Breaking News

လူချွန်လူကောင်း ကျေးလက်က ချစ်တပည့်ဟောင်းလေးများ (မောင်ဘဦး)

လူချွန်လူကောင်း ကျေးလက်က ချစ်တပည့်ဟောင်းလေးများ
မောင်ဘဦး
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၃

"... အဖေ့...၊ ဒီမှာ သမီးတို့ ဆရာကြီး ..."

"ဟာ... ဆရာကြီး၊ မျက်မှန်အမည်းကြီးနဲ့ ဆိုတော့ မမှတ်မိဘူးဗျာ၊ မတွေ့ရသာ ကြာပေါ့ ..."

"မျက်စေ့ ခွဲထားရတယ် လေ၊ သားအဖတစ်တွေ ဈေးလာဝယ်ကြတာ လား၊ ပင်စင်ယူပြီးကတည်းက အိမ်တောင် မလာကြတော့ဘူး ..."

"ဒါ... ဆရာကြီး ပင်စင်မယူခင်လေးတင် 'ကေဂျီတန်း' ဖွင့်ခါစ၊ နေ့လည် ကလေးတွေကို အအိပ်ခိုင်းတော့...၊ 'အဖေက နေ့လည်ဆိုတာ မအိပ်ရဘူး ပြောထားလို့...' ဆိုတဲ့ 'အငယ်မ'...လေ။ ငါးတန်းနဲ့ 'ရပ်'နေသာ။ နို့မို့ ခုနေ ၈တန်း,၉တန်း ရောက်ရော ပ..."

   'ကျောင်းအုပ်' ဘဝက တာဝန်ကျကျေးရွာမှ အလွန်အင်မတန် ရင်းနှီးခင်မင်လှသည့် မိတ်ဆွေတစ်ယောက်နှင့် ဈေးနားမှာ တွေ့သည်။ ရင်းနှီးရုံ မက 'စားအိမ်သောက်အိမ်' လည်း ဖြစ်သည်။
သူတို့နှင့် တွေ့ရလေမှ၊ ပင်စင်ယူပြီး ၅ နှစ်, ၆ နှစ်အတွင်း၊ အညာ ကျေး လက်တခွင် ကျောင်းမနေချင် နေချင်အောင်၊ ကျောင်းမထားချင် ထားချင်အောင်၊ အိမ်တိုင်ယာရောက် စည်းရုံးသမှုပြုခဲ့ရသည့်၊ မြို့ပြမှာလို ကျူရှင်မရှိသော၊ 'ကြေးရတတ်-ကျောင်းသားမိဘ' မရှိသော၊ မိမိ၏ 'ကျေး လက် ကျောင်းဆရာဘဝ'ကို ပိုမို၍ ပီတိဖြာမိသည်။ ကြက်သွန်စိုက် နွား ကျောင်း, ပုဇွန်လုံးနှိုက် သဲဖားနှိုက်, ဖွတ်ရိုက် ပဒတ်ရိုက်၊ ကျေးလက်ဘဝ၌ မိဘများနှင့်အတူ ပေပေတေတေ နေထိုင်လုပ်ကိုင် စားသောက်ကြရရှာသည့် ချစ်တပည့်ဟောင်းလေးများ အကြောင်းကို 'လူချွန်လူကောင်းများ အလား' ကြားရသိရ ပါတော့သည်။

"... အကြီးမ,က ပထမနှစ်၊ 'စီဒီအမ်'...၊ ဟို... ကျောင်းမတက်ဘူး၊ မတက်ချင်ဘူး တဲ့။ အခု 'သူနာပြုသင်တန်း တက်ချင်တယ် ဆိုလို့ လိုက်ပို့သာ။ 'သူနာပြု'က တစ်လ ၃သိန်းခွဲ နဲ့ လေးလသင်တန်း၊ 'ဆေးဝါး ကျွမ်းကျင်'က ၁သိန်းခွဲ။ သူ့သူငယ်ချင်း တော်တော်များများ လည်း တက်ကြတော့ ဖြစ်အောင် ထားပေးရသာပ ဆရာကြီးရယ်..."

"နို့၊ အလတ်ကောင် ကရော..."

ရွာမှာ တာဝန်ကျစဉ်က အကြီးမ က ၅တန်း၊ အလတ်ကောင်က ၃တန်း။ စာ တော်သည်၊ သူငယ်ချင်းတွေနှင့် ကျောင်းတော့ ပုန်းချင်သည်။ စာမသင်ချင်၍ မဟုတ်၊ အလုပ် လုပ်ချင်၍ ဖြစ်သည်။ 'သစ်-သံခွံ'(သစ်လုံးကြီးများ သယ်ဆောင်လာသည့် သင်္ဘော)တွေ ရွာဆိပ်(ရွာဆိပ်ကမ်း)မှာ ညအိပ် ရပ်နားကြပြီဆိုလျှင် နေ့ခင်း 'ကျောင်းချိန်ကြီး'တွင်ပင် သင်္ဘောပေါ်တက်၍ သစ်ခေါက်များကို ခွာယူပြီး ထင်းအဖြစ် ရောင်းသူ ဖြစ်သည်။ မိမိကသာ ဆင့်ထားသော သစ်လုံးကြီးတွေပေါ်က က‌လေးတွေ လိမ့်ကျမှာကို စိုးရိမ်, သစ်လုံး ပိမှာကို စိုးရိမ်ငြား၊ သစ်လုံးကြီးများအပေါ် လွှားခနဲ ခုန်တက်ပြီး တူရွင်းလေးမျာဖြင့် သစ်ခေါက်ခွာကြရာမှာတော့ သူတို့လေးတွေတော်တော်ကျွမ်းသည်။ ကျွန်းနှင့် သစ်မာ၊ (ထင်း)ဈေးကွာသဖြင့် သစ်မာကိုသာ ရွေးချယ် ခွာယူကြသေး သည်။

"... 'ဖိုးတာ' က ၈ တန်းနဲ့ ရပ်နေသာ။ အခု ကားနောက် လိုက်နေသယ်။ မြို့လာရသယ့်အကြောင်းထဲမယ် 'ခုခေါက်'(ယခု ကားအလှည့်ကျ) 'ကလေး-ကားပါတ်' (ကလေးမြို့သို့ လိုင်းကား ခရီးစဉ်) ကြာလို့ စိတ်မချလို့ ဂိတ် လာစုံစမ်းရင်းလည်း ပါသပ။ ရွာက ဖုန်းလိုင်း မမိဘူးလေ။ ဒီအခေါက် 'ယာကြီး-ကလေးဝ' လမ်းက ပိတ်ထားလို့၊ 'ဂန့်ဂေါ'က နေ 'ဟားခါး - ဖလမ်း'ကို ပတ်ပြီး၊ 'သိုင်းငင်း'က နေ 'ကလေး' ပြန်ဆင်းရလို့ အသွားအပြန် ၁၅ရက် ကြာသာ တဲ့... "

"... ခါတိုင်း၊ 'ကလေး'ကားခ က ၃သောင်း။ ရွှေဘိုဖက်က ပတ်ရရင် ၃ သောင်းခွဲ။ အခု 'ဂန့်ဂေါ-ဟားခါး' လမ်းက ဆိုတော့ ၇ သောင်း တဲ့။ ကွမ်းခြင်းတစ်ခြင်း ကားခ ၂ သောင်းခွဲ တဲ့ ..."

"ဈေးက ဝယ်ပြီးပြီလား၊ တစ်ခုခု သွားစားကြရအောင် ..."
"ဈေးကတော့ 'ဖန်သီး'လေး တစ်အိတ် ဝယ်ရုံတင်ပါ ..."
"ဗျာ...။"

"ဆန်... လေ၊ ဆရာကြီး။ သူက စားရသာ မဆိုးဘူး။ ဈေးကလည်း အရင် တစ်တောင်း ၄သောင်း ကနေ၊ တစ်အိတ်(တစ်တင်းခွဲအိတ်) ၉၆၀၀၀၊ အခုကျတော့ ၁ သိန်း ၄ ထောင်။ အညံ့ဆုံးတောင် တစ်ပြည် ၄၅၀၀ လေ။ 'ကြယ်တံခွန်' က တစ်ပြည်ချင်း ၆၄၀၀, 'ရွှေဓန'က ၆ထောင်၊ 'မဂျမ်းထေါ်'တောင် တစ်ပြည် ၆၈၀၀ ဖြစ်နေ သာ။ ကျန်တာတွေကတော့ ၁သိန်း ၆ ထောင်၇ထောင်၊ မစားနိုင်ပါဘူး "

'ဆန်တစ်ပြည် ၁၀ပြား - ဦးနု လာမှ စား'၊ ပြေးလွှားဆော့ကစားရင်း အော်ဟစ်ခဲ့ကြသည့် ခေတ်၊ 'ဘီအေစတား' (ဆန်) ပေါ်ချိန်ခေတ်က မွေးခဲ့သူမို့၊ 'ငစိန်,ငကျွဲ,ဧည့်မထ'၊ ဆန်နာမည်တွေကို သည်လောက်သာ သိသည်။ ၈ လေးလုံး တုန်းကတော့၊ 'ရဲကိုကို' (ဆန်နှင့် ပြောင်းနီ ရောချက်) တို့၊ 'ဝါဝါမေမောင်' (ပြောင်းဖူးစေ့နှင့် ရောချက်) တို့ ကိုတော့ သိလည်းသိ, စားလည်း စားဖူးသည်။ ကျောင်းအုပ် မဖြစ်မီ တိုင်းပညာရေးမှူးဆီ သွား၍ 'ဂါ'တုန်း ကတော့ 'ဝန်ကြီးဆန်' ဆိုလား၊ သိရသည်။ ၂"×၁" သစ်သားများကို အိမ်ရှေ့တွင် ရာဇမတ်ကွက်ယက်လုပ် ကာရံထားသော 'စစ်ကိုင်း' (မြို့)က ပညာရေမှူး အိမ်ကို ပြန်လည် မြင်ယောင်မိသေးသည်။ ရေဦး,ဒီပဲယင်း မူးဆုံ စပါးတောများတွင် တာဝန်ကျတော့ ဆန်နာမည်တွေကို စုံအောင် လိုက်မမှတ်နိုင်တော့။ မှတ်လည်း မမှတ်ချင်။ 'လစာ' အရ စားလို့ ရဖို့ကိုသာ သိတော့သည်။

အာဏာသိမ်း ဖက်ဆစ် စစ်တပ်၏ ပြည်သူအပေါ် နှိပ်စက်ချက်က ယုတ် မာ ရက်စက်လွန်းလှသည်။ အာဏာသိမ်းစ, 'ဖုန်း,အင်တာနက်တွေ ပိတ်ပြီး လူထုအပေါ် ဆက်သွယ်ရေး စ,တင် ဖြတ်တောက်'သည်။ မကြာပါချေ၊ 'ဖုန်း,အင်တာနက်ဈေးများကို တိုးမြှင့် ကောက်ခံ' စေပြီး လက်လုပ် လက်စား အခြေခံလူတန်းစားများအား ဆက်သွယ်ရေး 'နက်ဝပ်' နှင့် တဖြေးဖြေး ကွာဝေးသွားစေရန် 'ယုတ်ကန်း'ပြန်သည်။ ပြည်သူကိုလည်း နှိပ်စက်ပြီးသားဖြစ်၊ 'ဆက်သွယ်ရေး ကန်ထရိုက်တာပါမစ်' ရရှိကြသူ, ၎င်းတို့၏ သားသမီး မြေးမြစ်တို့လည်း စီးပွားပိုဖြစ်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် လွန်စွာ ညစ်ပတ်သည့် နည်းပင်ဖြစ်သည်။

သည့်နောက် ဘဏ်အပ်နှံငွေများကို လိုသလောက် ထုတ်ယူ၍ မရနိုင်အောင် တစ်ဆင့်တိုးပြီး ပိတ်ပင်နှိပ်စက်ပြန်သည်။ ယခုလည်း 'နှစ်သောင်း တန် ဆင်စိမ်း' ထုက်ပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုး ထိုးတက်အောင် လုပ်ပြန်ပြီ။ ပြီးလျှင် ဘယ်သူကြောင့် ဘယ်ဝါကြောင့် လွှဲချ ပါလိမ့်ဦးမည်။

စစ်ကောင်စီတို့ ပြည်သူအပေါ် ဒုက္ခပေးနည်း မျိုးစုံကိုတော့ မြို့မှာနေ, 'ရေလိုက်ငါးလိုက်တွေ'ထက်၊ တော၌နေ အခြေခံ လူတန်းစားတွေက ပို၍ နဖူးတွေ့ဒူးတွေ့ ခံစားကြရလိမ့်မည် ထင်သည်။ ကျေးရွာတွေကို စစ်ကြောင်း ထိုးသည်၊ အိမ်မွေးတိရစ္ဆာန်ပင် မချန်၊ မဲမဲမြင်ရာ အကုန်ပစ်သတ်သည်။ ရွှေငွေပစ္စည်း, ကြက်,ဝက်၊ သက်ရှိ သက်မဲ့၊ ဆက်တီခုံ ရေခဲ သေတ္တာတွေ က,အစ၊ ခိုးယူသည်။ သတ်သည်- ခိုးသည်- ပြီးလျှင် ရွာကို မီးရှိူ့သည်။ ပြာကျနေသော ကျေးရွာပေါင်းက စစ်ကိုင်းတိုင်းအတွင်းတွင် တက်တက်စင်။

ကျေလက်-မြို့ပြ ဆက်သွယ်ရေးလမ်းများကို ဘူဒိုဇာနှင့် တူးဖေါ် ထိုးဖျက်ပစ်သည်။ စခ,ရခ တပ်ရင်းတပ်ဖွဲ့ဂိတ်များ ရှေ့ရှိ အများပြည်သူသွား လမ်းမကြီးပေါ်တွင်၊ 'စလိုးဒေါင်း' များ, သွပ်ဆူးကြိုး အတားအဆီးများ ပြုလုပ်ထားကာ သွားရေးလာရေး နှောင့်နှေးအောင် လုပ်သည်၊ ငွေညှစ် သည်။

ဟော...၊ ယခု နေ့ညလေးမှာပင် နှိပ်စက်ပုံ နောက်တမျိုး တိုး၍ လာပြန်ချေပြီ။ 'ဆေးရုံဆေးခန်းများတွင် ကျန်းမာရေး ဆေးကုသမှူခံယူခြင်းအတွက် အခွန်ဆောင်ရမည်' တဲ့။ စီးပွားရေးဖက် သာမက၊ လူမှူရေးဖက်၌ပါ နှိပ်စက်ပါလေပြီ။ ပြည်သူတွေ အဖို့ကတော့ အာဏာသိမ်းစ, ကိုဗစ်ကာလ ကတည်းကပင်၊ အောက်ဆီဂျင်ဗူးတွေ ဖမ်း၊ ဆေးရုံတွေမှာ နေရာမရှိဘူး ပြောပြီး လက်မခံ၊ အသေခံကြရရှာ၊ ရိုးအီ၍ နေ‌ပါပြီ။ သေရဲကြပြီ၊ သေရမှာ မကြောက်တော့ပြီ။ စစ်အုပ်စု စစ်ဗိုလ်ချုပ်, အပေါင်းပါ အခွင့်ထူးခံတို့၏ ဗိုလ်ကျစိုးမိုးမှူဒဏ် ကိုသာ ပိုမိုပြီး ရွံမုန်းလာသည်။

စကစတို့ကလည်း တော်လှန်ရေးဖက် 'အရှိန်'အားပျက် သွားစေရန် နည်းမျိုးစုံဖြင့် ယုတ်မာနေကြသည်။ သပ်လျှို သွေးခွဲသည်။ ကျန်းမာရေးစသည့် လူမှူရေးဖက်, ဆေးရုံဆေးခန်း မတက်နှိုင်အောင် ယုတ်ကန်းသည်။ စီးပွားရေးဖက်, မပျက်ပျက်အောင် ကြက်ခြံ,ကွမ်းခြံ ကြက်သွန်ဂိုဒေါင်‌ မီးရှိူ့သည်၊ စပါးပုံကို မီးရှိူ့သည်၊ ဆန်အိတ် ဆီပုံးတွေ ခိုးနှိုင်သမျှ ခိုးသယ်၊ မသယ်နှိုင်က ဖျက်ဆီးခဲ့သည်။ ကုန်ဈေးနှုန်းတွေ မတက်'တက်အောင် လုပ်ဆောင်သည်။ ကုန်ဈေးနှုန်းကလည်း၊ 'ဒီရေ'ကမှ တရိပ်ရိပ်တက်ပြီး ပြန်ကျဦးမည်။ ကုန်ဈေးနှုန်းက တဟုန်ထိုး ဆောင့်တက်၊ 'ဒင်းတို့စစ်ကောင်စီတဖွဲ့လုံး အသက်မထွက်သမျှ' ဘယ်နည်းနှင့်မျှ ပြန်မကျနိုင်တော့။

အနိမ့်ဆုံး ဆန်က ၁၀၄၀၀၀။ 'ဆလတ်ကြီး' (ဆန်ကွဲလတ်) ပင်လျှင် ၁ သိန်းနား ကပ်နေလေပြီ။ စားဆီ ၁ပိဿာ ၁၁၀၀၀၊ ငါးပုတ်သင်ခြောက် ၁ ပိဿာ ၂ သောင်းကျော်၊ ကုလာပဲခြမ်း တစ်ပြည် ၈၃၀၀၊ ကြက်သွန်နီ ၁ပိဿာ ၃၅၀၀ (တောင်သူဆီ ကောက်ဈေး)၊ ငြုပ်သီးမှူန့် ၁ ပိဿာ ၁၈၀၀၀၊ ငန်ပြာရည် (၁ ပုလင်း) ၈၀၀။ ဆန်ဆီဆား ငြုပ်ကြက်သွန်၊ အခြေခံစားကုန်မှ အစ၊ ကျေးလက်၏ အဓိက'ပရိုတိန်း' ငပိ,ငါးခြောက်, ငန်ပြာရည်၊ အကုန်တက်။ သည့်ဟိုဖက် ဆက်မတွေးရဲတော့ ။ ဆက် တွေးလျှင်တော့ မောင်ဘဦး ဆံပင်၊ ငွေမှင်မှူတ်ဗူး ဗူးလုံးဖျန်းသလို ဖြူကုန်ရော့မည်။

"... နို့ နယ်မြေ ကော၊ အေးချမ်းကြရဲ့လား ...၊ ကြားတော့ ကြားပါရဲ့၊ မျက်မြင်ကိုယ်တွေ့ ‌သိရတာပေါ့ ... ။"
"... နယ်မြေကတော့ တနေ့လေး ကတင် 'ခွေး-သံဖလက်' (ဝမ်းပြား စစ်ရေယာဉ်)က အထက်ဖက်ဆန်ရင်း ရမ်းပစ်သွားလို့ အိမ်တွေ ထိကုန် သယ် ...၊ ဒိအရင် ရမ်းပစ်တုန်းက တစ်ယောက်နှစ်ယောက် ထိသယ် ကြားသယ် "

"... ကိုဗစ်'တုန်းကတော့ ဆရာကြီးရေ အိမ်ကနေ ဘယ်မှ မထွက်ရဲဘူး၊ 'ကျူ' (ကွာရန်တင်း) ဝင်ရ မစိုးလို့။ 'ကိုစစ်'ကျပြန်တော့ ကိုယ့်အိမ်ကို မကပ်ရဲဘူး၊ 'ပြေးနေရလို့။' ကိုစစ် ပထမနှစ်က မြို့မှာ ပစ်ခတ်နေလို့ မြို့ မတက်ရဲဘူး။ ကိုစစ် ဒုတိယနှစ် ကျပြန်တော့ နယ်မြေစိုမိုးရေးဆိုလား၊ ရှင်းလင်းရေးဆိုလား၊ ရွာတွေ စစ်ကြောင်တွေထိုး၊ လူတွေ့ရင် ဓမြတိုက် ပစ်သတ်၊ ခေါင်းပေါ်လက်တင် ဒူးထောက်ခိုင်း၊ လူသားဒိုင်းအနေနဲ့ခေါ်၊ ငွေနဲ့ ပြန်အရွေးခိုင်း၊ လူ မတွေ့ရင် အိမ်တံခါးတွေဖျက် ဝင်ခိုး။ ဒုက္ခ အမျိုးမျိုးပေးတဲ့ စကစ ပါ ဆရာကြီးရယ်..."

"ကောင်လေးတစ်ယောက်များ၊ မြေကြီးပေါ် ဝမ်းလျား မှောက်ခိုင်းပြီး ကျောပေါ် သေနတ်နဲ့အထောက်ခံရလို့ စိတ်တောင် ဂယောက်ဂယက် ဖြစ်သွားရှာသတဲ့...။ ခမျာ ဟုတ်ရှာမှာပဲလေ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲရုံကိုယ်စားလှယ် လုပ်ပေးမယ့်သူမရှိလို့ ချော့ချက်ပြီး သူ့ကို အလုပ်ခိုင်းရသာ ဆိုတော့ သူ့စိတ်သူ 'မလုံ' တာလည်း ပါမှာ‌ပ။ တကယ်တမ်း၊ စခတွေက ဘယ်သင်း,ဘယ်ဟာ ရွေးမနေပါဘူး၊ တွေ့ရာမြင်ရာ အကုန် ဆွဲသာချည်း ပါပဲ။ ကောင်လေးခမျာ တော်ပါသေး၊ စစ်ကြောရေး မပို့လိုက်လို့... "

"ညတိုင် 'ဘုန်းကြီးကျောင်း'တို့, 'လုံခြုံမယ် ထင်တဲ့နေရာ' တို့မယ် သွားအိပ်ကြရသယ်။ မနက်  နွားကျောင်းလေး, ယာလယ်လေး၊ အခြေအနေကြည့်ပြီး ခနတော့ ပြန်သယ်၊ အိမ်ကို မကပ်ရဲဘူး ဆရာကြီး ရေ...။ နွားစာက 'ထဂလောက်တောင်း'(ထန်းလျှော်ခေါက် တောင်း) ပန်းရံ သဲ,ကျောက်သယ် (အသေး) တစ်တောင်း ၁၀၀၀။ ဒါတောင် တောင်းတောင်းပန်ပန် 'မျှ' ခိုင်းရ ဆိုတော့ နွားလေးကလည်း ကျောင်းရသေး သာပ"

"... ဘုန်းကြီးကျောင်း သွားအိပ်ရတာလည်း တယ်ကြီးတော့ မလုံခြုံလှဘူးဗျ၊ ဒီ ဝါမဝင်ခင်လေးတင် ဟိုး မုံရွာနယ် သာစည်နားက 'မန်ကျည်းချို' (မင်းကြီးကြို) ဆိုလား၊ ဘုန်းကြီးကျောင်းထဲက သူ့ဟာသူ တစ်ပါးထဲ နေတဲ့ ဘုန်းကြီးကို ည၂ချက်တီးကြီးမယ် စခတွေ ဝင်စီးပြီး ဝိုင်းပစ်ကြသာ၊ သေရှာ...၊ အဲ...၊ ပျံတော်မူပါ လေရော တဲ့။ (မြစ်)အရှေ့ဖက်က မိတ်ဆွေနဲ့တွေ့လို့ ကြားရသိရသယ်။ သွေးကွက်ကြီး တွေ့သတဲ့။ အလောင်းကို စောင်နဲ့ပတ် လျှိုထမ်း သွားကြသတဲ့ ..."

"... ဘုန်းကြီး အမျိုးတွေက ရက်လည် လုပ်မလို့ဟာ၊ 'သာစည် ဆည်တော်မြင်' ဘုန်းကြီးက ဆိုလား၊ မလုပ်ရဘူး တားလို့ သူ့ရွာမှာတင် 'လည်'လိုက်ရသယ် ဆိုလား ..."

"ဟုတ်လား၊ သေသူအတွက် ရက်လည်ဆွမ်းတောင် မသွတ်ရဘူးဆိုတဲ့ ကိုယ်တော်တွေဟာ ဘုရားဟောကိုတောင် မသိရှာကြဘူး လို့သာ အောက်မေ့ လိုက်ပေါ့ဗျာ..."

"အဲသည် (မြစ်)အရှေ့ဖက် မုံရွာနယ် 'သာစည်ထောင်'နား ကလည်း 'အတောင်း' လွှတ်ကြမ်းဆိုပဲ၊ ပဇင်းဂေါင်းတစ်စီးကို ငါးထောင်, တစ်သောင်း တောင်းသယ်၊ ဆန်အိတ်တို့ စားဆီတို့ စက်ဆီတို့ ပါရင် အဓမ္မ ဆွဲချ(ယူ) သယ်။ ကွင်း(ရှောင်ကွင်း) သွားကြရသတဲ့..."

   "ကဲ... အချိန်ရှိတုန်း ပြန်မှပဲ ဆရာကြီးရေ၊ လှေနဲ့ ကူးရဦးမှာ ဆိုတော့..."

   "ကျုပ်တို့ ကတော့ 'ခွေး'တွေ နဲ့ မတွေ့အောင် ရှောင် နေကြရ ပေသိ၊ ခုနောက်ပိုင်း ပီဒီအက် ကလေးတွေကတော့ ဒင်းရို့ရှိရာကို လိုက်ရှာပြီး 'ပွဲက'ကုန်ကြပြီ လေ ...။ နှိပ်စက်လွန်းအားကြီးတော့လည်း ဘယ်သူမှ သည်းညည်း မခံနိုင်ကြတော့ဘူး ပ ..."

"ဒါနဲ့...ဆရာကြီးမို့ ပြောရဦး...။ ရွာနဲ့ ရွာနီးချုပ်စပ် ဆရာကြီး တပည့်တွေ အကုန်လုံးက 'ပီဒီအက်'နဲ့ 'အယ်ဒီအက်' တွေချည်း, ' ထောက်ပို့' တွေချည်းပဲဗျ။ 'အိမ်ကဟာတွေ'တောင် 'အကြီးမ' က တော်လှန်ရေး'မှာ 'နတ်စေ့ခ်ျ'(အကူ သူနာပြု) လုပ်ပေးချင်လို့ သင်တန်း လာတက်သာ။ 'အလတ်ကောင်'က သူ့ကားလိုက်ခ,လေးတွေ စုစုပြီး လှူသယ်၊ 'အငယ်မ' နဲ့ 'မအေ' နဲ့က 'ဌာနေ' သွားသွားပြီး အသီးအရွက်တွေ ခူးပို့၊ အသီးအရွက်တွေ ချက်ရပြုတ်ရအောင် ကူ'သင်'ပေး၊ လုပ်ပေးကြသယ်။ ချဉ်ပေါင်ရွက်, ဗူးရွက်, ကန်စွန်းရွက်၊ ကန်သင်းဘေး စိုက်ထားတာလေးတွေ ပ။ အခု ကျုပ်ဝယ်တဲ့ ဆန်တစ်အိတ်ကလည်း သူတို့ကို လှူဖို့လေ ..."

တော်လှန်ရေးနှင့်ပတ်သက်သော ကျေးလက်သတင်းစကားစုံလင်အောင် ကြားရပါ၏။ တော်လှန်ရေးမှာ ဘယ်တပည့်တွေက ဘာတွေလုပ်နေကြသည်၊ ဘယ်သူလေးတွေက ဘာတွေ ဖြစ်နေကြပြီး ဘယ်သူလေးတွေတော့ ဘယ်ဆီရောက်နေကြပြီ၊ ဘယ်သူလေးတွေက 'လယ်ပယ်' ဘယ်အဆင့်အထိ သင်‌တန်းသွားတက်ပြီး အခု ပြန်တောင် ရောက်နေပြီ၊၊ ဘယ်သူလေးတွေက ထောက်ပို့ပေးကြသည်။ ဘယ်သူလေးတွေကတော့ စစ်ကြောရေးမှာ။ ဘယ်သူလေးက တော့ဖြင့် သူရဲကောင်းအုတ်ဂူ နီနီလေးထဲမှာ... ။

မောင်ဘဦး ရင်ထဲမှာတော့ တဖျတ်ဖျတ် တလှပ်လှပ်။ လူချွန်လူကောင်း ချစ်တပည့်ဟောင်းလေးတွေအတွက် တော'ဆရာ' ဖြစ်ခဲ့ရကျိုး နပ်‌လှပေသည် ဟူ၍သာ...။

နွေဦးသူရဲကောင်း အပေါင်း ...
ဘေးဘယာ ဝေးကွာ ချမ်းသာကြပါစေ။

(မောင်ဘဦး၊ ၈၅၊ ခေါင် ကျော် ၉)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar