ကိုသန်းလွင် - ဟိုချီမင်းပြတိုက်
ကိုသန်းလွင် - ဟိုချီမင်းပြတိုက်
(မိုးမခ) မေ ၇၊ ၂၀၂၂
( ၁ )
ကျွန်တော်တို့ လေယာဉ် ဟနွိုင်းလေဆိပ်ကို ဆင်းသက်ချိန်မှာ ညနေစောင်းနေပါပြီ။ လေယာဉ်မှ ကြေညာချက်ထွက်ပေါ်လာပါသည်။ “ကျွန်တော်တို့ လေယာဉ် ဟနွိုင်းလေဆိပ်ကို ဆင်းပါတော့မယ်။ ကျွန်တော်တို့ ဗီယက်နမ်ဟာ နယ်ချဲ့တွေကို နှစ်ပေါင်း ၂,၀၀၀ ကျော်ကြာအောင်တွန်းလှန်ခဲ့ပါတယ်။ နောက်ဆုံး ပြင်သစ်၊ ဂျပန်နှင့် အမေရိကန်တို့ကို ကျွန်တော်တို့ ပြည်မှ မောင်းထုတ်နိုင်ခဲ့ပါတယ်။ စစ်ဖြစ်လိုက်ရင် ကျွန်တော်တို့ နိုင်တာချည်းပဲ။ အခုတော့ ဈေးကွက်စီးပွားရေးစနစ်အရ မြင်သာတဲ့ နည်းများနှင့် ရှေ့ကိုချီတက်နေပါတယ်။ ဧည့်သည်တော်ကြီးများ ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်” ဟု ဆိုသည်။ ကျွန်တော်တို့အဖွဲ့သည် ပင်ဒဲမစ်ဖြစ်ပြီး ပြန်ဖွင့်ချိန် အစောဦးဆုံး ရောက်သွားသည့် နိုင်ငံခြားသားများ ဖြစ်မည် ထင်ပါသည်။ တိုက်ပွဲခေါ်သံများဖြင့်ပြည့်နေသော ကြေညာသံမှာ အမှတ်တရရှိလှပါသည်။
( ၂ )
ကျွန်တော်တို့သည် ဟလျောင်း (Ha Long) ခေါ် ပင်လယ်အော်ကမ်းခြေရှိရာ၊ ကျွန်းဆွယ်အားကစားပြိုင်ပွဲကျင်းပရာ ရီဆော့သို့ ရောက်သွားကြပါသည်။ ရီဆော့မှအပြန် ဟနွိုင်းမြို့တော်သို့လာသည်။ ဟနွိုင်းမှာ ကြည့်စရာ များများစားစား မရှိ။ ဟိုချီမင်းပြတိုက်သို့ ကျွန်တော်တို့ ရောက်ရှိသွားပါသည်။
ကျွန်တော်တို့ ရောက်သွားသည်မှာ နေ့လယ် ၁၁ နာရီဆိုတော့ ဟိုချီမင်း၏ အာဇာနည်ဗိမာန်မှာ ပိတ်သွားပါပြီ။ မနက်ဖြန် သောကြာနေ့ ဆိုတော့လည်း ပိတ်သည်။ ဟိုချီမင်း ပြတိုက်နှင့်သာ ကျေနပ်ရတော့သည်။ ဗီယက်နမ်ပြည်သူများမှာ အင်္ဂလိပ်စာကို သင်မထားကြပါ။ တက္ကစီ ဒရိုင်ဘာကို ဖွင့်ထားသော မြူးဇစ်က အသံဆူလွန်းလှသဖြင့် တိုးတိုးဖွင့်ရန်ပြောရာ စကားက တိုးမပေါက်နိုင်။ အာဇာနည်ဗိမာန်ကို ဝင်ဖို့ ကြိုးစားကြတုန်းကလည်း အစောင့်ရဲသားက ပြောနေသည်မှာ ဘာပြောပြော မဟုတ်ဘူးဆိုပြီး ငြင်းနေသည်။ လက်ဖက်ရည်ဆိုင်မှာ တရုတ်လိုလို မိန်းကလေးကိုတွေ့ရာ အာဇာနည်ဗိမာန် ပိတ်သွားပြီဖြစ်ကြောင်း၊ ပြတိုက်ကတော့ ၁၁ နာရီမှာဖွင့်ကြောင်း သိရသည်။ ဗီယက်နမ်သည် စပါးနှင့် ကော်ဖီကို အဓိကစိုက်ပျိုးသည်။ ၂၀၂၁ ခုနှစ်က စပါး တန်ချိန်သန်းပေါင်း ၄၃ ဒသမ ၈ တန်ကို နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့သည်။ ကော်ဖီမှာ မက်ထရစ်တန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့သည် သူတို့ ကော်ဖီမှာ ရေခဲများ စိမ်ထားသော ရေ လက် ၂ လုံးခန့် ထည့်ထားသော ကော်ဖီစစ်စစ်ဖြစ်သည်။ သောက်ကြည့်တော့ ခါးလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။
ဟနွိုင်းမြို့တော်မှာ ဆိုင်ကယ်မြို့တော်ဖြစ်ပါသည်။ မီးစိမ်းလိုက်လျှင် ဆိုင်ကယ်တွေ တသီတတန်းကြီး ထွက်လာသည်။ ဆိုင်ကယ်ပြီးမှ ကားတွေ မောင်းရသည်။ လမ်းဟောင်းတွေကြားမှာ မြို့တော်သွားရာ လမ်းကြောကို မြှင့်ထားလေသည်။ ထို ဟိုက်ဝေးလမ်းကြီးအောက်မှာ ဖောက်ထားသော လမ်းဟောင်းတွေရှိရာ ဟိုက်ဝေးပေါ် မှကားကို တဟုန်ထိုးမောင်းနေသလို လမ်းအောက်မှာလည်း ဘက်ပေါင်းစုံ သွားလာနေကြသည်။
ဟိုချီမင်း ပြတိုက်မှာ မြေပြင်မှ ထွက်ပေါ်နေသော ကြာဖူးသဏ္ဌာန်အဆောက်အအုံ ဖြစ်ပါသည်။ အထဲမှာ အထပ် ၅ ထပ် ၆ ထပ် ရှိသော်လည်း အပြင်မှကြည့်သော် မသိနိုင်ပါ။ အထဲမှာ အခန်းတွေဖွဲ့၊ ဝရန်တာတွေနှင့် အခိုင်အခံ့ဆောက်ထားပြီး နေရာတိုင်းမှာ ဟိုချီမင်း၏ ဘဝတလျှောက် မြင်ကွင်းတွေကို ပြထားပါသည်။ သူ သုံး ဆောင်ခဲ့သော ပစ္စည်းများ၊ သူ ရေးခဲ့သောစာများ စသည်ဖြင့် သူ နေရာထိုင်ရာ အိပ်ရာတို့ကို သူ ရှိနေစဉ်ကအတိုင်း ပြထားပါသည်။
လက်နှိပ်စက်နှင့် ရေးထားသော စာ နှစ်စောင်မှာ သမ္မတ ဝီလဆင်နှင့် တရူးမင်းတို့ဆီသို့ ရေးသော စာများ ဖြစ်ပါသည်။ ဗီယက်နမ်သည် တိုးတက်လာတော့မည့် နိုင်ငံတခုဖြစ်ကြောင်း၊ လိုအပ်သောအကူအညီတွေကို ပေးပါမည့်အကြောင်း စာရေးထားသည်။ ထိုစဉ်က သံတမန် ဆက်သွယ်ရေးစနစ်အကြောင်းကို ကျွန်တော် မသိပါ။ ထိုစာများမှာ သမ္မတ တရူးမင်းလက်ထဲသို့ မရောက်ဟု သိရပါသည်။ အိမ်ဖြူတော် အမှုထမ်းများ၏ လက်ဝယ်၌သာ အဆုံးသတ်ရသည်။ ထို့ကြောင့် အမေရိကန်အကူအညီမပါဘဲ သမိုင်းဖြစ်စဉ်များ ဖြစ်ရသည်။ သူ့အကူအညီ တောင်းခံစာကိုသာ သမ္မတကြီး ဖတ်ရလျှင် သံတမန်ဆက်သွယ်ရေးသာရှိခဲ့လျင် သမိုင်းမှာ ဖြစ်ခဲ့သလို အဖြစ်တွေကို ကြုံချင်မှကြုံကြရပါလိမ့်မည်။
ဟိုချီမင်း၏ ဖခင်သည် တရုတ်ပြည်က ကွန်မြူနစ် အဆုံးအမတို့ဖြင့် ကြီးပြင်းရသော ပတ်ဝန်းကျင်မှာ ကြီး ပြင်းခဲ့ရပါသည်။ သူသည် နိုင်ငံတော်က ကျင်းပသော ဝန်ထမ်းစာမေးပွဲတွေကို ဝင်ဖြေရသည်။ သူနေသော ဗင် (Vinh) မြို့မှ မြို့တော်ဟွေး (Hue) သို့သွားရသည်။ လမ်းပန်းခရီးမှာ တောကြီးမျက်မည်းကို ဖြတ်ကျော်ရပါသည်။ လမ်းလျှောက်သွားရပြီး တစ်လခန့် အချိန်ယူရသည်။ တောလမ်းမှာ ဓားပြနှင့် တိရစ္ဆာန်များရန်ကိုကြောက်ရသဖြင့် အုပ်စုဖွဲ့ကာ သွားရသည်။ သားကိုလက်ဆွဲ၍ ဤလမ်းကို အကြိမ်ကြိမ်သွားရရာ ထိုလမ်းတလျှောက် သားနှင့်ရှေးက အကြောင်း၊ ယုံကြည်ချက်များ သူရဲကောင်း တို့အကြောင်း စသည်ဖြင့် တတွတ်တွတ်ပြောရသည်။ သား၏ခြေမှာ တဖက်မှတိုနေသဖြင့်လမ်းကြာကြာမလျှောက်နိုင်။ သားကိုပုခုံးပေါ်တွင်ချီမရင်းထိုတစ်လကြာသော ခရီးကိုသွားရသည်ဟု ဆိုပါသည်။ သူ့ဖခင် ငုရင်ရှင်ဆက် (Ngnyen Sinh Sac) သည်စာမေးပွဲအောင်သဖြင့် အစိုးရဆောက်ပေးသော နေအိမ်တွေမှာ နေခဲ့ရသည်။
ဟိုချီမင်းကို ဆင်ကမ်း (Nguyen Sinh Cung) အမည်ဖြင့်မေ ၁၉ ရက် ၁၈၉၀ ပြည့်နှစ်တွင် မွေးဖွားသည်။
အချို့သော ခေါင်းဆောင်များသည် ခေါင်းဆောင်များအပြင် အောင်မြင်သော စာရေးဆရာများ ဖြစ်ကြပါသည်။ ဂျူးလိယက်ဆီဇာ၊ နပိုလီယံ၊ ဝင်စတန်ချာချီ၊ မော်စီတုံး စသည်တို့ ဖြစ်ကြပါသည်။ အချို့မှာမူ စာမရေးဘဲ ခေါင်းဆောင်များသက်သက်သာ ဖြစ်ကြပါသည်။ သူတို့သည် လူအများကြီးကို စည်းရုံးပြီး ခေါင်းဆောင်ကြသည်။ ထိုသို့ စည်းရုံးရာတွင် လူချင်းထိတွေ့ပြီး သူတို့က ရေးသောစာများမှာ ခေါင်းဆောင်မှုပေးရာတွင် မပါဝင်ပါ။ မာရှယ်တီးတိုး၊ သမ္မတဂျွန်ဆင်နှင့် ဟိုချီမင်းတို့မှာ ထိုသို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။ ဟိုချီမင်းကို အိုင်ဒီရိုလိုဂျီနှင့်ပတ်သက်၍လည်းကောင်း ဖီလိုဆိုဖီနှင့်ပတ်သတ်၍လည်းကောင်း အဘယ်ကြောင့် စာမရေးပါသနည်းဟု အင်တာဗျူးတစ်ခုတွင် မေးရာ ဟိုချီမင်းက ရယ်သွမ်းသွေးပြီး ”ဒါကို သူ့မိတ်ဆွေမော်စီတုံးနှင့်လွှဲထားပါတယ်” ဟု ဖြေသည်။ သူသည် လက်တွေ့သမားဖြစ်၍ ပြုလုပ်သူ၊ စည်းလုံးမှုကိုဖြစ်စေသူ၊ ယုံကြည်မှု ရှိစေသူဖြစ်၍ နိုင်ငံ၏ ဖခင်ကြီးတစ်ယောက်သဖွယ် ခေါင်းဆောင်မှုကို ပေးခဲ့ပါသည်။
ဟစ်တလာသည် သူ၏အဓိက Mein Kampf ကို ထောင်ကျနေစဉ်မှာ ရေးသည်။ လီနင်မှာ သူ ဆွစ်ဇာလန်နိုင်ငံတွင် ပြည်ပြေးဘဝနှင့်နေစဉ် ဇိမ်ကျကျရေးသည်။ မော်စီတုံးမှာ စာများကို သူ အပြင်ရောက်လေရာ အရပ်မှာ ရေးပါသည်။ ကြီးမားကျယ်ပြန့်လှသော ပြည်မကြီးက သူ့ကို အကာအကွယ်ပေးသည်။ ဟိုချီမင်းမှာကား ၁၉၁၁ ခုမှ စတင်၍ မီးဖိုချောင်တွင် သင်္ဘောသားအလုပ်လုပ်ရင်း ခရီးသွားနေခဲ့ရသဖြင့် ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း နေခဲ့ရသည်ဟူ၍ မရှိခဲ့ပေ။
သင်္ဘောပေါ်မှ ဆင်းသောအခါ၌လည်း လန်ဒန်တွင် မီးဖိုချောင်မှာပင် အလုပ်လုပ်ရပြန်သည်။ ၁၉၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဟောင်ကောင်၌ ငုရင်အိုင်ကို (Nguyen Ai Quoc) အမည်ဖြင့် (ICP-Inter- national Communist Party Of Indochina) ဟု ကွန်မြူနစ်ပါတီကို ဖွဲ့စည်းသည်။ ယခုအချိန်မှ ရေတွက်သော် ဟိုချီမင်းတွင် ထိုနည်းတူ နာမည်ကွဲ ၅၀ မျိုးခန့်ရှိသည်။ တချိန်လုံး ပြင်သစ်ထောက်လှမ်းရေးပုလိပ်တို့ကထောက်လှမ်းနေသည့်အတွက် အမည်မှာ အမျိုးမျိုး ပြောင်းနေရပါသည်။
ပြတိုက်ထဲတွင် လက်မြှောက်ပြနေသည့် အန်ကယ်ဟို၏ ရုပ်တုရှိသည်။ ပြတိုက်တခုလုံးတွင် ခမ်းနားလှသော သူ့ရုပ်တုမှာ ဝင်လာသူတိုင်းကို စွဲမက်စေလေသည်။ အဆန်းတကြယ် ဝတ်ဆင်မထားပါ။ ရိုးရိုးခါကီဝတ်စုံဖြင့် လက်မြှောက်ပြနေဟန် ဖြစ်သည်။ ဗီယက်နမ်ပြည်သူများက တစ်ယောက်ပြီးတစ်ယောက် လာ၍ သူ့ရှေ့ မှာ လက်မြှောက်ပြီး ဓာတ်ပုံရိုက်ကြသည်။ သူ့ရုပ်တုမှ အပေါ်မှမိုးနေပြီး လူ ၂ ရပ် ၃ ရပ်လောက် မြင့်ပါသည်။
ကျောင်းသူတသိုက်မှာ အင်္ကျီအဖြူ ဂါဝန်အပြာတို့ဖြင့် လူ ၂၀၊ ၃၀ ခန့်ရှိပါလိမ့်မည်။ သူတို့အရောင်များသည်လူစီထားသောအခါ အလွန်ကြည့်၍ကောင်းပါသည်။ လက်နှစ်ဖက်ကို ဆန့်တန်း၍ ငှက်ကလေးများ ပျံနေသည့် သဖွယ် သရုပ်ဆောင်ပြီး ဓာတ်ပုံရိုက်သည့်အခါ မြင်ရသူကို ရင်သပ်ရှုမောဖြစ်စေသည်။ ဗီယက်နမ်ပြည်သူ များ၏ ထူးခြားချက်မှာ အုပ်စုလိုက် တစ်ဦး တစ်ယောက်၏ အမိန့်ကို နာခံခြင်းပင် ဖြစ်၏။ လာဆိုလျှင်လာ၍ သွားဆိုလျှင် သွားရသည်။ လူအုပ်ကိုကြည့်လျှင် ရယ်ရွှင်မြူးနေကြသော်လည်း ဘယ်သူမှ သူတို့ လုပ်နေကြသည်ကို သရော်သည့်အနေအထား မရှိပါ။ ကျွန်တော်သည် သူတို့ကိုကြည့်၍ ဗီယက်နမ် တနိုင်ငံလုံးက နယ်ချဲ့ကို တော်လှန်ခဲ့ကြပုံကို စဉ်းစားနေမိသည်။
( ၃ )
စစ်ကြီးအပြီး သူ့နေစရာကိုရှာတော့ အစိုးရနန်းတော်အဖြစ် (Still House) ရှိသည်။ သူသည် ဗီယက်နမ် တော်လှန်ရေးအတွင်း ဂူ များအပါအဝင်နေရာ ၂၀ ခန့် ပြောင်းရွှေ့နေခဲ့ရသည်။ သူတို့လက်ထဲ ရောက်လာသည့် နန်းတော်ကြီးမှာ သူမနေ။ နန်းတော်ကြီးဘေးမှာ တောတောင်ထဲမှာ ဆောက်ထားသောပုံစံဖြင့် အိမ်ကလေး ဆောက်သည်။ ထိုအိမ်ကလေးမှာသာ နေရင်း ရေကန်က ရွှေငါးကလေးတွေကို အစာကျွေးသည်။ တောင်ဗီယက်နမ်က ရဲဘော်များ ပို့လိုက်သည့် သစ်ပင်ကို စိုက်ပျိုးသည်။ အန်ကယ်ဟို ကို ကြည့်လိုက်လျှင် ဗီယက်နမ် တောသားကြီးအတိုင်းပင် မြင်ရသည်။
ဟိုချီမင်းသည် ၁၉၆၉ ခု စက်တင်ဘာ ၂ ရက်နေ့တွင် ကွယ်လွန်ပါသည်။ ကျွန်တော်သည် အန်ကယ်ဟို၏ ရုပ်တုနှင့် ပို့စ်ကဒ်များကို ဝယ်၍ ဟိုချီမင်းပြတိုက်မှ ပြန်ခဲ့ပါသည်။
ဆိုင်ဂုံကို မြောက်ဗီယက်နမ်မှ သိမ်းပိုက်၍ မြောက်နှင့် တောင် စည်းလုံးမိကြသည်မှာ ၁၉၇၅ ဧပြီလ ၃၀ ရက်နေ့ဖြစ်သောကြောင့် အန်ကယ်ဟို ကွယ်လွန်ပြီးမှ သူ့မိတ်ဆွေများ ဆက်အလုပ်လုပ်ကြခြင်း ဖြစ်သည်။ သူသည် ကွယ်လွန်ချိန်တွင် အလုပ်ဖြစ်သော အစည်းအရုံးတစ်ခုကို ချန်ထားခဲ့နိုင်သည်ဟု ဆိုနိုင်ပါသည်။
ကိုသန်းလွင်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar