Breaking News

လက်ရှိ အခြေအနေနဲ့ အနာဂတ် မြန်မာနိုင်ငံ ဘယ်လို ပုံဖော်ကြမလဲ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၄


လက်ရှိ အခြေအနေနဲ့ အနာဂတ် မြန်မာနိုင်ငံ ဘယ်လို ပုံဖော်ကြမလဲ

ဒီနေ့ တနေ့တာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို ဆန်းစစ်ကြည့်တဲ့အခါ သတင်းအကြောင်းအရာ အားဖြင့် လက်နက်ကိုင် တပ်အချင်းချင်းတိုက်ခိုက်မှု၊ စိတ်ဓါတ်အားဖြင့် ရုပ်ဝတ္တုအားဖြင့် အထောက်အကူ အားနည်းလာနေတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေချည်း သပ်သပ် သို့မဟုတ် အခြား PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်သိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်နေကြတဲ့ သတင်းအကြောင်းအရာ၊ အဲလိုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့သတင်း၊ PDF လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့လိုက သိမ်းယူထားပြီးမြို့တချို့ကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်နေတဲ့ သတင်း၊ စစ်ကိုင်းတိုင်းလိုဒေသမှာတော့ ကျေးရွာတွေကို စစ်ကြောင်းဝင်ပြီး ဖမ်းဆီးတာ သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့ သတင်းတွေက နေ့စဥ် အကြောင်းအရာတွေ ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မြို့တွေ မီးလောင်ပျက်စီးတာ၊ လေကြောင်းက တိုက်ခိုက်မှုကြောင့် မြို့တွေက နေအိမ်၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေ ပျက်စီးတာတွေလည်း နေ့စဥ်ကြားသိနေရတဲ့ သတင်းတွေ ဖြစ်နေသလို ဒေသအချို့မှာတော့ ၊ သတင်းပေး၊ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လို့ ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ သတင်းတွေက ကြိုကြားကြိုကြား တွေ့နေရတာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ တပ်ရင်းတွေ တခုပြီးတခု လက်လွတ်ဆုံးရှုံးနေတာဖြစ်ပြီး နယ်ခြားစောင့် စခန်း အချို့ပါ လက်လွတ်ဆုံးရှုံးသွားရတဲ့ အနေအထားဖြစ်ပါတယ်။ ကေအန်ယူ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးက ခြေလျင်တပ်ရင်း တခုကို တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ သတင်းတွေ ပေါ်ထွက်နေတာ ဖတ်ရှုရပါတယ်။ ကရင်ပြည်နယ်မှာတော့ ကော့ကရိတ်မြို့ သိမ်းယူဖို့ တိုက်ခိုက်နေတာ ၂ လကျော်ရှိလာပြီး မြို့ကို အပြီးတိုင် မသိမ်းယူနိုင်သေးတဲ့ အနေအထားမျိုးဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၀-၁၁ရက် တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ ယာယီအပစ်ရပ် သဘောတူညီချက်နောက်ပိုင်း  ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ အတိုင်းအတာတခုထိ အရှိန်ရပ်တန့်သွားကာ အပစ်ရပ် သဘောတူညီမှုနဲ့ အကျုံးမဝင်တဲ့ KIA လက်နက်ကိုင် အဖွဲ့အနေနဲ့ နမ့်ဖတ်ကာနဲ့ ရှမ်းမြောက်ရဲ့ နယ်နိမိတ်အဆုံး မန်ဝိန်းကြီး အနီး မံစီမြို့နယ်ထဲက စစ်ကောင်စီ လက်နက်ကိုင်စခန်းအချို့ကို သိမ်းယူခဲ့တဲ့ အဖြစ်အပျက်တွေက လတ်တလော နောက်ခံအခြေအနေတွေ ဖြစ်ပါတယ်။ 

တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် စစ်ကောင်စီက မြို့တွေ၊ တပ်မဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဒေသကွပ်ကဲရေးစခန်းဌာနချုပ်၊ တပ်ရင်းနဲ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ ဗျူဟာကုန်း၊ စစ်စခန်းကုန်းတွေ အရေအတွက် အများအပြားကျန်ရှိနေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။ တဖက်မှာတော့ စစ်စခန်းတွေ အချင်းချင်းအကြား၊ တပ်ရင်းနဲ့ တပ်မဌာနချုပ်၊ ဒကစ၊ စကခ ဆိုတဲ့ စစ်ဆင်ရေးဌာနချုပ်တွေအကြား မြေပြင်ကနေ ဆက်သွယ်အားဖြည့်နိုင်တဲ့ ဒေသတွေ ရှိသလို မဖြည့်နိုင်တဲ့ ဒေသတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ အခြေအနေကို ခပ်လွယ်လွယ် သုံးသပ်ကြည့်ရင် ကျယ်ပြန့်တဲ့ နယ်မြေတွေ အားလုံးကို ထိန်းချုပ်ထားနိုင်ဖို့ တနေရာနဲ့ တနေရာ စစ်ကူပို့ အားဖြင့်ခုခံတိုက်ခိုက်နိုင်ဖို့ မလွယ်ကူတဲ့ အနေအထား၊ အားပျော့တဲ့ ခံစစ်အနေအထား ရောက်နေတာ ဖြစ်ပြီး ဘယ်လိုဒေသတွေကို တဖြည်းဖြည်းနဲ့ ဆုတ်ခွာ လက်လွှတ်မလဲ ဆိုတဲ့ စဥ်းစားမှု ၊ မရွေးလျင် မဖြစ်တဲ့ ရွေးချယ်မှုမျိုးနဲ့ စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ အနေအထားမျိုးလို့ ကောက်ချက်ချကြည့်နိုင်တာ ဖြစ်ပါတယ်။ ရှမ်းမြောက်က ကိုးကန့်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်၊ တအန်းပလောင် နယ်တွေကို လက်လွှတ်ခဲ့ရတဲ့ ဖြစ်စဥ်က အထက်က ကောက်ချက် သုံးသပ်ချက်ကို ထောက်ခံနေတဲ့ သဘောတွေ့ရမှာ ဖြစ်ပါတယ်။ 

အခု လက်ရှိ ရခိုင်ပြည်နယ်အနေအထားမှာလည်း အလားတူ ဖြစ်စဥ်မျိုး၊ လမ်းကြောင်းမျိုး ဖြစ်လာနေပြီး စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ဘယ်နေရာ ဘယ်မြို့ကနေ ခုခံပြီး ခံစစ်မျဥ်းကို သတ်မှတ်မလဲ ဆိုတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် တောင်ကုတ်၊ သံတွဲ၊ အမ်းမြို့တို့လိုမျိုးကနေ ခံစစ်သေ အနေနဲ့ သတ်မှတ်ပြီး ဒိထက်အဆုံးရှုံးမခံ ဖို့ ဆုံးဖြတ်ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အခုဖော်ပြခဲ့တာတွေက စစ်ရေး အခြေအနေတွေဖြစ်ပြီး စစ်ရေးအရ ကောင်းစွာထိန်းချုပ်လိုက်နိုင်တဲ့ ဒေသတွေမှာ နိုင်ငံရေးအပိုင်း လို့ ဆိုရမယ့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ၊ နည်းဥပဒေတွေ နဲ့ မြို့၊ ရွာ အုပ်ချုပ်ရေး၊ အသက်မွေးဝမ်းကျောင်း၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ပြန်လည်နေထိုင်ရေး၊ လူမျိုးစုကြီးတွေ အလိုက်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မိမိတို့ တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေမှာ နေထိုင်တဲ့ မတူညီတဲ့ လူမျိုးစုတွေ အပေါ်  နိုင်ငံရေးအရ ဘယ်လောက်ထိ အခွင့်အရေးပေးကြမလဲ ဆိုတာ မေးခွန်းတွေ ဖြစ်လာပါတယ်။ စစ်သားစုဆောင်းမှု၊ အခွန်ကောက်ခံမှု စတဲ့ကိစ္စတွေက စစ်တိုက်သလို အသက်ဆုံးရှုံးမှု မရှိပေမယ့် ၊ တစုနဲ့တစု သဘောထားချင်း မကိုက်ညီခဲ့ရင်  မကျေနပ်မှု၊ ဆန့်ကျင်မှုတွေ ဆီဦးတည်စေနိုင်တဲ့ အလားအလာမျိုးလည်း ရှိနေကြတာ သေချာပါတယ်။ 

ရှမ်းမြောက်ရဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ၊ ချင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုပုံဖေါ်မလဲ၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ရခိုင်တို့ အသီးသီးရဲ့ အနာဂတ်နဲ့ ဗမာလူမျိုးတွေ နေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း မန္တလေးတိုင်း၊ ရန်ကုန် စသဖြင့် အနာဂတ်မှာ ပေါ်ထွက်လာမယ့် နယ်မြေ သတ်မှတ်မှု၊ “စစ်ရေးအောင်မြင်သိမ်းပိုက်မှုဧရိယာ” အပေါ်မှာ သတ်မှတ်မလား၊ သမိုင်းဆိုင်ရာ၊ လူမျိုးစု အခြေချနေထိုင်မှု ဆိုင်ရာအပေါ် သတ်မှတ်မလားဆိုတဲ့ ကိစ္စရပ်တွေက စစ်ရေးနဲ့ ဖြေရှင်းလို့မရ ၊ မသင့်တဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ ဖြစ်ပါတယ်။

 ဒီအကြောင်းအရာ ကိစ္စရပ်တွေက စစ်တိုက်တာထက် ပိုမိုခက်ခဲကောင်းလည်း ခက်ခဲနိုင်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေး အရ ရင့်ကျက်မှု၊ သဘောထားကြီးမှု၊ ရေရှည်အကျိုးစီးပွား ရည်မှန်းချက်ရှိမှု၊ ဒီမိုကရေစီ စံနှုန်းတွေ ကျင့်သုံးမှုတွေ လိုအပ်တဲ့ နိုင်ငံရေးခရီးလမ်းဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ကွန်ဖက်ဒရိတ်ပြည်ထောင်စုက ဘယ်လိုပုံသဏ္ဌာန်နဲ့ ထွက်ပေါ်လာမလဲ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမျိုးစု နယ်မြေဒေသများအကြား အချင်းချင်း ဆက်ဆံရေးတွေက  စစ်အာဏာရှင် ရန်သူကို အောင်နိုင်ပြီးနောက် ရင်ဆိုင်ရမယ့် အနာဂတ် စိန်ခေါ်မှုတွေ ဖြစ်ပြီး အခုကာလကတည်းက မိမိတို့ ပုံဖော်ထားတဲ့ အနာဂတ်နိုင်ငံ၊ ပြည်နယ်နဲ့ အခြားသော မဟာမိတ်ပြည်နယ်၊ နယ်မြေ စတာတွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။ 

နိုင်ငံရေးအရ ညှိနှိုင်း ဆွေးနွေးအောင်မြင်မှု မရနိုင်ခဲ့ကြရင် အဆိုးသံသရာ စစ်ပွဲထဲ ပြန်လည်ကျရောက်နိုင်တာလည်း အထူးသတိပြု ရမယ့် အချက်တချက်ဖြစ်နေတာလည်း မမေ့ဖို့လိုပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar