Breaking News

မောင်ရစ် - နိုင်ငံမြန်မြန်ပြောင်းလဲဖို့ အာဏာစက်ကို သုံးကြစို့တဲ့လား


မောင်ရစ် - နိုင်ငံမြန်မြန်ပြောင်းလဲဖို့ အာဏာစက်ကို သုံးကြစို့တဲ့လား

(မိုးမခအယ်ဒီတာ့လက်ရေး) စက်တင်ဘာ ၁၀၊ ၂၀၁၉

ဒေါ်နယ်ထရန့် အမေရိကန်သမ္မတဖြစ်တဲ့အချိန်ကစပြီး အမေရိကန်တွေကော နိုင်ငံတကာကော ငြိမ်ငြိမ်သက်သက်နေရတယ် မရှိပါဘူး။ ပြောင်းလဲချိန်တန်ပြီ ဆိုပြီး သမ္မတအာဏာစက်ကိုသုံးပြီး ပြောင်းလိုက် ပြင်လိုက်တာ တခြိန်းခြိန်းနဲ့ပါပဲ။ ၂၀၁၆ ရွေးကောက်ပွဲကာလအပြီး ၂၀၁၇ နှစ်ဆန်းပိုင်းတုန်းကတော့ အတိုက်အခံဒီမိုကရက်တွေ လစ်ဘရယ်တွေ မျိူးဆက်သစ်တွေကတော့ ထင်တလုံးနဲ့ အားတင်းကြတယ်။ ဒီကောင်ကြီး နိုင်ငံရေးပါး မ၀ပါဘူးပေါ့။ အခြေခံဥပဒေတို့ တရားစီရင်ရေးတို့ လွှတ်တော်တို့ ဗြူရိုကရေစီ ယန္တယားတို့ ရဲ့ အကန့်အသတ် ထိန်းကြောင်းမှုတွေနဲ့ ထင်တိုင်းလုပ်ဖို့ မလွယ်ပါဘူးပေါ့။ ထရန့်က ဝန်ကြီးတွေ ပြောင်းလဲ၊ သမ္မတအမိန့်ဒီကရီတွေ အသစ်ထုတ်၊ နိုင်ငံရဲ့ပေါ်လစီတွေ ပြောင်းလဲပစ် စတာတွေ လုပ်ပါတယ်။ အတိုက်အခံတွေက ကန့်ကွက်၊ စာထုတ်၊ တရားပြန်စွဲ၊ ဆန္ဒတွေပြ၊ လော်ဘီတွေ တုန့်ပြန်စတာတွေနဲ့ တခြိန်းခြိန်းပါ။ ကဲ ... အခုတော့ ၂၀၁၉ နှစ်ကုန်ဖို့ တာစူနေပါပြီ။ နောက်နှစ်မှာ သမ္မတရွေးကောက်ပွဲတွေ လာကြပြန်ဦးတော့မယ်။ သမ္မတကြီးထရန့်ကို ကြည့်လိုက်တော့ တင်းမာနေဆဲ၊ ပန်းပန်နေဆဲ၊ ဟောဟောဒိုင်းဒိုင်း ပါးစပ်ကော လက်ပါ အရှိန်တက်နေဆဲပါပဲ။

နိုင်ငံတခုကို ပြောင်းလဲပစ်နိုင်ဖို့ နည်းလမ်းစုံနဲ့ စဉ်းစားကြတယ် ဆိုပါတယ်။ ပညာရေးနဲ့ ပြောင်းမလား၊ စီးပွားရေး လူမှုရေး သာရေးနာရေး နည်းပညာ အတွေးအခေါ် နည်းလမ်းမျိူးစုံ ဖြန့်ကျက်ပြီး စဉ်းစားကြပါတယ်။ တကယ်တမ်းကျတော့ နိုင်ငံကို မြန်မြန်ပြောင်းဘို့က နိုင်ငံရေးနည်းပဲ ရှိတယ်လို့ ကောက်ချက်ဆွဲကြပါတယ်။ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲကနေဖြစ်စေ၊ လက်နက်ကိုင်ပြီးတော်လှန်ပြီးဖြစ်စေ၊ သပိတ်တိုက်ပွဲတွေကနေ အာဏာလွှဲယူပြီးဖြစ်စေ ရယူသိမ်းပိုက်ပြီး နိုင်ငံရေးအာဏာစက်ကို သုံးပြီး ဖြန့်ကျက်ပြီး နိုင်ငံကို ပြောင်းလဲတာက မြန်တဲ့လမ်းလို့ ဆိုပါတယ်။ နိုင်ငံတော်အာဏာကို ရယူကိုင်စွဲ အသုံးချပြီး ကိုယ်လိုရာ ဆွဲယူပြီဆိုတာနဲ့ အစိုးရ ပြည်သူ ဝန်ထမ်း အတိုက်အခံစတာတွေဟာ အာဏာပိုင်တွေရဲ့ လက်ခုပ်ထဲက ​ရေအဖြစ် ရောက်ကြရတာပဲကိုး။ နောက်မှ ပြန်ပြီး တွန်းလှန်တိုက်ခိုက်ကြရတာက တကဏ္ဍပေါ့လေ။

ဒေါ်နယ်ထရန့်နဲ့ အပေါင်းအပါများကတော့ ရွေးကောက်ပွဲမှာ ဘယ်နည်းနဲ့ နိုင်နိုင် ဘယ်လိုပဲ သူများတွေက ဝေဖန်ပြစ်တင်ကြသည်ဖြစ်ပါစေ အနိုင်ရရင်ပြီးရော၊ ရွေးကောက်ပွဲနိုင်မှ အာဏာရမယ်၊ သည်တော့မှ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နိုင်မယ်၊ သည်လို သဘောထားပါတယ်။ ပညာတတ်တွေ လူလတ်တန်းစား စဉ်းစားသူတွေကို မဲဆွယ်တာထက် လူပြိန်းတွေကြိုက်ဖို့ ဦးစားပေး မဲဆွယ်ခဲ့တာပဲ။ သူတို့လုပ်မယ့် အလုပ်တွေ ပေါ်လစီတွေကိုလည်း ဗြောင်ကျကျ ပေါ်ပေါ်တင်တင်ကို ဟောပြောပို့ချခဲ့တာပဲ။ အပေါ်ယံသကြားအုပ်ပြီး လူလိမ္မာ ပညာတတ်စကားလုံးတွေနဲ့ ဖုံးအုပ်ခဲ့တာ မရှိပါဘူး။ အမျိုးသားရေးဝါဒီ၊ ကိုယ်ကျိူးစီးပွားကာကွယ်ရေး၊ တကိုယ်ကောင်းစနစ်ကျင့်သုံးရေးဆိုတာကို ဗြောင်ပဲ ထုတ်ဖော်ပါတယ်။ အတ္တဟိတ ပရဟိတ သာတူညီမျှ ကောင်းတူဆိုးဘက် နေထိုင်ရေးဆိုတာကို လှည့်တောင် မကြည့်ခဲ့ပါဘူး။

သည်အတွက် ထင်ရှားတဲ့ ဥပမာတွေကတော့ ထရန့်ရဲ့ အာဏာစက်နဲ့ လုပ်ခဲ့တာတွေ ပြန်ကြည့်ရင် ... ယခင်သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို အားနည်းအောင်ပြင်ဆင်တာ၊ မူဆလင်နိုင်ငံအချိုကို ပြည်ဝင်ခွင့်ပိတ်ပင်တာ၊ တရုတ်၊ ကနေဒါ၊ မက္ကစီကို၊ ဥရောပစတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်စစ် ဆင်နွှဲတာ၊ အီရန် မြောက်ကိုရီးယား ရုရှားစတဲ့ နိုင်ငံရေးရန်သူနိုင်ငံတွေနဲဲ့ တင်းမာသည်ထက် တင်းမာအောင် နိုင်ငံရေးကစားတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း တရားမဝင် ပြောင်းရွှေ့နိုင်ငံသားတွေအပေါ် တင်းမာပြတ်တောက်တဲ့ သဘောထားနဲ့ ရာဇဝတ်သားတွေလို ဆက်ဆံခြင်း၊ အရေးယူခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ကမ္ဘာလုံးနဲ့ချီ အရေးပါတဲ့ ရာသီဥတုပြောင်းလဲနေမှု (climate change) စာပွဲဝိုင်းကနေ အမေရိကန်က နှုတ်ထွက်လိုက်ပါသေးတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ငြင်းပယ်တာ ပြစ်တင်ရှုတ်ချတာတွေ လုပ်ပစ်ပါတယ်။ သည်တော့ နိုင်ငံကို မြန်မြန်ပြောင်းချင်ရင် နိုင်ငံရေးနည်းနဲ့ ပြောင်းတာ၊ နိုင်ငံရေးအာဏာစက်နဲ့ ပြောင်းတာက ပိုထိရောက်တယ်လို့ ပြောရလေမလားပါ။ ထို့အတွက်  ဒေါ်နယ်ထရန့် အမေရိကန်သမ္မတဖြစ်တဲ့အချိန်ကစပြီး အမေရိကန်တွေကော နိုင်ငံတကာကော ငြိမ်ငြိမ်သက်သက်နေရတယ် မရှိပါဘူး။ အပြောင်းအလဲတွေနဲဲ့ ရင်ဆိိုင်နေကြရတော့တာပါပဲ။ တကမ္ဘာလုံးမှာ စီးပွားရေး လူမှုရေး နိုင်ငံရေးတွေ တက်ကျ ပြောင်းလဲ လှုပ်ရှား လှိုင်းထန်နေတာ တွေ့ရပါတယ်။ လူတကာက နှာခေါင်းရှုံ့ကြတဲ့ ထရန့်ရဲ့ တွစ်တာဆိုတာ ရှင်ဘုရားစကား မိုးကြိုးသွားလို တန်ခိုးကြီးလှတယ်ဆိုပြီး စောင့်ကြည့်နေကြရတာ ဖြစ်လာပါတယ်။

နိုင်ငံကို ပြောင်းချင်ရင် ကမ္ဘာကြီးကို မြန်မြန်ပြောင်းချင်ရင် နိုင်ငံရေးနည်းနဲ့ ပြောင်းတာ အထိရောက်ဆုံးပါ။ သည်အတွက် နိုင်ငံရေးအာဏာကို အရင်ဆုံး ရယူကြတာ ဖြစ်တယ်။ အဲသည်အတွက် ရွေးကောက်ပွဲတွေကို အနိုင်ရမယ့် မည်သည့်နည်းနဲ့မဆို သုံးပြီး အာဏာကို ရယူကြပြီး အာဏာရတာနဲ့ ပြောင်းလဲမှုတွေ အပြင်းအထန်လုပ်ကြတော့တာပါပဲ။ သည်လိုသာဓကကို ဥရောပက အာဏာရှင်ကြီး ဟစ်တလာနဲ့ ယှဉ် ကြည့်နိုင်ပါတယ်။ ဟစ်တလာကိုယ်တိုင်ကလည်း ရွေးကောက်ပွဲနိုင်ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တာ ဖြစ်ပါတယ်။ အာဏာစက်နဲ့ အစိုးရ လွှတ်တော် ပြည်သူတွေအပေါ် ကြီးစိုးပြီး ဖက်ဆစ်ဝါဒ အမျိူးသားဝါဒ ဂျူးမျိူးတုံးရေးတို့ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး နိုင်ငံရေးနည်းနဲ့ နိုင်ငံတကာနိုင်ငံများ အစိုးရများက ညှိနှိုင်းဆွေးနွေးအဖြေရှာလို့ မရ၊ လက်နက်ကိုင်ကျူးကျော်စစ်တွေအထိပါ ဟစ်တလာက ကိုင်စွဲလာတဲ့နောက်ပိုင်းမှာမှ ကမ္ဘာစစ်ကြီး မီးဟုန်းဟုန်းတောက်ပြီး  ဟစ်တလာကို နှိမ်နင်းဖိနှိပ်ခဲ့ရပါတော့တယ်။ ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးလိုက်ရတဲ့ တန်ဖိုးကတော့ အလွန်ကြီးမားပါတယ်။

၂၁ ရာစုု ခေတ်သစ်ကြီးမှာ ဒီမိုကရေစီမကျ အာဏာရှင်ဆန်တဲ့ အာဏာစက်သုံးလှုပ်ရှားမှုတွေ လုပ်ရပ်တွေကို မောင်ရစ်တယောက်က ထောက်ခံစကားပြောချင်တာလားလို့ မမေးပါနဲ့ခင်ဗျာ။ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးအာဏာကို ရပြီးတဲ့နောက်မှာ ပြတ်ပြတ်သားသားပဲ နိုင်ငံရေးအာဏာကို ကိုင်စွဲပြီး ပြုပြင်ပြောင်းလဲရေးဆိုတာကို လုပ်ဆောင်ကြတဲ့အကြောင်း ထောက်ပြဆွေးနွေးပြတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ၏ အစိုးရနဲ့ လွှတ်တော် အာဏာရပြီးနောက်မှာလည်း နိုင်ငံရေးနည်းနဲ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွေ ပြတ်သားစွာ ဆောင်ရွက်နေခဲ့ပုံတွေ ပြန်လည် ဆန်းစစ် တိုင်းထွာကြည့်ကြဖို့ကို တိုက်တွန်း နှိုးဆော်ချင်တာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေဘက်က အိုဘားမားဆိုတဲ့ သမ္မတတဦး အာဏာရခဲ့ဖူးပါတယ်။ အမေရိကန်မှာပါ။ လူတွေက မျော်လင့်လိုက်ကြတာ ... ဘုရားအသစ်ပေါ်တဲ့အတိုင်းပါပဲ။ အိုဘားမားက အစိုးရကော လွှတ်တော်ကော သူလက်ရုံးအတွင်းမှာ ရှိနေဆဲမှာ နိုင်ငံရေးအာဏာစက်ကို အပြတ်သုံးပြီး ပြုပြင်ပြောင်းလဲရေးကို မလုပ်ခဲ့ပါဘူး။ အတိုက်အခံရီပတ်ဘလစ်ကန်ပါတီနဲ့ အမြဲတန်း ညှိနှိုင်းဆွေးနွေး ချပြပြီး ပေါ်လစီပြောင်းလဲရေးကို လုပ်ခဲ့ပါတယ်။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ပေါ ခင်ဗျာ။ သည်တော့ အတိုက်အခံတွေက သည်လိုမျိူး လူကြီးလူကောင်းဆန်သော နိုင်ငံရေးအာဏာစက်ကို လေးစားမှု မပြခဲ့ကြပါ။ အိုဘားမား၏ နိုင်ငံရေးခြေလှမ်းတိုင်းမှာ အတားအဆီး အတိုက်အခံ ပြစ်တင် ဝေဖန်မှုတွေနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။ အိုဘားမားရဲ့ ပြောင်းလဲချိန်ဟာ တုန့်နှေးတုန့်နှေးနဲ့ စိတ်တိုင်းကျ မဖြစ်ခဲ့ရဘဲ ၈ နှစ် သမ္မတသက်တမ်း ကုန်ဆုံးခဲ့ရပါတယ်။ ဒါကတော့ အိုဘားမားပေးတဲ့ နိုင်ငံရေးသင်ခနိးစာပါ။

မြန်မာပြည်မှာလည်း ၂၀၀၈ ခြေဥအောက်က ၂၅% တပ်မတော်သားအမတ်တွေ အောက်ကနေ ရုန်းကန်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကနေ အင်န်အယ်ဒီပါတီ အာဏာရခဲ့ပါတယ်။ နိုင်ငံရေးအာဏာစက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရန်ကုန်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း သူ့အာဏာစက်နဲ့ မထသ ဘတ်စ်ကားလုပ်ငန်းကို ဝိုင်ဘီအက်စ်အဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ အစိုးရနဲဲ့ လွှတ်တော်တို့ဟာ  နိုင်ငံရေးအာဏာများနဲ့ အခွန်စနစ် ပြုပြင်ခြင်း၊ လျပ်စစ်မီတာနှုန်းထားများ ပြင်ဆင်ခြင်း၊ သိမ်းဆည်းမြေယာများအရေး၊ ဘဏ်စနစ် ပြုပြင်ခြင်း၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်နိုင်ရေး ... ပညာရေးအဆင့်မြင့်ခြင်းတွေ အစွမ်းရှိသ​လောက်တော့ ဆောင်ရွက်နေပုံရပါတယ်။ နိုင်ငံရေးအကြပ်အတည်းများကို ဖန်တီးလာတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရက အစွမ်းကုန် တုန့်ပြန်ကာကွယ်တာတွေကို ဘင်ဂါလီအရေး၊ မဘသအရေး၊ ဦးကိုနီလုပ်ကြံခံရခြင်း၊ ရခိုင်စစ်မီး၊ တရုတ်မြစ်ဆုံအရေး စတာတွေမှာ တွေ့နိုင်ပါတယ်။ ထို့အတူူ အစိုးရအာဏာစက်နဲ့ သတင်းသမားတွေ အနုပညာသယ်တွေ တက်ကြွလှုပ််််််််််််််််််််််််ရှားသူတွေကိုလည်း ထောင်ထဲ တန်းထဲထည့်ပြီး 'နှိပ်' ထားတာလည်း တွေ့ရပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ 'လက်နက်ကိုင်ထားတဲ့ နိုင်ငံရေးအာဏာစက်' လွှမ်းမိုးထားတဲ့ ပြည်တွင်းစစ်ရပ်စဲနိုင်ရေး၊ ၂၁ ရာစု ပင်လုံညီလာခံ ဆက်လက်အောင်မြင်ရေးတို့မှာတော့ 'ရွေးကောက်ပွဲကတက်လာသော နိုင်ငံရေးအာဏာစက်' က ထင်တိုင်းမပေါက်တာကတော့ ထင်ရှားပါတယ်။ အခုလည်း ၂၀၂၀ လာမည့်နှစ်မှာ မြန်မာပြည်မှာလည်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပကြဖို့ အလှည့်ပြန်ကျရောက်တော့မှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာတွေချည်းပေါ့ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြောင်းမှ မြန်မာနိုင်ငံကြီး ဒီမိုကရေစီတိုင်းပြည်အဖြစ် မြန်မြန်ဆန်ဆန်ပြောင်းလဲမည် လို့ ယုုံကြည်မျော်လင့်သူ မြန်မာပြည်သူများအတွက်ကတော့ ၂၀၂၀ မှာလည်း 'မေမေနိုင်မှ ဖြစ်မှာပါ' လို့ အဆိုပါသီချင်းကို ဆက်လက်သီဆိုကြလိမ့်မည် ထင်ပါတယ်။ ကျနော်တို့မေမေ အဲလေယောင်လို့ ခင်ဗျားတို့မေမေကလည်း ပြတ်ပြတ်သားသားနဲ့ နိုင်ငံရေးအာဏာစက်တွေ သုံးသင့်သည့်နေရာမှာ သုံးဖို့ ပြောင်းလဲချိန်တန်ပြီ ထင်မိပါသည်။ ဥပမာ - ဖွဲ့စည်းပုံပြင်ရေး ၄၅ဦး ပူးပေါင််းကော်််််မီတီ ဆိုတဲ့ လှုပ်ရှားမှုတွေ များများလိုအပ်မယ် ထင်ပါသည်။ အမေရိကန်က ဖေ့စ်ဘွတ်ကော တွစ်တာကိုယ်တိုင်ကပါ မြန်မာပြည်ပြောင်းလဲရေးကို အားပေးထောက်ခံနေချိန် ... တပ်မတော်ခေါင်းဆောင်များကို ဘန်းထားချိန်မှာ ဒေါ်အောင်ဆန်းစုုကြည်သည်လည်း ဒေါ်နယ်ထရန့်လို တွစ်တာအကောင့်တခု တရားဝင် လူသိရှင်ကြား ကိုင်ထားရင် ကောင်းလိမ့်မည်လို့ နှစ်ပြားတန် အကြံလေးတော့ ပေးလိုက်ချင်ပါတယ် ခင်ဗျား။ ။