မျိုးသန့်ထွန်း(စစ်ကိုင်း) - ဦးနု စာစုစာရင်းနဲ့ ကျနော် ( ၂ )
မျိုးသန့်ထွန်း(စစ်ကိုင်း) - ဦးနု စာစုစာရင်းနဲ့ ကျနော် ( ၂ )
(မိုးမခ) မတ် ၃၊ ၂၀၂၂
စာစုစာရင်းမှာ ဘီလူးစည်း လူ့စည်းဆိုတာ ရှိတယ်။ ပညာရှင်ရော အရပ်သားရော အကျိုးရှိဖို့ လိုပါတယ်။ ပြည်သူလူထု လေ့လာဖတ်ရှုဖို့လည်း လိုပါတယ်။ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ဝါးလုံးခေါင်းထဲ 'လ' သာတာမျိုး မဖြစ်ရဘူးပေါ့။
အမှန်တကယ် ဒေါက်တာသန်းထွန်း ကြိုက်တဲ့ စာစုစာရင်းမျိုး ဖြစ်ရပါမယ်။ ဒေါက်တာသန်းထွန်းက "ငါ့စာစုစာရင်းကို လုပ်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ငါ သိပ်သဘောမကျဘူး၊ ငါက ငါ့စာတွေကို ဖတ်ပြီး ကောင်းတယ်၊ မကောင်းဘူး၊ အသုံးတည့်တယ်၊ မတည့်ဘူး၊ အောက်က ဝေဖန်ချက်၊အကဲဖြတ်ချက် သုံးလေးငါးကြောင်းလောက်ပါစေချင်တယ်" လို့ ပြောပါတယ်။
သိပ်ကောင်းတယ်။ အသိနောက်ကျသွားတယ်။ ဝန်ခံပါတယ်။ ကျနော့် ဦးနုစာစုစာရင်းမှာ ဦးနုစာတွေကို ဝေဖန်၊အကဲဖြတ်တာ မပါခဲ့ဘူး။ ဦးနု စာစုစာရင်းကို ဒေါက်တာသန်းထွန်း ကြိုက်တဲ့စာစုစာရင်းမျိုး ဖြစ်အောင်ကြိုးစားပါမယ်။ ဒေါက်တာသန်းထွန်းဟာ လန်ဒန်တက္ကသိုလ်က ပီချ်အိပ်ဒီ ဒေါက်တာဘွဲ့ ရရှိလာသူ ဖြစ်တယ်။ဆရာလည်း သူ့စာစုစာရင်းကို သူကိုယ်တိုင် ပြုစုထားတယ်လို့ သိတယ်။ ဒေါက်တာသန်းထွန်းစာစုစာရင်း (၁၉၄၈-၁၉၉၇) ထိကို မောင်ဘုန်းကျော်က ၂၀၀၃ မှာ လုပ်ပါတယ်။
စာစုစာရင်းဆိုတာ စာကြည့်တိုက်ပညာနဲ့လည်း ပတ်သက်ပါတယ်။ လွယ်လွယ်ပြောကြရင် စာရေးဆရာတစ်ဦးကနေ သူကိုယ်တိုင် ရေးသားတဲ့ ပုံနှိပ်ထားပြီး စာများရော ထိုစာရေးဆရာကို ဝေဖန်၊ ချီးမြှောက်တဲ့ စာအားလုံးကို စာကြည့်တိုက်တွေ သွားရှာဖွေစုဆောင်း ကောက်သင်းကောက်ကာ စနစ်တကျ စုစည်းပေးထားခြင်းပါပဲ။
ဥပမာ- ဦးနုစာစုစာရင်းတို့၊ ရွှေဥဒေါင်းစာစုတို့၊ ဗန်မော်တင်အောင် စာစုစာရင်း၊ မြသန်းတင့်စာစုစာရင်း စတဲ့ စာရေးဆရာ စာစုစာရင်းတွေ "စာရေးဆရာစာစုစာရင်း"ကို Author Bibliography လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ နိုင်ငံတကာမှာ "စာစာစုစာရင်း"တွေ အထွတ်အထိပ်ပေါ့။ ဗမာပြည်မှာတော့ စာကြည့်တိုက်အထဲမှာ သိုလှောင်ထားနေဆဲပါတယ်။ ဝမ်းနည်းစရာပေါ့။ ဦးနု စာစုစာရင်း ဆက်ပါမယ်။
ဦးနုစာစုအတွက် ဦးနုစာတွေကို ရှာပုံတော် ဖွင့်ရပါတယ်။ စာကြည့်တိုက်အမျိုးစုံ သွားရတယ်။ ဦးနုရဲ့အိမ်ကို အမြန်ပြေးရပါတယ်။ အလုပ်လုပ်ချိန်က ၆ လပါ။ တကယ်တမ်း ဘွဲ့စာတမ်းအတွက် မလောက်ငဖြစ်တတ်တယ်။ဦးနု စာစုစာရင်းအတွက် စာရေးသူ ဦးနု သက်ရှိထင်ရှားရှိနေသေး ကျနော်အတွက် အတိုင်းအထက်အလွန်ပေါ့ဗျာ! မတတ်နိုင်ဘူး။ ဦးနုရဲ့သမီးကြီး ဒေါ်စန်းစန်းနု(အန်တီစန်း) ရှိနေတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အန်တီစန်းက စာပေဝါသနာပါတယ်။ သူ့အဖေစာအုပ်တွေ စနစ်တကျ စုဆောင်းထားတယ်။ ဒါတောင် သူ့အမျိုးသား ဗိုလ်မှူးသက်တင်က လမ်းဘေးစာအုပ်ဆိုင်တွေက ဝယ်လာလို့ ရှိတာတဲ့။
ဦးနု ကိုယ်ပိုင်စာအုပ်စဥ်ကတော့ ရန်သူမျိုးငါးပါးအပြင် ခြ၊ ပိုးမွှားတို့ နှိပ်စက်တဲ့ဒဏ် ခံခဲ့ရရှာတယ်။
အထူးသဖြင့် ဦးနုရဲ့ တန်ဖိုးရှိစာတွေကို ရန်သူမျိုးငါးပါးအထဲက "မင်း"က အဆိုးဆုံးပါပဲလို့ အန်တီစန်းက ပြောပြပါတယ်။ အင်မတန်ဝမ်းနည်းစရာကောင်းတာတစ်ခု ရှိတယ်။ အန်တီစန်း အနှစ်နှစ်အလလက စုဆောင်းသိမ်းဆည်းထားတဲ့ သားရေသေတ္တာအထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးနု အင်္ဂလိပ်လို အပြန်အလှန်ရေးတဲ့စာတွေ၊ သခင်သန်းထွန်းနဲ့ ရေးတဲ့စာ၊ ကျောင်းအုပ်ကြီးမစ္စတာစလော့ ရေးတဲ့ စာတွေ ဒါပြင် ဦးနုမှတ်တမ်းတွေ စတဲ့ အဖိုးတန်ရတနာအားလုံး ခြစားနှိပ်စက်လို့ နိစ္စရောက်ခဲ့သွားရရှာပြီးလို့ အန်တီစန်းက ပြောပါတယ်။
ကျန်ရစ်နေသေးတဲ့ ဦးနု ရေးသမျှ စာအုပ်တွေကို ရရှိခဲ့တယ်။ ထိုစာအုပ်တွေ အန်တီစန်းဆီက စာအုပ် ငှားစာရင်းလုပ်ပြီး အိမ်ကို သယ်လာခဲ့ပါတယ်။ အိမ်မှာ ဦးနု စာအုပ်တွေ ဖတ်ရတယ်။ မှတ်ချက်ရေးရတယ်။ မှတ်စုထုတ်ရတယ်။ လိုအပ်ရင်မိတ္တူဆွဲရတယ်။
ဦးနု စာစုစာရင်းအတွက် ဦးနုရေးတဲ့ ကဗျာ-တေးထပ်၊ ပြဇာတ်၊ ဆောင်းပါး၊ စာတမ်း၊ စာအုပ်တွေကို စီရီစုစည်း စာရင်းပြုစုရပါတယ်။
နောက်အပိုင်း (၃) မှာ စာကြည့်တိုက်တွေသွားပြီး ဦးနုရဲ့စာတွေ ရှာဖွေရေးလုပ်ပုံကို စောင့်မျှော်ကြပါ။ စာဖတ်သူအပေါင်း ကျေးဇူးတင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar