UBP ပါတီဖျက်သိမ်း၊ အခွင့်အလမ်းထက် အန္တရာယ်အလားအလာ ပိုများတဲ့ ၂၀၂၃ ရွေးကောက်ပွဲ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၁ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၂
UBP ပါတီဖျက်သိမ်း၊ အခွင့်အလမ်းထက် အန္တရာယ်အလားအလာ ပိုများတဲ့ ၂၀၂၃ ရွေးကောက်ပွဲ
၂၀၁၂ ခုနှစ်နောက်ပိုင်းကနေ ၂၀၁၈ လောက်ထိ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေတယ်လို့ ဒီနေ့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။
လာမယ့်နှစ်မှာ စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲ မတိုင်ခင်မှာ သူရဦးရွှေမန်းက သူ့ပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ သူ့ရဲ့အသက်အရွယ်အရနဲ့ အခြားအကြောင်းတွေကြောင့်လို့ ဖော်ပြရေးသားနေကြပေမယ့် နိုင်ငံရေး အခြေအနေအရ လာမယ့်ကာလတွေမှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ ရပ်တည်ခြင်းက အကျိုးအမြတ်ထက် ထိခိုက်မှု ဂယက်တွေသာ ရိုက်ခတ်နိုင်တာကြောင့်လို့ ယူဆကောင်း ယူဆလိမ့်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားပြီးနောက် နအဖ စစ်အစိုးရလက်ထက်က နံပါတ် ၃ အဆင့်အာဏာရှိသူ တန်းစီဇယားအရ ရှိသူဖြစ်ခဲ့ပြီး ၂၀၁၀ မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ နိုင်ငံရေးကန့်လန့်ကာနောက်ကို ဝင်ရောက်သွားချိန်မှာ ဦးသန်းရွှေက သမ္မတရာထူးကို သူ့နောက်က တန်းစီဇယားမှာရှိသူ ဦးသိန်းစိန်ကို ရွေးချယ်ပေးအပ်ခဲ့ပြီး သူကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်နဲ့သာ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ပေးအပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သက်တမ်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြီး လွှတ်တော်ထဲ ဝင်ရောက်လာတဲ့ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ နီးစပ်တဲ့ဆက်ဆံရေးကို နှစ်နဲ့ချီရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ အကုန်ပိုင်းမှာတော့ သူရဦးရွှေမန်းအနေနဲ့ နိုင်ငံရေးပါတီ တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၁၉ အစပိုင်းမှာ ပါတီတည်ထောင်ဖို့ ပြင်ဆင်ခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ဝေးကွာသွားတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးရွှေမန်းရဲ့ အကူအညီကိုယူပြီး တပ်ကို စည်းရုံးမယ့်အရေးကို တပ်ချုပ်ဖြစ်နေတဲ့ မင်းအောင်လှိုင်က စိုးရိမ်ခဲ့သလို အစဥ်တစိုက် စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။ စစ်တက္ကသိုလ်ဆင်း ဗိုလ်လောင်းတွေကို လူပုဂ္ဂိုလ်အကျိုးထက် နိုင်ငံအကျိုးကိုသာကြည့်ဖို့ ဆိုတဲ့ သဘောမျိုး ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ သတင်းစကားက တပ်ကို ဖဲ့ထုတ် စည်းရုံးမယ့် သဘောလို့ မင်းအောင်လှိုင်အနေနဲ့ ယူဆပြီး အဲဒီအကြောင်းကို အခြေပြုသတင်းရေးတဲ့ သတင်းစာကို တပ်မတော်ဖြိုခွဲမှု ပုဒ်မနဲ့တရားစွဲဖို့ ပြင်ဆင်ခဲ့တဲ့ သာဓကရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမဝင်မီမှာ ဦးသိန်းစိန်နဲ့ ဆက်သွယ် ညှိနှိုင်းတာမျိုးတွေ ရှိခဲ့ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲရောက်သွားချိန်မှာတော့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းနဲ့ နိုင်ငံရေးမဟာမိတ်သဖွယ် ရင်းနှီးတဲ့ဆက်ဆံရေးတရပ် ရှိခဲ့တာတွေ့ရပါတယ်။ သူရဦးရွှေမန်းကလည်း လူထုထောက်ခံမှုအများဆုံးရတဲ့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်နဲ့ ပူးပေါင်းပြီး နိုင်ငံရေး နေရာတခု အရေးပါတဲ့တာဝန်တခုကို ရရှိနိုင်မလားဆိုတဲ့ ရည်မှန်းချက် ရှိကောင်းရှိခဲ့နိုင်ပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လ သန်းခေါင်ယံ အာဏာသိမ်းမှုလို့ မီဒီယာက တင်စားခေါ်ဆိုကြတဲ့ ကြံ့ခိုင်ရေးပါတီမှာ ယာယီဥက္ကဋ္ဌကို ရာထူးမှ ဖယ်ရှားတဲ့ အဖြစ်အပျက်ဖြစ်ပြီး ၂ ရက်ကျော်အကြာ လွှတ်တော် တက်ရောက်တဲ့ ရက်မှာ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက သန်းခေါင်ယံအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ပါ အတူတက်ရောက်ခဲ့ပြီး သတင်းမီဒီယာတွေရဲ့ မေးခွန်းတချို့ကို ဖြေကြားခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့ပါတယ်။
အဲဒီအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဦးရွှေမန်းကို နိုင်ငံရေးအရ မဟာမိတ်အဆင့်ထက်ပိုတဲ့ အကဲဖြတ် သတ်မှတ်ချက်မျိုးရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ်။ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အန်အယ်လ်ဒီအနေနဲ့ ၂၀၁၆ အစိုးရအာဏာလွှဲပြောင်းယူပြီးနောက်မှာ အန်အယ်လ်ဒီပါတီက ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် လွှတ်တော်က ခန့်အပ်တာဝန်ပေးခဲ့ပြီး ပြင်ဆင်သင့်၊ ပယ်ဖျက်သင့်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ကြီးစိုးထားတဲ့ လွှတ်တော်ကို အကြံပြုတင်ပြတဲ့ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ လွန်နှစ်များကနေ ၂၀၁၀ အထိ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချတာ ၊ ဖမ်းဆီးတာ တားမြစ်တာ တရားစွဲတာတွေ လုပ်ဆောင်ဖို့ အမိန့်ပေးညွှန်ကြားခဲ့သူ ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့အတွက် ကြားမှာ ဆက်သွယ်ပေးခဲ့သူက သူရဦးရွှေမန်းပဲ ဖြစ်ပါတယ်။
ဦးရွှေမန်းအနေနဲ့ ၂၀၁၈ အကုန် ပါတီထောင်ဖို့ ပြင်ဆင်တဲ့အချိန်ကျမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကျဲခဲ့ရပြီး အခုတော့ နိုင်ငံရေးပါတီနယ်ပယ်ကနေ ယာယီ သို့မဟုတ် အပြီးထွက်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ခြုံငုံသုံးသပ်ရရင် လာမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ ကြံ့ခိုင်ရေးကလွဲပြီး ကျန်တဲ့ နိုင်ငံရေးပါတီတွေ အဖို့ အခွင့်အလမ်းဆိုတာထက် အန္တရာယ်ကျရောက်နိုင်ခြေများတဲ့ အဖြစ်အပျက်တခုလို့ ယူဆကောင်း ယူဆကြလိမ့်မှာဖြစ်ပြီး UBP လို့ခေါ်တဲ့ သူရဦးရွှေမန်းပါတီ ဖျက်သိမ်းတာကို ကြည့်ရင် အကဲခတ် သုံးသပ်နိုင်လိမ့်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar