ချောင်းဦးမြို့နယ်က အရွယ်မရောက်သေးသူ အပါအဝင် လူငယ် ၇ ဦး သတ်ဖြတ်ခံရတဲ့ကိစ္စ
မြန်မာနွေဦး ခရိုနီကယ် - မေ ၄ မြင်ကွင်း
(မိုးမခ) မေ ၅၊ ၂၀၂၃
ချောင်းဦးမြို့နယ်က အရွယ်မရောက်သေးသူ အပါအဝင် လူငယ် ၇ ဦး သတ်ဖြတ်ခံရတဲ့ကိစ္စ
ယမန်နှစ် သြဂုတ်လက ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တဲ့ အရွယ်မရောက်သေးသူ ၊ မိန်းကလေးငယ်တွေ အပါအဝင် ၇ ဦးကို ပကဖ အဖွဲ့ဝင်တွေက ဖမ်းဆီး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မြှုပ်နှံခဲ့တဲ့ ဖြစ်ရပ်က ၈ လအကြာမှာ ပကဖ အဖွဲ့ဝင်အချို့ရဲ့ သတင်းမီဒီယာထံ ဖော်ထုတ်ပြောဆိုမှုကတဆင့် လူသိရှင်ကြား သိရှိကြတဲ့ အကြောင်းအရာ တရပ်ဖြစ်လာခဲ့ပါတယ်။
စစ်ကိုင်းမြို့နယ်ထဲက ပဲကုတိုးကျေးရွာဇာတိ ဖြစ်တဲ့ မိန်းကလေးငယ် အပါအဝင် မိန်းကလေး ၄ ဦးနဲ့ လူငယ် ၃ ဦး စုစုပေါင်း ၇ ဦးကို ကျေးရွာထဲမှာ လယ်ယာသုံးပစ္စည်း ထယ်ထိုးတဲ့ သံထည်တွေကို ခိုးယူတယ်လို့ စွပ်စွဲခံရပြီးနောက် ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံအပ်နှံပြီးနောက် မကြာခင်မှာ ပကဖ အဖွဲ့ဝင်တချို့က မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်ကာ ဖမ်းဆီးထားတဲ့ ၇ ဦးစလုံးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တိုင်ကြားစာကို ၄ လကျော်အကြာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှာ NUG က ရရှိခဲ့တယ်လို့လည်း ယမန်နေ့က NUG ကထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ ဖြစ်စဥ်ဖြစ်ပွားပြီး ၂၀၂၂ခုနှစ် သြဂုတ်လ ၃၁ ရက် မှာကတည်းက မြို့နယ်ပကဖ အဖွဲ့က သတ်ဖြတ်မှုကျူးလွန်ခဲ့ကြတဲ့ ကျေးရွာ ပကဖ တာဝန်ရှိသူနဲ့ အဖွဲ့ကို အရေးယူထားပြီးလို့ ဖော်ပြထားပေမယ့် မြေလတ်အသံသတင်းဌာနကို အသိပေးလာတဲ့ ဒေသတွင်းက PDF အဖွဲ့ဝင်အချို့ရဲ့ ပြောဆိုမှုအရတော့ အရေးယူခံထားရတယ်ဆိုတဲ့ ကျေးရွာပကဖ တာဝန်ခံ အပါအဝင် အခြားပကဖ အဖွဲ့ဝင်တွေဟာ အခြားသော ပကဖ တွေလို လက်နက်ကိုင်ဆောင်တာ၊ ကင်းစောင့်တာ သွားလာလှုပ်ရှားမှု လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း မြေလတ်အသံ သတင်းဌာနကို ပြောဆိုထားတာ ဖြစ်ပါတယ်။
အဖြစ်အပျက်ကို အနှစ်ချုပ်ကြည့်ရင် သြဂုတ်လ ၈ ရက်နေ့မှာ အထက်ပါ လူငယ် ၇ ဦး ကျေးရွာ ပကဖ အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံရပြီး ၂၂ ရက်ခန့်အကြာ သြဂုတ်လ ၃၀ ရက်မှာ ထိန်းသိမ်းထားတဲ့ ကျေးရွာ ပကဖ အဖွဲ့က သတ်ဖြတ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ နောက်တနေ့မှာ ကျေးရွာပကဖ ကို ဒေသဆိုင်ရာ ပကဖက အရေးယူဆောင်ရွက်တယ်လို့ ဆိုတဲ့ သတ်ဖြတ်မှုကျူးလွန်သူတွေကို ထိန်းသိမ်းထားရှိခြင်း၊ သေဆုံးသူ ၇ ဦးရဲ့ အလောင်းတွေကို တူးဖော်စစ်ဆေးခြင်း လုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီနောက် ထိန်းသိမ်းခံထားရတဲ့သူတွေနဲ့ ပတ်သက်လို့ တစုံတရာ ထပ်မံ အရေးယူဆောင်ရွက်တာမတွေ့ရလို့ ယခုနှစ် ဇန်နဝါရီလမှာတော့ NUG အစိုးရအထိ တိုင်ကြားခဲ့ပြီး အဆိုပါတိုင်ကြားမှုကို အရေးယူစုံစမ်းစစ်ဆေးတာ မတွေ့ရလို့ ဧပြီလဆန်းမှာ ပကဖ အဖွဲ့ဝင်တချို့က သတင်းဌာနတခုကို ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဖွင့်ချပြောဆိုခဲ့တာ ဖြစ်ပါတယ်။
NUG အနေနဲ့ ယနေ့ မေလ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ မြို့နယ် ပကဖ အဖွဲ့က သတ်ဖြတ်မှုဖြစ်ပွားပြီး နောက်တရက်ကတည်းက သိရှိပြီးဖြစ်တယ်ဆိုတဲ့ အချက်၊ တဖန် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အဆိုပါ အဖြစ်အပျက်နဲ့ပတ်သက်လို့ တိုင်ကြားစာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက လက်ခံရရှိပြီး အခြားဝန်ကြီးဌာနတွေကို စုံစမ်းဆက်သွယ် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ သို့ပေမဲ့ ဇန်နဝါရီလ ၂၆ ရက်နောက်ပိုင်း ဧပြီလဆန်းအတွင်း NUG ရဲ့ ဝန်ကြီးဌာန အကြား စုံစမ်းမေးမြန်းကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့တော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။ ဒီအခြေအနေကြောင့် ၈ လခန့်အကြာမှာ အခြားသော ပကဖ အဖွဲ့ဝင်တချို့က မြေလတ်အသံ သတင်းမီဒီယာကို ဖွင့်ချတဲ့နောက်မှာမှ အရေးယူဆောင်ရွက်ဖို့ ဖြစ်လာတာလို့ နားလည်ရပါတယ်။
NUG ဝန်ကြီးဌာန အနေနဲ့ အခုကိစ္စနဲ့ပတ်သက်လို့ လူသိရှင်ကြားဖြစ်လာပြီးနောက်မှ ဖြေရှင်း ထုတ်ပြန်ချက်ထုတ်လာခြင်းဟာ အခု အဖြစ်အပျက်လို အောက်ခြေမှာ ဖြစ်ပွားနေတဲ့ တရားဥပဒေမဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှု၊ စစ်သည်တော် ကျင့်ဝတ်စည်းမျဥ်း တွေကိုလိုက်နာမှုရှိ/မရှိ ကြပ်မတ်ဆောင်ရွက်မှု စနစ် အားနည်းနေခြင်းကို ဖေါ်ပြနေသလို ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘာဝအတိုင်း လက်နက်မဲ့ အရပ်သားတွေ အပေါ် အင်အားသုံး အနိုင်ကျင့်ခြင်း၊ ငွေကြေးတောင်းခံခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခြင်း ၊ သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်တာနဲ့ အရေးယူနိုင်ဖို့ တိုင်ကြားနိုင်တဲ့ စနစ်တွေရှိဖို့ ၊ ဒိထက်ပိုအရေးကြီးတဲ့အချက်အနေနဲ့ ဥပဒေမဲ့ ကျူးလွန်မှု၊ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ စနစ် ရှိဖို့လိုအပ်ပါတယ်။
စစ်ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်ဖို့ ရရာ လက်နက်တွေနဲ့ စုဖွဲ့ပြီး လက်နက်ကိုင် အဖွဲ့တွေ တည်ဆောက်လိုက်ပြီးနောက် အဲဒီအဖွဲ့တွေ အပေါ် စည်းကမ်းအရ ကျင့်ဝတ်အရ၊ ကြပ်မတ်ထိန်းကျောင်းမှု စနစ်၊ ယန္တရားတွေရှိနေဖို့ အရေးတကြီး လိုအပ်တာ ဖြစ်ပါတယ်။
တော်လှန်ရေးဟာ ကဗျာရေးတပုဒ် ရေးသလို ပန်းကုံးသီသလို လှပ စိတ်ကူးယဥ်စရာတွေချည်းရှိနေတာ မဟုတ်ပဲ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ နဲ့ ထိတွေ့ဆက်စပ်နေတဲ့အရာလို့ အချို့ကလည်း စောဒက တက်ကောင်း တက်ကြလိမ့်မှာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကို ဖြုတ်ချရေးသည်သာ အဓိကကျတယ်၊ ကျန်တဲ့အရာတွေက အာဏာရလာပြီးတဲ့နောက် ဖြေရှင်းဆောင်ရွက်ရမယ့် အရာတွေလို့ ဆင်ခြေပေး တွေးတော ပြောဆိုမှုတွေလည်း ရှိနိုင်ပါတယ်။
သို့သော် ပြည်သူလူထုက စစ်အာဏာရှင်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို မကြိုက်လို့တရားမျှတမှုရှိတဲ့ စနစ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လက်နက်ကိုင် တပ်ဖွဲ့၊ ဖက်ဒရယ် အနှစ်သာရ အပြည့်အဝရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တရပ် ပေါ်ထွက်လာစေလိုတာ ဖြစ်ပြီး အခုလို လက်နက်ကိုင်ဆောင်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အနိုင်ကျင့်သတ်ဖြတ်တာတွေ ကျူးလွန်ရင် ကျူးလွန်သူကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တာ၊ အရေးယူဆောင်ရွက် နိုင်အောင် လုပ်ဆောင်တာတွေက အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။
အခု အဖြစ်အပျက်မတိုင်ခင် ယမန်နှစ်အစောပိုင်းက ပေါ်ထွက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် သပြေအေးကျေးရွာPDF အဖွဲ့က တခြားကျေးရွာက မီးသတ်တပ်ဖွဲ့ဝင်၊ PDF တပ်ဖွဲ့ဝင်အပါအဝင် ၁၀ ဦးကျော်ကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်မှာလည်း ကျူးလွန်သူတွေကို ဘယ်လို အရေးယူ အပြစ်ပေးနိုင်ခဲ့သလဲဆိုတာ လူထုအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရှိရသေးတာ ဖြစ်ပါတယ်။ သပြေအေး ကျေးရွာ အဖြစ်အပျက်လို၊ ခု ချောင်းဦးမြို့နယ်ထဲက ကျေးရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ အရေးကြီးပြီး အဲလို အရေးယူဆောင်ရွက်နိုင်မှသာ နောက်နောင် ဖြစ်ပွားနိုင်ခြေရှိတဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေကို တားဆီးနိုင်မှာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar