စစ်ကောင်စီ တရားရုံးက ပယ်ချလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အဂတိမှုအယူခံ၊ စပါးအထွက်နှုန်း လျော့ကျလာတဲ့ အကျိုးသက်ရောက်မှု
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃
စစ်ကောင်စီ တရားရုံးက ပယ်ချလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အဂတိမှုအယူခံ၊ စပါးအထွက်နှုန်း လျော့ကျလာတဲ့ အကျိုးသက်ရောက်မှု
ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အမှုတွေအနက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အလှူအဖြစ်ပြောဆိုပြီး လုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်လာနဲ့ ရွှေချောင်းတွေ ပေးအပ်ခဲ့တယ်ဆိုပြီးပြစ်ဒဏ်ချမှတ်ထားတဲ့ အဂတိမှု ၂ မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေက တရားလွှတ်တော်ချုပ် ကို တင်ပြခဲ့ရာမှာ တရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ အခုလို တရားလွှတ်တော်ချုပ်က ပယ်ချလိုက်ခြင်းကို အံ့သြစရာတော့ သိပ်မရှိလှပါဘူး။ အောက်ခြေတရားရုံး၊ တိုင်း နဲ့ပြည်နယ် အဆင့်တရားရုံး နဲ့ ပြည်ထောင်စု တရားလွှတ်တော်လို့ အခုခေတ်မှာ အမည်ပေးထားတဲ့ ဗဟိုတရားရုံးချုပ်လို အဖွဲ့အစည်းတွေက လွတ်လပ်စွာ တရားစီရင်နေကြတာမဟုတ်ပါဘူး။ စစ်တပ်က ညွှန်ကြားချက်ကို လိုက်နာပြီး အမိန့်ချမှတ်နေကြတာ ဖြစ်လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ အယူခံတွေကို လွယ်လွယ်နဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ၄င်းတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အဂတိလိုက်စားမှု ဥပဒေပုဒ်မနဲ့ အပြစ်ပေးပြီး သိက္ခာချလိုတဲ့ ရည်ရွယ်ချက်ရှိနှင့်ပြီး ဖြစ်လို့ အယူခံပလပ်ခံရတဲ့ အဖြစ်မျိုး ဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို တွဲပြီးစွဲဆို ပြစ်ဒဏ်ချထားတဲ့ ရဟတ်ယာဥ်ဝယ်ယူတဲ့ အမှုလည်း ရှိနေပြီး အယူခံတင်ထားဆဲဖြစ်ပါတယ်။ အဆိုပါ အယူခံတွေလည်း အခု အမှုကိစ္စလိုပဲ ပလပ်ဖို့ အလားအလာ အများကြီးရှိနေတာ ဖြစ်ပါတယ်။ အမှန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အနေနဲ့ အခုလို တရားစွဲဆိုပြစ်ဒဏ်ချမှတ်လိုတဲ့အပေါ် အယူခံ မဝင်သင့်တော့ဘူးလို့ ယူဆချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီလက်အောက်က တရားစီရင်ရေး စနစ်က မျှတမယ် လွတ်လပ်မယ်လို့ လုံးဝမျှော်လင့်လို့ မဖြစ်နိုင်တာကြောင့် ဒီအမိန့်တွေ ၊ စီရင်ချက်တွေ ၊ ပြစ်ဒဏ်တွေကို လျစ်လျူရှုလိုက်တာကမှ ပိုကောင်းလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တရားစီရင်မှုကို အရေးမထားတော့ပဲ လျစ်လျူရှုထားလိုက်တာက နိုင်ငံရေး သမားရှုထောင့်အနေနဲ့ ကြည့်ရင် ပိုဆီလျော်တယ်လို့ ထင်မြင်မိပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ပြန့်လာပြီးနောက် စိုက်ပျိုးထုတ်လုပ်မှု သိသာစွာလျော့ကျ လာကာ စပါးစျေးနှုန်းတွေ မကြုံဖူးလောက်အောင် မြင့်တက်နေတာ ကြားသိနေရပါတယ်။
စပါးစျေးတွေ မြင့်တက်ရခြင်းအကြောင်းရင်းထဲမှာ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးသက်ရောက်မှုကလည်း အချက်တခုအဖြစ် ပါဝင်ပြီး သွင်းအားစုလို့ ခေါ်တဲ့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စတာတွေ သိသိသာသာ စျေးနှုန်းမြင့်တက် ကုန်တာ၊ လောင်စာဆီ စျေးမြင့်တက်တာတွေ ကြောင့်လည်း စိုက်ပျိုးရေးထွက်ကုန်ကို ဈေးမြှင့်တင်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
ယခင်နှစ်တွေက စပါးတင်း ၁၀၀ ကို ဆယ်သိန်း ဝန်းကျင်မှာသာ ရှိခဲ့တဲ့ အနေအထားကနေ ခုနှစ်မှာတော့ ၁၃/ ၁၄ သိန်းကနေ ၁၈ သိန်းအထိ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ဒီလို စျေးနှုန်းမျိုး ပထမဆုံးအနေနဲ့ ရောက်ရှိတာဖြစ်ပြီး အခုလို စပါးစျေး မြင့်တက်ခြင်းက ဆန်စပါးကို အဓိက အစာအဖြစ် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံက သာမန်လူထုတွေအဖို့ နဂိုကတည်းက ဝင်ငွေ မလောက်မင ဖြစ်နေတဲ့အခြေအနေမှာ ဆန်အတွက် ပိုက်ဆံပိုသုံးကြရမယ့်အနေအထား ဖြစ်လာနေတာပါ။
မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေး ထွက်ကုန်ကအဓိက ထုတ်လုပ်နေကြတဲ့ အနေအထားကြောင့် အငတ်ဘေးလိုမျိုးနဲ့ ရင်ဆိုင်ရနိုင်ခြေနည်းပါးပေမယ့် နဂိုကတည်းက ဝင်ငွေနိမ့်တဲ့ မိသားစုတွေ အဖို့ အခုလိုအခြေအနေမှာ ဝင်ငွေရဲ့ ရာခိုင်နှုန်းအတော်များများကို စားစရာဆန်အတွက် သုံးစွဲကြရမယ့်သဘော၊ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေက နကိုက မိမိတို့ရိက္ခာအတွက် မိမိတို့ဘာသာ စိုက်ပျိုးနိုင်ခဲ့ရာက အခုအခါမှာ မိသားစု ရိက္ခာကို လုံလောက်အောင် မစိုက်ပျိုးနိုင်ကြတဲ့ အခြေအနေတွေလည်း ဖြစ်ပွားနေတဲ့ အနေအထားတွေ ကြားသိနေရတာ ဖြစ်ပါတယ်။
ရိက္ခာ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ဆန်စပါးစျေးကောင်းခြင်းဟာ စိုက်ပျိုးသူအတွက်တော့ အကျိုးအမြတ်ရနိုင်တာမှန်ပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက် ငွေတန်ဖိုးကျဆင်းတာ၊ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် သွင်းအားစု မြေဆီစျေးတွေ မတန်တဆမြင့်တက်ခြင်းတွေက စိုက်ပျိုးသူတွေအဖို့ အရင်ထက် အကျိုးအမြတ် များစွာရတဲ့ သဘောမဟုတ်သလို စပါးစိုက်ပျိုးသူမဟုတ်တဲ့သူတွေအဖို့ ဝယ်ယူစားသုံးရာမှာ စျေးကြီးကြီးနဲ့ ဝယ်စားရမယ့် အခက်အခဲတွေလည်း ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
ဒါကြောင့် ဆန်စပါး ဈေးမြင့်တက်လာခြင်းက စိုက်ပျိုးထုတ်လုပ်သူတွေ အဖို့ ဆွဲဆောင်မှုတခု ဖြစ်ကောင်းဖြစ်ပေမယ့် စျေးနှုန်းက တည်ငြိမ်ပြီးသွားနေတဲ့ စျေးနှုန်းမျိုးမဟုတ်ပဲ တက်လိုက်ကျလိုက် ထုတ်လုပ်သူတွေ အနေနဲ့ ရသင့်သလောက် အကျိုးခံစားခွင့်မရတာမျိုး ပြည်ပတင်ပို့တဲ့ ကုမ္ပဏီတွေ ဆန်ကုန်သည်ကြီးတွေ အတွက်သာ အကျိုးရှိစေနိုင်တဲ့ စျေးကွက်မတည်ငြိမ်မှုမျိုးလည်း ဖြစ်ကောင်းဖြစ်နေမယ့် သဘောလည်းတွေ့ရတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar