Breaking News

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၆) နိဂုံး

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၆) နိဂုံး
(မိုးမခ) မေ ၁၉၊ ၂၀၂၂

မဟာမိတ်တပ်ပေါင်းစုရဲ့  ဦးစီးချုပ်ရာထူး ပေါ်ထွက်လာတဲ့ကာလက ဂျာမန်တို့ရဲ့နွေဦးထိုးစစ်ကြောင့် မဟာမိတ်တို့ ‘အနောက်ဖက်စစ်မျက်နှာ’မှာ စစ်ရေးကျဥ်းထဲကျပ်ထဲ ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။သူ့ကို ဒီတာ ဝန်ပေးအပ်ခံရစဥ်က ပြင်သစ်ဝန်ကြီးချုပ် ‘ကလဲမန်ဆို’ကို ‘ဖေါရှ့် ‘ပြောခဲ့တာ တခုရှိပါတယ်။ ’ဒါဟာ သူ့ကို ရာထူးတိုးပေးလိုက်တာ မဟုတ်ဘူး၊ ရှုံးနေတဲ့တိုက်ပွဲကို နိုင်အောင်တိုက်ခိုင်းလိုက်ခြင်းပဲ’ ဆိုပြီးတော့ပါ။

ပထမအဆင့်ထိုးစစ်ဖြစ်တဲ့ ‘မိုက်ကယ်စစ်ဆင်ရေး’ရဲ့ အစောပိုင်းရလဒ်ဟာ ဂျာမန်တို့အတွက် အားတက်စရာလို့ ပြောနိုင်ပါတယ်။ စစ်သည်၊လက်နက်အင်အား အလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ခဲ့တဲ့ ဒီ’မိုက်ကယ်စစ် ဆင်ရေး’မှာ အဲဒီခေတ်ကာလက ကမ္ဘာ့အကြီးဆုံး တာဝေးပစ်အမြောက်လို့ ပြောလို့ရတဲ့ ‘ပဲရစ်အမြောက်’ (Paris Gun: Kaiser Wilhelm Geschutz) တွေကိုလည်း စတင်အသုံးပြုခဲ့ပါတယ်။ အမြောက်ပြောင်းအရှည် (၁၁၁) ပေခန့်ရှိပြီး အကွာအဝေး (၇၅) မိုင်ဝန်းကျင် အထိရောက်နိုင်တဲ့  ဒီအမြောက်ကြီးတွေဟာ ပစ်မှတ်ကို တိ ကျအောင် မပစ်ခတ်နိုင်ပေမယ့် သေကြေပျက်စီးမှုများ ဖြစ်ပွားစေခဲ့ကာ၊ ပဲရစ်မြို့နေလူထုကို  ခြောက်ခြားစေ ရန် ရည်ရွယ်ပါတယ်။

ပဲရစ်မြို့နဲ့ (၂၅)ကီလိုမီတာ အနီးကိုတောင် ချဥ်းကပ်လာနိုင်တာမျိုး ရှိခဲ့ပေမယ့်၊ အဆုံးမှာတော့ နယ်မြေသိမ်းပိုက်နိုင်မှုများရှိခဲ့သော်လည်း ဗြိတိသျှတပ်တွေနဲ့ ပြင်သစ်တပ်တွေအကြား ဖြတ်တောက်နေရာဝင်ယူဖို့ ဆိုတဲ့ စစ်ရေးရည်မှန်းချက် မပြည့်ဝခဲ့တဲ့ စစ်ဆင်ရေးသာ ဖြစ်ခဲ့ပါတယ်။

မှတ်တမ်းများအရ ‘မိုက်ကယ်စစ်ဆင်ရေး’အပြီးမှာ တိုက်ပွဲအတွင်းကျဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံ၊ ပျောက်ဆုံး စုစုပေါင်းအရေအတွက် ဗြိတိသျှတပ်ဖွဲ့ (၁၇၇,၇၃၉)၊ ပြင်သစ်တပ်ဖွဲ့  (၇၇,၀၀၀)၊ ဂျာမန်တပ်ဖွဲ့  (၂၃၉,၈၀၀) ဆိုပြီး ‘The Cambridge  History of the First World War’ စာအုပ်မှာ ဖေါ်ပြထားပါတယ်။ဒီအချက်အလက်တွေကိုကြည့်ရုံနဲ့ ဘယ်လောက်ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒီလိုကာလမှာမှ စစ်သေနာပတိ လာဖြစ်ရတဲ့ ‘ဖေါ့ရှ်’ရဲ့ သူ့ဝန်ကြီးချုပ်ကို ပြောကြားချက်က သိပ်တော့လွန်တယ်မထင်ပါဘူး။

◾️ဂီတမှူးကြီး ‘ဖေါ့ရှ်’နှင့် မဟာမိတ်သံစုံတီးဝိုင်း
ဟုတ်၏ မဟုတ်၏၊ လက်သင့်ခံသင့်၊ မခံသင့်ကတပိုင်း ’ရောမမြို့ကြီး မီးအကြီးအကျယ်လောင်နေချိန်မှာ နီရို ဘုရင်က တယောထိုးမပျက်ခဲ့သလို’ ဆိုတဲ့ ဆိုရိုးစကားကတော့ ပြောစမှတ်ဖြစ် ကျန်ရစ်ခဲ့ဖူးပါတယ်။ ပထမ ကမ္ဘာစစ်မီးကြီး ငြိမ်းမရ၊ သတ်မရ ဖြစ်နေချိန်မှာလည်း ‘ဖေါ့ရှ်’တို့တသိုက် သီဆိုတီးမှုတ်ပြီးများ ပျော်ပါးနေ ကြသလားလို့တော့ အတွေးမရောက်စေချင်ပါဘူး။ ‘ဖေါ့ရှ်’က သူ့အလုပ်တာဝန်အကြောင်း ဥပမာပေး ပြော ကြားခဲ့တာကို ပြန်ရေးသားပြခြင်းပဲ ဖြစ်ပါတယ်။

အဲဒီအချိန်က (၂၀) ရာစု နိုင်ငံတကာတပ်များ ပူးပေါင်းစစ်ဆင်ရေးသမိုင်း အစသာဖြစ်လို့ နောက်ပိုင်းကာလ မဟာမိတ်တပ်ပေါင်းစုရဲ့  ဦးစီးချုပ်များလို ဩဇာအာဏာနဲ့ လုပ်ပိုင်ခွင့် အပြည့်အဝ မရရှိသေးတဲ့ တာဝန်မျိုး ပါ။ ထိရောက်တဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမှု ပြုလုပ်နိုင်ခွင့်ပိုရှိတဲ့ ရာ ထူးနဲ့ ပိုတူပါတယ်။ ‘ဖေါ့ရှ်’ ကိုယ်တိုင်အဓိပ္ပါယ် ဖွင့်ခဲ့ပုံက ‘ငါက ဆင်ဖိုနီသံစုံတီးဝိုင်းရဲ့ ဂီတမှူးတယောက် လို ပါပဲ’ ဆိုပြီးတော့ပါ။ သူ့တူရိယာနဲ့သူ မတူကွဲပြားတဲ့ ဂီတသံတွေ တီးမှုတ်ကြတာကို သာယာနာပျော်ဖွယ် တေး သွားဖြစ်အောင် ညွှန်ကြားရတဲ့တာဝန်နဲ့  သူ့ရဲ့မဟာမိတ်တပ်ပေါင်းစု ဦးစီးချုပ်ရာထူးဟာ မခြားနားဘူးလို့ မြင် ကြောင်း ပြောပြထားခြင်း ဖြစ်ပါတယ်။ 

တဖက်က ပြန်စဥ်းစားကြည့်ရင်တော့ ဂီတသမားများစွာ ရှိနိုင်ပေမယ့်၊ အရည်အချင်းပြည့်ဝတဲ့ ဂီတမှူးဆိုတာ က လက်ချိုးရေတွက်လို့ ရတာမျိုးပါ။ တူရိယာတခုစီကထွက်တဲ့ သံစဥ်အနိမ့်အမြင့်၊ အတက်အကျက စလို့ ကိုယ်တိုင်ကလည်း တူရိယာတွေအကြောင်း၊ဂီတအကြောင်း နောကြေသူ၊တေးသီချင်းကို ဟန်ချက်ညီညီ စည်းချက်ကျကျနဲ့ တီးမှုတ်သူများ သဟဇာတဖြစ်ဖြစ်၊ ဖျော်ဖြေဖန်တီးပေးနိုင်ဖို့ ဦးဆောင်ညွှန်ပြတတ်တဲ့သူ  ဖြစ်ရပါမယ်။ အရိပ်ပြရင် အကောင်မြင်တတ်ဖို့အတွက် တီးဝိုင်းထဲက ဂီတသမားအားလုံး နားလည်တဲ့ ဘာ သာဗေဒနဲ့ ဆက်ဆံတတ်ဖို့လည်း လိုအပ်တဲ့အတွက်၊ လွယ်ကူတဲ့အလုပ်လို့တော့ ပြောလို့မရနိုင်ပါဘူး။

‘ဖေါ့ရှ်’တယောက်ကတော့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်မီတယ်လို့ မဟာမိတ်များက လက်ခံ ထားပုံရပါတယ်။ ’နစ်လွိုက်’(Nick Lloyd- Professor of Modern Warfare) ကတော့ သူ့ရဲ့ ‘Hundred Days’ စာအုပ်ထဲမှာ ‌ဗြိတိသျှတပ်တွေ အမိန့်နာခံချင်စိတ်ရှိတဲ့ ပြင်သစ်စစ်ဗိုလ်ချုပ်ဆိုလို့ ‘ဖေါ့ရှ်’တယောက်ပဲရှိမယ် ဆိုတဲ့ ပြင်သစ်တပ်မှူးချုပ်တဦး ပြောတဲ့စကားကို ကိုးကားခဲ့ဖူးပါတယ်။

‘ဖေါ့ရှ်’ရဲ့ရာထူးသစ်ဟာ ယေဘူယျအားဖြင့်တော့ အကန့်အသတ်နဲ့ အမိန့်ပေးကွပ်ကဲ စစ်ဆင်နိုင်တဲ့ ရာထူး လို့ ဆိုရပါမယ်။ ဗြိတိန်နိုင်ငံရဲ့ စစ်ကာလ ကက်ဘိနက်မှတ်တမ်းများအရ တကယ်လို့ မဟာမိတ်တပ်ရဲ့  ဦးစီး       ချုပ်က ‘ဖေါ့ရှ်’ရဲ့ဆုံးဖြတ်ချက်ဟာ သူ့တပ်အတွက် အန္တရယ်ကျရောက်နိုင်တယ်လို့ ယူဆခဲ့ရင်တော့၊ သက် ဆိုင်ရာနိုင်ငံရဲ့ အစိုးရအဖွဲ့ထံကို တင်ပြနိုင်တယ်လို့ ထည့်သွင်းပေးထားကြောင်း သိရပါတယ်။  ဘယ်လိုပဲဖြစ် ဖြစ် မဟာမိတ်တပ်ပေါင်းစုရဲ့  စစ်ဦးစီးချုပ်အနေနဲ့ စစ်ပွဲတခုလုံးအပေါ်  ဖြန့်ကျက်စဥ်းစားနိုင်ခွင့် ရှိလာပါ တယ်။ စစ်ရေးသီအိုရီ ပညာရှင်တဦးဖြစ်တဲ့ ‘ဖေါ့ရှ်’အတွက် နောက်ထပ်ကျေနပ်စရာတခုကတော့ မဟာမိတ် စစ်ဆင်ရေးများအတွက် စစ်ဗျူဟာ ဦးဆောင်ရေးဆွဲခွင့် ရရှိခြင်းပဲ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်အကြောင်း ရည်ညွှန်းစာအုပ်စာတမ်းများ ပြုစုခဲ့ပြီး ‘War & Society’ ဂျာနယ်ရဲ့ အယ်ဒီတာ တ ဦးဖြစ်ခဲ့သူ သမိုင်းသုတေသီ ‘အယ်လစ်ဇဘက် ဂရင်းဟာလ်ဂျ့် ‘ (Dr. Elizabeth Greenhalgh) က ‘ဖေါ့ရှ်’ရဲ့ နည်းလမ်းများဟာ ကော်မတီကိုအားမပြုပဲ လူကိုသာ အဓိကထားတဲ့ ချဥ်းကပ်မှုလို့ဆိုပြီး သူမရဲ့လေ့လာတွေ့ ရှိချက်ကို သုတေသနစာတမ်းထဲမှာ ဖေါ်ပြခဲ့ဖူးပါတယ်။

တန်ပြန်ထိုးစစ်ဗျူဟာနဲ့ ပတ်သက်တဲ့ ၁၉၁၈ ခုနှစ် ဇူလိုင် (၂၄) ရက်နေ့ အစည်းအဝေးတခုသာ ‘ဖေါ့ရှ်’နဲ့ ဗြိတိ သျှဦးစီးချုပ်’ဟိဂ်’၊ အမေရိကန်ဦးစီးချုပ်’ပါရှင်’၊ ပြင်သစ်ဦးစီးချုပ်’ပီတာ’တို့ (၄) ဦး မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မှတ်တမ်းမှတ်ရာရှိကြောင်း၊ ဒါပေမယ့် ဒါကိုကြည့်ပြီး ‘ဖေါ့ရှ်’က မဟာမိတ်ဦးစီးချုပ်များနဲ့ ဆွေး နွေးညှိနှိုင်းမှုတွေ လုပ်လေ့မရှိသူလို့ ထင်လို့မရကြောင်း၊ ဥပမာအားဖြင့် ’ဟိဂ်’နဲ့ အကြိမ် (၆၀)‌ ကျော် တွေ့ဆုံခဲ့ ဖူးလို့ ပျမ်းမျှပြောရရင် (၃) ရက် (သို့မဟုတ်) (၄) ရက်တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသလိုဖြစ်ကြောင်း၊ အကိုး အကားများနဲ့ ဖေါ်ပြခဲ့ပါတယ်။ဒါ့ကြောင့် ‘ဖေါ့ရှ်’ ဟာ ရုံးလုပ်ထုံးလုပ်နည်းဆန်ဆန် ကော်မတီပုံစံအစည်းအ ဝေးများထက်စာရင်၊ လိုအပ်ရင်လိုအပ်သလို လူချင်းတွေ့  ဆွေးနွေးအဖြေရှာဖို့ အားသန်သူဖြစ်တယ်လို့ ဆိုရ ပါလိမ့်မယ်။

အထက်ကရည်ညွှန်းခဲ့ဖူးတဲ့ ‘ကင်းဘရစ် ပုံနှိပ်တိုက်ထုတ် ပထမကမ္ဘာစစ်သမိုင်း’စာအုပ်ထဲမှာပဲ  ‘ထိပ်သီးစစ် ကောင်စီ’(SWC) ရဲ့ အမြဲတမ်း စစ်ကိုယ်စားလှယ်များအနေနဲ့လည်း ‘ဖေါ့ရှ်’ ရဲ့လုပ်ပိုင်ခွင့်ကို အားဖြည့်ထောက်ခံပေးခဲ့မှုတွေ ပြုလုပ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဥပမာအနေနဲ့ အီတလီနဲ့ ပြင်သစ်အကြား တပ်ဖွဲ့အရွှေ့အ ပြောင်းကိစ္စ၊၁၉၁၈ခုနှစ် ဆောင်းဦးနဲ့ ၁၉၁၉ခုနှစ် စစ်ရေးပေါ်လစီများအတွက် တည်းဖြတ်မှုတို့မှာ ‘ဖေါ့ရှ်’ရဲ့ အ ခန်းကဏ္ဏကို အရေးပေးခဲ့ကြပုံတို့ကို ထုတ်နှုတ်ဖေါ်ပြခဲ့ပါတယ်။ ဒါဟာလည်း ‘မဟာမိတ်တပ်ပေါင်းစု စစ်ဦး စီးချုပ်’ရာထူးဖန်တီးနိုင်ခဲ့မှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဗြိတိသျှ၊ အမေရိကန်၊ ပြင်သစ်တပ်တွေဟာ ‘ဖေါ့ရှ်’ရဲ့ ဦးဆောင်မှုနဲ့ ဂျာမန်တို့ရဲ့ ‘နွေဦးထိုး စစ်’ကို တန်ပြန်တိုက်ခိုက်ကြပါတယ်။ ဒီအကြိမ်မှာတော့ မဟာမိတ်တပ်များဟာ မတူတဲ့စစ်ပွဲ(၃)မျိုးကို တိုက် နေကြတဲ့ စစ်တပ် (၃) ခု မဟုတ်တော့ပဲ၊ စစ်ရေးရည်မှန်းချက် တူညီတဲ့ စစ်တပ် (၁) တပ်လို ဖြစ်သွားကြပါပြီ။ အကျဥ်းချုပ်ပြောရရင် ‘ဖေါ့ရှ်’ရဲ့ ညှိနှိုင်းကွပ်ကဲမှုအောက်က ‘ရက်တစ်ရာထိုးစစ်’ (Hundred days Offensive) နဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့ကြတဲ့ အကျိုးဆက်ကြောင့် ဂျာမန်တို့ စစ်ရှုံးတာကို လက်ခံလာပြီး ပထမကမ္ဘာစစ်ကို အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ပထမကမ္ဘာစစ်အတွက် ‘ဖေါ့ရှ်’ကို မဟာမိတ်တပ်ပေါင်းစုရဲ့  ဦးစီး ချုပ်ခန့်အပ်နိုင်ခဲ့ခြင်းက အရေးကြီးတဲ့ အလှည့်အပြောင်းများအနက် တခုလို့ မှတ်တမ်းတင်ခဲ့ကြတာ ဖြစ် ပါတယ်။

ဗြိတိန်နိုင်ငံဟာ ရုပ်တုတွေ များပြားတဲ့ နိုင်ငံဖြစ်ပေမယ့် တိုင်းတပါးသား စစ်ဗိုလ်ချုပ်အကျော်အမော်များရဲ့  ရုပ်တုတွေကတော့ ရှားတယ်လို့ ပြောရပါမယ်။ လန်ဒန်မြို့ ဗစ်တိုးရီးယားက ‘ဂရိုဗနာ’ပန်းခြံ (Grosvenor Gardens) ထဲမှာရှိတဲ့ ‘ဖေါရှ့်’ရဲ့ ကြွားကြွားဝင့်ဝင့် မြင်းစီးရုပ်တုလိုမျိုးကတော့ မရှိသလောက်လို့ပဲ ဆိုရလေ မလား၊ တကယ်တော့လည်း ‘ဖေါရှ့်’ဟာ ဘယ်ပြင်သစ်လူမျိုး တစ်ဦးတစ်ယောက်ကမှ မရရှိခဲ့ဖူးတဲ့ ဗြိတိန် နိုင်ငံရဲ့အမြင့်ဆုံး စစ်ရာထူး ‘ဖီးလ်မာရှယ်’ ဗိုလ်ချုပ်ကြီးဘွဲ့ (Field Marshal)ကို ဂုဏ်ပြုပေးအပ်ခြင်း ခံရ သူလည်းဖြစ်ပါတယ်။ နေတိုးရာထူးအဆင့်အရဆိုရင်တော့ (OF-10)၊ ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီးအဆင့်လို့ ဆိုနိုင်ပါတယ်။

‘ဖေါရှ့်’အကြောင်းကိုပြောရင် ပထမကမ္ဘာစစ်ကိုသာမက ဒုတိယကမ္ဘာစစ်ကိုလည်း ထည့်ပြောသင့်တယ်လို့ ထင်ပါတယ်။ ‘ဖေါရှ့်’ရဲ့  တမူထူးခြားတဲ့ အမြော်အမြင် အကြောင်းကိုပါ။သူဟာ နောက်ထပ် စစ်မဖြစ်ရလေ အောင် စစ်ရှုံးဂျာမနီနိုင်ငံအပေါ်  ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေး အရေးယူမှုတွေ ပြုလုပ်စေချင်သူ ပါ။ ၁၉၁၉ ခုနှစ် ‘ဗာဆိုင်းစာချုပ်’ (Treaty of Versailles) အပေါ်  သက်ညှာမှုများလွန်းတယ်လို့ ထင်တဲ့သူ ဖြစ် ပါတယ်။ ဒီအယူအဆအပေါ် သူနဲ့သဘောထား ကွဲလွဲကြသူများလည်း ရှိကြပါတယ်။ 

‘ဖေါရှ့်’ကတော့ ‘ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးကို မယူဆောင်ပေးနိုင်ဘူး၊ အနှစ်(၂၀) ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်မျှသာပဲ ဖြစ်လိမ့်မယ်’ လို့ဆိုခဲ့သူပါ။ ‘ဗာဆိုင်းစာချုပ်’ကို ၁၉၁၉ ခုနှစ် ဇွန်လ (၂၈)ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်၊နောက်နှစ်ပေါင်း (၂၀) အကြာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ရောက်တော့ ဟစ်တလာရဲ့ နာဇီဂျာမနီဟာ ပိုလန်နိုင်ငံကို ဝင်ရောက်ကျူး‌ကျော်ပြီး ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့ပါတယ်။ ‘နှစ်ပေါင်း (၂၀) ပဲခံမယ့် အပစ်အခတ်ရပ်စဲရေး’ လို့ဆိုခဲ့သူ ‘ဖေါရှ့်’တယောက်ကတော့ သူခန့်မှန်းခဲ့သလို အတိအကျ ဖြစ် လာခဲ့တာကို သိခွင့်မရလိုက်ပါဘူး။ ၁၉၂၉ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့တဲ့အတွက်ပါ။

ဗြိတိန်နိုင်ငံက တလေးတစား ဂုဏ်ပြုခဲ့သလိုပဲ မိခင်ပြင်သစ်နိုင်ငံကလည်း ပုံစံအမျိုးမျိုးနဲ့ ‘ဖေါရှ့်’ကို ဂုဏ်ပြုခဲ့ပါတယ်။ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ ‘နပိုလီယန်’ဂူဗိမာန်ရှိရာ ပဲရစ်မြို့ရဲ့ အထင်ကရနေရာ ဖြစ်တဲ့ ‘လက်ဇင်းဗလိဒ’ (Les Invalides)မှာ ဂုဏ်ပြုမြှုပ်နှံခံရခြင်းကတော့ သူ့အတွက် ဂုဏ်အယူရဆုံးပဲ ဖြစ် ပါလိမ့်မယ်။

ဒီဆောင်းပါးမှာ ‘ဖေါ့ရှ်’ အကြောင်း အလျဥ်းသင့်သလို ပါလာဖြစ်တာကလည်း ပထမကမ္ဘာစစ်ပြီးဆုံးစေရန် အထင်ကရနေရာက ပါဝင်ခဲ့သူတဦး အနေဖြင့်သာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ကျော်က စစ်ပွဲ ဆင်နွှဲကြပုံများကို မျက်မှောက်ခေတ်ကာလ အမြင်နဲ့ကြည့်ရင်၊ ခေတ်နောက်ကျတယ်လို့သာ မြင်မိကြမှာ ဖြစ်ပြီး၊ အကျအဆုံးများပြားလှတဲ့ ပထမကမ္ဘာစစ်အတွင်းက ‘ဖေါ့ရှ်’ အပါအဝင် နှစ်ဖက်စစ်ဗိုလ်ချုပ်ကြီးများရဲ့ တိုက်ပွဲနည်းစနစ်များဟာ ဝေဖန်ထောက်ပြချက်များနဲ့ ကင်းလွတ်နိုင်မှာမဟုတ်တာကို‌တော့ နားလည်လက်ခံထားကြရပါမယ်။

ကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တဲ့ တိုက်ပွဲသဏ္ဏာန်များအပေါ် အငြင်းပွားစရာတွေ ရှိနိုင်ပေမယ့်၊ မဟာမိတ်တို့ရဲ့ ပထမကမ္ဘာစစ် အောင်နိုင်‌ခဲ့မှု့မှာ ကွဲပြားနေတဲ့စစ်တပ်များ နောက်ဆုံးတတပ်တည်းပမာ စုစည်းသွားနိုင်ခဲ့ပြီး၊ မဟာမိတ်တပ်ပေါင်းစုရဲ့ စစ်ဦးစီးချုပ်’ဖေါ့ရှ်’အနေနဲ့ စစ်ပွဲတခုလုံးအပေါ်ခြုံငုံစဥ်းစားတွက်ချက်ကာ စိတ်တိုင်းကျ စစ်ဗျူဟာဆင်နိုင်ခဲ့ခြင်းက အရေးပါတဲ့အချက်ဖြစ်ကြောင်းကိုတော့၊ စစ်သမိုင်း သုတေသီများက သဘောတူလက်ခံထားကြပါတယ်။

မဟာမိတ်တပ်ပေါင်းစုရဲ့  စစ်ဦးစီးချုပ်ရာထူးမျိုးဟာ ထိုစဥ်ကာလက နိုင်ငံတကာတပ်ဖွဲ့များ ပူးပေါင်း စစ်ဆင် ရေးတွေမှာ အသစ်အဆန်း ဖြစ်ခဲ့ပေမယ့်၊ နောက်ပိုင်းကာလများမှာတော့ အသားတကျဖြစ်လာခဲ့တာ ယနေ့ထက်ထိတိုင်ပါပဲ။ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေး (Coalition Warfare) အတွက် ပထမကမ္ဘာစစ်ရဲ့အမွေလို့လည်း ပြောနိုင်ပါတယ်။ 

ကွဲပြားတဲ့နိုင်ငံများက စစ်တပ်တွေကို   အမိန့်ပေးထိန်းချုပ်ဖို့ ထိပ်ဆုံးတာဝန်ရှိသူ တစ်ယောက်ခန့်အပ်ထားရှိပြီး အမိန့်စီးဆင်းမှုကို ရှင်း လင်းပြတ်သားစေပါတယ်။ စစ်မျက်နှာပြင်တခုလုံးအပေါ်  ခြုံငုံသုံးသပ်ပြီး ညှိနှိုင်းကွပ်ကဲနိုင်သော လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့ ရာထူးဖြစ်လို့လည်း၊ စစ်မျက်နှာပြင်အနှံ့က စစ်ဆင်ရေးအားလုံးကို ချိတ်ဆက်မိမိ တုန့်ပြန်ဆင်နွှဲနိုင်ပါတယ်။ ရရှိနိုင်တဲ့ စစ်သည်၊ လက်နက်အရင်းအမြစ်များကို လိုအပ်သလို ရွှေ့ ပြောင်းအသုံးချနိုင်မှုကလည်း စစ်ဆင်ရေးများကို ပိုထိရောက်သွားစေပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာတော့ ဗိုလ်ချုပ်ကြီး’အိုက်ဆင်ဟောင်ဝါ’ (General Eisenhower)က ’မဟာမိတ် တပ်ပေါင်းစုရဲ့ သေနာပတိ’(Supreme Commander Allied Expeditionary Force) ရာထူးကို ဥရောပစစ်မြေပြင်အတွက် တာဝန်ယူရပါတယ်။ ‘ဖေါရှ့်’ ရယူခဲ့တဲ့ ရာထူးနဲ့ ဆင်တူပါတယ်။ ဒီလိုကမ္ဘာစစ်ကြီးနှစ်ခုရဲ့ အချက်အချာကျတဲ့ စစ်မျက်နှာများမှာ အမိန့်ပေးကွပ်ကဲရတဲ့ သေနာပတိကို  စစ်မြေပြင်ရှိ အခြားအဆင့်မြင့် မဟာမိတ်စစ်ဗိုလ်ချုပ်ကြီးများက အမိန့်နာခံကြရပါတယ်။

ပထမကမ္ဘာစစ်ရဲ့ အတွေ့အကြုံများကို သင်ခန်းစာယူနိုင်မှုကြောင့် ပိုစနစ်ကျတဲ့ မဟာမိတ်ပူးပေါင်း စစ်ဆင်ရေးကို ဆောင်ရွက်နိုင်ခဲ့သလို ’အိုက်ဆင်ဟောင်ဝါ’ အနေနဲ့ မဟာမိတ် စစ်ဗျူဟာများအပေါ်  ဩဇာလွှမ်းမိုးမှု ပိုရှိလာခဲ့ပါတယ်။ အစဉ်အလာမတူ ကွဲပြားမှုများရှိတဲ့ မဟာမိတ် စစ်တပ်များအကြား အခက်အခဲတွေကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်မှာ ဒါဟာကမ္ဘာစစ်မှာသာ အသုံးပြုတဲ့စစ်ရာထူးမဟုတ်တော့ပဲ နိုင်ငံတကာတပ်ဖွဲ့တွေ စုစည်းတိုက်ပွဲဝင်ကြတဲ့အခါတိုင်း၊ စစ်မြေပြင်အတွက် အဓိကကျတဲ့ ဒီလိုရာထူးကို ခန့်အပ်ကြပါတယ်။ ဥပမာအားဖြင့် အီရတ်စစ်ပွဲ (၂၀၀၃-၂၀၁၁)မှာ ‘နိုင်ငံပေါင်းစုံတပ်ဖွဲ့-အီရတ်’(Multi-National Force-Iraq: MNF-I) အတွက် နိုင်ငံတကာတပ်ပေါင်းစုရဲ့ စစ်ဦးချုပ် ရာထူးခန့်အပ်ထားရှိပါတယ်။နောက်ပိုင်းမှာ အမေရိကန်စစ်တပ်ရဲ့ စစ်ဦးချုပ်တွေဖြစ်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီး’ကေဆီ’(General Casey Jr)၊ ဗိုလ်ချုပ်ကြီး ‘အိုဒီရဲနို’ (General Odierno)တို့လည်း ဒီတာဝန်တွေ ထမ်းဆောင်ခဲ့ကြဖူးပါတယ်။

ဒီလိုရွေးချယ်ခန့်အပ်မှုမျိုးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်နိုင်ပါဘူး၊ဖေါ်ပြခဲ့သလို ပထမကမ္ဘာစစ်အတွင်းမှာဆိုရင် အကောင်အထည်ဖေါ်နိုင်ဖို့  အချိန်များစွာယူခဲ့ရပါတယ်။ ဒီကိစ္စအတွက် နိုင်ငံရေးဦးဆောင် သူများနဲ့ စစ်ရေးခေါင်းဆောင်များအကြား ပွတ်တိုက်မှုများလည်း ရှောင်လွှဲမရခဲ့ပါဘူး။ သာဓက ကြီးကြီးမားမား ပြရရင် ဗြိတိန်ဝန်ကြီးချုပ် ‘လွိုက်ဂျော့’ ၁၉၁၇ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ပြင်သစ်စစ်တပ်အောက် ဗြိတိသျှတပ်ဖွဲ့တွေ ထားရှိဖို့ကြိုးစားခဲ့စဉ်က ဗိုလ်ချုပ်ကြီး’ဟိဂ်’ နဲ့ ဗိုလ်ချုပ်ကြီး ’ရောဘတ်ဆန်’ (General Sir Robertson)တို့က သဘောမတူပဲ ရာထူးကနှုတ်ထွက်မယ်လို့ ပြန်ပြောခဲ့တဲ့နောက် အဲဒီအစီအစဥ် ပျက်သွားရ တယ်လို့ ’ဟိဂ်’ရဲ့ဒိုင်ယာရီမှာ ဖေါ်ပြခဲ့ပါတယ်။

ဘယ်လိုပဲ အငြင်းပွားစရာတွေ၊အခက်အခဲတွေ ကြုံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ဒါသည်သာ အကောင်းဆုံး၊ လက်တွေ့အကျဆုံးအဖြေလို့ နားလည်လက်ခံ ခဲ့ကြပြီးတဲ့နောက်မှာ  ကမ္ဘာစစ်ကြီး ပြောင်းလဲခဲ့ပြီး မဟာ မိတ်တို့ လိုလားတဲ့ရလဒ်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီပုံသက်သေကောင်းကိုရယူပြီး နောက်ပိုင်းစစ်ပွဲများမှာ လည်း ကျင့်သုံးခဲ့ကြလို့၊ ထိရောက်တဲ့ စီမံခန့်ခွဲမှုများနဲ့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးကို မျက်မှောက်ခေတ်မှာ တွေ့မြင်နေကြရပြီ ဖြစ်ပါ တယ်။

ပထမကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့ရတဲ့အကြောင်းကို လေ့လာသုံးသပ်ကြတဲ့အခါ ‘ဖေါရှ့်’ရဲ့ အရေးပါတဲ့ အခန်း ကဏ္ဏကို ချန်လှပ်ထားလို့ မရနိုင်တာက သဘာဝကျပါတယ်။ ဂျာမန်တို့ရဲ့ ‌’နွေဦးထိုးစစ်’ကို အလူးအလဲခံနေရ ချိန်ဖြစ်ပေမယ့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ အရေးကြီးတဲ့ ဒီတာဝန်ကို ယူခဲ့ပြီး၊ စစ်ပွဲရလဒ် ပြောင်းလဲ သွားစေအောင် ထိရောက်တဲ့  အမိန့်ပေးထိန်းချုပ်စနစ်ကို  အသက်ဝင်စေခဲ့သူ၊ဂျာမန်တို့ရဲ့ထိုးစစ်ကို ရပ်တန့် သွားရုံသာမက ကမ္ဘာစစ်ကို အဆုံးသတ် စေနိုင်ခဲ့တဲ့စစ်ဗျူဟာကို  ဖေါ်ဆောင်ပေးခဲ့သူ၊ကွဲပြားတဲ့စစ်ရေး ရည် မှန်းချက် ကိုယ်စီရှိကြတဲ့ မဟာမိတ်တပ်များကို စုစည်းညီညွတ်စေခဲ့သူ ‘ဖေါရှ့်’ကို အသိအမှတ်ပြုကြခြင်း ဟာ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာလို့ ယူဆကြရမှာပါ။

အလားတူပါပဲ။ မိမိတို့ရဲ့ အတ္တကိုဖြိုကြ၊ မာနကိုမျိုချပြီး မရှိမဖြစ်လိုအပ်နေတဲ့ ကွက်လပ်တခုအတွက် အရေး ကြီးတဲ့ ဆုံးဖြတ်ချက်ကို အချိန်ပိုနှောင်းမသွားစေပဲ ညှိနှိုင်းချမှတ်ပေးခဲ့ကြတဲ့၊ နိုင်ငံရေးဦးဆောင်မှု၊စစ်ရေးဦး ဆောင်မှု့ ပေးခဲ့ကြသူ မဟာမိတ်အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ မဟာမိတ်စစ်ဗိုလ်ချုပ်ကြီးများရဲ့  ကြိုးစားအား ထုတ်မှု၊ခေါင်းဆောင်မှု အရည်အသွေး၊ အမြော်အမြင်နဲ့ သဘောထားကြီးမှုတို့ကိုလည်း မှတ်ကျောက်တင်ကြ ရပါလိမ့်မယ်။

ကမ္ဘာစစ်မီးကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြရတဲ့ ကာလဟာ‘စပိန်တုပ်ကွေး’လို့ ခေါ်ခဲ့ကြတဲ့ H1N1 ဗိုင်းရပ်စ် ကြောင့် ‘1918 Influenza Pandemic’  ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ‘Centers for Disease Control and Prevention’(CDC)ရဲ့ မှတ်တမ်းအရ ဒီကပ်ရောဂါဟာ ကမ္ဘာ့လူဦးရေရဲ့ (၃)ပုံ (၁)ပုံကို ကူးစက်ခဲ့ ပြီး သေဆုံးသူ အနည်းဆုံးသန်း(၅၀)လောက် ရှိခဲ့ကြောင်း သိရပါတယ်၊ကာကွယ်ဆေးဆိုတာကလည်း တောင့် တဖို့တောင် အခြေအနေမပေးတဲ့ကာလပါ။ ဒီလိုအဘက်ဘက်က စိန်ခေါ်မှုများပြားလှတဲ့ အခြေအနေမျိုးမှာ သက်ဆိုင်ရာ  အစိုးရအဖွဲ့များ ထမ်းရွက်ခဲ့ရတဲ့ ဝန်ဟာလည်း အဆမတန် လေးပင်ခက်ခဲ နေပါလိမ့်မယ်။

မလွယ်ကူတဲ့ ခန့်အပ်တာဝန်ပေးမှုကို မဟာမိတ်နိုင်ငံများက လုပ်ခဲ့ရတာဖြစ်သလို၊ မလွယ်ကူတဲ့ တာဝန်ကို ‘ဖေါရှ့်’က ထမ်းဆောင်ခဲ့ရတာပါ။ပထမကမ္ဘာစစ်ကြီးရဲ့ နောက်ဆုံးရလဒ်ကတော့ ဒီလိုမလွယ်ကူလှတဲ့ အ လုပ်တွေကို အခက်အခဲ အတားအဆီး များစွာကြားက၊ မဆုတ်မနစ် အကောင်အထည် ဖေါ်ပေးခဲ့ကြသူများရဲ့  ကြိုးစားမှုအပေါ်  ရောင်ပြန်ဟပ်ခဲ့ခြင်းလို့သာပဲ မှတ်ချက်ပြုရပါမယ်။

ဒီကနေ့ မိတ်ဘက်ရန်ဘက် အဖွဲ့အစည်းအားလုံးက ကမ္ဘာ့ထိပ်တန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့လို့ အသိအမှတ်ပြုထားကြရတဲ့ ’ယူအက်စ် နေဗီဆီးလ်’( Navy SEALS)ဆိုတာ အဲဒီခေတ်က မပေါ် ပေါက်သေးပါဘူး။ ဒါ ပေမယ့်  ‘အလွယ်ကူဆုံးနေ့ဆိုတာ မနေ့ကသာပဲဖြစ်တယ်’(The only easy day was yesterday) ဆိုတဲ့  ‘နေဗီ ဆီးလ်’ ရဲ့ ဖီလော်ဆော်ဖီကို  မဟာမိတ်နိုင်ငံရေးနဲ့စစ်ရေးဦးဆောင်သူများကအစ၊ ကတုတ်ကျင်းများထဲကနေ အမြောက်သံ၊သေနတ်သံများကို နားစွင့်လို့၊ အပိုမပါတဲ့ အသက်ကိုအရင်းပြု တိုက်ပွဲဝင်နေကြသူများအဆုံး အားလုံးရဲ့စိတ်ထဲ အရင်ကျွမ်းဝင်ခဲ့ပြီးသား ဖြစ်ဟန်တူပါတယ်။    

အားကြီးသူနိုင်စတမ်းဆိုတာဟာ မှားယွင်းတဲ့ အယူအဆတခုသာဖြစ်ပြီး၊ မတရားမှုကို တွန်းလှန်ဖို့အတွက် မ လွယ်ကူတဲ့ အလုပ်တွေကို မဖြစ်၊ဖြစ်အောင် ဇွဲနဲ့လုပ်ခဲ့ကြတဲ့၊ အလွယ်တကူ လက်မလျှော့တတ်သူများကသာ အောင်ပွဲနဲ့ အမှန်တကယ်ထိုက်တန်ကြသူများ ဖြစ်ကြောင်းကို ပထမကမ္ဘာစစ်ကြီးက သမိုင်းသက်သေထူပြခဲ့ ခြင်းပဲ မဟုတ်ပါလား။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar