Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၉ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၂

◾️ လွိုင်ကော် ကယားပြည်နယ်က တိုက်ပွဲတွေနဲ့ အကျိုးဆက်

ဒီနေ့သတင်းတွေထဲ ဖတ်ရှုသူတွေကို စိတ်ထဲထိခိုက်စေတဲ့သတင်းတပုဒ်က လွိုင်ကော်မြို့က အသုဘချဖို့လုပ်နေတဲ့ နေအိမ်တအိမ်က မိသားစုအလိုက် နေအိမ်ကိုစွန့်ခွာပြီး မြို့ကိုစွန့်ခွာရတော့ သင်္ဂြိုဟ်ဖို့ပြင်ဆင်ထားတဲ့ နာရေးရုပ်ကလပ်ပါ သယ်ဆောင်ပြီး တိမ်းရှောင်တဲ့နေရာဘက်မှာ သင်္ဂြိုဟ်ဖို့လုပ်ရတဲ့သတင်းပဲ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ရဲ့ ရပ်ကွက်အချို့မှာ လွန်ခဲ့တဲ့ ၂ ရက်ခန့်ကတည်းက တိုက်ပွဲဖြစ်ပွားတာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၉ ရက်နေ့မှာတော့ မြို့ပေါ်မှာကျန်ရှိနေသေးတဲ့အရပ်သားနေထိုင်သူတွေ ထပ်မံစွန့်ခွာနေကြတာဖြစ်ပါတယ်။ မြို့ရဲ့နာရေး သင်္ဂြိုဟ်မှုစနစ်တွေ ရပ်ဆိုင်းကုန်ပြီး သဂြိုဟ်နေကျ သုဿန်မှာ သင်္ဂြိုဟ်ဖို့မဖြစ်နိုင်တော့တာကြောင့် မြို့ကိုစွန့်ခွာတိမ်းရှောင်ရင်းနဲ့ မိသားစုဝင်ရဲ့ နာရေးသဂြိုဟ်တာကိုပါ လုပ်ရမယ့်သဘောဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် လွိုင်ကော်မြို့အခြေအနေ ကယားပြည်နယ်အခြေအနေကို ခန့်မှန်းနိုင်ပါတယ်။ ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို တိမ်းရှောင်သူတွေလည်း အများအပြားရှိနေပြီး တောင်ကြီးနဲ့ လွိုင်ကော်အကြား ဆီဆိုင်မြို့ဘက်ကို တိမ်းရှောင်လာသူအများအပြားလည်း ဆီဆိုင်မြို့မှာ နေရာချထားပေးတဲ့ သတင်းတွေ ဖတ်ရှုနေရပါတယ်။ ဆီဆိုင်နဲ့ လွိုင်ကော်မြို့ဆိုရင် ကားလမ်းနဲ့ တနာရီခွဲ နှစ်နာရီခရီးအကွာအဝေးမှာ ဖြစ်ပါတယ်။ 

ကယားပြည်နယ်အတွင်း နယ်မြို့နယ်တွေ ကေအန်ပီပီ၊ ကေအန်ဒီအက်ဖ် နဲ့ ကလလတစတဲ့ လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေ နယ်တွေဘက်ကို တိမ်းရှောင်ကြတဲ့သူတွေလည်း အရေအတွက် သောင်းဂဏန်း သိန်းဂဏန်းရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကယားပြည်နယ်ဟာ စစ်ရေးအရသာမက ကားလမ်းတွေ ပိတ်ဆို့ထားသလိုဖြစ်နေပြီး ရိက္ခာ၊ လူသုံးကုန်ရှားပါးလာတာကြောင့် ထိုင်းနယ်စပ်နဲ့ ကပ်နေတဲ့ဒေသတွေဘက်ကို တိမ်းရှောင်သွားသူတွေလည်း အများအပြားရှိတာ သတင်းတွေထဲ ဖတ်ရှုလို့သိရပါတယ်။ 

ဆယ်စုနှစ်များစွာအတွင်း ကယားပြည်နယ်ရဲ့ စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခဟာ အရှိန်အမြင့်ဆုံး အနေ အထားရောက်လာနေပြီး အခုပဋိပက္ခကနေ နိုင်ငံရေးရည်မှန်းချက် အကျိုးရလဒ်ရရှိဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ဖြစ်ပွားတဲ့ စစ်ပွဲတွေရဲ့ဦးတည်ချက်ဟာ နိုင်ငံရေးရည်မှန်းချက်ရှိကြတာဖြစ်ပြီး ရည် မှန်းချက်ကိုရောက်နိုင်ဖို့ တိုက်ပွဲတွေတိုက်ခိုက်ကြရာမှာ အရင်းအနှီးဖြစ်တဲ့အရပ်သားတွေရဲ့ အသက်အန္တရာယ်၊ ဒေသရဲ့ စီးပွားရေး၊ ဆုံးရှုံးသွားနိုင်တဲ့ သူတို့ရဲ့နေအိမ်တွေ ပိုင်ဆိုင်မှုတွေစတေးခံကြရတဲ့သဘောလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးဦးဆောင်သူတွေ စစ်ရေးကို ဦးဆောင်သူတွေ အနေနဲ့ ဒီအချက်အလက်တွေပေါ်မူတည်ပြီး ရည်မှန်း ချက်၊ တွက်ချက်မှု၊ အထိအခိုက်တတ်နိုင်သလောက် လျော့ချဖို့စတဲ့ အချက်အလက်တွေအပေါ်မူတည်ကာ မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်ကြရပါလိမ့်မယ်။ အဖြစ်အပျက်တွေအတွင်းမှာလည်း နေ့ရက်တိုင်း သီတင်းပတ်တိုင်း ပြန်သုံးသပ်ကာ ကျင့်သုံးနေတဲ့ဗျူဟာကို ပြန်သုံးသပ်ကြပြီး ပြင်ဆင်ဖို့လိုအပ်ရင် ပြင်ဆင်ကြဖို့လိုအပ်ပါလိမ့်မယ်။ 

စစ်အာဏာသိမ်းမှု စတင်ကတည်းက ပထမဆုံးပြည်နယ်မြို့တော်တခုမှာ ဖြစ်ပွားတဲ့ စစ်ရေးရင်ဆိုင်မှု တိုက် ခိုက်မှုဟာ စစ်ကောင်စီအစိုးရဟာ နိုင်ငံကို ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုတာကို သက်သေပြသလို ဖြစ်တယ်ဆိုတဲ့ ရှုထောင့်ကကြည့်ရင် စစ်အာဏာရှင်ဖြုတ်ချရေးအင်အားစုတွေဘက်က အင်အားကြီးမားကြောင်း အချက်တရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။ တဖက်မှာလည်း စစ်ရေးရည်မှန်းချက် အောင်မြင်ဖို့ နိုင်ငံရေးအရ ပြန်သုံးသပ်မှုတွေလည်း အခါမလပ်လုပ်ဆောင်သင့်ပြီး လူထု အထိအခိုက်နည်းအောင် အခြေအနေအောက်မှာ အရပ်သားတွေ စစ်ဘေးရှောင်တွေကို ကာကွယ်ပေးနိုင်ဖို့လည်း တာဝန်ရှိတယ်ဆိုတာ သတိချပ်သင့်ပါကြောင်းနှိုးဆော်လိုပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar