ကောင်းဇေလူ - တရုတ် နဲ့ အာဆီယံတို့က ကျားသေကို ပြန်အသက်သွင်းချင်နေသလား
ကောင်းဇေလူ - တရုတ် နဲ့ အာဆီယံတို့က ကျားသေကို ပြန်အသက်သွင်းချင်နေသလား
(မိုးမခ) မတ် ၈ ၊ ၂၀၂၄
လက်ရှိ မြန်မာ့အရေးနှင့် စပ်လျဉ်း၍ အိမ်နီးချင်း အာဆီယံနိုင်ငံများအနေဖြင့် ထိထိရောက်ရောက် ကူညီလိုပုံ မရပေ။ ယခု အချိန်ထိ အာဆီယံအဖွဲ့သည် Lip service ဟုဆိုရမည့် သံတမန်ရေးနည်းလမ်းဖြင့် အပေါ်ယံဟန်ပြ ကြေညာချက်ထုတ်ကာ ဟန်ရေးပြနေသော်လည်း လက်တွေ့မကျသည့် Asean 5-point consensus ဆိုသည့် အာဆီယံသဘောတူချက် ၅ ချက်ကို လက်မလွှတ်တမ်း ဆုပ်ကိုင် အကာအကွယ်ယူထားဆဲရှိသည်ကို တွေ့နေရသည်။ လက်တွေ့ကျကျ ဖြေရှင်း နိုင်မည့် နည်းလမ်းများကို မသိမမြင်ချင်ဟန်ဆောင်ကာ ရှောင်ရှားနေဆဲ ဖြစ်သည်။ မတ် ၄ ရက်မှ ၆ ရက်အထိ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးသို့ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဩစတြေးလျ ဝန်ကြီးချုပ်၊ အရှေ့ တီမောဝန်ကြီးချုပ်နှင့်အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး၊ ထိရောက်သော လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရေး စသဖြင့် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး၏ မတ် ၆ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်၌ ဖော်ပြထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်လုပ်ရပ်များကို ပြင်းပြန်းထန်ထန်ရှုတ်ချ၍ ချက်ချင်းရပ်တန့်ရန်၊ လူသားချင်းစာနာမူအကူအညီများ ထိထိရောက်ရောက်ပေးရန်နှင့် အားလုံးပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ရန်တောင်းဆိုထားသည်။ ဤအခင်းအကျင်းအရ တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံက မြန်မာစစ်တပ်၏ တည်ရှိမှုကို လိုလားနေသေးပုံရသည်။ ဖက်ဆစ် စစ်တပ်ကို အသက်ဆက်နိုင်အောင် အကူအညီပေးပြီး ကျန်အင်အားစုများကို ဖိအားပေးကာ စစ်တပ် ပါ၀င်မည့် ဆွေးနွေးပွဲ ဖန်တီးလိုသည့် သဘော တွေ့ရသည်။
ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်၏ မြန်မာ့ငြိမ်းချမ်းရေး ချော့မွေ့အစရန် ဆောင်ရွက်ပေးမည်ဟူသည့် အခြေအမြစ် မရှိသော မက်လုံးပေးမှု၊ အင်ဒိုနီရှား၏ လက်ဆုပ်လက်ကိုင် ရလဒ် မဖော်ပြနိုင်သော ကန့်လန့်ကာ နောက်ကွယ်မှ မြန်မာ့အရေး ဆွေးနွေးမှု အကြိမ် ၃၀၀ ကျော်ရှိခဲ့သည်ဟူသော ဖော်ပြမှု၊ ထိုင်းအစိုးရ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့် စင်္ကြံလမ်းမကြီး အကောင်အထည် ဖော်ရန် စသဖြင့် အလုပ်ပြခဲ့ကြသည်။ သို့သော် ဖက်ဆစ် စစ်တပ်ထံသို့ စစ်လက်နက်များ၊ စစ်ရေးဆိုင်ရာ ပစၥည်းများ၊ လေယာဉ်ဆီနှင့် အထောက်အကူ ပစ္စည်းများ မရောက်ရှိရေးအတွက် မည်သည့်အာဆီယံအစိုးရကမျှ ပိတ်ဆို့ဟန့်တားမှု မလုပ်ခဲ့ကြပေ။
ပို၍ စိတ်ပျက်ဖွယ်ကောင်းသည်မှာ Kyodo နှင့် ဧရာဝတီသတင်းအရ လာအိုနိုင်ငံ၊ လွမ်ဖရာဘန် မြို့၌ မတ်လ ၅ ရက်နေ့ က ကျင်းပသော အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး သို့ အာဏာသိမ်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကို တက်ရောက်ခွင့်ပေးခဲ့သည့် လုပ်ဟန် ဖြစ်သည်။ ယင်းဖြစ်ရပ်သည် လူအစုလိုက် သတ်ဖြတ်ပြီး ရွာပေါင်း ထောင်သောင်းချီ၍ မီးရှို့နေသော ဓားပြဖက်ဆစ်စစ်တပ်ကို နေရာပေးသည့်လုပ်ရပ် ဖြစ်နေသဖြင့် မြန်မာပြည်သူလူထုကို အာဆီယံအဖွဲ့က ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် အိမ်နီးချင်း နိုင်ငံများအားလုံးသည် စစ်ကောင်စီကို မကြိုက်ကြပုံရသော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်လာမည်ကိုလည်း လိုလားပုံ မရပေ။ ပြည်သူလူထု ထောက်ခံမှု မရှိမှုသည့် အကြမ်းဖက် စစ်တပ်ကို ယေဘုယျအားဖြင့် မကြိုက်ကြသော်လည်း ထိုဖက်ဆစ်စစ်တပ်သည် ၎င်းအား ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသော နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို နောက်ဆုံး၌ နှိမ်နှင်းနိုင်ပြီး ဆက်လက် အုပ်ချုပ်သွားနိုင်လိမ့်မည်ဟု ထင်နေကြပုံရသည်။ သို့သော် သူတို့ မှန်းခြေလွဲသွားပြီဟု သိရှိလာချိန်၌ ယာယီ အပစ်ရပ်ရေးကို ထွက်ပေါက်အဖြစ် ဖန်တီးပြီး ထိုင်းအစိုးရ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့် စင်္ကြံလမ်းမကြီးကိစ္စကို အကောင်အထည်ဖော်ရန် လုပ်လာပြန်သည်။ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မည့် အစီအစဉ်တွင် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် တွက်ဆလာကြသည်။ ဤသို့ ကြံစည်မှုကို ကြည့်လျှင် ဖက်ဆစ်အာဏာသိမ်း စကစအဖွဲ့အား မြန်မာ့နိုင်ငံရေး ဇာတ်ခုံတွင် ဆက်လက်ပါ၀င်ခွင့် ရရှိစေရန် တရုတ်နှင့် အာဆီယံ ပူးပေါင်းလုပ်ဆောင်သည်ကို မြင်နိုင်သည်။ အကြံတုံး ဉာဏ်တုံး အကျင့်ပျက် ခြစားမှု လွန်ကဲလွန်းသည့် စကစအဖွဲ့ တည်မြဲနေမှသာ ၎င်းတို့အနေဖြင့် မြန်မာ့သယံဇာတနှင့် စီးပွားရေးအကျိုးအမြတ်တို့ကို ဆက်လက်၍ လက်ဝါးကြီးအုပ်ထားနိုင်မည်ဟု တွက်ဆထားပုံရသည်။ ဤနည်းအားဖြင့် ဖက်ဆစ်စကစ အဖွဲ့အား ပြောင်တမျိုး မသိမသာတမျိုး ကူညီထောက်ပံ့နေကြခြင်း ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် အိမ်နီးချင်းအာဆီယံ နိုင်ငံများအားလုံးသည် လက်ရှိ မြန်မာ ပြည်သူတို့ ၏ တရားသော ဒီမိုကရေစီ တော်လှန်စစ်ပွဲ ဆင်နွှဲ ရုန်းကန်နေမှုများကို မကူညီလိုဘဲ အတင်း ဝင်ရောက်စွက်ဖက် ဖိအားပေးလာနေမှု ကို နွေဦးတော်လှန်ရေးဘက်တော်သားများအနေဖြင့် သတိကြီးစွာထားဖို့လိုသည်။ ၂၀၂၄ တွင် နွေဦးတော်လှန်ရေး ပိုမိုအရှိန်ရလာပြီး တော်လှန်ရေးကို ဆန့်ကျင်သူမှန်သမျှ ချေမှုန်းခံရမည့် အချိန် နီလာပြီဟု ဆိုနိုင်သည်။ စစ်အာဏာရှင်စနစ်ကို မုန်းတီးစက်ဆုပ်သူ နွေဉီးတော်လှန်ရေးဘက်တော်သားများအနေဖြင့် အကြမ်းဖက်စစ်တပ်အား စွန့်ခွာကြရန်အချိန်ကျပြီ ဖြစ်သည်။ ၂၀၂၃ တွင် နွေဦးတော်လှန်ရေးဘက်က ၇၅% အထိ အောင်မြင်မှု ရရှိခဲ့သည်ဟု ယေဘုယျ သုံးသပ်ခဲ့ကြသည်။
“အခုချိန်အထိ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ သံတမန်နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းပေးဖို့ ကြိုးစားနေကြ သလိုလို ဟန်ဆောင်နေကြပါတယ်။ အမှန်တကယ်မှာတော့ တကယ် အဓိပ္ပာယ်ရှိတဲ့ ဖြေရှင်းပေးမှုမျိုးကို လုပ်ဖို့ လက်ရှောင် နေကြတာပါ။” ဟု အီဂေါဗလာဇီဗစ် (Igor Blazevic) က ထောက်ပြထားခြင်းကို မှန်သည်ဟု ဆိုသင့်သည်။ ချက်သမ္မတ နိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သူ အီဂေါဗလာဇီဗစ်သည် ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်ဟု ဧရာ၀တီသတင်း၌ ဖော်ပြသည်။
မျက်မှောက် ရလဒ်အရ ညီနောင် ၃ ဖွဲ့ နှင့်အတူ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီ ထိုးစစ်များကြောင့် အကြမ်းဖက်စစ်တပ် ဖရိုဖရဲဖြစ်ကာ ချည့်နည့်နေပြီ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လခွဲခန့်ကြာချိန်အတွင်း စစ်တပ်၏ စခန်းကြီးငယ် ၅၀၀ ခန့် အထိ သိမ်းပိုက်ထားနိုင်ခဲ့ရုံမက ရှမ်းမြောက် ဒေသရှိ အရေးပါသော မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးမြို့အချို့ကိုပါ ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထိုအတောအတွင်း မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်က အတင်းအကြပ် ဖိအားပေးခဲ့သည့် အတွက် “ဟိုင်ဂင် သဘောတူညီ ချက်” အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ တပ်ဖွဲ့များ ရောက်ရှိသည့်နေရာတွင် အပစ်ရပ်ထားရေးဆိုသည့် “ဟိုင်ဂင် သဘောတူညီချက်” ရရှိသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တရားဝင် အပစ်ရပ် ကြောင်း ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်တို့ အတင်းအကျပ် ဖိအားပေးပြီး ပြုလုပ်သည့် အပစ်အခတ် ရပ်စဲရေးသည် လက်တွေ့အားဖြင့် တရုတ်၏ အကျိုးအတွက် လက်မှတ်ထိုးလိုက်ရခြင်းဖြစ်သည်။
အဖက်ဖက်မှ စိတ်ဓာတ်ကျဆင်းကာ ဖရိုဖရဲဖြစ်နေသည့် စကစတပ်များအတွင်း အလံဖြူထောင်လျှင် အသက်ချမ်းသာခွင့် ရရှိမည်ဆိုသော သတင်းစကားများကြောင့် တိုက်ခိုက်လိုစိတ် ကျဆင်းနေသည်။ အခွင့်သာလျှင် လက်နက်ချမည်ဟု စဉ်စားလာကြပြီ ဖြစ်သည်။ စစ်နားနေချိန် တော်လှန်ရေးအင်အားစုများဘက်က သတင်းစကားများ ပိုမိုနားထောင်ခွင့် ရရှိလာနေကြသည်ဟုလည်း ဆိုသည်။ အမှန်တကယ်လည်း မြန်မာစစ်တပ်ဘက်တွင် သေဆုံး၊ ဒဏ်ရာရသူ၊ အဖမ်းခံရသူ၊ လက်နက်ချသူ များပြားသည်ထက် များပြားလာနေ၍ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ဝမ်းကွဲမှုများဖြင့် ဖရိုဖရဲဖြစ်နေသည်။ ယခုအခါ နေပြည်တော်ကိုပါ ခြိမ်းခြောက်နေပြီဖြစ်သောကြောင့် မြန်မာစစ်တပ်အတွင်း စစ်တိုက်လိုစိတ် အကြီးအကျယ် ကျဆင်းနေသည်။
မည်သို့ဆိုစေ ဟိုင်ဂင် သဘောတူညီချက်သည် တရုတ်နှင့် စစ်ကောင်စီ၏ ဗျူဟာဖြစ်သဖြင့် နွေဉီးတော်လှန်ရေး ဘက်တော်သားတို့ သတိကြီးစွာထားရမည် ဖြစ်သည်။ တရုတ်သည် စစ်အစိုးရများနှင့် တရင်းတနှီး ဆက်ဆံသကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဖိဖိစီးစီး ဆက်ဆံသည်။ တရုတ်က မြန်မာပြည် ငြိမ်းချမ်းရေးကိစ္စကို အကြောင်းပြ၍ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပေါ်ပေါ်ထင်ထင် ဆက်ဆံသည့် အစဉ်အလာ လည်းရှိသည်။ လတ်တလောတွင် မြန်မာပြည်အတွင်း အခြေစိုက်သည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ပြဿနာ ကလည်း တရုတ်အတွက် နောက်ဆက်တွဲ ပြဿနာတခု ဖြစ်လာသည်။ တရုတ်ငွေလိမ်ဂိုဏ်းများကြောင့် တရုတ်ပြည်သူများ ငွေကြေးဘီလီယံပေါင်းများစွာ အလိမ်ခံနေရသည့်ကိစ္စကလည်း တရုတ်အစိုးရအတွက် မဖြစ်မနေ ဖြေရှင်းရမည့် ပြဿနာကြီးတခု ဖြစ်နေသည်။
တရုတ်တို့၏ လိုလားချက်မှာ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး ဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စအပြင် မြန်မာ့သယံဇာတများနှင့် လူသားအရင်းအမြစ်များကို သူတဦးတည်း ပြိုင်ဘက်မရှိ နှိုက်စားရန် ဖန်တီးနေခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာပြည်တွင် ရှိပြီးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် မြန်မာပြည်ကို ဖြတ်သန်း ဆက်သွယ်ထားသည့် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာပြည် တည်ငြိမ်ရေးကို တရုတ်က လိုလားနေခြင်း ဖြစ်သည်။
“ဟိုင်ဂင် သဘောတူညီ ချက်” အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးရန် တရုတ်က ဖိအားပေးခဲ့သည်ကို ထောက်လျှင် စကစ ပြုတ်ကျသွားမည်ကို တရုတ်က မလိုသည်မှာ ပေါ်လွင်နေသည်။ တရုတ်က မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းရေးအတွက် ဆွေးနွေးအဖြေရှာရန် တိုက်တွန်းနေသော်လည်း တရုတ်၏ နောက်လိုက်ခွေးဖြစ်နေသည့် စကစ က ၂၀၀၈ ဖွဲ့စည်းပုံကို ဖုံခါအသုံးချရန် လုပ်နေသဖြင့် ဆွေးနွေးပွဲ ဖြစ်လာရန် အလားအလာ မရှိပေ။ ထို့အပြင် စစ်ကောင်စီ၏ မီးရှို့လူသတ်လုယက် အကြမ်းဖက်မှုများ စစ်ရာဇဝတ်မှုများ အလွန်အကျွံ ကျူးလွန်လာသည့်အတွက် နိုင်ငံရေးနည်းအရ အဖြေမထွက်နိုင်တော့ပေ။
တရုတ်က ၂၀၀၈ အခြေခံ ဥပဒေအောက် ပြန်သွားကြရန် တောက်လျှောက်တိုက်တွန်းနေသဖြင့်လည်း တိုင်းရင်းသားများ အပါအ၀င် မြန်မာပြည်သူလူထုက တရုတ်ဆန့်ကျင်ရေး သဘောထားများ ကျယ်ပြန့်လာနေသည်၊ မြေပြင် အခြေအနေများအရ လတ်တလော ညီနောင် ၃ ဖွဲ့ကို အပစ်ရပ်ရေး ဖိအားပေးသည့် သဘောမှာ အကြမ်းဖက်စစ်တပ် ပြိုလဲမည့်အရေးကို အကာအကွယ်ပေးလို၍ ဖြစ်ပုံရသည်။ အကြမ်းဖက် စစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အတူယှဉ်တွဲ နေထိုင်ရေးဆိုသည့် တရုတ်၏ မီးစတဖက် ရေမှုတ်တဖက် မူ၀ါဒသည် မြန်မာ့အရေး ဖြေရှင်းရာ၌ အလုပ်မဖြစ်နိုင်တော့ ဆိုသည်ကို တရုတ်ခေါင်းဆောင်တို့ သိပုံမရချေ။
ဖက်ဆစ်စစ်ခေါင်းဆောင်ကဲ့သို့သော သူမျိုး ကသာလျှင် တရုတ်အဖို့ ပို၍ အကျိုးရှိမည်။ လူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရတက်လာလျှင် တရုတ် အနေဖြင့် မြန်မာနိုင်ငံ အပေါ် အမြတ်ထုတ်ဖို့ခက်ခဲသွားလိမ့်မည်ဟု သိနေပုံရသည်။ ထို့ကြောင့် ယခုအချိန်အထိ မြန်မာ့အရေးကိစ္စတွင် နွေဦးတော်လှန်ရေးဘက် မြန်မာပြည်သူလူထုဘက်ကို ထောက်ခံရန် တရုတ်နိုင်ငံက ရှောင်ဖယ်နေခြင်းဖြစ်သည်။ သမိုင်းအတွေ့အကြုံအရ မြန်မာ တိုင်းရင်သား အများစုကြီးကလည်း တရုတ်၏ ခေတ်သစ်နယ်ချဲ့၀ါဒဖြင့် မြန်မာနိုင်ငံကို ကျွန်ပြုရန် လုပ်နေသည့်မူဝါဒကို သိရှိနေကြပြီးဖြစ်သည်။
မည်သို့ဆိုစေ ယနေ့ မြန်မာပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာ့အရေး ဝင်ရောက် စွက်ဖက်သည့် တရုတ်၏ လက်၀ါးကြီးအုပ်လိုသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် ပိုင်းဖြတ်ထားဖို့ လိုပေသည်။ နိုင်ငံရေးတွင် စစ်တပ် ပါဝင်ခွင့် အခန်းကဏ္ဍ မရှိကြောင်း၊ စစ်တပ်သည် ပြည်သူ့ ဝန်ထမ်း အဖွဲ့အစည်းဖြစ်သဖြင့် အရပ်ဖက်အစိုးရ၏ အုပ်ချုပ်မှုအောက်၌သာ ရှိရမည်ဖြစ်ကြောင်း၊ လက်ရှိ အကြမ်းဖက် စစ်တပ်သည် လက်နက်အားကိုးဖြင့် ပြည်သူက တင်မြှောက်ထားသောအစိုးရထံမှ အာဏာကို လုယူခဲ့သဖြင့် တရားမဝင်ကြောင်း၊ အတိအလင်း ကြေညာထားပြီးဖြစ်သည်။ မြန်မာပြည်သူတို့၏ ယင်းသဘောထားကို တရုတ်နှင့်တကွ အာဆီယံနိုင်ငံများ အနေဖြင့်လည်း ပြည်သူ့အာဏာကို လုယူထားသည့် စစ်အာဏာရှင်မင်းအောင်လှိုင်ကို အသိအမှတ် မပြုသင့်ပေ။
တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံနိုင်ငံများအနေဖြင့် စစ်ကောင်စီ ကျားသေကို ပြန်လည် အသက်သွင်း ပေးမည့် လုပ်ရပ်များကို ရပ်တန်းက ရပ်ရပေမည်။ စစ်ကောင်စီက ကျင်းပရန် လုပ်နေသည့် အခြေအမြစ်မရှိသော အတုအယောင် ရွေးကောက်ပွဲ၌ ပါ၀င်ရန် ပြင်ဆင်နေသော နိုငံရေးပါတီ အတုများသည်လည်း အချိန်မနှောင်းမီ အသိတရားရရှိကြစေလိုသည်။ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့်လည်း တရုတ်-အာဆီယံတို့ ဖော်ဆောင်မည့် နိုင်ငံရေးဆွေနွေပွဲ အတုအယောင်များကို ညီညွတ်စွာ ဆက်လက် ကန့်ကွက်သွားရန် လိုပေသည်။ နွေဦးတော်လှန်ရေး အင်အားစုများအတွင်း နိုင်ငံရေး/စစ်ရေး တာဝန်ရှိသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်၍ ၀န်းရံမှု ပေးကြရန် လိုပေသည်။ အထူးသဖြင့် ဖက်ဒရယ် ဒီမိုကရေစီဖြင့် ငြိမ်းချမ်းသော လူမျိုးစုံနိုင်ငံအဖြစ် ပြန်လည် တည်ထောင်ရန် တူညီသော လုံ့လ၀ါယမ စိုက်ထုတ်မှုဖြင့် သိုင်းသိုင်း၀ိုင်း၀ိုင်း ဗျူဟာမြောက် ပါ၀င်ဆောင်ရွက်ကြဖို့ လိုပေမည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar