အရှေ့မြောက်ပိုင်း စစ်ဆင်ရေးရဲ့ နောက်ဆုံးအခြေအနေ၊ ပြန်ကြားရေးဝန်ဟောင်း ဦးရဲထွဋ် ဖမ်းခံရ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၉ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၃
အရှေ့မြောက်ပိုင်း စစ်ဆင်ရေးရဲ့ နောက်ဆုံးအခြေအနေ၊ ပြန်ကြားရေးဝန်ဟောင်း ဦးရဲထွဋ် ဖမ်းခံရ
ရှမ်းပြည် မြောက်ပိုင်းဒေသဖြစ်တဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ ချင်းရွှေဟော်၊ နောင်ချို စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်မြောက်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့နယ်တွေ မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေ ရဲ့ အရေအတွက်တွေ၊ သေပျောက်တဲ့ ကိန်းဂဏန်းတွေ၊ သိမ်းဆည်းရမိတဲ့ အရေအတွက်တွေ တရက်ချင်း ထုတ်ပြန်နေတာတွေ့ နေရပါတယ်။ ထုတ်ပြန်တဲ့ ကိန်းဂဏန်း အရေအတွက်တွေက ဘယ်လောက်ထိ မှန်ကန်တိကျမလဲဆိုတာတော့ သီးခြားအတည်ပြုနိုင်တဲ့ အနေအထားမျိုး မရှိနေပါဘူး။ ခုလို အနေအထားမှာ ဒေသခံတွေ အနေနဲ့လည်း အသက်အန္တရာယ်ကို အဓိကထားရှောင်တိမ်း ပုန်းအောင်းနေကြရတဲ့ အနေအထားမျိုးမှာ သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေ ရဖို့ခက်ခဲတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရတော့ ၃ ရက်တာအတွင်း စစ်ကောင်စီရဲ့ စခန်း ၅၇ ခုကို သိမ်းဆည်းနိုင်ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တိုက်ပွဲတွေက လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ချင်းရွှေဟော်၊ ကွတ်ခိုင်တို့မှာ ဖြစ်ပွားနေသလို တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းမကြီးပေါ်က နောင်ချိုမြို့နယ်လို နေရာတွေမှာလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မန္တလေးကနေ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်အကြားက ပြည်ထောင်စုလမ်းမရဲ့ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်လမ်းပိုင်း၊ ကျောက်မဲနဲ့ နောင်ချိုအကြား လမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာ သွားလာနေကြတဲ့ ကုန်တင်ယာဥ်တွေ၊ ခရီးသည်ကားတွေ အားလုံး နီးစပ်တဲ့နေရာမှာ သတင်းအခြေအနေကြည့်ပြီး သွားလာနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အခု စစ်ဆင်ရေးမှာ ပါဝင်တဲ့ မြောက်ပိုင်း ၃ ဖွဲ့အနက် အဓိကအဖွဲ့လိုဖြစ်တဲ့ MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့က ချင်းရွှေဟော်၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်အကြားက စစ်စခန်းတွေ၊ သိန္နီမြို့နဲ့ အနီးတဝိုက်က စစ်တပ်စခန်း၊ ရဲစခန်းတွေကို တိုက်ခိုက်တာ သိမ်းယူတာတွေ လုပ်နေတာဖြစ်ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်ကို သန့်ရှင်းရေး လုပ်နေတဲ့ ဗီဒီယိုကို မနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအရ ပြည်နယ်အရ ရှမ်းမြောက်ပိုင်းဒေသ၊ စစ်ရေးအနေအထားနဲ့ဆို အရှေ့မြောက်ပိုင်းတိုင်း စစ်နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို ၆၀ နီးပါး သိမ်းဆည်းနိုင်ခဲ့ခြင်းက ယခင်ဖြစ်ပွားခဲ့ဖူးတဲ့ ၂၀၁၅ ခုနှစ် ကိုးကန့်ဒေသ တိုက်ပွဲနဲ့ ၂၀၁၆ ခုနှစ် ရှမ်းမြောက် ဒေသကို တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ စစ်ဆင်ရေး လုပ်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဥ်ရင် ကွာခြားတာတွေ့ရပါတယ်။ စစ်ရေးနောက်ခံ အနေအထားက ၂၀၁၆ ခုနှစ် အနေအထားနဲ့ မတူဘဲ စစ်ကောင်စီအနေနဲ့ စစ်မျက်နှာ အများအပြားကို တပြိုင်နက်ထဲ ရင်ဆိုင်နေရတာကြောင့် သူတို့ရဲ့ စခန်းတွေကို မကျဆုံးအောင် ကာကွယ်ထား နိုင်တဲ့အခြေအနေမျိုး မဟုတ်တော့ပါဘူး။ စစ်ကောင်စီအနေနဲ့ လက်ရှိ အနေအထားမှာ လောက်ကိုင် မြို့ကိုထိန်းထားဆဲ တပ်ရင်းတွေ၊ စစ်ဒေသကွပ်ကဲရေးစခန်းတွေကို ဆက်လက်ထိန်းသိမ်းထား နိုင်အောင် ကြိုးစားနေတဲ့ အနေအထားဖြစ်ပါတယ်။ လက်ရှိ ကိုးကန့်လက်နက်ကိုင်တပ် MNDAA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေစဥ်မှာပဲ စစ်ကောင်စီဘက်က ကိုးကန့် ဦးစီးအဖွဲ့က ကျားဖြန့် ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံသား တထောင်လောက်ကို တရုတ်နိုင်ငံဘက် လွှဲအပ်ပေးတာ လည်းလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ ၄င်းတို့ရဲ့ စစ်စခန်းတွေကို ပြန်သိမ်းယူနိုင်ဖို့ အနေအထားက လောလောဆယ်မှာ မမျှော်လင့်နိုင်သေးပဲ နောက်ထပ် စခန်းတွေမကျအောင် ကြိုးစားထိန်းသိမ်းနေရတဲ့ အနေအထားရောက်နေတာလို့ အကဲဖြတ်နိုင်ပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့အနေနဲ့ စစ်ရေးအရ နောက်တဆင့် မြို့တွေ သိမ်းယူနိုင်တဲ့ အနေအထားမျိုးထိ တက်လှမ်းနိုင်မလား ၊ သို့မဟုတ် စစ်ကောင်စီရဲ့ စစ်စခန်းတွေ အရေအတွက်ပိုများများ သိမ်းယူပြီး ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ထားနိုင်မလား လို့မှန်းဆကြည့်နိုင်ပါတယ်။ ယမန်နေ့က သိန္နီမြို့ထဲက ရဲစခန်းတွေကို တိုက်ခိုက်နိုင်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ မြို့ကနေ ပြန်ဆုတ်သွားတယ်လို့ သတင်းတပုဒ်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ လာမယ့် ရက်အနည်းငယ် အတွင်း ရှမ်းမြောက်ဒေသရဲ့ စစ်ရေးအခြေအနေက ဆက်လက်စောင့်ကြည့် အကဲဖြတ်ဖို့ လိုအပ်နေဦးမှာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသော သတင်းတပုဒ်ကတော့ ဆိုရှယ်မီဒီယာမှာ ပရိသတ်အများအပြားရှိတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အဖမ်းခံရတဲ့ သတင်းပဲဖြစ်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ ညမှာ အလုံရဲစခန်းက လာရောက်ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ကာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဦးရဲထွဋ်ဟာ သမ္မတဦးသိန်းစိန် လက်ထက်က သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး အဖြစ် ၂ နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး အန်အယ်လ်ဒီ အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်၊ သတင်းမီဒီယာ မူဝါဒတွေနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ အစိုးရကိုလည်း ဦးသိန်းစိန်လက်ထက်နဲ့ နှိုင်းယှဥ်ဝေဖန်ခဲ့သလို၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌဖြစ်သူ မင်းအောင်လှိုင်ကို မထိခလုပ်ထိခလုပ် ရည်ညွှန်းတဲ့ အက်ဆေး၊ လူမှုစီးပွားရေး ဆိုင်ရာ ရုပ်ပုံလွှာလိုမျိုးတွေရေးကာ တို့ကနန်းဆိတ်ကနန်း ဝေဖန်နေသူဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လော်ဘီလုပ်ကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားနေသူတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးဖို့ လှုံ့ဆော် ခြိမ်းခြောက်နေတဲ့ အမည်ဝှက်အနေနဲ့ ပေးထားတဲ့ ဟန်ငြိမ်းဦး တို့လို တယ်လီဂရန်က ဦးရဲထွဋ်ကို ဖမ်းဆီးဖို့ မကြာခဏ လှုံ့ဆော်နေခဲ့ရာက နောက်ဆုံးတကြိမ် လှုံ့ဆော်ရာမှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ စစ်တက္ကသိုလ် အပတ်စဥ် ၂၂ က ကျောင်းဆင်းသူ လက်ရှိပြည်ထဲရေး ဝန်ကြီးတာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တပတ်စဥ်ထဲ ဆင်းသူ စသဖြင့် စစ်တပ်မိသားစု နောက်ခံနဲ့ မွေးဖွားလာသူဖြစ်ပြီး တပ်ကနေ အရပ်ဘက် ဌာနပို့ခံရတဲ့အခါ ပြန်ကြားရေးမှာ ၂၀၀၀ ခုနှစ် အလယ်ပိုင်းလောက်ကနေ ၂၀၁၅ ခုနှစ်အထိ တဆင့်ပြီးတဆင့် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်တွေ အရာရှိဟောင်းတွေအကြား မင်းအောင်လှိုင်ကို လေးစားမှု စစ်ရေးစွမ်းဆောင်ရည် အသိအမှတ်ပြုခံရမှုမရှိသူဖြစ်ပြီး ဗိုလ်ချုပ်သန်းရွှေက ရွေးချယ်တာဝန်ပေးခဲ့လို့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရလာသူ အရည်အချင်းအားဖြင့် မထိုက်တန်သူလို့ စစ်တပ်ထဲက အရာရှိတွေက ယူဆကြရာမှာ ဦးရဲထွဋ်က တဦးအပါအဝင် ဖြစ်ပါတယ်။ ဦးရဲထွဋ်ရဲ့ မထိခလုတ် ထိခလုတ် ပြောဆိုမှုတွေက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အကြိမ်များစွာ ၊ ဆိုရှယ်မီဒီယာပို့စ် ပေါင်းများစွာမှာ သိသာထင်ရှားနေပေမယ့်လည်း သူ့ကို ကြည့်ရှုစောင့်ရှောက်သူ ဦးသိန်းစိန် မျက်နှာနဲ့ ချက်ချင်းအရေးယူမခံရတဲ့ သဘောလည်း ဖြစ်ပြီး ခုတကြိမ်မှာတော့ ဘယ်လောက်ထိ အရေးယူမလဲ ဆိုတာစောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar