ညိုထက်ညို - ကျွန်တော့်နာမည် အဖေမရှိ
တကယ်က ကျွန်တော်နဲ့ စာလုံးပေါင်း ‘သတ်ပုံ’ ရဲ့ ဇာတ်လမ်းကို ပြန်လှန်ရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံး nလေးဆယ်ကို ပြန်သွားရမယ် ထင်တယ်။
အသက် ဆယ်နှစ်သားလောက်မှာ အဖေ့ စာအုပ်ပုံကြီးထဲက ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်းကို ဖတ်မိတော့ စိတ်ထဲမှာ ကျွန်တော် စွဲနေတဲ့ အစိတ်အပိုင်းကလေးတွေ အများကြီး ရှိတယ်။
အဲဒီအစိတ်အပိုင်းကလေးတွေထဲက တစ်ခုက ဆရာကြီး သူရိယသတင်းစာတိုက်မှာ ထင်တယ်၊ အယ်ဒီတာ လုပ်နေတုန်း အဲဒီတုန်းက မ‘မှိုင်း’သေးတဲ့ ဆရာလွန်း ခေါ် နောင် သခင်ကိုယ်တော်မှိုင်းကြီးက ဆရာကြီး ရေးတဲ့ စာတွေကို သတ်ပုံပြင်ပေးနေရင်း ဆရာကြီးကို သတိပေးသလိုလို ပြောတဲ့ ‘စာရေးဆရာ လုပ်မယ်ကြံပြီး စာလုံးပေါင်းသတ်ပုံကိုမှ မှန်အောင် မပေါင်းနိုင်ရင် ရှက်စရာကြီးပဲ’ ဆိုတဲ့ စကားလေး ဖြစ်နေတယ်။
ဆရာကြီး ရွှေဥဒေါင်းရဲ့ အဆိုအရတော့ အဲဒီကတည်းက သူလည်း သတ်ပုံမှန်အောင် ဂရုစိုက်ဖို့ အလေ့အကျင့် လုပ်ခဲ့ရပါသတဲ့။
အဲဒီတုန်းက ကျွန်တော့်မှာ နောင်မှာ စာရေးဆရာ လုပ်မယ် ဘာညာ ဘာမှ စိတ်ကူးမရှိသေးပေမဲ့ အဲဒီမှိုင်းကြီး ပြောတာ ဖတ်ရပြီးကတည်းက ကျွန်တော် သတ်ပုံ မှန်လာလိုက်တာ နောက် လေး ငါးနှစ် အကြာ လွစ်စလမ်းက ဆရာဦးသိန်းနိုင်ရဲ့ မြန်မာစာ ကျူရှင်မှာ စာလုံးပေါင်းသတ်ပုံစစ်တဲ့ စာမေးပွဲလုပ်တိုင်း၊ စာစီစာကုံးပြိုင်ပွဲလုပ်တိုင်း အမြဲတမ်း ပထမ ရတဲ့သူဟာ ကျွန်တော် ဖြစ်လာတယ်။
တကယ်က ရိုးရိုးလေးပါပဲ။ စာဖတ်နာတဲ့သူမှန်သမျှဟာ စာလုံးပေါင်းအမှန်တွေကို အမြဲ တွေ့တွေ့နေရလို့ သတ်ပုံ မှန်တဲ့သူတွေ ဖြစ်လာရတာပါပဲ။
ခုထိကို အိမ်မှာ ဦးသိန်းနိုင်ဆီက ရခဲ့တဲ့ဆု ဖြစ်တဲ့ အစိမ်းရောင် ‘မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း’ စာအုပ် ကလေး တွေ လေး ငါးအုပ် ရှိနေသေးတယ်။
နောက်ထပ် သတ်ပုံနဲ့ ပတ်သက်လို့ အလေးဂရုပြုသူကတော့ မြန်မာစာပေ ဆရာကြီး ဦးဖေမောင်တင်ကိုယ်တိုင် ဖြစ်နေတယ်။
ဖြည်းညင်း လို့ ရေးမှ မှန်တယ်။ တစ်ခါသားမှာ ဘတ်စကား ကိုယ်ထည်ပေါ်မှာ က္ကုစိတာ လို့ ရေးထားလို့ ဆရာကြီးက က္ကုစိတံလို့ အနက်ကောက်ပြီး ဘတ်စကားဆရာ တွေ ပါဠိ ရတယ်ဟ ဆိုပြီး က္ကုစိတာ မဟုတ် က္ကုစိတံ ဖြစ်ရမယ့် အကြောင်း သွားပြောမိမှ ဟိုက 8 Seater ကို မြန်မာလို ပြန်ရေးထားမှန်း သိသွားမှ ရယ်ရပုံတွေနဲ့ ဆရာကြီး သတ်ပုံ ကို ဂရုစိုက်ပုံ ကို ကျွန်တော် မှတ်သားမိခဲ့တယ်။
အဲဒီလိုနဲ့ ကျွန်တော် တောက်လျှောက်ကြီး စာလုံးပေါင်း သတ်ပုံနဲ့ ပတ်သက်လာရင်၊ မြန်မာစာ အရေးအသားနဲ့ ပတ်သက်လာရင် လူပေါ်လူဇော် လုပ်လာခဲ့တာ ဆယ်စုနှစ် တစ်ခုလောက် ကြာတယ်။
အဲဒီမှာပဲ မှတ်မှတ်သားသား သက္ကရာဇ် ၂၀၀၀ တဝိုက်လောက်မှာ ဈေးတွေ၊ ဆိုင်တွေ၊ ကနားတွေနဲ့ ဆိုင်းဘုတ်တွေမှာ ရေးထားတဲ့ စာလုံးပေါင်းသတ်ပုံတွေ သိသိသာသာ မှားမှားလာကြတာ ကျွန်တော် သတိထားမိတယ်။
စာဖတ်သူတို့ မှတ်မိပါလိမ့်မယ်။ အဲဒီတုန်းက ဆရာမောင်သာနိုးက သူ လစဉ် ရေးနေကျ မဟေသီမှာတောင် အဲဒီ သတ်ပုံ မှားတာတွေ အသုံးအနှုန်း မှားတာတွေကို တခုတ်တရ ဆောင်းပါး ရေးရေးပြသေးတယ်။
အဲဒီတဝိုက်လောက်မှာပဲ အောက်မှာ ကျွန်တော် ဆက်ပြောမယ့် သတ်ပုံနဲ့ ပတ်သက်မိတဲ့ မှတ်မှတ်ထင်ထင် ဇာတ်လမ်းကလေး တစ်ပုဒ် ဖြစ်ခဲ့တယ်။
…………………………
အခု ပြန်စဉ်းစားမိတော့ အဲဒီတုန်းက ည ခုနစ်နာရီခွဲ၊ ရှစ်နာရီလောက် ဖြစ်မယ်ထင်တယ်။ ကျွန်တော်က မနေ့ညက ငှားလာတဲ့ စာအုပ်ကို လမ်းလေးဆယ် အလယ်လမ်း က ‘သလ္လာဝတီ’ စာအုပ်ဆိုင်မှာ ပြန်အပ်ဖို့ အိမ်က ထွက်လာရင်း နဲ့ အနော်ရထာလမ်းပေါ် ၃၉ လမ်းထိပ်နားက ‘စိန်နဂါး’ လက်ဖက်သုပ်ဆိုင်ရှေ့ကို ရောက်လာတယ်။
တကယ်က ‘စိန်နဂါး’ ဆိုရင် ကျွန်တော်တို့ ကလေးသာသာလောက်ကတည်းက လက်ဖက်သုပ် တစ်မျိုးတည်းကို အားပြုရောင်းတဲ့ လက်ဖက်သုပ်ဆိုင်ကလေးအဖြစ် ကျောက်တံတားက လူတွေတင်မက မြို့ထဲတဝိုက် နှံ့တဲ့ သူ အတော်များများလောက်ကို သိပါတယ်။
ကျွန်တော် ဆိုင်ရှေ့ ဖြတ်လာတော့ ပလက်ဖောင်းအစပ် ဗာဒံပင်ကြီးအောက်နားလောက်မှာ ခင်းထားတဲ့ စားပွဲဝိုင်းလေးတွေရှေ့မှာ လက်ဖက်သုပ်နဲ့ ထမင်းဖြူကို ထိုင်ပြီး စားတဲ့သူတွေ စားနေတယ်။
အဲဒီမှာပဲ ကျွန်တော်ကလည်း အမှတ်မထင် ဆိုင်မျက်နှာစာမှာ ဆွဲထားတဲ့ ပလတ်စတစ် အဖြူပြားကြီးပေါ်မှာ ရေးထားတဲ့ ဆိုင်မှာ ရနိုင်တဲ့ အသုပ်တွေကို သွားပြီး ဖတ်မိတယ်။
ဘာတဲ့… လက်ဖက်သုတ်တဲ့၊ ချင်းသုတ်တဲ့၊ ဆေးဘဲဥသုတ်တဲ့ ဟိုအသုတ် ဒီအသုတ် တဲ့ ... လားလား ရှိရှိသမျှ အသုပ် အားလုံးကို ပစောက်နဲ့ မသတ်ဘဲ တဝမ်းပူနဲ့ သတ်ထားတာကို အဲဒီနေ့ကမှ အမှတ်မထင် သွားတွေ့တယ်။
အို…. ဒီလိုတော့ ဘယ်ရမလဲ …. ကျွန်တော်ကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီး ဦးဖေမောင်တင် တို့ရဲ့ အန္တေဝါသိက တပည့်ကြီး တစ်ယောက်ပေကပဲ။
အဲဒီမှာပဲ ပြန်အပ်ဖို့ ယူလာတဲ့ စာအုပ်ကို ချိုင်းကြားညှပ်ရင်း အကြော်စုံ ထည့်ထားတဲ့ ဖန်ဘူးကြီးတွေ လက်ဖက်ဘူးကြီးတွေရဲ့ နောက်မှာ ထိုင်နေတဲ့ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် အပျို မပေါက်တပေါက် ကောင်မလေး တစ်ယောက် ရှေ့ကို ရောက်သွားပြီး သတ်ပုံစာရင်းကို ဝင်ရှင်းတယ်။
လက်ဖက်ပဲ သုပ်သုပ်၊ ချင်းပဲ သုပ်သုပ်၊ ကြိုက်တာသုပ် ပစောက်နဲ့သာ သတ်ပြီး သုပ်ရမယ့် အကြောင်းနဲ့တကွ ဆေးသုတ်တာတို့၊ အလစ်သုတ်တာတို့၊ သွားသုတ်သုတ်၊ လာသုတ်သုတ် အစရှိတာတို့မှာသာ တဝမ်းပူနဲ့ သတ်ရတဲ့ အကြောင်းတွေ၊ ‘ဂျင်း’ မဟုတ် ‘ချင်း’ ဖြစ်ရမယ့် ပုံတွေ ရေးတော့အမှန်၊ ဖတ်တော့အသံ စတာတွေကို ကောင်မလေး ကို တနံတလျား ဝင်ရှင်းတယ်။
အဲဒီမှာပဲ ကောင်မလေး မျက်လုံးပြူးလေးနဲ့ ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေတယ်။
ခဏနေတော့ ‘ဘာလာကြောင်နေတာလဲ’ ဆိုပြီး ကျွန်တော့်ကို ပြန်ပြောပြီး တစ်ဖက်ကို လှည့်သွားတယ်။
အဲဒီတော့မှ ကျွန်တော်လည်း ‘ကျွဲပါးစောင်းတီး’သလို ဖြစ်ပြီဆိုတာ သဘောပေါက်သွားပြီး စိန်နဂါး ရှေ့က ခပ်သုတ်သုတ်နဲ့ ရှေ့ကို ပြန်ထွက်ခဲ့ရတယ်။
နောက် နှစ်ရက်၊ သုံးရက် နေတော့ စိန်နဂါး ဘေးနားက လှေကားရင်း နားမှာ ကွမ်းယာရောင်းတဲ့ နှုတ်ခမ်းမွေး ကောင်းကောင်းနဲ့ ဘောလိဝုဒ်ကားတွေမှာ ဇာတ်ပို့ကောင်းကောင်း လုပ်လို့ရတဲ့ ဘဲကြီးဆီက ကျွန်တော် ညဘက် အပြန် သူ့ဆိုင်ရှေ့က အဖြတ်မှာ နှုတ်ဆက်ရင်းနဲ့ ပြန်ကြားရပါတယ်။
ကျွန်တော့်ကို ‘ဘယ်က အရူး ဘာတွေ လာပြောသွားလဲ မသိဘူး’ တဲ့ ….
ကောင်မလေးရဲ့ မှတ်ချက်ကလေးက ‘သင်း’ ပါတယ်…..
အဲဒီတုန်းက ကျွန်တော် အသက်အစိတ်လောက်တော့ ရှိပြီ ထင်ပါတယ်။
…………………………..
တစ်နေ့က ညဘက် ထမင်းစားဖို့ ဘာဟင်းမှ မရှိတာနဲ့ လက်ဖက်သုပ်ကလေး၊ ဆေးဘဲဥသုပ်ကလေး ဝယ်ပြီး စားဖို့ ကျွန်တော် ‘စိန်နဂါး’ ကို ရောက်သွားတယ်။
ဆိုင်ရှေ့နား ကို ရောက်လို့ ကျွန်တော် ဆိုင်ထဲကို လှမ်းကြည့်မိလိုက်တော့ ထုံးစံအတိုင်း ရိုးမြေကျ အကြော်စုံ ဖန်ဘူးကြီးတွေနောက်မှာ တိုးလို့တွဲလောင်းကျနေတဲ့ ချိတ်ထားတဲ့ လက်ဖက်ထုပ်တွေ၊ ဟိုအထုပ် ဒီအထုပ်တွေကြားထဲက ထိုင်နေတဲ့ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်လောက်ပဲ ရှိဦးမယ့် ကောင်မလေး တစ်ယောက်ကို မြင်နေရတယ်။
အဲဒီမှာပဲ ကျွန်တော် ဆိုင်အဝနားလောက်မှာ ရေးထားတဲ့ ဆိုင်မှာ ရနိုင်တဲ့ အသုပ်တွေ စာရင်းကို လှမ်းဖတ်လိုက်မိတယ်။
ဘုရား ဘုရား ... ဟိုတုန်းက အတိုင်းပါပဲလား။ လက်ဖက်သုတ် တဲ့၊ ဂျင်းသုတ်တဲ့၊ ဆေးဘဲဥသုတ် တဲ့ အကုန်လုံး ဟိုးတုန်းကလို စာလုံးတွေ မှားပြီး ပေါင်းထားတယ်။
ဘုရား ဘုရား အချိန်တွေမှ ပျံသွားလား မှတ်ရတယ်။ တကယ်တော့ အနှစ်နှစ်ဆယ်တောင် ကြာခဲ့ရပြီပဲ။
ဒါပေမဲ့လည်း ၂၀၁၃ နှောင်းပိုင်းလောက်မှာ အနော်ရထာလမ်းပေါ်မှာ ကားတွေ ပါကင်ထိုးဖို့အတွက် ဖဲ့ခံ ရွဲ့ခံလိုက်ရတဲ့ ပလက်ဖောင်းကြီးကလွဲလို့ ကျန်တာအားလုံး အရင်အတိုင်းပဲ။
ဟိုတုန်းကလို မဟုတ်ဘဲ ပဲ့ရွဲ့နေတဲ့ အုတ်ထိုင်ခုံ ပတ်လည်ကလေးက လွဲလို့ ဗာဒံပင်ကြီးလည်း အရင်အတိုင်းပဲ။ ဟိုရှေ့မှာ ကွမ်းယာယာနေတဲ့ တီရှပ်အဖြူလက်ပြတ် ဝတ်ထားတဲ့ နှုတ်ခမ်းမွေးကောင်းကောင်းနဲ့ ဘိုင်ကြီးလည်း အရင်အတိုင်းပဲ။ တလောကတောင် သူ့ရှေ့ ဖြတ်သွားရင်း စကားပြောမိတော့ ကျွန်တော့်ကို ကောင်းကောင်း မှတ်မိတယ်။ ဟိုအရင်က သူ့ဆိုင်ရှေ့က ညဘက် ညဘက် ဆယ်နာရီလောက်ဆို စာအုပ် ချိုင်းကြားညှပ်ပြီး ဖြတ်ဖြတ်သွားတတ်တဲ့ ၃၇ လမ်းထဲကတဲ့။ တစ်ပိုင်းတစ်စ ဘဲကြီးရဲ့ ပြန်ပြောင်းအောက်မေ့ချက်တွေထဲမှာ ဖြတ်ပြီး ကျွန်တော် မေးကြည့်တော့ အဲဒီတုန်းက ကလေး ခုနစ်ယောက်၊ ရှစ်ယောက် ရှိတဲ့ သားတစ်ရာတို့၏ ဖခင် ဘဲကြီးက အခုဆို မြေးတစ်ဖျာ မက ရနေပါပြီတဲ့။ နေတာတော့ အရင်အတိုင်း စိန်နဂါး ရှိရာ တိုက်တန်းလျားကြီးရဲ့ သုံးထပ်မှာပါပဲတဲ့။ ဘိုင်ကြီးကို လှမ်းကြည့်နေရင်း အရင်က စားပွဲဝိုင်းကလေးတွေနဲ့ ခွေးခြေပုကလေးတွေ ချထားတဲ့ နေရာမှာ ကားတွေ ပါကင်ထိုးထားတာက လွဲလို့ အရာအားလုံး အရင်အတိုင်းပဲ။
ဟိုးရှေ့မှာ လှမ်းမြင်နေရတဲ့ ပိတ်ထားတဲ့ ‘ပိုးစန်’ ရွှေဆိုင်လည်း အရင်အတိုင်းပဲ။
ပြောရမယ်ဆို ကျောက်တံတားက ဆယ်စုနှစ် တစ်ခုစာလောက် ပျောက်သွားပြီး ပြန်ပေါ်လာတဲ့ ကျောက်တံတားရဲ့ သိုးမည်းတစ်ကောင်ကလွဲလို့ အရာအားလုံး အရင်အတိုင်းပဲ။
ကျွန်တော် လှမ်းမြင်နေရတဲ့ ဆိုင်ဝမှာထိုင်နေတဲ့ အခုခေတ်ရဲ့ နာမည်ကျော် Gen Z လို့ ပြောလို့ရတဲ့ Generation Z ရဲ့ အလယ်ပိုင်းမျိုးဆက် ကောင်မလေးကလည်း လက်ထဲက ဖုန်းလေးကို ပွတ်နေတာက လွဲလို့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ကျွန်တော် တွေ့ခဲ့ရတဲ့ Gen Y ကောင်မလေးအတိုင်း အရင်အတိုင်းပဲ။
များသောအားဖြင့်တော့ Gen Z တွေဟာ ကျွန်တော့်လို Gen X တွေရဲ့ သားသမီးတွေပါတဲ့။
ဘုရား ဘုရား … အခု မြင်နေရတဲ့ ကောင်မလေးဟာ တကယ်တော့ ကျွန်တော့်သမီး အရွယ်၊ တူမအရွယ်ကလေးပဲ။
တကယ်က ငယ်ငယ်တုန်းကလိုပဲ အခုလည်း စာလုံးပေါင်း မှားနေတဲ့ ‘သုတ်’ တွေကို ‘သုပ်’ လို့ ပြင်ပေးချင်ပေမယ့် စာလုံးပေါင်းတွေ အကြီးအကျယ် မှားတတ်ကြတဲ့ ဒီဘက်ခေတ်ရဲ့ Generation Z ကောင်မလေးကို အဖေအရွယ် ဦးလေးအရွယ် ဘဝနဲ့ စာလုံးပေါင်း သွားပြင်ပေးဖို့ အခြေအနေမပေးတော့မှန်း ကျွန်တော် ကောင်းကောင်း သိပါတယ်။
တော်ကြာ ကြီးတောင့်ကြီးမားကျမှ နောက်တစ်ခါ ထပ်ပြီး အရူး အထင်ခံနေရဦးမယ်။
အဲဒီမှာပဲ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆုံးသွားတဲ့ အဖေ့ကို ကျွန်တော် ဖျတ်ခနဲ သတိရလာတယ်။
အဖေသာ အခု ရှိနေသေးရင် အသက် ရှစ်ဆယ်တောင် ပြည့်ပြီပဲ။
တကယ်လို့ အဖေသာ အခုနေများ ကျွန်တော့်ဘေးမှာ ဘွားခနဲ ပြန်ပေါ်လာခဲ့ရင် ကျွန်တော့်ကို သူ နောက်ဆုံး ဖုန်းထဲက ပြောသွားတဲ့ ‘သား အိမ်ထောင်ပြုဖြစ်အောင် ပြုနော်’ ဆိုတဲ့ စကားနဲ့ ဆက်စပ်ပြီး
‘သား အိမ်ထောင် ပြုပြီးပြီလားဟင်’ လို့ စိုးရိမ်တဲ့ လေသံနဲ့ မေးလိမ့်မယ် ထင်တယ်။
ကြည့်ရတာတော့ မြန်မာလိုကော အင်္ဂလိပ်လိုပါ စာလုံးတွေကို သတ်ပုံမှန်အောင် ပေါင်းနိုင်ခဲ့တဲ့ ကျွန်တော့်ဘဝမှာ နှလုံးသားရေးရာမှာတော့ ယူပစ်ရလောက်အောင်ကို စာလုံးပေါင်း သတ်ပုံ မှားခဲ့ရတယ် ထင်တယ်။
တကယ်လို့များ အဖေများ ခုနေ ဖျတ်ခနဲ ဘေးမှာ ပေါ်လာပြီး မေးလာခဲ့ရင် ကျွန်တော် ဘယ်လို ပြန်ဖြေရမယ် မသိ ဖြစ်နေမယ်လို့ ထင်မိတယ်….
တကယ်ပဲ ကျွန်တော့်မှာ အဖေ့ကို ဖြေစရာ အဖြေမရှိ။
ကျွန်တော့်နာမည် အဖေမရှိ ။ ။
ညိုထက်ညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar