည်။ 

ကယားပြည်နယ်တွင် ခရိုင်(၂)ခုနှင့်မြို့နယ် ၇ ခုရှိသည်။ 
၁။ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူးဆိုးမြို့နယ်၊ ရှားတောမြို့နယ်တို့ပါဝင်သည်။
၂။ ဘော်လခဲခရိုင်တွင် ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တို့ပါဝင်သည်။ 

၂၀၂၁ ခုနှစ်တွင် ကရင်နီပြည်နယ်တွင် မြို့နယ် ၇ ခု၊ မြို့ပေါင်း (၁၂) မြို့၊ ရပ်ကွက် (၅၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၄) အုပ်စုနှင့် ရွာပေါင်း ( ၅၁၀) ရွာရှိသည်။ 
 
ကယားပြည်နယ်သည် မြန်မာနိုင်ငံအတွင်း စီးပွား​ရေးဖွံ့ဖြိုးမှု ​နှေး​ကွေး​သော ပြည်နယ်ဖြစ်သည်။ ပြည်နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ ပြည်နယ်၏အဓိကထွက်ကုန်မှာ ​ပြောင်းနှင့် ပဲစင်းငုံတို့ဖြစ်သည်။ အဓိကသီးနှံ(၁၀)မျိုး အဖြစ် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊  ကြံနှင့် ဝါတို့ကို စိုက်ပျိုးကြသည်။ နှစ်ရှည်သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ငှက်ပျော၊ သရက်၊ ဇီး၊ လိမ္မော်၊ နဂါးမောက်၊ နာနတ်၊ ဒညှင်း၊ လိုင်ချီးနှင့် ထောပတ်ပင်တို့ကို စိုက်ပျိုးကြသည်။

မယ်စဲ့မြို့တွင် နယ်စပ်ကုန်သွယ်​ရေးစခန်းကိုဖွင့်လှစ်ထား​သော်လည်း ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်​ရေးစခန်း တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသဖြင့် ကုနိသွယ်မှုမှာ မ​ကောင်းမွန်​​​ပေ။

စီးပွါးဖြစ်ထုတ်လုပ်နိုင်သည့် စကျင်ကျောက်နှင့် သတ္တုတွင်းများရှိသည်။ 

• ကရင်နီပြည်နယ်နှင့် လက်နက်ကိုင်တိုက်ပွဲ 
ကရင်နီပြည်နယ်သည် လက်နက်ကိုင်တော်လှန်ပုန်ကန်မှုနှင့် မစိမ်းသည့်ပြည်နယ်ဖြစ်သည်။ လွတ်လပ်ရေးရပြီး မကြာမှီ ၁၉၄၉ ခုနှစ်ခန့်စ၍  လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အနိမ့်အမြင့် အတက်အကျ များစွာကြုံခဲ့သည်။ ၁၉၉၀ ခုနှစ်အလွန်တွင်များတွင် ကရင်နီလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးယူသည်ကိုတွေ့ရသည်။ နဝတအစိုးရခေတ် စာရင်းများအရ အောက်ပါအတိုင်းတွေ့ရသည်။ 

၁။ ဂေဗရယ်ဗျံအဖွဲ့၊ အင်အား ၈၀၊ ၂၇/၂/၁၉၉၂၊ မိုးဗြဲ/ဖယ်ခုံဒေသ၊ လက်နက်အပ်။
၂။ ကလလတ (ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး)၊ အင်အား ၁၆၁၉ ဦး၊ ၉/၅/၁၉၉၄၊ အပစ်ရပ် ငြိမ်းချမ်းရေးယူ။
၃။ ကယန်းပြည်သစ်ပါတီ၊ အင်အား ၁၄၉၆ ဦး၊ ၂၆/၇/၁၉၉၄၊ အပစ်ရပ် ငြိမ်းချမ်းရေးယူ။
၄။ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ အင်အား ၇၇၉၀ ဦး၊ ၂၁/၃/၁၉၉၅၊ အပစ်ရပ် ငြိမ်းချမ်းရေးယူ။
၅။ KNDP နဂါးအဖွဲ့၊ အင်အား ၁၈၂ ဦး၊ ၅/၁၁/၁၉၉၆၊ လက်နက်အပ်။
၆။ KNPP ခွဲထွက် ဦးဂိုးရီအဖွဲ့၊ အင်အား ၁၁၃ ဦး ၊ ၂၃/၇/၁၉၉၉၊ လက်နက်အပ်။ 

လက်ရှိ ထိုအဖွဲ့များထဲမှ ၃ ဖွဲ့ကကတော့ ရပ်တည်နေဆဲဖြစ်သည်ကိုတွေ့ရသည်။ KNPP သည် လက်ရှိအချိန်တွင် bilateral ထိုးထားသော်လည်း NCA ထိုးထားခြင်းမရှိသည့်အပြင် KNDF နှင့်တွဲပြီး ပြန်လည်တိုက်ခိုက်နေသည်ကိုတွေ့ရသည်။ သို့သော် KNPP သည် ၁၉၉၄ အပစ်ရပ်ချိန်ထက် အင်အားများစွာ လျော့နည်းသွားသည်ကိုတွေ့ရသည်။ ၂၀၂၁ ခုနှစ်အစောပိုင်းတွင် အနည်းဆုံးအင်အား ၁၅၀၀ အထက်ရှိသည်ဟု ခ့်မှန်းကြသည်။
ကလလတသည် ၂၀၀၉ ခုနှစ်တွင် BGF နယ်ခြားစောင့်တပ်ရင်း ၂ ရင်းအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့သော်လည်း ကလလတ အဖွဲ့အစည်းအမည်ကို ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။ ကယန်းပြည်သစ်အဖွဲ့အားလည်း ၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အမည်ဖြင့် နအဖ က ပြောင်းလဲဖွဲ့စည်းသည်ဆိုသော်လည်း ကယန်းပြည်သစ်ပါတီအမည်အား ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။ ထို့ပြင် ကလလတရော ကယန်းပြည်သစ်ပါ ၂၀၁၀ မှစသည့် ရွေး ကောက်ပွဲများတွင် မှတ်ပုံတင်ခြင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါ။ ၎င်းတို့၏အဖွဲ့အစည်းအာ  ရနိုင်သမျှ ထိမ်းသိမ်းထားဆဲဖြစ်သည်။ 

ကျန်အဖွဲ့များမှာ ပြည်သူ့စစ်အဖွဲ့များဖြစ်သွားသည်ဟု သိရသည်။ လက်ရှိအချိန်တွင် ကြယ်နီ၊ ကြယ်ဖြူ(မော်ချီး)၊ နဂါး(လွိုင်ကော်) စသည့် ပြည်သူ့စစ်အဖွဲ့များအဖြစ် အင်အားအနည်းငယ်စီဖြင့် ဖွဲ့စည်းထားသည်ဟုသိရသည်။ 

၂၀၂၁ အတွင် ကရင်နီပြည်နယ်သည် နိုင်ငံရေးလှုပ်ရှားမှုအားကောင်းသော ဒေသဖြစ်ပြီး PDF အင်အားအများအပြားထွက်ပေါ်လာသည်။ သို့သော် PDF အမည်ဖြင့် မဖွဲ့ဘဲ KNDF ကရင်နီကာကွယ်ရေးတပ်ဖွဲ့အမည်ဖြင့် ဖွဲ့သည်ကို တွေ့ရသည်။ မြေပြင်သတင်းများအရ လက်ရှိအချိန်တွင် KNDF အင်အား ၆၀၀၀ ခန့်ရှိပြီး တပ်ရင်း ၂၀ ခန့်ဖွဲ့စည်းထားသည်ဟုဆိုသည်။ စစ်ရေးအရ KNPP/KA (ကရင်နီတိုးတက်ရေးပါတီ/ကရင်နီတပ်မတော်) နှင့် ပူးတွဲလှုပ်ရှားနေသည်။ ထိုင်းနယ်စပ် လက်နက်မှောင်ခို လမ်းကြောင်းရှိသဖြင့် တစုံတရာ လက်နက်တပ်ဆင်နိုင်ဟုဆိုသည်။ ကရင်နီပြည်နယ်၏ ထူးခြားချက်မှာ ကရင်နီပြည်နယ်ရှိ BGF/ ပြည်သူ့စစ်များသည် တပ်နှင့်ပေါင်း၍ KNDF/,KA များကို တိုက်ခိုက်သည်ကို မတွေ့ရပါ။ 

ကယားပြည်နယ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လွိုင်ကော်) နယ်မြေတွင်ရှိသည်။ ကရင်နီပြည်နယ်အတွင်းအခြေစိုက် ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ ရင်းခန့်နှင့် အမြောက်တပ်ရင်း ၂ ရင်းခန့်ရှိသည်ဟုဆိုပါသည်။ နယ်မြေခံတပ်များအပြင် တပ်မများမှတပ်အချို့လည်း ရောက်ရှိပြီး စစ်ဆင်ရေးလုပ်လျက်ရှိသည်ဟု မြေပြင်သတင်းများအရ သိရပါသည်။ 

၁၉၄၉ မှ စတင်ခဲ့သည့် ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်အတွင်း တဖန်ပြန်လည်မြင့်တက်လာခဲ့သည်ဟုဆိုရပါမည်။ လက်ရှိအချိန်တွင် စစ်ဘေးဒုက္ခသည် တသိန်းမှ တသိန်းခွဲအထိ ရှိနိုင်သည်ဟုဆိုကြပါသည်။ တိုက်ပွဲများသည် သံလွင်မြစ်အနောက်ဖက်ခြမ်း လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆိုး၊ ဘောလခဲ၊ ဖါဆောင်း၊ မိုးဗြဲ၊ ဖယ်ခုံ (ရှမ်း) တို့တွင် အဖြစ်များသည်ကို တွေ့ရသည် ။ သံလွင်မြစ်အရှေ့ခြမ်း ရှားတော၊ မယ်စဲ့ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွါးမှု မရှိသလောက်နည်းပါးသည်ကို တွေ့ရသည်။ လက်ရှိကရင်နီပြည်နယ် နိုင်ငံရေးလှုပ်ရှားမှုသည် အမျိုးသားရေးနှင့်ဒီမိုကရက်တစ်စံနှုံးများ ရောယှက်နေသည်ဟု ဆိုရပါမည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar