မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၁
◾️အရှိန်နဲ့ ကျဆင်းနေတဲ့ စီးပွားရေး၊ အင်းစိန်ထောင်က အသံတိတ်သပိတ်
နေ့စဥ်သတင်းတွေထဲမှာ မန္တလေးမြို့မှာ အရပ်သား ၂ ဦးပစ်သတ်ခံရတဲ့ သတင်း၊ အရပ်ဝတ်နဲ့ စျေးလာဝယ်တဲ့ စစ်သား၂ ဦးသေနတ်နဲ့ ပစ်သတ်ခံရတဲ့ သတင်း၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်မှာ ရာအိမ်မှူးတဦး ပစ်သတ်ခံရတဲ့သတင်း၊ လှိုင်သာယာမှာ ကျန်ရှိနေသေးတဲ့ ကျူးကျော်တွေ ၄င်းတို့အစီအစဥ်နဲ့ နေအိမ်တွေဖျက်ပြီး ရွှေ့ပြောင်းနေကြတဲ့ သတင်း၊ ၂ လတာကာလအတွင်း ပြည်ပကုန်သွယ်မှု ယခင်နှစ်ထက် ဒေါ်လာ သန်း ၃၂၀ ကျော်လျော့ကျသွားတယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။
နိုင်ငံတကာသံတမန်ရေးဆိုင်ရာ သတင်းတွေမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအာဆီယံ ၃ နိုင်ငံခရီးစဥ်အကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတိုးလုပ်လာနေတဲ့ သတင်းတွေ၊ ဟွန်ဆန်က မြန်မာစစ်ကောင်စီဘက်က အာဆီယံမူငါးချက်ကို အကောင်အထည်ဖေါ်ဖို့ ဆက်လက်ကြိုးစားနေတဲ့သတင်းတွေ ဖတ်ရှုရပါတယ်။
မြန်မာနိုင်ငံ စီးပွားရေးနဲ့ပတ်သက်တဲ့သတင်းတွေကို ဖတ်ရှုကြည့်တဲ့အခါ ကုန်သွယ်မှု သိသာစွာကျဆင်းခြင်း၊ အလုပ်လက်မဲ့ ရာခိုင်နှုန်းတိုးမြင့်လာတဲ့အမှတ်အသားတွေ၊ အလုပ်အကိုင်တွေ ရှားပါးနေချိန် အလုပ်အကိုင်ဆုံးရှုံးနေချိန်မှာပဲ နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တဲ့ခဲ့တဲ့နောက် ငွေကြေးဖောင်းပွမှုတွေ သိသာထင်ရှားစွာ ဖြစ်ပေါ်နေတာ၊ ဟိုတယ်ခရီးသွားလာရေး လုပ်ငန်းတွေရဲ့ အနာဂတ်မျှော်လင့်ချက်အလွန်နည်းပါးနေတာ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အဓိကမှီခိုနေရတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့ စျေးကွက်ပျက်ပြားနေတဲ့ အခြေအနေတွေကို သတင်းတွေထဲ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်မီးက တဖြည်းဖြည်း ကျယ်ပြန့်လာမယ့်လက္ခဏာတွေ တွေ့လာရချိန်မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ အသစ်ဝင်ရောက်လာဖို့ အလားအလာ အလွန်နည်းပါးသွားတဲ့အခြေအနေနဲ့ ဝင်ရောက်ပြီးသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေသည်ပင်လျင် ရပ်ဆိုင်းတာ ထွက်ခွာတာတွေ တွေ့မြင်နေရလို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးလာနေတာ မဆန်းဘူးလို့ဆိုရမယ့် သဘောဖြစ်ပါတယ်။
ဘဏ်တွေမှာ ငွေသားထုတ်ယူဖို့ အခက်အခဲအကန့်အသတ်က လနဲ့ချီကြာရှည်လာနေချိန် မြို့ပြတွေရော ကျေးလက်တွေမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ နိုင်ငံရဲ့ အချို့သောဒေသတွေမှာ လုံခြုံရေးအကြောင်းကြောင့် အသွားအလာ ကန့်သတ်မှုဖြစ်ပွားနေတာတွေက ကုန်သွယ်ရေး စီးပွားရေး တွေကို ဆိုးရွားစွာ ထိခိုက်စေတာ ဖြစ်ပါတယ်။
အလုပ်အကိုင်ဆုံးရှုံးတာတွေက ကျနော်တို့ပတ်ဝန်းကျင်မှာ ကိုယ်တိုင်သိရှိခံစားနိုင်ပြီး စီးပွားရေးကျဆင်းမှုနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေ ညွှန်းကိန်းတွေကို ကမ္ဘာ့ဘဏ်အစီရင်ခံစာ၊ အာရှဖွံ့ဖြိုးရေးဘဏ်အစီရင်ခံစာတို့မှာတွေ့ရမှာ ဖြစ်ပါတယ်။ လတ်တလော အေဒီဘီအစီရင်ခံစာအရဆို မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈.၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီကိန်းဂဏန်းဟာ အလွန်ကိုစိုးရိမ်စရာကောင်းတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ အခုလို ဆိုးရွားစွာကျဆင်းရခြင်းဟာ နိုင်ငံရေးပဋိပက္ခချည်းသက်သက်မဟုတ်ပဲ ကိုဗစ်ကူးစက်ကပ်ဘေးကြောင့်လို့ ဆိုနိုင်ပေမယ့် ယခင်နှစ် ၂၀၂၀ ခုနှစ်က ကိုဗစ်ခံစားရစဥ် က စီးပွားရေးတိုးတက်မှုနှုန်းက အနှုတ်လက္ခဏာထိ မရောက်ရှိခဲ့ပဲ စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကာလ စစ်တမ်းရဲ့ ရလဒ်က အနှုတ်လက္ခဏာကို ၁၈ရာနှုန်းကျော် ထိုးဆင်းသွားတာပါ။
အခုလို စီးပွားရေးတွေကျဆင်းနေချိန် အလုပ်အကိုင်တွေဆုံးရှုံးနေချိန် ဝင်ငွေတွေပျောက်ဆုံးလာနေချိန်မှာ မြို့ပြက ကျူးကျော်တွေကို ပြီးခဲ့တဲ့ ၃ လအတွင်း ရှင်းလင်းဖယ်ရှားနေတာက ဒုက္ခတွေထပ်ဆင့်စေတာ၊ မြို့ပြက အောက်ဆုံးအလွှာလူတန်းစားကို နိုင်ငံရေးအရ ထောက်ခံမှု လှုပ်ရှားမှုတွေထဲ မပါဝင်နိုင်အောင် ထိုးနှက်တဲ့ နိုင်ငံရေးနည်းပရိယာယ်တခုလို့ ကောက်ချက်ချရပါတယ်။
အခုလို ကျူးကျော်ဖယ်ရှားမှုဟာ ရန်ကုန်မြို့က လှိုင်သာယာလိုမြို့မှာ ကျူးကျော်အဖြစ် နေထိုင်နေကြရတဲ့ လူသိန်းနဲ့ချီကိုထိခိုက်စေတာ ဖြစ်ပါတယ်။ အဲဒီအထဲက အများအပြားက နယ်မြို့တွေ ကျေးလက်တွေ လာရာဇာတိတွေကို ပြန်ကောင်းပြန်သွားကြရပါလိမ့်မယ်။ မြို့ပေါ်မှာ အလုပ်အကိုင်ရှားပါးလာချိန်မှာ အခုလိုနေစရာအတွက်ပါ ပြဿနာဖြစ်လာတာကြောင့် နောက်ဆုံးမြို့ပေါ်ကပြန်ဆင်းပြီး ကျေးလက်မှာ ပြန်ခိုဖို့နည်းလမ်းပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မြို့ပြက အလုပ်အကိုင်အခွင့်အလမ်းရှိပြီး အခွန်အကောက်လို ပြည်တွင်းစစ်ရဲ့ ဂယက်ရိုက်ခတ်မှုတွေ မခံစားရတဲ့ အားသာချက်ကြောင့် ဆယ်စုနှစ်တွေနဲ့ချီပြီး ကျေးလက်က သူတွေမြို့ပြကို ပြောင်းရွှေ့လာခဲ့ကြတာမျိုးဖြစ်ပါတယ်။
စီးပွားရေးကျဆင်းမှု၊ ကျူးကျော်ပြဿနာတွေအပြင် အခြားသတင်းတွေထဲမှာ လက်ရှိအာဆီယံဥက္ကဌဖြစ်လာတဲ့ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေးမူက ဘယ်လောက်လူကြိုက်များမယ် မှန်းမသိပေမယ့်လည်း ဒီမူဝါဒက စစ်ကောင်စီအတွက် အာဆီယံဒေသမှာ ထွက်ပေါက်တခုရစေမှာ ဖြစ်ပါတယ်။
နှစ်စဥ်အလှည့်ကျတဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ကြောင့် စစ်ကောင်စီအဖို့ အာဆီယံဒေသမှာ သူ့ကို အသိအ မှတ်ပြုတဲ့ နိုင်ငံတနိုင်ငံရှိတယ်ဆိုတာမျိုး ပြသနိုင်ခြင်းဟာ အာဆီယံရဲ့ မြန်မာစစ်ကောင်စီအေပါ် ဖိအားကို လျော့ကျစေနိုင်ပါတယ်။
ဒီလိုစီးပွားရေးသတင်းတွေ နိုင်ငံရေးသတင်းတွေအပြီးမှာတော့ အင်းစိန်ထောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရတဲ့ အသံတိတ်သပိတ်လုပ်ဆောင်မှုကြောင့် နိုင်ငံရေးအကျဥ်းသားအချို့ ရိုက်နှက်ခံရတာ ရှိခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘယ်သူတွေ ဦးဆောင်ကြတယ် ဘယ်လိုနှိပ်စက်ခံရပြီး ထိခိုက်ဒဏ်ရာရမှု ဘယ်လောက်ရှိခဲ့သလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar