Breaking News

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး နဲ့ နွေဦးတော်လှန်ရေးတို့ရဲ့ ရည်မှန်းချက် တူ၏ သို့သော် မတူ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၂ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၄


ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး နဲ့ နွေဦးတော်လှန်ရေးတို့ရဲ့ ရည်မှန်းချက် တူ၏ သို့သော် မတူ

ရှမ်းပြည်နယ်မြောက်ပိုင်းက လူမျိုးစုတခုမက ရောယှက်နေထိုင်ကြတဲ့ ဒေသတွေ၊ လူမျိုးစုတစုထည်း စုစည်းပြီးနေထိုင်ကြတဲ့ ဒေသတွေ၊ သမိုင်းအစဥ်အဆက် မတူတဲ့လူမျိုးစုတွေ အတူတကွနေထိုင်လာကြတဲ့ နယ်မြေဒေသတွေဟာ စစ်ပွဲတွေ၊ ကျူးကျော်မှုတွေ၊ ပဒေသရာဇ် စော်ဘွားတွေ၊ နယ်စားပယ်စားတွေရဲ့ အုပ်ချုပ်မှုတွေအောက်မှာ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘိန်း၊ မက်သာအက်ဖီတမင်းမူးယစ်ဆေး ထုတ်လုပ်မှုတွေ နဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြရတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ 

နှစ်ရာနဲ့ချီကြာမြင့်ခဲ့တဲ့ သမိုင်းတွေမှာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံမှု၊ တရုတ်နိုင်ငံ မွန်ဂိုဘုရင်တွေလက်ထက် ကျူးကျော်တိုက်ခိုက်မှုတွေမှာ ဖြတ်သန်းခဲ့ရာနယ်မြေဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ကိုလိုနီ အဖြစ်တိုက်ခိုက်သိမ်းယူခြင်း မပြုခင် တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက်မှ ပင်လယ်ထွက်ပေါက် အဖြစ် ကိုလိုနီပြုမယ့်သူတွေရဲ့ မျက်စေ့ကျမှုခံရတဲ့ လမ်းကြောင်းပေါ်က နယ်မြေဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်က တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက်ကနေ တရုတ်ပြည်ကို သိမ်းယူထားတဲ့ ဂျပန်တွေကို ပြန်တိုက်ဖို့ ချန်ကေရှိတ်အစိုးရကို အကူအညီပေးနေတဲ့ အမေရိကန် နဲ့ မဟာမိတ်တွေ စိတ်ဝင်စားတဲ့ မြန်မာ-ယူနန် ကားလမ်း ဖြစ်ခဲ့ပါတယ်။ သည်လိုထင်ရှားတဲ့ သမိုင်းအဖြစ်အပျက်တွေမှာ ပါဝင်ခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။ 

၁၉၄၉ ခုနှစ် နောက်ပိုင်း တရုပ်ပြည်ထဲက ရှုံးနိမ့်တိမ်းရှောင်လာတဲ့ တရုတ်ဖြူလို့ ခေါ်ကြတဲ့ ချန်ကေရှိတ်ရဲ့ လက်နက်ကိုင်တပ်တွေက ဒီရှမ်းမြောက်ကိုပဲ ကျူးကျော်ဝင်ရောက် အခြေချကြရာက ဖဆပလအစိုးရဲ့ တပ်တွေက တိုက်ခိုက်နှင်ထုတ်ခဲ့ရတဲ့ စစ်ဆင်ရေးတွေ ဖြစ်ပွားခဲ့ရာနယ်မြေဖြစ်ခဲ့ပါတယ်။  တဖန် ၁၉၆၀ နှောင်းပိုင်းကနေ ၈၀ ခုနှစ်နှောင်းပိုင်းတွေ အထိ အဆိုပါဒေသက ဒေသခံ လူမျိုးစုတွေဖြစ်တဲ့ ဝ နဲ့ ကိုးကန့် လူမျိုးကာကွယ်ရေး အဖွဲ့တွေကို စည်းရုံးသိမ်းသွင်းပြီး ကွန်မြူနစ်လက်နက်ကိုင် တော်လှန်ရေးရဲ့ ဌာနချုပ် အခြေစိုက်ရာ နယ်မြေတွေ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

၁၉၈၉ ခုနှစ် ဧပြီလ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲအပြီးမှာတော့ အာဏာသိမ်းထားတဲ့ နဝတ စစ်တပ်က အဲဒီဒေသက ဗကပကကို ပုန်ကန်ပြီးသီးခြားစီရပ်တည်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အထူးဒေသအဖြစ်သတ်မှတ်ပေးပြီး အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ ဒီဒေသတွေအနေနဲ့ တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ်တဲ့ ဆက်ဆံရေး၊ စီးပွားရေး၊ နည်းပညာအရ မှီခိုရမှုတွေ ရှိခဲ့တဲ့ ဒေသတွေဖြစ်လာပြီး မြန်မာပြည်မကအစိုးရနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေး နေခဲ့ကြပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှုတွေထက် ဒီဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ အတွေးအမြင် မျှော်မှန်းချက်နဲ့သာ စီးပွားရေးအရ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ရှေ့ကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးတာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ပြီး တရုတ်နိုင်ငံထဲမှာ လုပ်ခွင့်မရှိတဲ့ လောင်းကစား လုပ်ငန်းတွေနဲ့ ဒေသဖွံ့ဖြိုးရေး ဒီဒေသက လူထုရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး စတာတွေကို လုပ်ဆောင်ခဲ့ကြပြီး အများဆုံး အကျိုးခံစားကြရသူတွေကတော့ အာဏာကို ထိန်းချုပ်ထားတဲ့ အီလစ် အထက်တန်းအလွှာက သူတွေသာ ဖြစ်ပါတယ်။ 

ဒီနောက်ခံသမိုင်း အချက်အလက်တွေက ကိုးကန့်နဲ့ ဝ နယ် တို့မှာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ နောက်ခံသမိုင်း ဆိုင်ရာ ရုပ်ပုံကားချပ်တွေ ဖြစ်ပါတယ်။ ရှမ်းမြောက်ကို ကျော်လွန်ပြီး ရှမ်းပြည်နယ် တခုလုံးကို ကြည့်ရင်တော့ လူမျိုးစုပေါင်းများစွာနဲ့ ပဒေသရာဇ် စော်ဘွားတွေ အုပ်ချုပ်ခဲ့ကြတဲ့ ရှမ်းကုန်းမြင့် ဒေသကို တရုတ်ဖြူ ကျူးကျော်ဝင်ရောက်ချိန်က စလို့ ပြည်မက လက်နက်ကိုင်တပ်တွေ ဝင်ရောက်လာပြီး အဲဒီနောက် စစ်ဘုရင်တွေ၊ ဘိန်းဘုရင်တွေရဲ့ လက်နက်ကိုင် တပ်တွေ၊ ရှမ်းလူမျိုးစု လွတ်မြောက်ရေး လက်နက်ကိုင် လှုပ်ရှားမှုတွေ၊ အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းပေးခဲ့ကြတဲ့ ဒါဇင်နဲ့ ချီတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ရှမ်းပြည်နယ်မှာ သေနတ်သံ၊ ဗုံးသံ၊ ထွက်ပြေးတိမ်းရှောင်ရမှု၊ သတ်ဖြတ်ခံရမှုတွေ နဲ့ ပြည့်နေတဲ့ သမိုင်းတွေ ဖြစ်ခဲ့တာပါ။ တရုတ်ဖြူ ကျူးကျော်မှု မတိုင်ခင်ကာလဟာ ပဒေသရာဇ်အုပ်ချုပ်မှုအောက် မှာ နိုင်ငံရေး အခွင့်အရေးပြည့်ဝစွာ မရှိပေမယ့် စစ်မက်တွေ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ရှမ်းပြည် မဟုတ်လို့ အချို့က အဲဒီအတိတ်ကာလ ပဒေသရာဇ်သမိုင်းကို ပြန်လည်တမ်းတ ကြတာမျိုး ရှိကြတာလည်း ဖြစ်ပါတယ်။ တရုတ်ဖြူကျူးကျော်မှုက စတင်လိုက်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ လက်နက်ကိုင် လှုပ်ရှားမှုတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်ကူးတဲ့ အဖွဲ့တွေရဲ့ လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ အသုံးချမှုတွေ နဲ့ ရှမ်းပြည်ရဲ့ တည်ငြိမ်မှု၊ ဟန်ချက်ပျက်စီးခဲ့ရတဲ့နောက် အခုလို နှစ်ပေါင်း ၇၀ ကျော်လာတဲ့ အထိ ရှမ်းပြည်နယ်မှာ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ရဖို့ အလှမ်းဝေးနေဆဲလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ဒီနေရာမှာ ရှမ်းပြည်နယ်ကနေ ရှမ်းမြောက်ဒေသကို ပြန်ပြီး လှည့်ရရင်  ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းမြောက်ဒေသက လူမျိုးစုလွတ်မြောက်ရေးနဲ့ မိမိတို့ဒေသကို မိမိတို့ ဘာသာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး ရည်မှန်းချက်နဲ့ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြားသော ဒေသမှာ ရှိတဲ့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တူညီတဲ့ ဘုံရန်သူက အာဏာသိမ်းစစ်တပ်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို အနိုင်ရအောင် လုပ်ဖို့ရာမှာ ကျန်တဲ့ ဒေသတွေက စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေနဲ့ ရည်မှန်းချက်တူညီနေကြတာ ဖြစ်ပါတယ်။ ဒီအချက်က ဘုံ အကျိုးစီးပွား၊ ဘုံရည်မှန်းချက် ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေ ကို အနိုင်ယူနိုင်ဖို့ ဖယ်ရှားနိုင်ဖို့အရေးမှာ အချင်းချင်း ကူညီနိုင်တာတွေ အပြန်အလှန်ကူညီကြမယ့် သဘောဖြစ်ပြီး လက်တွေ့မှာလည်း ပူးပေါင်း လုပ်ဆောင်မှု၊ ကူညီမှုတွေရှိနေကြတာ တွေ့ရပါတယ်။ 

သို့ပေမဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစု လက်နက်ကိုင် အဖွဲ့တွေအကြားမှာပဲ မတူညီတဲ့ ရည်မှန်းချက်၊ အကျိုးစီးပွားတွေလည်း ရှိနေနိုင်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီလား၊ အဲဒီဒေသက လူမျိုးစုလက်နက်ကိုင် အင်အားစုဟာ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ဒေသဖွံ့ဖြိုးမှုကို ဦးစားပေး လုပ်ဆောင်မယ့် အဖွဲ့အစည်းမျိုးလား သို့မဟုတ် ဒီမိုကရေစီ အခွင့်အရေးဆိုတာထက် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ အာဏာခိုင်မြဲရေးကိုသာ ဦးစားပေးတဲ့ အဖွဲ့အစည်းလား ဆိုတာတွေက အကဲဖြတ်သုံးသပ် ကြည့်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လူမျိုးစုတွေအကြား ခွဲခြားမှုမရှိစေရေး၊ ကျားမရေးရာတန်းတူရေး၊ ဖက်ဒရယ်အရေး စတာတွေက ရည်မှန်းချက်နဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆရာဒဂုန်တာရာရဲ့ ဆောင်းပါးတခုထဲက စကားလုံးတခုကို ငှားပြီးတင်စားပြောဆိုရမယ်ဆိုရင်  နွေဦးတော်လှန်ရေး နဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးက “တူ၏ သို့သော် မတူ” ဆိုပြီးတင်စားချင်ပါတယ်။ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ အနေနဲ့ ဘယ်အပိုင်းက တူတာလဲ ဘယ်အပိုင်းက မတူတာလဲ ဆိုတာ အကဲဖြတ်သုံးသပ်ဖို့လည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar