ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်၊ နောက်ထပ် ဆယ်ဂဏန်းနဲ့ချီတဲ့ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တခု
မြန်မာနွေဦး ခရိုနီကယ် - မတ် ၆ မြင်ကွင်း
(မိုးမခ) မတ် ၇၊ ၂၀၂၃
ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်၊ နောက်ထပ် ဆယ်ဂဏန်းနဲ့ချီတဲ့ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တခု
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မတ်လ ၅ ရက်နေ့က မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ နှစ်ထောင်ကျော် မီးလောင် ပျက်စီးခဲ့ရတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
၆ နှစ်ထဲ ဝင်ရောက်လာပြီဖြစ်တဲ့ ဒုက္ခသည် ပြဿနာမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးသူ ဒုက္ခသည်ပေါင်း ၇ သိန်းကနေ ၉ သိန်းအထိရှိတဲ့ သူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရက သတ်မှတ်ထားတဲ့ နေရာအတွင်း နေထိုင်ကြရတာဖြစ်လို့ စုစည်းပြွတ်သိပ်နေတဲ့ နေအိမ်တွေ၊ ဖက်နဲ့ ဝါးလိုမျိုးနဲ့ ဆောက်လုပ်ထားကြတဲ့ နေအိမ်တွေ ဖြစ်လို့ မီးလောင်မှုဖြစ်ပွားတဲ့အခါ တားဆီးဖို့ ခက်ခဲတာ မြန်မြန်ဆန်ဆန် လောင်ကျွမ်းတာတွေ ဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေ့ရပြီး ဒုက္ခသည် ၂၀၀ လောက် မိသားစုတွေနဲ့ ကွဲပြီး ပျောက်ဆုံးနေတဲ့အကြောင်း သတင်းတွေထဲ တွေ့ရတာလည်း ဖြစ်ပါတယ်။ မီးလောင် သေဆုံးတာလား၊ ကလေးသူငယ်တွေ မီးလောင်မှုအတွင်း လူကွဲသွားပြီး မိသားစုထံပြန် ရောက်တာလား တိတိပပ မပြောနိုင်သေးတဲ့အကြောင်းလည်း သတင်းတွေထဲ ပါရှိတာ ဖြစ်ပါတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းကို သဲသဲကွဲကွဲ မသိရသေးပေမယ့် ဒေသခံတွေ အနေနဲ့တော့ ရှို့မီးလို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။
ပြဿနာစတင်ဖြစ်ပွားတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက အသက်ဘေး လွတ်အောင် ထွက်ပြေးကြရတဲ့ သန်းဂဏန်းရောက်လုနီး ရိုဟင်ဂျာတွေ အဖို့ အခုလို နှစ်ရှည်လများ ဒုက္ခသည်စခန်းတွေမှာ နေကြရလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားကြမှာ မဟုတ်သလို အိမ်နီးချင်းနိုင်ငံအနေနဲ့လည်း ဒီပြဿနာကို လပိုင်း သို့မဟုတ် ၁ နှစ်၊ ၂ နှစ်အတွင်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆကောင်း ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ၊ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ တကြိမ်ပြီး တကြိမ် တကျော့ပြီးတကျော့ ဖြစ်ပျက်လာနေတာတွေက ပြဿနာက အလွှာတလွှာထဲ ဗဟိုချက် တခုထဲမှာ ဖြစ်ပွားတာမျိုးမဟုတ်တော့ပဲ ပြဿနာတခုကို ဖြေရှင်းဖို့ ကြိုးစားချိန်မှာ ဒီပြဿနာနဲ့ အခြားသော အကြောင်းအရာကို ဗဟိုပြုနေတဲ့ ပြဿနာကိုပါ မဖြေရှင်းနိုင်ခဲ့ရင် မူလဖြစ်ပွားတဲ့ ပြဿနာကို ရှင်းဖို့မလွယ်ကူတဲ့ အနေအထားရောက် လာတာမျိုး ဖြစ်ပါတယ်။
နိုင်ငံသား အခွင့်အရေး၊ ဖြစ်ပျက်ခဲ့တဲ့ လူထောင်သောင်းချီ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ လက်နက်ကိုင်တပ်က တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးရေး၊ နောက်ထပ် အလားတူဖြစ်ရပ် မဖြစ်အောင် အာမခံချက်တွေက ရိုဟင်ဂျာ ပြဿနာအတွက် သော့ချက် ကိစ္စရပ်တွေ ဖြစ်ပြီး အဲဒီပြဿနာတွေကို နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းစဥ်မှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားလာတာကြောင့် စစ်အာဏာသိမ်းမှု ပြဿနာက ရိုဟင်ဂျာ ပြဿနာရဲ့ ရှေ့ကိုရောက်ပြီး ပြည်တွင်း နိုင်ငံရေးမှာ စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းရေးက ပထမ ဖြစ်လာပြီး အခြားသော ပြဿနာတွေက ဒုတိယ ဖြစ်လာတဲ့ အနေအထားမျိုး ရောက်ရှိသွားပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ်က ပြဿနာ နှစ်ရပ်စလုံးရဲ့ အရင်းခံ အကြောင်းတရားလို့ ဆိုရင်လည်း ဆိုလို့ရပါတယ် တဖက်မှာလည်း လူ ၁ သန်းနီးနီးလောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရင်း အလုပ်လုပ်ကိုင်ခွင့်မရကြ၊ ပညာသင်ခွင့်မရကြတဲ့ အနေအထားနဲ့ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ချီကြာမြင့်လာတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး တို့အကြား ဘယ်အရာက ပထမဦးစားပေး ဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးစရာ သဘောထားအမြင် ကွဲလွဲစရာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံတွင်းမှာလည်း နေရပ်ကနေ စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်က သိန်းဂဏန်းကနေ သန်းဂဏန်းကျော်လာပြီး လက်ရှိမှာ တသန်းခွဲကျော်လောက်က စစ်ဘေးကြောင့် ၄င်းတို့နေအိမ်မှ တိမ်းရှောင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင် တိုက်ပွဲတွေ၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ပွားလာပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စကို စာနာမှုရှိသူ ကိုယ်ချင်းစာ နားလည်လာတဲ့ သူတွေလည်း အရင်ထက် တိုးများလာပေမယ့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ လူမျိုးစု အခွင့်အရေး ပြဿနာကို တပြိုင်ထည်း ဖြေရှင်းကြမလား ပိုအရေးကြီးတယ်လို့ ယူဆတဲ့ ပြဿနာကို အရင်ဖြေရှင်းပြီး လက်အောက်ခံ ပြဿနာလို့ ထင်မြင်ယူဆတဲ့ အရာကို နောက်မှ ရှင်းကြမလားဆိုတာ ဆွေးနွေးစရာ အကြောင်းအရာ တရပ်ဖြစ်နေတယ်လို့ မြင်မိပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက တာတိုင်ရွာမှာ ယခုလဆန်းက စစ်ကြောင်းဝင်ရောက်စဥ် အရပ်သား ၁၀ ဂဏန်းနဲ့ချီ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ NUG က ကမကထလုပ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ် မတိုင်ခင်ကတည်းက စစ်ကိုင်းတိုင်း မှာ၊ မကွေးတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အခုလို ဖြစ်ရပ်တွေ ကြိုကြားကြိုကြား ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ခု ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာအပြီး စစ်ကိုင်းတိုင်းမှာ စစ်ရေး လှုပ်ရှားမှု ပိုမိုအကြိမ်ရေ များပြားလာသလို သတ်ဖြတ်မှု မီးရှို့မှုတွေလည်း ကိန်းဂဏန်းတွေ အရင်ကာလတွေထက် သိသာစွာ တိုးမြင့်လာနေတာ ဖြစ်ပါတယ်။
အရပ်သားတွေ အပေါ် ရက်စက်စွာ သတ်ဖြတ်မှု၊ အမျိုးသမီးရော ကလေးသူငယ်တွေပါ မခွဲခြားဘဲ သတ်ဖြတ်မှုတွေကို ကြည့်ရင်စစ်ကောင်စီက စစ်ရေး အသာစီးရရေး ဆိုတဲ့ ရည်မှန်းချက်အတွက် ဒေသခံတွေ အနေနဲ့ လက်နက်ကိုင် လှုပ်ရှားမှုကို စွန့်လွှတ်အောင် အပြင်းထန်ဆုံး အရက်စက်ဆုံး နည်းလမ်းတွေ သုံးပြီး လုပ်ဆောင်နေတာလို့ မှန်းဆရပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းမှာ သီတင်းပတ် အနည်းငယ်အတွင်း ရိုဟင်ဂျာတွေကို လူရာထောင်ချီပြီး သတ်ဖြတ်ဖူးခဲ့တဲ့ စစ်တပ် အနေနဲ့ အခုလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့လိုမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ ဝန်မလေးဘူးဆိုတာ သက်သေပြသလိုလည်း ဖြစ်ပါတယ်။ သက်သေ အထောက်အထားတွေ စုဆောင်းမှတ်တမ်းတင်ရမှာ အမှန်ပင် ဖြစ်ပေမယ့် နောက်ထပ် အခုလို အစုလိုက်အပြုံလိုက် အသတ်ခံရတာမျိုး မဖြစ်ပွားအောင် နိုင်ငံတကာ တပ်တွေ၊ နိုင်ငံတကာ တရားရုံးတွေကို မျှော်လင့်တာမျိုးမဟုတ်ဘဲ မိမိတို့ပြည်တွင်းက အင်အားစုတွေအနေနဲ့ ဘယ်လို ကာကွယ်ပေးနိုင်ကြမလဲဆိုတာလည်း အမြန်စဥ်းစား အဖြေရှာကြရဖို့ သင့်ပြီလို့ ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar