ဆားပုလင်းသာပိန် - ဖေစ့်ဘွတ် ရတုဘုရင် နက်သျှင်နောင်နှင့် သူ၏ဘုရင်အတု ကြင်စိုး
ဆားပုလင်းသာပိန် - ဖေစ့်ဘွတ် ရတုဘုရင် နက်သျှင်နောင်နှင့် သူ၏ဘုရင်အတု ကြင်စိုး
(မိုးမခ) ဩဂုတ် ၇ ၊ ၂၀၂၃
တရားနာရင်း အရှက်ရသွားတယ်လို့ ဆိုရအောင်ကလည်း ကြင်စိုးဆိုတာ နဂိုကတည်းက အရှက်တစက်လေးမှ ရှိတဲ့သူ မဟုတ်လေတော့ ရှက်တယ်ဆိုတဲ့ စကားလုံး ဘယ်လိုမှ သုံးလို့မရ။ အငိုက်မိသလို အရှိုက်ထိသလို ဖြစ် သွားတယ်လို့ ဆိုရင်တော့လည်း ငြင်းစရာမရှိ။
သူ့အပြစ် သူ့အမှားကို မမြင်၊ ကျန်တဲ့လူမှန်သမျှကိုသာ အပြစ်ရှာကြံတတ်ပြီး ဘာပဲဖြစ်သွားသွား
သူ့ကြောင့်လို့ လုံးဝတွေးလေ့မရှိတဲ့ ကြင်စိုး။ သူ့ကြောင့်ဆိုတာ ဘာမှမရှိဘူးလို့ ဘယ်အထိ တွေးတတ်သလဲဆိုရင် သူ့သားသမီးတွေကိုတောင် ကြည့်ကြည့်ပြီး သူ့ကြောင့်မှ ဟုတ်ပါလေစလို့ ခဏခဏ စဉ်းစားမိတတ်တဲ့ ကြင်စိုးပေါ့။
အခုလည်း တရားဓမ္မနဲ့ မကိုက်ညီတာကသူ၊ ဘယ်သူ့ အပြစ် ပုံချရမလဲ စဉ်းစားမိရာကနေ ကြားကဓားစာခံ ဖြစ်သွားတာက ‘သာဝန်’။ ဒီလို ကြင်စိုး စိတ်မကြည်မလင် ဖြစ်နေတဲ့အချိန် ‘ငါ့ဆီကို အမြန်လာတွေ့’ ဆိုလေတော့ ဇော်မဲလုံး စိတ်မသက်မသာ ဖြစ်သွားတာရတာက မဆန်းဘူး။ သူ့ကိုလည်း အထုပ်ပြင်ခိုင်းတော့လေမလားပဲ ဆိုပြီး။
အမှန်ကတော့ ပြည်သူတွေရဲ့ တံထွေးခွက်ထဲ ယက်ကန်ယက်ကန် ဖြစ်နေတဲ့ ကြင်စိုး၊ ခြေသုတ်ခင်းပမာ ဖြစ်နေပြီးသား သူ့ပုံရိပ်ကို ပိုကျဆင်းစေတဲ့ သတင်းများကို ပြန်ချေဖျက်နိုင်ဖို့အတွက် ဒု-ပြန်ဝန်လည်း ဖြစ်၊ စိတ်ဓာတ်စစ်ဆင်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့သူလည်း ဖြစ်တဲ့ ဇော်မဲလုံးကို တိုင်ပင်စရာတွေ ရှိတဲ့အတွက်ပါ။
တွေ့လိုရင်းကိစ္စကို သိလိုက်တာနဲ့ ဇော်မဲလုံး ရင်ထဲက အလုံးကြီး ကျသွားတယ်။ ပြည်သူတွေကြား
ရေပန်းစားပြီး ပြောနေဆိုနေကြတဲ့ ‘မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား’ဆိုတဲ့ တရားဓမ္မ အဆုံးအမဟာ ကြင်စိုးကို အလွန်လောင်မြိုက်စေပါတယ်။ အခန်းထဲဝင်လိုက်တာနဲ့
‘မကောင်းမှုလုပ် ကောင်းမှုဖြုတ် စိတ်ကို ယုတ်အောင်ထား’ဆိုတဲ့ ကြင်စိုး လက်ရေးနဲ့ မညီမညာရေးထားတဲ့ ဝှိုက်ဘုတ်တခုကို မြင်လိုက်ရတယ်။ ကြင်စိုးက စပြောတယ်။
‘ဟောဒီမှာ ငါ ရေးထားသလိုပဲ ငါက လိုက်နာတာကွ၊အခုတော့ တပြည်လုံးက ငါနဲ့ ပြောင်းပြန် ဖြစ်နေပြီ၊ ဒီသတင်းပဲ နေ့နေ့ ညည ( ၂၄) နာရီ ပြန့်နေ၊ ပြောနေကြတယ်။ ငါ ထပ်မကြားချင်တော့ဘူး၊ ဘယ်လိုလုပ်ရင် ကောင်းမလဲ ပြောစမ်း’
အစမှာ အာ့ကျကျနဲ့ နှစ်ပါးသွားခဲ့ပေမယ့် အလုပ်က သင်သွားတာနဲ့ ရှိရင်းစွဲ ဗီဇပေါင်းစပ်ပြီး အခုအခါမှာတော့ ပို ပြီး ပိပိရိရိ မျက်နှာပြောင်နဲ့ လိမ်တတ် လုပ်ကြံတတ်နေပြီ ဖြစ်သလို၊ မဟုတ်တမ်းတရားတွေကိုလည်း ခရားရေ လွှတ် တတွတ်တွတ် ပြောနိုင်နေပြီဆိုတော့ ကြင်စိုးကိစ္စနဲ့ ပတ်သက်ပြီး အကြံဉာဏ်တခု ခပ်လွယ်လွယ်ပဲ ထွက် လာတယ်။
‘သတင်းတခုကို ဖုံးချင်ရင် နောက်သတင်းတခုနဲ့ ပြန်ဖုံးရတယ် အဘရဲ့’ လို့ အစချီပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေတဲ့ ကြင်စိုးကို ဆရာလုပ်နေရတာကိုပဲ ဇော်မဲလုံး တော်တော် အားရကျေနပ်နေမိတယ်။
ဟုတ်တယ်လေ၊ အရင်ကဆို ကြင်စိုးပြောသမျှ သူတို့တတွေက ‘ဟုတ်’တလုံးပဲ ပြန်ပြောခွင့်ရှိတာ။
‘အေး ဟုတ်ပြီ၊ မင်းပြောတာ ဟုတ်တယ်ပဲထားလိုက်၊ ငါက ဘာလုပ်ရမှာတုံး၊ မင်းကရော ဘာလုပ်ပေးနိုင်တုံး’ လေကြောရှည်နေတဲ့ ဇော်မဲလုံးကို ကြင်စိုးစိတ်မရှည်သံနဲ့ ဖြတ်ပြောလိုက်တယ်။
‘ပြည်သူတွေ စိတ်ဝင်တစားရှိမယ့် မိန့်ခွန်းမျိုး ၊ သူတို့ပါးစပ်ဖျားထဲ ရောက်သွားမယ့် မိန့်ခွန်းမျိုး အဘ ပြောပေးရမှာပေါ့၊ ဒါဆိုရင် ပြောလက်စ သတင်းစကားတွေ တဖြည်းဖြည်း ပျောက်သွားလိမ့်မယ်’
‘ငါပြောသမျှ ဘယ်သူကမှ စိတ်မဝင်စားတာ၊ ဘယ်လိုလုပ်ရမလဲ၊ ‘ပြန်ဝန်ဟောင်း’လို ညက်ညက်ကလေး ရေးနိုင် ပြုနိုင်တဲ့သူ ရှိရင် သိပ်ကောင်းမှာပဲ၊ မိန့်ခွန်းရေးခိုင်းလို့ ရတာပေါ့’
တကယ်ကတော့ သူ့ကိုစောင်းမြောင်းပြီး ခနဲ့တဲ့တဲ့ ရေးနေတဲ့ ‘ပြန်ဝန်ဟောင်း’ကို ကြင်စိုး တစက်လေးမှ ကြည့်မရသလို ဇော်မဲလုံးကလည်း သူ့အဘတွေအားကိုးနဲ့ ငါ့အဘကို ဖြဲနေတဲ့သူ ဆိုပြီး ကြားကနေ ဘယ်လိုမှ သည်းခံမရပါဘူး။
အခုလို ‘ပြန်ဝန်ဟောင်း’ကို အားကိုးရကောင်းနိုနိုး လေသံမျိုး ကြင်စိုးဆီက ထွက်လာတာကို ဇော်မဲလုံး ဘယ်လိုမှ မကြိုက်။ ခက်တာက သူ့လိုလည်း အရေးအသား မကောင်းတော့ တမျိုးကြံစည်ရတယ်။
‘အဘရာ ‘ပြန်ဝန်ဟောင်း’မှ မဟုတ်ပါဘူး၊ ကျနော်လည်း ဒု-ပြန်ဝန်ပါ၊ ကျနော် ရေးနိုင်ပါတယ်ဗျ၊လိုင်းချင်းမတူလို့သာ သူ့ ပုံစံမထွက်မှာ၊ ကျနော် အားသန်တာက ရတု၊ကဗျာလိုင်းမျိုး’
‘မင်း ပြောတာက မိန့်ခွန်းကို ရတု၊ ကဗျာပုံစံနဲ့ ပြောဖို့ မင်း ရေးပေးနိုင်တယ်ပေါ့’
‘ဒါပေါ့ အဘရဲ့၊ မိန့်ခွန်းတခုလုံးတော့ မဟုတ်ဘူးလေ၊ နားထောင်တဲ့သူတွေ ပိုစိတ်ဝင်စားပြီး အုံးအုံးကြွက်ကြွက် လိုက်ပြောစရာ ဖြစ်အောင် နည်းနည်းလောက် ထည့်ရေးလိုက်မှာပေါ့’
ရေနစ်သူအနေနဲ့ ကောက်ရိုးတမျှင်လည်း လှမ်းဆွဲမိတတ်ပါတယ်၊ အခုလည်း ဇော်မဲလုံးပြောတာ ဟုတ်သလိုလို လိုပဲလို့ ကြင်စိုးထင်နေမိတယ်။ အဲဒီလိုမိန့်ခွန်းမျိုး လိုက်ဖ်လွှင့်လိုက်ရရင် မြောင်းထဲ ရောက်နေတဲ့ သူ့သတင်းတွေ ကို ဖုံးသွားမယ်၊ ပြည်သူတွေ မေ့ပျောက်သွားကြမယ်ပေါ့။
‘မင်းက တကယ်ရော ရေးဖူးရဲ့လား၊ မင်းကလောင်နာမည်က ဘာလဲ’
‘ရေးဖူးပါတယ်အဘရ၊ အကောင့်ခဏခဏကျနေလို့ လူသိပ်မသိတာပါ၊ ကျနော်က ‘နတ်သျှင်နောင်’ ခရေဇီဆို တော့ ‘နက်သျှင်နောင်’ ဆိုပြီး ကလောင်နာမည်ယူထားတယ်၊ နတ်နဲ့ ဆင်တူယိုးမှား လုပ်ထားတဲ့‘နက်’ဆိုတာ ကျနော့် ကို ကိုယ်စားပြုတာလေ၊ နက်တာနဲ့ မဲတာ ဘာများကွာတာမှတ်လို့’
‘နတ်သျှင်နောင်’ဆိုတာနဲ့ ကြင်စိုး စိတ်ဝင်စားသွားတယ်။ ‘အဲဒါ နတ်အသစ်လား၊ ငါ မပြုတ်အောင် သူ ကူနိုင်မလား၊ သူ့ကို ဘာ‘ဆက်’ရမလဲ’ ဒါနဲ့ပဲ ဇော်မဲလုံး ‘နတ်သျှင်နောင်’ အကြောင်း ကြင်စိုးကို ရှင်းပြရတယ်။ ရေးထားတာတွေ နမူနာ ဖတ်ပြရတယ်။ ‘ပေါ်နွေလလျှင်’ လို့ အစချီပြီး ‘တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွ မတတ်သော’နဲ့ အဆုံးသတ်ထားတဲ့ ရတုတပိုဒ်ကို ရွတ်ပြလိုက်တော့ ကြင်စိုး ကြွေဆင်းသွားတယ်။
‘ကောင်းလိုက်တာကွာ၊ ငါသာအဲသလိုမျိုး မိန့်ခွန်းထဲ ထည့်ရွတ်ပြလိုက်ရင် နားထောင်ကြတဲ့ပြည်သူတွေ တအံ့တဩ ဖြစ်သွားပြီး အခုပြောနေတဲ့ မကောင်းတာရှောင်ဖို့၊ ကောင်းတာလုပ်ဖို့၊ စိတ်ဖြူစင်ဖို့ဆိုတဲ့ ငါနဲ့ လုံးလုံးမအပ်စပ်တဲ့ဟာတွေ အကြောင်းပြောဖို့ မေ့သွားကြလိမ့်မယ်၊ နေ့ရောညပါ ငါ့မိန့်ခွန်းကပဲ ‘ဟော့’နေပြီး ပြောစရာ ဖြစ်သွားကြလိမ့်မယ်’ဆိုကာ ကြင်စိုး သဘောကျသွားတယ်။
‘ဒီလိုလုပ် ဒီရက်ပိုင်း ငါ ‘လေဘဲ’တွေကို သွားအားပေး မိန့်ခွန်းခြွေဖို့ရှိတယ်၊ အဲဒါ မင်း စီစဉ်ပြီးရေးပေတော့၊ ခုနရွတ်တဲ့ ရတုကို မှီးပြီးရေးပေး၊ အရှည်ကြီးတော့ မလုပ်နဲ့ကွာ၊ ငါ့ကို ထင်ဟပ်စေမယ့် စာသားက တကြောင်းနဲ့ အောက်က ပြန်ပစ်မှာ ကြောက်နေတဲ့ လေဘဲတွေကို မကြောက်ဖို့ အားပေးတာက တကြောင်း၊ စုစုပေါင်း နှစ်ကြောင်းလောက် ပါရင်ရပြီ၊ အဆုံးသတ်လေးအတိုင်း ဆင်ပါစေနော်’ ဆိုပြီး သူ ပြောချင်တာကို ဆက်ပြောနေပါတယ်။
‘ငါ့မှာကွာ သူတို့ကို အားထားနေရပါတယ်ဆိုမှ အောက်က ပြန်ပစ်နိုင်တာတွေ ရှိနေပြီဆိုပြီး လေဘဲတွေက အကြောက်ပိုနေကြတယ်၊ အေးလေ ထိတဲ့ဟာထိ၊ ပျက်တဲ့ဟာပျက်ဆိုတော့ သူတို့ ကြောက်ကြမှာပေါ့၊ငါလည်း စိုးရိမ်တာပဲကွ၊ သူတို့အတွက်တော့ မဟုတ်ပါဘူး၊ လေယာဥ်တစင်း တန်ဖိုးက မနည်းဘူးဆိုတော့’ ခပ်တိုတို ရေးရမယ် ဆိုတာနဲ့တင် ဇော်မဲလုံး တော်တော် ဝမ်းသာသွားတယ်။ ဟန်ကိုယ့်ဖို့သာ ပြောလိုက်ရတယ်၊ သူလိုလူက ‘နတ်သျှင်နောင်’ လိုမျိုး ဘယ်ရေးနိုင်ပါ့မလဲ။ ‘နက်သျှင်နောင်’က ‘နတ်သျှင်နောင်’မှ မဟုတ်တာ။
လက်တွေ့ ရေးကြည့်တော့ မိန့်ခွန်းစာသားအတွက် မထောင်းတာ လှပေမယ့် ကြင်စိုး ပြောချင်တဲ့ အကြောင်း နှစ်ချက်ကို သူ ကြိုက်တဲ့ ရတုအဆုံးသတ် စာပိုဒ်လို ရေးဖို့ဆိုတာက ဖေစ့်ဘွတ်ပေါ် ရောက်လိုက် ပျောက်လိုက် ‘နက်သျှင်နောင်’ အတွက် အရမ်းခက်ခဲနေပါတယ်။ တော်တော့ကို ကြိုးစား ဉာဏ်ကွန့်မြူးလိုက်ရတယ်။
ဘာပဲဖြစ်ဖြစ် ကြင်စိုး မိန့်ခွန်းပြောမယ့်နေ့တော့ အမီပြီးသွားလေရဲ့။ ကိုယ့်ဦးနှောက်နဲ့ ကိုယ်တန်သလောက်တော့ ထွက်တယ်လို့လည်း ပြောနိုင်ပါတယ်။ ကြင်စိုး ဖတ်တောင် ကြည့်မနေတော့ပါဘူး၊ သူက ဘာများ ပြင်ဆင်တတ်မှာ မှတ်လို့ဆိုပြီး။
ကြင်စိုးက မိန့်ခွန်းမပြောမီ သူ့လူတွေကို သေချာစီစဉ်ထားစေပါတယ်။
တပည့်ကျော် ‘နက်သျှင်နောင်’ရေးထားတဲ့ ရတုစာသား နေရာရောက်တဲ့အခါ ပါဝါပွိုင့်ဆလိုက်ထိုးပြီး သူက ရွတ်ပြမယ်၊ နောက်ကနေ ခန်းမထဲ ရှိရှိသမျှ ‘လေ ဘဲအို လေဘဲကြီး လေဘဲလတ်၊ လေဘဲပိစိကွေးလေး’ တွေ အားလုံးက လိုက်ရွတ်ကြရမယ်ပေါ့။
သူ ရှေ့ကရွတ်တာကို သူ့နောက်က လိုက်ရွတ်နေတဲ့ လေဘဲအုပ်စုကြီးရဲ့ ဟိန်းထွက်နေတဲ့ အသံကို နားထောင်ရင်း ကြင်စိုး တကယ်ပဲ နားအရသာခံကာ ပီတိဖြာနေပါတယ်။ ဘာမှ အလေးအနက် သိပ်စဉ်းစားလေ့ မရှိသူပီပီ ‘နက်သျှင်နောင်’ခေါ် ဇော်မဲလုံး ရေးပေးသမျှကို သူက ရွတ်ရုံသက်သက် ရွတ်လိုက်တာပါ။ ရွတ်ကောင်းကောင်းနဲ့ ပြန်ကျော့ပြီး သူကရှေ့က ဆက်ရွတ်၊ လေဘဲတွေကလည်း နောက်က လိုက်ဆိုပေါ့။ မိန့်ခွန်းပြောတာထက်တောင် ကြာသွားတယ်။
ခဏကြာတော့မှ လေဘဲတွေ လိုက်ရွတ်တာ အပြန်ပြန်နားထောင်ရင်း သူ့ကို ထင်ဟပ်စေဖို့ဆိုပြီး ဇော်မဲလုံး ရေးပေးလိုက်တဲ့စာသားကို သတိပြုမိကာ ကြင်စိုး အလန့်တကြားဖြစ်သွားတယ်။ မမှန်လို့တော့ မဟုတ်၊ မှန်လွန်းအားကြီးပြီး သူ့စိတ်ထဲဖြစ်နေတာကို ကွက်ကွက်ကွင်းကွင်း အတိအကျ ထင်ဟပ်နေတဲ့အတွက်ပါ။ ဒေါသတွေ အတုံးလိုက် အတစ်လိုက် ထွက်လာပြီး ဒါမျိုးကို ထည့်ရေးစရာလား ဆိုကာ အစိမ်းလိုက် ဝါးစားချင်တဲ့ စိတ်နဲ့ ကြင်စိုး ဇော်မဲလုံးကို ခန်းမထဲ လိုက်ရှာကြည့်နေတယ်။
လေဘဲတွေကလည်း မရပ်ခိုင်းသေးတော့ ဆက်ရွတ်၊တီဗီကင်မရာတွေကလည်း လိုက်ဖ်လွှင့်တာဆိုတော့ ဆက်ရိုက်ပေါ့၊ ခန်းမထဲက လူတချို့ကတော့ မအောင့်အည်းနိုင်တော့ပဲ ရယ်သံတွေထွက်လာကြတယ်။
ခန်းမကြီးထဲမှာ ဖြစ်ပျက်နေပုံက။ လေဘဲတသိုက်ကတော့ ရုပ်တည်ကြီးတွေနဲ့ “ထဘီခြုံချင် ဒူးထောက်ချင်ပြီ၊ ငှက်ကင်ဆိုလည်း မကြောက်သော”
“ထဘီခြုံချင် ဒူးထောက်ချင်ပြီ၊ ငှက်ကင်ဆိုလည်း မကြောက်သော” ဆိုပြီး တကျော့ပြီးတကျော့ ဆက်ရွတ်နေကြတယ်။
ကြင်စိုး အရိပ်အကဲကို အကဲခတ်နေတဲ့ ‘နက်သျှင်နောင်’တယောက်လည်း အခြေအနေမဟန်တာသိလို့ ခန်းမထဲက အသာလစ်ထွက်ဖို့ ပြင်ပါတယ်။ ဒါကိုမြင်သွားတဲ့ ကြင်စိုးက စင်ပေါ်ကနေ ‘မအလ မအလ’ (အရှည်ဖတ်ပေးကြပါရန်)ဆိုပြီး ဇော်မဲလုံးကို မိုက်ခရိုဖုန်းထဲက အော်ဟစ်ဆဲဆိုပါတော့တယ်။
ကြင်စိုးက သူ့ပါးစပ်က ထွက်သမျှ သူ့နောက်ကနေ လိုက်ဆိုကြဖို့ မှာကြားထားခဲ့တော့ လေဘဲအုပ်ကြီးကလည်း ကြင်စိုးကို မျက်နှာမူပြီး ‘မအလ မအလ’ နဲ့ပေါ့။ အခုကျမှ ကြင်စိုးမျက်နှာ တည့်တည့်ကြည့်ပြီး တဝကြီး ဆဲရတယ်ဆိုကာ လေဘဲတို့ရဲ့ အသံတွေက ခန်းမကြီး ပွင့်ထွက်မတတ် ပိုဟိန်းထွက်လို့ လာပါတယ်။
ကြင်စိုးကလည်း ဇော်မဲလုံးကို ‘မအလ မအလ’ ဆက်ဆဲ၊ ဆက်အော်၊ လေဘဲတွေကလည်း ကြင်စိုးကို ‘မအလ မအလ’နဲ့ ဝမ်းသာအားရ ဆက်အော်ကြ၊ ဒီအသံတွေ နားထောင်ပြီး လိုင်းခန်းတွေထဲက သူတို့မိသားစုတွေကလည်း ‘မအလ မအလ’နဲ့ တတပ်လုံး ဆူညံပွက်နေပါတယ်။ ဒီနေ့ ကြင်စိုး မိန့်ခွန်းလာပြောတယ်ဆိုတာ သူတို့သိထားကြတယ်လေ။
ဒါတင်ပဲလားဆိုတော့ ဘယ်ကပါ့မလဲ၊ တီဗီလိုက်ဖ်လွှင့်နေတာဆိုတော့ တနိုင်ငံလုံးက ပြည်သူတွေကလည်း ဒါကို ကြည့်ပြီး ဝမ်းပန်းတသာနဲ့ ‘မအလ မအလ’ တပြည်လုံး ဖြစ်ကုန်ကြတာပေါ့။ သံပုန်းဝင်တီးတဲ့ သူတွေကလည်း ဝင်တီးကြနဲ့။ လမ်းပေါ်ထွက်ပြီး ကြင်စိုးကိုအော်ဆဲသူကဆဲနဲ့၊ တနိုင်ငံလုံး တညီတညာတည်း မေတ္တာဝိုင်းပို့ ကုန်ကြတယ်။ ဆဲကြပျော်ကြပေါ့။ဘောမတွေလည်း မကျန်ပါဘူး၊ ထဘီခြုံချင်တဲ့အကြောင်း လိုက်ဖ်တီဗီမှာ ထည့်ပြောရကောင်းလားဆိုပြီး ကြင်စိုးကို သူတို့ကပိုတောင် ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်ကြသေး။
သူတို့လည်း ရိပ် မိပြီးသား ဆိုပေမယ့် အခုလိုတော့ လူသိရှင်ကြား ဝန်မခံစေချင်ဘူးလေ။
ဒီလိုနဲ့ပဲ ဆက်ပြီးတော့ တွေးမိလိုက်ပါတယ်။ ဒီလောက်နဲ့တောင် ပြည်သူတွေ အပျော်ကြီးပျော်ကြတာ။
ကြင်စိုး တယောက်များ တကယ် မာလကီးယားပြီဆိုရင်တော့ ဘယ်လောက်များ အော်ဟစ်ပျော်မြူးအောင်ပွဲခံကြလေမလဲ ဆိုပြီးပေါ့။ တွေးကြည့်ရုံနဲ့တောင် ပျော်လို့မဝ ပြုံးလို့မဝ ဖြစ်နေကြမှာပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar