Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၂ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၂ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၂


ယင်းမာပင်က ကျေးရွာ လေကြောင်းရော မြေပြင်ပါ တိုက်ခိုက်ခံရ၊ စစ်တပ်ဆန့်ကျင်သူ အချင်းချင်းအကြား နားလည်မှုလွဲမှားမှုတွေ၊ ဆိုရှယ်မီဒီယာရဲ့ အကျိုးသက်ရောက်မှု

သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ်မှာ ယင်းမာပင်မြို့နယ် အနောက်တောင်ဘက် ပုလဲမြို့နယ်နဲ့ နီးစပ်တဲ့ ဒေသက ရွာတရွာဖြစ်တဲ့ ရင်ပေါင်တိုင် ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်သလို စစ်ကောင်စီတပ်သားတွေလည်း ရဟတ်ယာဥ်နဲ့ချပြီး စီးနင်းတိုက်ခိုက်ကာ ကျေးရွာသားတချို့ကို ပါ ဖမ်းဆီးထားတယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။ ဒီနေ့မှာ သတင်းဌာနတွေက မေးမြန်းမှုကို ဖြေကြားရာမှာတော့ ချင်းကာကွယ်ရေး တပ်ဖွဲ့ ဝင်အချို့ ကချင်ပြည်နယ်ဘက်က နေဆင်းလာပြီး ခရီးတထောက် နားနေစဥ်မှာ ရင်ပေါင်တိုင်ကျေးရွာကို ပစ်မှတ်ထားပစ်ခတ်တာလို့ ဆိုပါတယ်။ အခုလို ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖြတ်သန်းချိန်မှာ အချိန်ကိုက် တိုက်ခိုက်ခြင်းဟာ ဒီဒေသက တဦးဦးက သတင်းပေးလို့ဆိုတဲ့ သံသယလည်းရှိ နေကြပြီး စစ်ကောင်စီဘက်က သတင်းအတိအကျ ရတာကြောင့် အခုလို လေကြောင်းနဲ့လာရောက်ပြီး တိုက်ခိုက်တာလို့ ကောက်ချက်ချကြတာ ဖြစ်ပါတယ်။ 

ယင်းမာပင်ဒေသမှာ နာမည်ကြီး ထင်ရှားတဲ့ တော်ဝင်နဂါး တပ်တော်ရဲ့ ပီဒီအက်ဖ် ခေါင်းဆောင် ဖြစ်သူ ဗိုလ်နဂါးနဲ့ ဆရာဝန်မ အေးငြိမ်းတို့ အင်တာဗျူး အွန်လိုင်းမှာ ဖြန့်ဝေပြီး ရက်အနည်းငယ်အကြာမှာ အခုလိုတိုက်ခိုက်မှုဖြစ်တဲ့ တိုက်ဆိုင်မှုကြောင့် ဆိုရှယ်မီဒီယာမှာ အချို့က အေးငြိမ်းကို သံသယနဲ့ စွပ်စွဲပြောဆိုမှုတွေ မနက်ပိုင်းက ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ခေတ်ကာလမှာ အဖြစ်အပျက်တွေကို ချဥ်းကပ်နားလည်ဖို့အတွက် ဆိုရှယ်မီဒီယာက လမ်းကြောင်းပေးတဲ့အတိုင်း ယုံကြည်ကြလေ့ရှိတာလည်း ဖြစ်ပါတယ်။ ရင်ပေါင်တိုင် ကျေးရွာတိုက်ခိုက်ခံရတဲ့ အဖြစ်နဲ့ပတ်သက်လို့ အသေးစိတ်မသိရခင်မှာပဲ အေးငြိမ်းရဲ့ အင်တာဗျူး အတွက် လာရောက်ခဲ့တာကြောင့် ယင်းမာပင်က ကျေးရွာကို စစ်ကောင်စီက လာရောက်တိုက်ခိုက်တဲ့သဖွယ် ရေးသားပြောဆိုမှုတွေ ရှိခဲ့ပြီး နောက်ပိုင်း အဖြစ်အပျက်နဲ့ ပတ်သက်လို့ အသေးစိတ် ထပ်မံပေါ်ထွက်လာတဲ့နောက် မှာ အေးငြိမ်းရဲ့ အင်တာဗျူးအတွက် လာရောက်တာနဲ့ မသက်ဆိုင်ကြောင်း ဗိုလ်နဂါးကိုယ်တိုင်က သတင်းဌာနတခုကို ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာခေတ်ရဲ့ အကျိုးသက်ရောက်မှုတွေမှာ တစုံတခုအကြောင်းအရာ ပေါ်ထွက်လာတိုင်း လွယ်လွယ်ကူကူ လက်သည်တရားခံရှာဖို့ လမ်းကြောင်းပေးတဲ့ စဥ်းစားမှုတွေ အထောက်အထားမရှိလည်း ယူဆချက်သက်သက်နဲ့ စွပ်စွဲပြောဆိုတာတွေ ပေါ်ထွက်လာလေ့ရှိပြီး စစ်ကောင်စီ ဆန့်ကျင်သူတွေ အချင်းချင်းကြားမှာကိုပဲ သဘောထားကွဲလွဲကြ၊ တိုက်ခိုက်ပြောဆိုကြတာမျိုး ဖြစ်လေ့ရှိပါတယ်။ 

ဒီလို အနေအထားမျိုး ဖြစ်ပျက်မှုမျိုးကို ဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုးတခုလို့ ပြောရင်တောင် ပြောလို့ရမယ် လို့ ထင်ပါတယ်။ 

တခါတရံမှာ ရိုးရိုးသားသား သံသယဖြစ်တာမျိုး ရှိသလို တခါတရံမှာတော့ မိမိတို့ အဖွဲ့အစည်းကို ဝေဖန်သူတွေကို အခုလို အခွင့်အရေးရတဲ့အခါ စွပ်စွဲပြောဆိုပြီး လူအများရဲ့ ယုံကြည်မှု ထောက်ခံမှုမရတော့အောင် လုပ်ဆောင်ကြတာမျိုးလည်း ရှိတတ်တာ ဖြစ်ပါတယ်။ လူထုက အဖြစ်အပျက်တခုအတွက် အကြောင်းရင်းကို သိချင်နေကြချိန် တနည်းအားဖြင့် လက်သည်ရှာနေကြချိန်မှာ ရည်ရွယ်ချက်ရှိရှိ ဒီဖြစ်ရပ်ဟာ ဒီဟာကြောင့်ဆိုပြီး လမ်းလွှဲအပြစ်ပုံချတာမျိုး ဖြစ်ပြီး ဒီလို ဆိုရှယ်မီဒီယာကနေ လူအများကို လမ်းလွှဲရောက်အောင် ပြောဆိုနိုင်တာ ဆိုရှယ်မီဒီယာရဲ့  ဆိုးကျိုးသက်ရောက်မှုတွေထဲက တခုဖြစ်ပါတယ်။ 

နောက်အခြားသတင်းတပုဒ်ကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က လ.ဝ.က ရုံးမှာ မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့က ဝင်ရောက် သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုဦးစီးမှူး သေဆုံးကာ ဦးစီးမှူးက ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွေက မှတ်ပုံတင် ပျောက်တာ၊ ပျက်စီးတာ၊ အိမ်ထောင်စုစာရင်း ပြောင်းတာ ထည့်သွင်းတာတွေ လုပ်ဆောင်ရာမှာ မြို့နယ်ထဲနေထိုင်သူတွေ ကိုယ်တိုင်သွားရောက်ရပြီး တကြိမ်မက သွားရောက်လုပ်ကိုင်ရလေ့ ရှိသလို အနည်းနဲ့အများ ငွေကြေးပေးရကာ သွေးနှောသူတွေ အဖို့ ငွေမြိုးမြိုးမြက်မြက်ပေးမှ မှတ်ပုံတင် လုပ်ပေးတာ ပျောက်ပျက်တဲ့အခါ ပြန်ထုတ်ပေးတာမျိုး ဖြစ်ပါတယ်။ လူတချို့ကတော့ လူထုကို ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီရဲ့ အရပ်ဘက်ဌာနဝန်ထမ်းတွေကို အခုလို လုပ်ကြံသတ်ဖြတ်တာကို ထောက်ခံပြောဆိုတာတွေ ရှိပေမယ့် အချို့ကတော့ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေက အခြေအနေပိုမိုရှုပ်ထွေးလာစေမှာကို စိုးရိမ်ကြတာလည်း ရှိပါတယ်။ 

အရပ်ဘက်ဌာနတွေကို ပစ်မှတ်ထား သတ်ဖြတ်တာမျိုး မလုပ်ကြဖို့ သဘောထားရှိသူတွေလည်း ရှိတာမျိုးဖြစ်ပါတယ်။ မြို့ပြပြောက်ကျားအဖွဲ့ ပီဒီအက်ဖ်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်သူတွေကို လုပ်ကြံသတ်ဖြတ်တာတွေကြောင့် PDF ရဲ့ ပုံရိပ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွှယ်တယ်လို့ သတ်မှတ်ယူဆနိုင်ခြေ ရှိတာကိုလည်း ထောက်ပြကြတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar