ကိုသန်းလွင် - မိုးမပြိုဘူး ပြိုခဲ့သော်
ကိုသန်းလွင် - မိုးမပြိုဘူး ပြိုခဲ့သော်
(မိုးမခ) မတ် ၉၊ ၂၀၂၃
( ၁ )
နေ့စဉ်နှင့်အမျှ တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့မှာ လှုပ်သော ငလျင်ကြောင့် သေဆုံးရသူများ စာရင်းမှာ တိုးပွားနေပါသည်။ နောက်ဆုံး သတင်းများက ၅၀,၀၀၀ ရှိသွားပြီဟု ဆိုသည်။ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ သူတို့ဒေသတွင်သာ ဖြစ်နိုင်သည် မဟုတ်ပါ။ ကမ္ဘာနှင့်အဝန်း နေရာတိုင်း ထိခိုက်နိုင်သည်သာ ဖြစ်ပါသည်။ ၎င်းတို့ အကျိုးသက်ရောက်မှု ကဘာလဲ။ ဘယ်လို သင်ခန်းစာမျိုး ယူနိုင်ပါသလဲ ဆိုသော မေးခွန်းများမှာ မေးထိုက်သော မေးခွန်းများ ဖြစ်ပါသည်။
အရေးကြီးသည်မှာ ဤသို့ ကံဆိုးမိုးမှောင်ကျခြင်းသည် ရှောင်လွှဲ၍ ရနိုင်သည် မဟုတ်။ လူတို့သည် ကြိုတင်တွေးခေါ်တတ်ရမည်။ သင်ခန်းစာများလည်း ထုတ်ယူရမည် ဖြစ်သည်။
( ၂ )
အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုမြို့၌ ၁၉၀၆ ခုနှစ်က မြေငလျင် အကြီးအကျယ်လှုပ်ခဲ့ပါသည်။ လူ ၃,၀၀၀ ကျော် သေခဲ့ပါသည်။ သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်က စတင်ရေတွက်သော် အနည်းဆုံး ၈ ကြိမ် လှုပ်ခဲ့ပြီး လူ ၁ သိန်းကျော်ထက် ပိုသေသော ငလျင်များမှာ ၁၉၂၃ ခုနှစ်က လှုပ်ခဲ့သော တိုကျိုမြို့ မြေငလျင်တွင် လူ ၁၄၃,၀၀၀ ဦးကျော် သေခဲ့ကြပါသည်။ အများဆုံးမှာ တရုတ်ပြည်မှ ၁၅၅၆ ခုနှစ်တွင် လူ ၁ သန်းနီးပါး သေခဲ့ ပါသည်။
မြေငလျင် လှုပ်သည့်နည်းတူ အများ ဒုက္ခရောက်ကြရသည်မှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပါသည်။ ၁၉၈၀ ပြည့်နှစ် St-Helen မီးတောင်ပေါက်ကွဲမှုတွင် အမေရိကန် ၅၇ ဦး သေဆုံးခဲ့ရပါသည်။ အေဒီ ၇၉ ခုနှစ် က ဗီဆူးဗီးရပ် (Mount Vesuvius) မီးတောင် ပေါက်ကွဲမှုတွင် အသေအပျောက်စာရင်း အတိအကျ မသိရ သော်လည်း လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ခန့်မှန်းပါသည်။ ၁၈၈၃ ခုနှစ်က ကရာကိုတို(Krakotoa) မီးတောင်ပေါက်ကွဲမှုသည် မီနိုယံ (Minoan) ယဉ်ကျေးမှုကို ထိခိုက်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် မီးတောင် ပေါက်ကွဲသည်နှင့် မိနစ်ပိုင်းအတွင်း ကရေဘီယမ်တွင် မာတီနီ (Martinique) ကျွန်းတွင် လူ ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပါသည်။
၂၀၀၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဆူနာမီတွင် ပစိဖိတ်ကျွန်းများ၌ လူ ၂၀၀,၀၀၀ ကျော် သေခဲ့ရပါသည်။ တခြား လူအများအပြား သေဆုံးရသည်မှာ အလယ်ခေတ်က (Black Death) ရောဂါပြန့်ပွားမှု၊ ၁၉၁၈ ဖလူ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် စစ်ပွဲများ ပါဝင်ပါသည်။
စစ်မှာ လူတို့ကိုယ်တိုင် မိမိဘာသာ ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။ အစိုးရများ၏ မှားယွင်းသော ပေါ်လစီများကြောင့် ငတ်မွတ်ခေါင်းပါးခြင်း ၁၈၄၅-၁၈၄၉ ခုနှစ်တွင် အိုင်ယာလန်၌ အာလူးသီး ပြတ်လပ်ခြင်း၊ ယူကရိန်းတွင် ၁၉၃၂ ခုနှစ်၌ ငတ်မွတ်ခေါင်းပါးခြင်မှာ လူသားတို့ကိုယ်တိုင် ဖန်တီးခြင်း ဖြစ်သည်။
သဘာဝဘေးအန္တရာယ်များတွင် မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ ရေရှားခြင်းတို့မှာ လူသားတို့ ကံကြမ္မာနှင့် သက်ဆိုင်ပါသည်။
လူတို့သည် ငလျင်လှုပ်ခြင်း ဆူနာမီနှင့် မီးတောင် ပေါက်ကွဲခြင်းတို့ကို မကာကွယ်နိုင်ကြပါ။ သို့သော် သူတို့ ဖြစ်လာလျှင်ဟူသော အတွေးကို ကြိုတင်တွေးဆ၍ ရပါသည်။ မာချီဗယ်လီ (Nicold Machiavelli) က ကျွန်တော်တို့သည် ကံအကျိုးမပေးသောကြောင့် အားပျော့စိတ်ပျက်ဖွယ်ရာတို့ ဖြစ်ပေါ်ခဲ့လျှင် တက်နိုင်သမျှ အစွမ်းရှိသလို ဆောင်ရွက်ရမည်ဟု ဆိုပါသည်။ မြစ်ကမ်းဘောင်မှာ နေသူသည် ရေကြီးခြင်းမှ ကာကွယ်နိုင်ရန် မြစ်ရေနည်းပါးချိန်တွင် အရံအတား (Dike) တို့ကို တည်ဆောက်ရမည်။ ထိုနည်းတူ မီးကို ကာကွယ်ရန် မီးခံအိမ်များကို တည်ဆောက်ရမည်ဟု ဆိုလိုသည်။ မီးလောင်နိုင်သော အမှိုက်များကို ဖယ်ရှားရမည်။ မီးသတ်ဌာန၌ ငွေ ဖူလုံမှုရှိစေရမည်။ မြေငလျင်ကို ကာကွယ်ရန် အဆောက်အအုံ ဆောက်လျှင် ငလျင်ကို ကာကွယ်သော (Code) အတိုင်း ဆောက်လုပ်ရမည်ဟု ဆိုလိုသည်။
ဖင်လန်နိုင်ငံက မည်သည့် အဖျက်အဆီးပင်လာလာ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရမည့်နည်းလမ်းများကို ပေးပါသည်။ ဖင်လန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းက ပြည်ပမှ ရိက္ခာဖြတ်တောက်ခြင်းကို ခံခဲ့ရပါသည်။ စစ်ကြီးပြီးဆုံးသောအခါ တုံ့ပြန်ပုံမှာ အစိုးရကော်မရှင်တခု ထူထောင်ပြီး ထိုကော်မရှင်မှာ တလလျှင် တကြိမ် တွေ့ဆုံပါသည်။ မှားနိုင်သည့် အချက်များကို ထိုကော်မရှင်က စဉ်းစားပြီး ထိုပြဿနာများ ပြေလည်စေရန် အဖြေရှာကြပါသည်။ ဖင်လန်ပြည်သူတို့က ကယ်မီကယ် မလုံလောက်ခြင်းကိစ္စ၊ လောင်စာဆီ မလုံလောက်သည့်ကိစ္စ၊ ဆေးပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းပြတ်လပ်မှုများ၊ လျှပ်စစ်ဆက်သွယ်ရေး၊ အင်တာနက် ပြတ်တောက်ခြင်းစသော အရေးကြီး ကိစ္စများကို ဆွေးနွေးကြပါသည်။
ထိုကဲ့သို့သော ဖင်လန်အစည်းအဝေးတခုတွင် အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါဖြစ်ပွားခဲ့လျှင်ဟူသော အချက်ကို ဆွေးနွေးခဲ့ကြပါသည်။ ရောဂါ ပင်ဒဲမစ်ဖြစ်လျှင် (Facemask) မျက်နှာဖုံးများ လိုအပ်မည်ကို စဉ်းစားမိကြပါသည်။ ထိုစဉ်က Mask များ ဈေးမတက်သေးပါ။ ပင်ဒဲမစ် ဖြစ်လာသောအခါ ဖင်လန်နိုင်ငံသည် အဆင်သင့်ဖြစ်နေပါပြီ။
ဤကဲ့သို့ တွေးခေါ်ခြင်းမှာ လူတဦးစီ၏ ဘဝများအတွက် အသုံးဝင်လာပါသည်။ သဘာ၀ကြီးမှာ မှားနိုင်သောအရာမှန်သမျှ မှားတတ်ကြပါသည်။ အကယ်၍ သင် လက်ကျိုးလျှင် သင့်မိန်းမက ကားမောင်း၍ ဆေးရုံသို့ ပို့ပါလိမ့်မည်။ သို့သော် ပါပူဝါနယူးဂီနီမှ တောထဲတွင် မတော်တဆ ထိခိုက်မိပါက ထိုအခင်းအကျင်းမျိုး သင့်မှာ မရှိနိုင်ပါ။ ထို့ကြောင့် အနာဂတ်တွင် မှားနိုင်သော အရာမှန်သမျှကို ကြိုတင်တွေးဆထားရန် လိုအပ်ပါသည်။ ထို့ကြောင့် လူတို့တွင် ဖြစ်နိုင်ခြေရှိသော အရာမှန်သမျှကို တွေးဆပြီး နေထိုင်တတ်သောအကျင့်ကို မွေးမြူသင့်ပါသည်။ ထို့ကြောင့် ကျနော်တို့သည် နေရပ်သို့ ပြန်ရောက်သောအခါ၌ ဖြစ်စေ၊ သို့မဟုတ် မည်သည့် အခြေအနေ၌ရှိသည်ဖြစ်စေ၊ ထိုအလေ့အကျင့်မှာ ရှိသင့်သည်ကို တွေ့ရပါသည်။
စိတ်ပညာရှင်များက Paranoia ကို အမြဲလိုလို ပုံကြီးချဲ့၍ တွေးခေါ်ခြင်း၊ မှားယွင်းသည်ကို ချဲ့ကား၍ တွေးခေါ်ခြင်းဟု ခေါ်ပါသည်။ ကျွန်တော်၏ ကြောက်တတ်ခြင်းကို ဖင်လန်လူမျိုးတို့က သဘာဝမကျဘူး ဟူ၍ မယူဆကြပါ။ ဤကဲ့သို့ ကြောက်တတ်ခြင်းမှာ Healthy ဖြစ်သော အလေ့အကျင့်ဖြစ်၍ Constructive Paranoia ဟု ခေါ်နိုင်ပါသည်။ နောက်တမျိုး ပြောနိုင်သည်မှာ ကံဆိုးမိုးမှောင်ကျခြင်း အမျိုးမျိုးအတွက် အသင့်ဖြစ်အောင် နေထိုင်ခြင်း ဖြစ်ပါသည်။ မြန်မာစကား၌ “မိုးမပြိုဘူး ပြိုခဲ့သော်” ဟူသော စကားတခု ရှိပါသည်။
နိုင်ငံတိုင်း၌ လူတဦးစီသည် ဤသဘောထားမျိုး ရှိသင့်ပါသည်။ ထိုနိုင်ငံများတွင် ဗီယက်နမ် ပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည်နှင့် တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေခဲ့ပါသည်။ သြစတြေးလျနိုင်ငံမှာ အမြဲလိုလို မီးဘေး၊ ရေဘေး အမျိုးမျိုးနှင့် ရင်ဆိုင်နေရပါသည်။ ထိုနိုင်ငံများတွင် တွေ့ကြုံဖူးသော အဖြစ်အပျက်များမှ သင်ခန်းစာယူနိုင်ခဲ့ကြပါသည်။
ဆီးရီးယားနိုင်ငံတွင် ကာလဝမ်းရောဂါကို ကြောက်ရွံ့နေရပြီး စောင်များ၊ ဆေးကုပေးရမည့် ဆရာဝန်များ၊ လျှပ်စစ်နှင့် အစားအစာ၊ လောင်စာဆီ၊ ဆေးရုံအိပ်ရာ၊ အကာအကွယ်နှင့် ရေတို့ အမြဲချို့တဲ့နေခဲ့ပါသည်။ ထိုဧရိယာမှာ သူပုန်တို့၏ဧရိယာ ဖြစ်ပါသည်။ အခြားနိုင်ငံများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက လိုအပ်သလို ထောက်ပံ့နေခဲ့ကြသော်လည်း အမြဲရေရှည်ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ လိုအပ်လျက်ရှိပါသည်။ တနိုင်ငံလုံး စည်းလုံးမူကို မရဘဲ ရေရှည်ပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပါ။
တူရကီနိုင်ငံတွင် အုပ်ချုပ်သောအစိုးရ ရှိပါသည်။ မြေငလျင်လှုပ်၍ သေဆုံးရသူများမှာ တူရကီ နိုင်ငံသားများပင် ဖြစ်ကြပါသည်။ ရန်သူ သူပုန်များ မဟုတ်ကြပါ။ တူရကီတွင် မြေငလျင်လှုပ်ခြင်းမှာ အဆန်းမဟုတ်တော့ဘဲ အခု ငလျင်လှုပ်ခြင်းမှာ အခြားငလျင်များထက် ဆိုးသည်ဆိုရုံသာ ပြောစရာရှိပါသည်။
တူရကီအစိုးရသည် ပြီးခဲ့သော အဖြစ်အပျက်များကြောင့် အကျိုးရှိသော စိုးရိမ်မှုရှိရန် လိုအပ်ပါသည်။ ထိုစိုးရိမ်မှုများအတွက် တိုက်များကို ဆိုက်စမစ် Code များဖြင့် တည်ဆောက်ရပါမည်။
( ၃ )
ထိုငလျင်က တူရကီတွင်သာမက အခြားနိုင်ငံများပါ အနာဂတ်ကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်နိုင်စေပါသည်။ အကျိုးရှိသောစိုးရိမ်မှု ဆိုသည်မှာ ငလျင်လှုပ်ခြင်းအတွက် မှန်ကန်သလို အခြား ပင်ဒဲမစ်ကဲ့သို့အဖြစ် ဆိုးများအတွက် လိုအပ်ပါသည်။ SARS နှင့် MERS ရောဂါပြန့်ပွားစဉ်က ကျနော်တို့သည် အခြားဆိုးရွားသော ရောဂါများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်ခဲ့သင့်ပါသည်။ ထိုကဲ့သို့ မပြင်ဆင်ခဲ့သည့်အတွက် လူ သန်းပေါင်းများစွာတို့၏ အသက်များ ဆုံးရှုံးခဲ့ရပါသည်။
ကမ္ဘာကြီးသည် ကိုဗစ်ထက်ဆိုးသော ပင်ဒဲမစ်များအတွက် ပြင်ဆင်ပြီးပါပြီလား။ တူရကီနိုင်ငံသည် ယခုထက်ဆိုးသော မြေငလျင်လှုပ်ခြင်းကို ခံနိုင်ရည်ရှိပါပြီလား ဆိုသော မေးခွန်းများမှာ မေးရမည့် မေးခွန်းများ ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Embracing constructive paranoia By Jared Diamond N.Y. Times January 15 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar