Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၅ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီလ ၂၆၊ ၂၀၂၂

ဒီနေ့သတင်းတွေထဲမှာတော့ ရခိုင်ပြည်နယ် ကျောက်တော်စစ်ရှောင်စခန်းမှာ ဝမ်းရောဂါ ဖြစ်ပွားတဲ့ သတင်း၊ မြိုင်မြို့နယ်ထဲမှာ ဒေသခံတွေလုပ်ကိုင်ကြတဲ့ ရေနံတွင်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေတဲ့ သတင်း၊ ကသာမြို့နယ်က နတ်လှိုင်ရွာအနီးမှာတော့ ဒေသခံ PDF တွေနဲ့ အပစ်ရပ် အန်စီအေလက်မှတ်ထိုးထားတဲ့ ABSDF ရဲ့ တပ်ဖွဲ့အချို့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းတိုင်းဖေါင်းပြင်မြို့နယ်မှာတော့ ရဲကင်းစခန်း ၂ ခုကို ဒေသခံ PDF တွေကဝင်တိုက်ပြီး သိမ်းယူခဲ့တယ်ဆိုတဲ့သတင်း၊ ကယားပြည်နယ်မှာတော့ လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေ ကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

နှစ်နဲ့ချီကြာရှည်လာနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ထဲက ညောင်ချောင်း စစ်ရှောင်စခန်းတခုမှာ ခုရက်ပိုင်း ဝမ်းရောဂါဖြစ်ပွားနေပြီး ဆေးခန်းပြ ဆေးကုသမှုခံယူနေကြရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ မသန့်ရှင်းတဲ့သောက်ရေကို သောက်သုံးရတာကြောင့် အခုလိုရောဂါဖြစ်ပွားရတာလို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။  

ဒီစစ်ရှောင်စခန်းတွေဟာ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေတုန်းက အေအေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့စဉ်ကတည်းက တိမ်းရှောင်ခဲ့ကြရသူတွေဖြစ်ပြီး အခုချိန်ထိ မူလနေရပ်တွေကို မပြန်နိုင်ကြသေးပါဘူး။ လူဦးရေ ၄ ထောင်လောက်နေထိုင်ကြတဲ့ စခန်းတွေဖြစ်လို့ စခန်းကြီးတွေလို့ ဆိုနိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်တွေ စစ်ပွဲရဲ့ ဒဏ်ရာတွေဟာ မပျောက်နိုင်သေးသလို လက်ရှိအနေအထားဟာလည်း တရားဝင်စာချုပ်ချုပ်ဆိုထားပြီး ငြိမ်းချမ်းနေတဲ့အခြေအနေမျိုးမဟုတ်ပဲ အချိန်မရွေးပြန်ဖြစ်ပွားနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် မိမိတို့နေအိမ် မိမိတို့ အသက်မွေးဝမ်းကြောင်းကို ထားပစ်ခဲ့ရပြီး ကျဉ်းကျပ်တဲ့ လက်ဖြစ်အမိုးအကာ တဲတွေမှာနှစ်နဲ့ချီ နေထိုင်ကာ အကူအညီပေးရေးအဖွဲ့တွေက ဝေပေးတဲ့ ဆန်၊ ရိက္ခာ စတာတွေကိုလက်ခံပြီး အသက်ရှင်နေထိုင်ရတဲ့ ဘဝကို ဘယ်စစ်ဘေးရှောင်တွေကမှ ပျော်ပိုက်နိုင်ကြမှာ မဟုတ်ပါဘူး။ ဂုဏ်သိက္ခာဆုံးရှုံးသွားသလို ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ နေထိုင်ရတဲ့အနေအထား သားသမီးတွေရဲ့ ပညာရေး လူမှုရေးဘဝတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေတဲ့ အခြေအနေမျိုးနဲ့ နှစ်နဲ့ချီလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေရဲ့ ပြဿနာက မြန်မာနိုင်ငံမှာ ဘုံပြဿနာလိုဖြစ်လာနေတာပါ။ 

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ ဆယ်စုနှစ်တခုလောက် သက်တမ်းရှိသွားပြီ ဖြစ်တဲ့ စစ်ရှောင်စခန်းတွေရှိသလို ကရင်ပြည်နယ်ကထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေဆိုရင်လည်း ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် ၃ ခုနီးပါး သက်တမ်းရှိလာနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နောက်ထပ်သိန်းဂဏန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေထပ်တိုးများလာနေပြီး နိုင်ငံတကာအကူအညီ ပြည်တွင်းက မိမိတို့အချင်းချင်း အကူအညီတွေနဲ့ အသက်ဆက်လက် ရှင်သန်ဖို့ကြိုးစားနေကြရတာ မြန်မာနိုင်ငံရဲ့ ဒီနေ့မြင်ကွင်း တခုလိုဖြစ်လာနေပါပြီ။ 

နောက်သတင်းတပုဒ်ကတော့ ဒေသက မိမိတို့ဘာသာဖွဲ့စည်းကြတဲ့ PDF တွေအားကောင်းတဲ့ မြိုင်မြို့နယ် ထဲက လက်လုပ်ရေနံတွင်းတွေကို စစ်ကောင်စီတပ်တွေက ခုရက်ပိုင်း မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းတွေထဲ ပါရှိလာပါတယ်။ စစ်ကောင်စီဘက်ကို အခွန်အကောက်မပေးတာ၊ PDF တွေကို ထောက်ခံအားပေးတာတွေကြောင့် လို့ ယူဆစရာရှိပြီး စစ်ကောင်စီရဲ့ မြေလှန်လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ 

နောက်ထပ်သတင်းတပုဒ်ကတော့ ကသာမြို့နယ် နတ်လှိုင်ရွာ အနီးစစ်ကောင်စီတပ်တွေနဲ့ ဒေသ PDF တွေတိုက်ပွဲဖြစ်ပွားရာမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ ABSDF အဖွဲ့လည်း ပူးပေါင်းပါဝင်တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုနီးပါး လုပ်ဆောင်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ ABSDF ရဲ့ တပ်ဖွဲ့တချို့ အခုလိုစတင်တိုက်ခိုက်လာတာဟာ တဖွဲ့လုံးရဲ့ မူဝါဒလား ဒေသအလိုက် ဆုံးဖြတ်ပါဝင်တာလားဆိုတာ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ 

စစ်ကိုင်းတိုင်းထဲမှာပဲ နောက်သတင်းတပုဒ်ကတော့ ဖောင်းပြင်မြို့နယ်ထဲက ရဲကင်းစခန်း ၂ ခုကို PDF တွေက တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးကို ဖမ်းဆီးရမိကာ လက်နက်အချို့ သိမ်းဆည်းလိုက်တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။ 

နောက်ဆုံးသတင်းတပုဒ်ကတော့ ကယားပြည်နယ်  လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲ ဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေဆဲပဲ ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။ လွိုင်ကော်မြို့နေသူ ထက်ဝက်လောက်က မြို့ကိုစွန့်ခွာ ထွက်ပြေးနေကြရပြီး မြို့ရဲ့ ရပ်ကွက်အချို့မှာ KNDF နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဇန်နဝါရီလထဲ လွိုင်ကော်မြို့မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု ၊ ဗုံးကြဲမှု လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၁၅ ဦးအထိရှိလာနေပြီလို့လည်း ဒေသခံစောင့်ကြည့်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။ 

ကယားပြည်နယ်က နယ်မြေအကျယ်အဝန်အရရော လူဦးရေအရပါ အခြားတိုင်းနဲ့ ပြည်နယ်တွေလောက် မကြီးမားမများပြားပေမယ့် စစ်အာဏာသိမ်းပြီး ဖြစ်ပွားတဲ့ လက်နက်ကိုင် ခုခံမှုပြင်းထန်ဆုံးဒေသတွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar