Breaking News

ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ (အပိုင်း ၂)

ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ

(မိုးမခ) ဇန်နဝါရီ ၃၁ ၊ ၂၀၂၃


အပိုင်း ၂

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှုအကြောင်း ပြောတိုင်း ၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ ဆိုပြီး စစ်အာဏာသိမ်းတာ သုံးကြိမ်ဆိုပြီးရည်ညွှန်းလေ့ရှိကြပါတယ်။ တကယ်က လေးကြိမ် ဖြစ်ပါတယ်။

၁၉၅၈ စစ်တ ပ်အာဏာသိမ်းတာဟာ တိုင်းပြည်ကို ဒုက္ခပေးခဲ့သလို စစ်အာဏာရှင်စနစ်ကို စတင်သန္ဓေချလိုက်တာ ဖြစ်တာကြောင့် သိဘို့အလွန်အရေးကြီးလှပါတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ ၁၉၅၈ မတိုင်မီ ကာလနဲ့ စစ်တပ်အာဏာသိမ်းဖို့ အစီအစဥ်ရှိရှိ ဆောင်ရွက်တာဖြစ်တာကို တင်ပြခဲ့သလို စစ်တပ်က စစ်အစိုးရမဟုတ်တဲ့ လူထုအစိုးရတွေကို ကန့်လန့်တိုက်ခဲ့ကြတာကို ကျနော် ဆက်တင်ပြလိုပါတယ်။

ပထမဆုံး ပြောချင်တာက ဖဆပလ အဖွဲ့ကြီးဆိုတာ နိုင်ငံရေးအရ စည်းရုံးရေးအရ တလုံးတစည်း ဖွဲ့စည်းထားတဲ့ ပါတီတခု မဟုတ်ဘူးဆိုတာပါပဲ။ လက်ဝဲဝါဒီတွေ၊ လက်ယာဝါဒီတွေ၊ အမျိုးသားရေးဝါဒီတွေနဲ့ အချောင်သမား နိုင်ငံရေးစားဖားကြီးတွေပါ အုံနဲ့ကျင်းနဲ့ ပါဝင်နေတဲ့ အဖွဲ့အစည်းကြီး ဖြစ်တာကြောင့် ဗိုလ်ချူပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ကျဆုံးသွားပြီးတဲ့နောက် အာဏာခွက်စောင်းခုတ်မှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ အုပ်စုဖွဲ့မှုတွေ၊ ကိုယ်ကျင့်တရားပျက်မှုတွေဟာ အမှန်တကယ်ပဲ မြန်မာ့နိုင်ငံရေးမှာ စစ်အုပ်စုလူပါးဝအနိုင်ကျင့်ဖို့ တွန်းဆော်မှုတွေဖြစ်စေတာကတော့ အမှန်ပါ။ အဲဒီခေတ် နိုင်ငံရေးသမားကြီးတွေ အိုမင်းလာကြပြီး သေကောင်ပေါင်းလဲ ဖြစ်လာကြတဲ့အခါ နောင်တတွေ ကြီးကြီးမားမားရခဲ့ကြတယ်လို့လည်း ဖတ်ရှုမှတ်သားခဲ့မိပါတယ်။ ခက်တာက သူတို့ နောင်တရတယ်ဆိုတဲ့အချိန်မှာ မြန်မာနိုင်ငံဆိုတဲ့ လှေကြီးဟာ တိမ်းမှောက်သွားခဲ့ရပါပြီ။

ပြောရမယ်ဆိုရင် အိမ်စောင့်အစိုးရနာမည်နဲ့အာဏာသိမ်း စစ်အစိုးရပထမဆုံး လုပ်ခဲ့တာကတော့ နိုင်ငံရေးသမား ဆိုသူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်ချခဲ့တာပါပဲ။ ထင်ရှားတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ ကျောင်းသားခေါင်းဆောင် အားလုံးကို စနစ်တကျ  ရှာဖွေဖမ်းဆီး ထောင်ချတဲ့ အလုပ်ကို အားကြိုးမန်တက် လုပ်ခဲ့တာဟာ စစ်အစိုးရရဲ့ အဓိကလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယလုပ်ငန်းကတော့ အမြတ်ကြီးစား နှိမ်နင်းရေး ကုန်စျေးနှုန်းကျဆင်းရေးကို အကြောင်းပြပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာနဲ့  စီးပွားရေးလုပ်ငန်းတချို့ကို စစ်တပ်ပိုင်သိမ်းတာ ဖြစ်ပါတယ်။ 

၁၉၅၁ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ထောက်ပံ့ရေးအဖွဲ့ DSI  ကို အစိုးရချေးငွေ ကျပ် ၆ သိန်းနဲ့ စတင်ခဲ့ပြီး DSI အောက်မှာ BEDC ကစပြီး အင်းဝဘဏ် အဆုံး မည်းမည်းမြင်ရာ စစ်တပ်ပိုင်လုပ်ငန်းတွေ လုပ်တော့တာပါပဲ။ တတိယလုပ်ငန်းကတော့ ကြေးမုံ၊ ရန်ကုန်၊ ဗိုလ်တထောင် သတင်းစာ ၃စောင်ကို ပိတ်လိုက်ပြီး အယ်ဒီတာတွေကို ထောင်ချလိုက်တာ ဖြစ်ပါတယ်။ စတုတ္ထကတော့ စစ်တပ်ကလွဲပြီး အခြားလက်နက်ကိုင်တွေကို ဖျက်သိမ်းတာနဲ့ ရဲတပ် ဖွဲ့ကို စစ်တပ်အောက် သွတ်သွင်းတာတွေကို အမိန့်တွေ ထုတ်ပြန်လုပ်ကိုင်ခဲ့ပါတယ်။ ပဉ္စမလုပ်ငန်း ကတော့ ကိုကိုးကျွန်းလို ထောင်အသစ်တွေ ထပ်ဖွင့်တာနဲ့ လူမသိသူမသိ အကျဥ်းစခန်းတွေ တိုးချဲ့ တည်ဆောက်ခဲ့ကြပြီး ပုဒ်မ ၅ နဲ့ လူများစွာကို ထောင်ချတာတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြို့နေဆင်းရဲသားရပ်ကွက်တွေကို ဘူဒိုဇာတွေနဲ့ ဇွတ်အတင်းဖျက်ပြီး အဲဒီနေရာတွေကို စစ်ဗိုလ်ချုပ်တွေ ခွဲဝေယူလိုက်ကြတာ ဦးနေဝင်း ဇနီး ဒေါ်ခင်မေသန်း အပါအဝင်ဖြစ်တာ တွေ့ရပါတယ်။ ဆင်းရဲသူ ဆင်းရဲသားတွေဟာ အိမ်လေးတွေ ခြံလေးတွေကို စွန့်ပြီး မြို့ပြင်ထွက်ခဲ့ကြရတာဖြစ်လို့ အခက်အခဲ သိပ်ကြီးခဲ့ကြပါတယ်။ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ ဘဝတွေ ဖြစ်ခဲ့ရပါတယ်။  နောက်တခုကတော့ "ကြံ့ခိုင်ရေးအသင်း"ဆိုတာကို လူမှုရေးအသင်းလိုလို ဘာလိုလိုနဲ့ ဂျပိုး သူခိုးတွေနဲ့ ဖွဲ့စည်းပြီး စစ်တပ်ခိုင်းတဲ့အလုပ်တွေ ဒလန်အလုပ်တွေကို လုပ်စေခဲ့တာပဲ ဖြစ်ပါတယ်။

 ကျနော် ပြောချင်တာက ၁၉၅၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ကစပြီး စစ်တပ် အဓိက လုပ်ကိုင်ခဲ့တာတွေကတော့—

၁။ နိုင်ငံတော်အာဏာကို စစ်တပ်အနေနဲ့ ထာဝရ ကြိုးကိုင်ခြယ်လှယ်နိုင်ဖို့  အစီအစဥ်ရှိရှိ ရေတို ရေရှည်စီမံကိန်းတွေချပြီး လုပ်ခဲ့ကြပါတယ်။

၂။ အိမ်စောင့်အစိုးရသက်တမ်းက အကန့်အသတ်ရှိတာကြောင့် အကန့်အသတ်မရှိတဲ့ စစ်အာဏာရှင်စနစ် ထူထောင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး လုပ်ငန်းတွေကို စစ်တပ်က အားလုံးလိုလိုကို ချုပ်ကိုင်နိုင်အောင် လုပ်ခဲ့ကြပါတယ်။

၃။ စစ်တပ်ကို သီးခြားစစ်တပ်လူတန်းစားတခုအဖြစ် ထူထောင်ဖို့ အတွေးအခေါ် နဲ့ လက်တွေ့အရ ပါ လုပ်ဆောင်ခဲ့ကြပါတယ်။ တပ်မတော်သည် အမိ တပ်မတော်သည်အဖ ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းတွေကို စဥ်ဆက်မပြတ် စစ်တပ်ထဲ ဖြန့်ဖြူးလေ့ရှိပါတယ်။ စစ်တပ်နဲ့ လူထုဟာ ရန်သူ စစ်တပ်နဲ့ နိုင်ငံရေးပါတီတွေဟာ ရန်သူ စစ်တပ်နဲ့ တိုင်းရင်းသားတွေအားလုံးဟာ ရန်သူဖြစ်တယ်ဆို တဲ့ အတွေးအခေါ်ကို စစ်တပ်ထဲ သွတ်သွင်းခဲ့ကြပါတယ်။

၄။ လူထုဟာ စစ်ကျွန်တွေဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ စစ်တပ်ဟာ လူထုရဲ့ အထက်မှာရှိတယ်ဆိုတဲ့ ဖက်ဆစ်စစ်အာဏာရှင် အတွေးအခေါ်တွေကို စစ်တပ်ထဲ ဇွတ်ရိုက်သွင်းခဲ့ကြပါတယ်။

၅။ စစ်အာဏာရှင်စနစ် ထူထောင်ရန်အတွက် ဖွဲ့စည်းပုံတခုရအောင် နည်းသဏ္ဌာန်မျိုးစုံသုံးပြီး အားထုတ်ခဲ့ကြပါတယ်။

၆။ စစ်အာဏာသိမ်းဘို့ လူ လက်နက်ကအစ အမြဲပြင်ဆင်နေပြီး လစ်ရင်လစ်သလို အချောင်နှိုက်ကြဖို့ ကြိုးစားကြသလို တဖက်ကလည်း စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အာဏာအလွဲသုံးစားလုပ်ပြီး ဆွေစဥ်မျိုးဆက် ချမ်းသာရေးလုပ်ခဲ့ကြပါတယ်။

၇။ ပြည်တွင်းစစ်မီးကိုမွှေးပြီး ပြည်တွင်းငြိမ်းချမ်းကို ပျက်စီးရာပျက်စီးကြောင်း အမြဲကျင့်ကြံအားထုတ်နေကြသလို လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အပြုတ်တိုက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတုတွေကိုဖန်တီးကာ စစ်ရေးအသားစီးရဖို့ အမြဲတစေ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။

၈။ လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ဗမာတိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေကြား သွေးခွဲရေးလုပ်သလို မတူကွဲပြားခြားနားတဲ့ ဘာသာ အယူဝါဒတွေကြား သွေးခွဲရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ အမျိုး ဘာသာ သာသနာဆိုတာ စစ်တပ် သွေးခွဲရေးအတွက် ဆောင်ပုဒ်တခုအဖြစ် အထင်အရှားတွေ့ရလေ့ရှိပါတယ်။ စစ်တပ်ထဲမှာလည်း လူမျိုးမတူ ဘာသာမတူသူတွေအပေါ်  ခွဲခြားဆက်ဆံ နှိပ်ကွပ်မှုတွေ လုပ်ခဲ့ကြပါတယ်။

၉။ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးရှာတဲ့ လောဘရမ္မက်တွေဟာ ဘယ်လောက်ချမ်းသာချမ်းသာ ရပ်တန့်သွားလေ့မရှိတာ တွေ့ရပါတယ်။ အခွင့်ထူးခံမှုကလည်း အကန့်အသတ်မရှိ ဆိုသလိုပါပဲ။ မြန်မာပြည်ရဲ့ မြေသိမ်း ယာသိမ်းမှုတွေ အများစုက စစ်ဗိုလ်ချုပ်တွေ ကိုယ်ကျိုးစီးပွားအတွက် ဖြစ်နေတာ တွေ့ ရလေ့ရှိပါတယ်။ ဗိုလ်နေဝင်း အာဏာသိမ်းကတည်းက ဗိုလ်သန်းရွှေ ကနေ့ မင်းအောင်လှိုင်အထိ ဗိုလ်ချုပ်တွေဟာ နည်းမျိုးစုံနဲ့ လူထုကုပ်ပေါ်ခွစီးပြီး ကိုယ်ကျိုးရှာခဲ့ကြတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။)

ဒီလိုနဲ့ စစ်အုပ်ချုပ်ရေးကို လူထုက အရွံရှာကြီးရှာနေကြသလို ဗိုလ်နေဝင်း ၆ လခြား ရွေးကောက်ပွဲ ရက်ရွှေ့လာတာ ၁၉၆၀ ပြည့်နှစ်မှာတော့ ရွေးကောက်ပွဲလုပ်ရေး ရပါတော့တယ်။ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အတွက်  ပါလီမန်အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပါတယ်။ ဦးနုရဲ့ ရွေးကောက်ပွဲကြွေးကြော်သံက “ဒီမိုကရေစီ ရွေးမှာလား၊ ဖက်စစ်စနစ်ကို ရွေးမှာလား” ဆိုပြီး လူထုကို အရွေးခိုင်းခဲ့တဲ့အတွက် ဖက်ဆစ်ဆိုတာ တည်မြဲတခုတည်း မဟုတ်ဘဲ စစ်တပ်ကိုပါ ရည်ညွှန်းတာ ဖြစ်လို့ လူထုကြားမှာ အတော်ရေပန်းစားခဲ့သလို တည်မြဲက ဘယ်လိုကတိတွေ ပေးပေး လူထုစိတ်ဝင်းစားမှု လုံးဝမရှိတော့သလို ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း စစ်တပ်က ထင်ထင်ပေါ် ပေါ် ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင်က ဗိုလ်နေဝင်းကို စစ်တပ်က အ ခုလို ဝင်ရောက်စွက်ဖက်မှုတွေကို တားမြစ်ပေးဖို့ စာရေး မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်း အနေနဲ့ ထိထိရောက်ရောက် မလုပ်ဘဲ သူ့အနေနဲ့ ကြားနေတယ်ဆိုတဲ့အကြောင်း စစ်တပ်ထဲ အခွေ ဖွင့်ပြခိုင်းတာလောက်ဘဲ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ တနိုင်ငံလုံး လူထုတိုက်ပွဲဖြစ်တဲ့အတွက် ဦးနု သန့်ရှင်းဖဆပလက လွတ်လွတ်ကင်းကင်း အောင်ပွဲခံသွားခဲ့ပါတယ်။ သန့်ရှင်းအမတ် ၁၅၉ နေရာမှာ တည်မြဲက ၄၂ နေရာသာ ရရှိခဲ့ပါတော့တယ်။ ရွေးကောက်ပွဲပြီးတာနဲ့ ဦးနုဟာ သန့်ရှင်းဖဆပလကို ဖျက်ပြီး ပထစ လို့ခေါ်တဲ့ ဦး ဗိုလ် သခင် တပ်ပေါင်းစုနဲ့ အစိုးရသစ်ဖွဲ့ခဲ့ပါတယ်။ လူလည်ဖြစ်တဲ့ ဗိုလ်နေဝင်းဟာ ၂ ပါယ်ရာ ရှင်းတော့တာပါပဲ။ လူထုနဲ့ အစိုးရရဲ့ ပစ်မှတ်ကို သူ့ဘက်မလှည့်အောင် တပ်ထဲက စစ်ဗိုလ်ထိပ်သီးကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချူပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးအေးမောင်၊ ဗိုလ်မှူးကြီးတင်မောင်၊ ဗိုလ်မှူးကြီးလှမော်၊ ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ်မှူးကြီးသိန်းတုတ်၊ ဒုဗိုလ်မှူးကြီးချစ်ခိုင် အပါအဝင် ထိပ်သီး စစ်ဗိုလ် ၁၃ ယောက်ကို မဲဆွယ် ဘက်လိုက်မှုနဲ့ ထုတ်ပစ်လိုက်ပါတယ်။ သူက ကြားနေတာ ဖြစ်တယ် ဆိုပြီး သူ့ကို ခွာရာတိုင်းနိုင်သူတွေကို ထိုးကျွေးလိုက်ပြီး တဘက်ကလည်း ဦးနုကို မျက်နှာလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးချူပ်ဟောင်းကျော်ဇောနဲ့ ဗိုလ်မင်းခေါင်တို့ကတော့ ၆၀ ပြည့်နှစ် ရွေးကောက်ပွဲလှုပ်ရှားမှုကြီးကို  "လက်နက်မဲ့တော်လှန်ရေး" လို့  အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ဒါဟာ အင်မတန်သင့်တော်တဲ့ နိဂုံးချုပ်လို့ ပြောရမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်နဲ့ စစ်တပ် ကျင့်သုံးတဲ့ ဖက်ဆစ်ဝါဒကို ပြတ်ပြတ်သားသား တော်လှန်ဆန့်ကျင်ခဲ့တဲ့  ၁၉၆၀ ရွေးကောက်ပွဲရလဒ်လို့ သုံးသပ်ရမှာ ဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း


ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ (အပိုင်း ၁)- https://www.moemaka.com/2023/01/blog-post_91.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar