Breaking News

ပြည်ထောင်စုဖြိုခွဲသူဟာ သမ္မတဟောင်း ဒေါ်နယ်ထရန့်လား

ပြည်ထောင်စုဖြိုခွဲသူဟာ သမ္မတဟောင်း ဒေါ်နယ်ထရန့်လား

နိုင်ငံတကာသာဂိ၊ မိုးမခ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၃


တလောက ကိုလိုရာဒါပြည်နယ်တရားရုံးက ၂၀၂၄ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ချင်သူ ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အခြေခံဥပဒေပြင်ဆင်ချက် ပုဒ်မ ၁၄ အရ ဝ်ပြိုင်ခွင့် မပေးနိုင်ဘူးလို့ သူတို့ပြည်နယ်ကနေ ဆုံးဖြတ်ပါတယ်။ အမေရိကန် ခြေဥ ပြင်ဆင်ချက် ၁၄ က တိုင်းပြည်ကို ပုန်ကန်သူဟာ တိုင်းပြည်၏ အစိုးရရာထူးနဲ့ ရွေးကောက်ပွဲဝင်ခွင့် မရှိစေရလို့ ဆိုထားတာပါ။ ဒါကို ထရန်ံနဲ့ ရှေ့နေတွေက ပြည်ထောင်စုခုံရုံးမှာ စောဒက ပြန်တက်ထားပါတယ်။

ခြေဥ ပုဒ်မတိုး ၁၄ ဆိုတာ အမေရိကန်ပြည်တွင်းစစ် (The American Civil War (April 12, 1861 – May 26, 1865) က အရင်းခံပါတယ်။ လူမည်းတွေကို ကျွန်အဖြစ်က လွတ်မြောက်ပေးချင်သူ မြောက်ပိုင်းသားတွေနဲ့ ကျွန်ပိုင်ရှင်အဖြစ်က လက်မလွတ်ချင်သူ တောင်ပိုင်းသားတွေ၏ ပြည်တွင်းစစ်ဖြစ်ပါတယ်။ မြောက်ပိုင်းက နိုင်ပြီး တောင်ပိုင်းက ရှုံးပါတယ်။ သည်တော့ တောင်ပိုင်းသားတွေထဲက ပုန်ကန်သူတွေ၊ ပြည်ထောင်စုကို ဖြိုခွဲချင်သူတွေဟာ အစိုးရ ရာထူးရယူခွင့်နဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် မရှိစေရလို့ တားမြစ်လိုက်ကြတာ ဖြစ်ပါတယ်။ Insurraction Act လို့ သူတို့အသုံးက ဆိုပါတယ်။ 

၂၀၂၁ ဇန် ၆ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းခြင်း - Jan 6 2021 insurrection ဆိုတာက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံတဲ့ ဒေါ်နယ်ထရန့်နဲ့ အပေါင်းအပါတွေက အမေရိကန်လွှတ်တော်ကို ဝင်စီးနင်းပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တဲ့ လုပ်ကြံမှုဖြစ်ပါတယ်။ ဒါကို နောက်တက်တဲ့ ဘိုင်ဒင်အစိုးရက နိုင်ငံတော် ပုန်ကန်မှုအဖြစ် ဇန် ၆၊ ၂၀၂၀၁ က လွှတ်တော်ကို စီးနင်းအကြမ်းဖက်သူတွေကို ဖမ်းဆီး တရားစွဲ ပြစ်ဒဏ် ချနေပါတယ်။ အဲသည်ထဲမှာ လွတ်မြောက်နေသူကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ သမ္မတရာထူးကနေ မဆင်းချင်ခဲ့သူ သမတကြီး ထရန့်ဖြစ်ပါတယ်။ အခုလည်း ၂၀၂၀ ရွေးကောက်ပွဲကို ပုတ်ခတ်နေပြီး ၂၀၂၄ မှာ သူ့ကို အမှန်အကန် ပြန်လည်ဝင်ရွေးချယ်ခံဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ သူ့နောက်လိုက် လက်ယာအစွန်းရောက်တွေကလည်း သူ့ကို အပြတ်ထောက်ခံနေကြချိန်ဖြစ်ပါတယ်။

ဒါကြောင့် ပြည်နယ်တော်တော်များများက ထရန့်ကို ၂၀၂၄ ရွေးကောက်ပွဲမှာ disqualify - ဝင်ရွေးချယ်ခွင့် မရှိဘူးဆိုပြီး တားမြစ်ဖို့ စဉ်းစားနေကြတယ် ဆိုပါတယ်။ ထရန့်၏ လမ်းစဉ်က သူသာလျင် အာဏာရှင်ဖြစ်တယ်၊ သူ့ကိုသာ ရွေးချယ်ရမယ်။ သူ့ကို ဆန့်ကျင်သူကို ချေမှုန်းမယ်။ ရွေးကောက်ပွဲရလဒ်ဆိုတာ သူ့သဘောအတိုင်းမဖြစ်သမျှ လက်မခံဘူးလို့ ကြေညာထားသူဖြစ်နေပါတယ်။ သူ့၏ သွေးခွဲ ခြိမ်းခြောက် သတင်းမှား လုပ်ကြံလည်ဆည်မှုတွေကြောင့် အစွန်းရောက်တွေ ထကြွ သောင်းကျန်းနေပြီး တိုင်းပြည်ဟာ နောက်ထပ် ပြိုကွဲရမလို ဖြစ်နေတယ်လို့ သတင်းတွေက သုံးသပ်ကြပါတယ်။

သည်တော့ သက်တမ်း ၂၅၀ ကျော် လွတ်လပ်ရေးသက်တမ်း ပြည်ထောင်စုသက်တမ်း ရှိနေပြီ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို အာဏာလက်မလွှတ်နိုင်တဲ့ အတ္တမာန အစွန်းရောက် ဝါဒတခုတည်းနဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးနေသူဟာ ဒေါ်နယ်ထရန့်နဲ့ သူ၏ နောက်လိုက် အစွန်းရောက်အုပ်စုတွေလားလို့ မေးခွန်းထုတ်နေရတဲ့ အချိန်ရောက်နေပြီ ဖြစ်ပါတော့တယ်။

အမေရိကန်ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် လမ်းဆုံလမ်းခွရောက်နေပြီလို့ ဆိုနေကြတာပါ။ သည်ရွေးကောက်ပွဲမှာ သွေးထိုးလှုံ့ဆော် အကြမ်းဖက် ခြိမ်းခြောက် အနိုင်ကျင့်မှုတွေ တရားဥပဒေအဆုံးအဖြတ်တွေကို ဖီဆန်ဆန့်ကျင် အာခံမှုတွေနဲ့ အနိုင်ယူဖို့ အဓမ္မကြိုးစားသူ ဒေါ်နယ်ထရန့်နဲ့ သူ့နောက်လိုက်တွေသာ အနိုင်ရကြမလား။ ပြည်သူလူထု အများစုက သည်လို ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို အဓမ္မကျင့် အလွဲသုံးစားလုပ် အမြတ်ထုတ် လုပ်ကြံသူကို ဆန္ဒမဲလက်မှတ်နဲ့ တွန်းလှန် နှိမ်နင်း အနိုင်ယူကြမလားဆိုတာ တရုတ် ရုရှားက အစပြုလို့ မင်းအောင်လှိုင်တို့ အပေါင်းအပါတွေကပါ စောင့်ကြည့်နေကြပါကြောင်း တင်ပြလိုက်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar