Breaking News

ဝိုင်ချို - သုခမိန်လှိုင်

Photo- Crd

သုခမိန်လှိုင်
ဝိုင်ချို
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၁

၃၈ လမ်းပေါ်ကလက်ဖက်ရည်ဆိုင်ခုံပုလေးမှာ ကျနော် ဆရာသုခမိန်လှိုင်နဲ့ စကားလက်ဆုံကျနေမိတယ်။
တကယ်တော့ သူပြောတာကိုပဲနားထောင်နေရတာပါ။ ကျနော်ကမပြောတတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ချစ်သော တောပန်းလေးများအကြောင်းပြောနေမိတယ်။
   ဆရာကလည်း ကျနော့်ကိုအသိအမှတ်ပြုကြောင်း ပြောပါတယ်။

"အမေတော့တော်တော်ချစ်တယ်နော်အမေကဗျာတွေတွေ့တယ်" တဲ့။
သူကရှေးဟောင်းနှောင်းဖြစ်တွေပြောပြနေတာပါ။
"ကိုယ်တွေငယ်ငယ်တုန်းက ဆံရှည်ကြီးတွေနဲ့ ဘော်ဒါတွေ ညနေပိုင်းသောက်စရာမရှိတော့ဘူးဆို မီးပူတိုက်ထားတဲ့ကိုယ့်ပုဆိုးခပ်နွမ်းနွမ်း အသာလေးထည့်ယူလာပြီး စကော့ဈေးကတရုတ်မကြီးဆီသွားပေါင်ရတာ လူတွေကခပ်ငယ်ငယ်ဆိုတော့ ရှက်တာပေါ့
အဲဒါကို သူကပိုရှက်အောင် ဖြန့်ကြည့်နေသေးတာ၊ ဘေးမှာက လူတွေအများကြီး။ ပုဆိုးကဟောင်းနေပြီ ..ဘာညာပြောပြီး ဈေးနှိမ်တာပေါ့။
ကိုယ်တွေက ရှက်တော့  ... ကဲပါ ပေးချင်သလောက်သာပေးပါတော့ဆိုမှ သူပေးချင်သလောက်ပေးလွှတ်လိုက်တာပေါ့။
နောက်တော့ သွားသောက်ကြတာပေါ့။
ပြီးရင် ကောင်မလေးတွေအဆောင်သွားတယ်။ ကိုယ်တို့ အောင်ချိမ့်တို့က ကဗျာရွတ်ကြတယ်။
မောင်ရန်ပိုင်ကကျတော့ တစ်မျိုး။
ညီမလေးတို့ရေ ညီမလေးတို့အတွက် အစ်ကိုကြီးက‌တော့...အသစ်စက်စက် လက်ဖြစ်စကားပြေလေး ရွတ်ဆိုပေးမှာဖြစ်ပါတယ်... ဆိုပြီး ...ဟာ ဝတ္ထုတွေပါလွှတ်တာဟေ့" တဲ့။
ဆရာချောအကြောင်းလည်းပြောပြပါတယ်။

"မောင်ချောနွယ်က လူငယ်တစ်ယောက်လိုက်တိုက်လို့သောက်နေရပြီဆို အဲဒီလူငယ်ကိုမြှောက်တော့တာပဲ။ 
မင်း ကမ္ဘာကြီးကိုသိမ်းပိုက်လို့ရပြီ လူချောလူလှကဗျာဆရာ ဘာညာပေါ့။
ဒီလိုနဲ့သောက်စားပြီးအပြန် ပိုက်ဆံတောင်းတော့ ပိုက်ဆံတွေကရှင်းလိုက်တာကုန်သွားပြီလေပြောရင် စိတ်ကကောက်သွားရော။
မင်း ကမ္ဘာကြီးကိုမပြောနဲ့ လှိုင်သာယာတောင်မသိမ်းပိုက်နိုင်ဘူး တဲ့။
ပြီးတော့ရေးသေးတာ ရင်ကော့ကော့ ဖင်ကော့ကော့ ဆရာဝန်တွန့်ခေါက်တောင်တန်းလေး ဘာညာတွေရေးတော့တာပဲ။
သူဆိုရင်ကွာ ကိုယ့်ကိုပြိုင်တယ်၊ ဖဲ့တယ်။ လမ်း ၄၀ မှာ သိန်း ၄၀ တန်အိမ်နဲ့နေတဲ့ သူငယ်ချင်းဂျွန်ရေ ..တို့၊
ကိုယ် တခါတုန်းကရုပ်ရှင်တေးကဗျာကနေ ကိုယ့်ကဗျာကိုခွင့်မတောင်းဘဲ ကူးယူဖော်ပြခြင်းမပြုဖို့ပြောတော့ ...
သူက သူ့ကဗျာကို လိုရာသုံးတော့သက်ဝေ ဆိုသလိုပဲ ကြိုက်သလိုကူးယူဖော်ပြဖို့ပြောရော။
ပြီးတော့ Tiger မတိုက်လို့လည်းရေးသေးတယ် ။
ငါ့ကို ကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က... တဲ့။

သူကကိုယ့်ကိုပြိုင်စရာမလိုဘူးလေ။
သူက လူထုရဲ့ကဗျာဆရာလေ ... ယှဉ်လို့မှမရတာ။
ကိုယ့်ကဗျာကိုကြိုက်တဲ့လူတွေက လက်ဆယ်ချောင်းတောင်မပြည့်ဘူးလေ။ ပိုပိုရှိမယ်၊ မြင့်မိုးအောင်ရှိမယ်၊ ကေအေတီရှိမယ်၊ 
ဂျူး ရှိမယ် စသဖြင့်ပေါ့။
သူ့ကဗျာကျ ဟဲမင်းဝေကစပြီးကြိုက်တာလေ မတူဘူးလေ"
အဲဒီလိုလည်း ချစ်စနိုးနဲ့စတတ်ပါသေးတယ်။
ပြီးတော့ ဘယ်ကဗျာဆရာကဘယ်တုန်းက ဘယ်လောက်ကောင်းပြီး အခုတော့ ရေးတာတွေကဖတ်မကောင်းတော့ဘူး။
တန်းဆင်းသွားပြီ ဆိုတဲ့ ဂရုဏာမကင်းသောသရော်မှုလေးများ။
ရော အစုံပါပဲ။
ပြောရင်း နေပူလာရင်းဆိုတော့ လက်ဖက်ရည်သောက်တဲ့စားပွဲခုံကို အရိပ်ရရာဆီရွှေ့ရင်းရွှေ့ရင်း ညနေရောက်တော့ လမ်းရဲ့တဖက်ခြမ်းထိရောက်သွားတာသတိထားမိခဲ့ပါတယ်။
ကျနော်လို ကဗျာရေးစလူငယ်တယောက်ကို ဂုဏ်ရှိ ငွေရှိ ထင်ပေါ်ကျော်ကြားတဲ့ တေးရေးဆရာလည်းဖြစ်နေတဲ့ ဆရာသုခမိန်လှိုင်ကအရေးတယူပြုပြီး ရတဲ့အချိန်တနေ့တာလေးမှာ စကားတွေအိတ်သွန်ဖာမှောက်အန်ချပြနေတာကိုတွေးကြည့်ပြီး ဆရာရဲ့ ကဗျာလူငယ်တယောက်အပေါ်ထားရှိတဲ့ စေတနာမေတ္တာနဲ့ သူ့နှလုံးသားကို လှပစွာမြင်တွေ့ရတဲ့အခါ အံ့ဩလေးစားမိပါတယ်။

ဘုရား ဘုရား 
ဝမ်းစာပြည့် အနုပညာပြည့် လောကဓံပြည့်နဲ့
အလွန်ချစ်စရာကောင်းတဲ့ 
ရှေးလမ်းသရဲကြီးတွေပါလား။

ကျနော်တို့ မြင်းမူအထကမှာ စာပေဟောပြောပွဲလုပ်တော့ ကျနော်ကကိုးတန်းကျောင်းသားပါ။
ဆရာမောင်ကိုကိုက သိဒ္ဓတ္ထလှိုင်ရဲ့ ဂျွန်မိုးရေ ရွတ်တာစကြားဖူးပြီးစွဲလမ်းခဲ့ရပါတယ်။ 
ဆရာသုခမိန်လှိုင်ဟာ ဇော်ဝင်းထွဋ်သီချင်းတွေကတစ်ဆင့် သူ့ရဲ့အနုပညာတွေ ကျနော်တို့လူငယ်ဘဝအပေါ်  လွှမ်းမိုးစိုးပိုင်နိုင်ခဲ့တယ်။
ပြည်မြို့ကခြင်္သေ့ကြီးလေးကောင်အဖြစ်တင်စားရတဲ့ ခင်ဝမ်း မောင်ချောနွယ် ကိုဆွေ သုခမိန်လှိုင် မှာ အသက်ရှင်ကျန်ဆဲ ခြင်္သေ့ကြီး။
တကယ်တော့ မောင်ချောနွယ်လည်းကဗျာဆရာဖြစ်ချင်တာပဲ သုခမိန်လှိုင်လည်းကဗျာဆရာဖြစ်ချင်တာပဲ။
သူတို့ဖြစ်ချင်တာကို သူတို့ဘဝမှာရုန်းကန်ဖြတ်သန်းရင်းသူတို့တည်ဆောက်ခဲ့ကြတယ်။
တစ်မျိုးစီချစ်စရာကောင်းတဲ့ဆရာတွေပါပဲ။
ကျနော်တစ်ယောက်တည်းရဲ့သဘောကိုပြောရရင်တော့
ဆရာသုခမိန်လှိုင်ရဲ့ကဗျာတွေက အရည်အသွေးမြင့်တယ်။လတ်ဆတ်တဲ့အတွေးအခေါ်နဲ့ကြည်နူးမှုကိုအမြဲတမ်းပေးနိုင်တယ်။
အရိုးရှင်းအကျစ်လျစ်ဆုံးစကားလုံးတွေနဲ့သိပ်သည်းတဲ့နာကျင်မှုဆီရောက်အောင်ခေါ်သွားတတ်တာမျိုး ပြီးတော့ တရားဓမ္မကိုကြည်လင်သန့်စင်စွာနာကြားရသလိုမျိုး အာနိသင်တွေပေးစွမ်းနိုင်ပါတယ်။

"ဦးလှိုင်က ဘာပဲပြောပြော အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းနဲ့ဆိုတော့ဆွဲဆောင်မှုရှိတယ်။ သူ့ကိုသဘောကျတဲ့လူတွေအများကြီး။ ငါနဲ့ညီအစ်မလိုဖြစ်နေတဲ့စီနီယာစာရေးဆရာမတယောက်က သူ့ကိုသိပ်သဘောကျတာ။
အဲဒီတုန်းက ၃၄ လမ်းက ရဲတိုက်တေးသံသွင်းမှာ ဦးလှိုင်က ရုံးခန်းလုပ်ထားတယ်။ အဲဒီကို အားတဲ့အခါလာလည်ပါလို့ အဲဒီအမျိုးသမီးကလည်းအနားမှာရှိတော့ သူ့ကိုလည်းဖိတ်လိုက်တာ‌ပေါ့။ ကိုယ်ကတော့အကြောင်းမရှိရင်မသွားချင်ပါဘူး။ သူကကဗျာဆရာ ကိုယ်လည်းစာ‌ရေးဆရာပဲလေ။ အဲဒီလူကြီးက စာပေနယ်ကအပေါင်းအသင်းတွေအပေါ်မှာလည်း ငွေတွေဘာတွေထောလာလို့ရှိရင် လာလာပေးတာရှိတော့ ဪ ဒီလူကြီးကသဘောကောင်းတယ်ဟဲ့။ ဒါပဲတွေးထားတာပါ။ အဲဒီအစ်မကြီးက ဦးလှိုင်ဆီကိုသွားချင်တယ်၊  သူတစ်ယောက်တည်းလည်းမသွားဘူး။ ငါ့အမြဲတမ်းခေါ်တယ်။

တခါတလေတော့လည်း ကိုယ်ကမသွားချင်ဘူးလေ။ ဒါပေမဲ့ကိုယ့်အစ်မလိုဖြစ်နေတော့ လိုက်လိုက်ပို့ရတာပေါ့။ ညနေစောင်းရင် ကိုယ်ကဗိုက်ကဆာနေပြီလေသွားလို့ရှိရင် ဦးလှိုင်ရဲ့ရဲတိုက်ကပိတ်သွားပြီ။ အဲဒါဆိုဦးလှိုင်က ဘားလမ်းကဆိုင်တဆိုင်မှာထိုင်တယ်။ လက်ဖက်ရည်တို့ကော်ဖီတို့ရတယ်။ လက်ဆောင်မွန်လားဘာလားမသိပါဘူး၊ အဲဒီဆိုင်မှာသူကထိုင်တတ်တယ်တဲ့။ ဘယ်လိုစုံစမ်းထားလဲမသိပါဘူး။
အဲဒီဆိုင်ကိုဆက်လိုက်ရအောင်တဲ့ မတတ်နိုင်ဘူးလေ၊ သွားပေါ့။
ဟိုရောက်လို့ရှိရင် ဦးလှိုင်ကမေးတယ်။ မိုချာ့ ဘာစားမလဲ တဲ့။
နောက်တော့ ငါကလိုက်ပို့ခိုင်းတဲ့လူတွေကိုပြောထားတယ်။ လိုက်ပို့ပေးမယ် ပိုက်ဆံခင်ဗျားတို့ပဲရှင်းရမယ်ပြောရတယ်။
သူတို့ ဦးလှိုင်ကိုကြွေတဲ့ကိစ္စနဲ့ ကိုယ့်မှာတန်းလန်းတန်းလန်းနဲ့ သူများတွေကထင်မယ်။
ဦးလှိုင်ကိုပြပြီးငါကညာစားနေသလိုဖြစ်နေတယ်။

တခါတုန်းကလည်း ပန်းဆိုးတန်းခုံးဆင်းမှာတောင်းနေတဲ့အစ်မကြီးတစ်ယောက်ရှိတယ်။
နူနေတာ ကိုယ်ဝန်ကြီးနဲ့သိလား။ နူတာမှ နှုတ်ခမ်းတွေဘာတွေတောင်ပဲ့နေပြီ။ အဲဒါ ဦးလှိုင်က ငါသူ့အိမ်ရောက်တော့ ပြောတယ်။
သနားလည်းသနားတယ်၊ စိတ်လည်းမကောင်းဘူးပေါ့။ ပန်းဆိုးတန်းခုံးဆင်းမှာနူနေတဲ့မိန်းမကြီးတယောက်တွေ့လား... ဆိုတော့
တွေ့တယ်ပေါ့ ကိုယ်ဝန်ကြီးနဲ့နော်.. တဲ့ ဟုတ်တယ်ဦးလှိုင်.. ဆိုတော့
ဘယ်လိုကောင်ကများကိုယ်ဝန်ရအောင်လုပ်ထည့်လိုက်သလဲမသိပါဘူး...တဲ့။ ငါလည်းမနေနိုင်ဘူး ပြောလိုက်တယ်။

ဦးလှိုင် လူတွေမှာ အရသာခံစားတဲ့အာရုံ အဓိကကနှစ်ခုပဲရှိတယ်။ အဲဒါက ဦးနှောက်နဲ့ နှလုံးသားနဲ့ပဲ... လို့ ကျနော်တို့ဦးလှိုင်တို့က ဦးနှောက်နဲ့နှလုံးသားနဲ့ချိန်ပြီးတော့လုပ်တာ.. လို့
ကျနော်တို့ဦးတို့က အနုပညာသမားတွေမို့ချိန်နိုင်တာ... လို့၊ အသိဉာဏ်ပညာနည်းတဲ့လူတွေက မချိန်နိုင်တော့ဘူ၊း သူတို့အရသာရှိရင်ပြီးရော... လို့ ဆိုတော့ ... အဲဒီကျမှသူသဘောပေါက်တယ် အေး ဟုတ်တယ်ကွာ ...တဲ့ "
အစ်မမိုချာ့ကလည်း သူနဲ့ဆရာသုခမိန်လှိုင်ရဲ့အမှတ်တရအချို့ကိုအဲဒီလိုပြောပြခဲ့ပါတယ်။

တချို့ကတော့ သူ့ကိုဒတ်ကြီးလို့ ခေါ်ကြပါတယ်။
သူတို့နဲ့ခေတ်ပြိုင်အန်တီတယောက်ကတော့ ငါတို့ကသူ့ကို သူ့ထမိန်လှန် လို့နောက်ပြောင်ပြီးခေါ်ကြတာ လို့ရယ်စရာပြောပြဖူးပါတယ်။

သူနဲ့ဆရာအောင်ချိမ့်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုဝင်တော့ ဆံပင်ရှည်ရှည်လမ်းသရဲတွေမို့ လက်မခံလိုက်ဘူးလို့လည်းကြားဖူးပါတယ်။
သမီးတွေအရွယ်ရောက်လာလို့ ဂျင်းဘောင်းဘီကိုစွန့်လွှတ်လိုက်ရတယ်လို့လည်းပြောခဲ့ဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် ဆရာပြောခဲ့တဲ့တနေ့တာစကားတွေဟာ ...
 "ထိုလူတစ်စုအတွင်းပေါက်ဖွားလာသည့် သာယာမှုနှင့် ပျော်ရွှင်မှု၊ ကိုယ်ချင်းစာမှုနှင့် ကူညီရိုင်းပင်းမှု၊ နားလည်ရခက်လောက်အောင်နက်နဲလှသည့် ကြေကွဲဝမ်းနည်းမှုများအကြောင်းကိုပါ ပြောနေခြင်းဖြစ်သည်ဟု နားလည်ဖို့လိုသည်" ...  ဆိုတဲ့ ဆရာမောင်ထွန်းသူရဲ့ တို့ဘဝ တို့ကမ္ဘာနိဒါန်းထဲကကိုးကားပြီး သူပြောခဲ့တဲ့စကားလို သူတို့ခေတ် သူတို့ဘဝ သူတို့ကမ္ဘာကို စာနာနားလည်လာမိစေပါတယ်။
ဆရာသုခမိန်လှိုင်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ဒီလွမ်းချင်းကိုအနားသတ်လိုက်ပါတယ်။

အစစ်

မိုးပေါ်တက်ပါ
ကြယ်ပွင့်တွေလုပ်ပါ
သူတို့ အောင်မြင်ကြတယ် တဲ့
တကယ်တမ်း ကြယ်တွေဆိုတာ
လောင်ကျွမ်းနေရတာပါလားလို့သိလိုက်ရတော့
ကိုယ်တိုင်လောင်ကျွမ်းပြီးစီးခဲ့ပေါ့။    ။
သုခမိန်လှိုင်

#ဝိုင်ချို
၁၅-၇-၂၀၂၁
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar