စစ်ပွဲရဲ့ ပရိယာယ်တွေအကြားက သတင်းမီဒီယာနဲ့ လူထု၊ ဆန်၊ ဆီ တန်းစီတဲ့ခေတ် ပြန်ရောက်တော့မလား
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၄ မြင်ကွင်း
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၄
စစ်ပွဲရဲ့ ပရိယာယ်တွေအကြားက သတင်းမီဒီယာနဲ့ လူထု၊ ဆန်၊ ဆီ တန်းစီတဲ့ခေတ် ပြန်ရောက်တော့မလား
ယမန်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေက ရခိုင်ပြည်နယ် တောင်ပိုင်းက မြန်မာနိုင်ငံမှာ အလှဆုံး ပင်လယ်ကမ်းခြေ ငပလီလေဆိပ်ကို Arakan Army က သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ သတင်းက AA ဘက်က သတင်းအရင်းအမြစ်တချို့ကို ကိုးကား၍ တခုမကတဲ့ သတင်းဌာနတွေက ငပလီလေဆိပ် ကို AA သိမ်းယူ၊ ထိန်းချုပ် အစရှိသည့် သတင်းခေါင်းစဥ်များဖြင့် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့ခရော်နီကယ်ကလည်း သံတွဲမြို့နယ်က ငပလီလေဆိပ် ကို AA က သိမ်းယူလိုက်ကြောင်း ဇွန်လ ၂၃ ရက်နေ့ မြင်ကွင်းမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ ဇွန်လ ၂၄ ရက်နေ့ မှာ နောက်ထပ်သတင်းတွေ အတည်ပြုဖို့ ကြိုးစားကြရာမှာ ငပလီလေဆိပ်ကို သိမ်းယူပြီးလား မသိမ်းနိုင်သေးဘူးလား ဆိုတဲ့ မေးခွန်းတွေ ထပ်မံပေါ်ထွက်လာခဲ့တာပါ။ လေဆိပ်အနီးမှာ ရှိနေတဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တို့ကို AA က သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ အချက်အလက်တွေအထိ အတည်ပြုနိုင်ပေမယ့် လေဆိပ်ကို သိမ်းယူပြီး သို့မဟုတ် ထိန်းချုပ်ပြီး/ မပြီးဆိုတဲ့ အချက်ကို သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်နဲ့ အတည်မပြုနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ပွဲတွေ ဖြစ်လာတဲ့အခါ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဝါဒဖြန့်ချိရေးကို မဖြစ်မနေ လုပ်ဆောင် လာကြတာ ဖြစ်ပြီး တဖက်ရန်သူကို ရည်ရွယ်တာ၊ အရပ်သားတွေကို ရည်ရွယ်တာနဲ့ မိမိလက်နက်ကိုင်အဖွဲ့ဝင်တွေကို ရည်ရွယ်ကာ ထုတ်ပြန်တဲ့ ထုတ်ပြန်မှုတွေ၊ ဝါဒဖြန့်မှုတွေက မလုပ်မဖြစ် လုပ်ရမယ့် အရာလို ဖြစ်လာကြတာပါ။ မိမိတို့ဘက်က အကျအဆုံး၊ ရန်သူဘက်က အကျအဆုံး စတဲ့ ကိန်းဂဏန်းတွေကို ဘယ်လက်နက်ကိုင်အဖွဲ့ကမှ အမှန်အတိုင်း ထုတ်ပြန်မှာ မဟုတ်ပါဘူး။ မိမိတို့ဘက်က ကျဆုံးမှုကို တတ်နိုင်သရွေ့ လျှော့ပေါ့ပြီး ရန်သူဘက်က အကျအဆုံးကို ပိုမိုကာ ထုတ်ပြန်ကြတာ စစ်ပွဲတွေရဲ့ သဘာဝ၊ လုပ်ရိုးလုပ်စဥ်၊ လုပ်ရမယ့် အရာတွေ ဖြစ်လာနေတာပါ။
ဒါကြောင့် စစ်ပွဲတွေ ဖြစ်လာရင် ပထမဆုံး ကျဆုံးသွားတာက အမှန်တရားလို့ တင်စားကြတဲ့ ဆိုရိုးစကားလည်း ရှိတာ ဖြစ်ပါတယ်။ စစ်ပွဲမှာ အနိုင်ရဖို့၊ တိုက်ခိုက်နေတဲ့ မိမိတို့ဘက်က စစ်သားတွေ အမိန့်ပေးသူ အရာရှိတွေ အနေနဲ့ စိတ်ဓာတ်မကျဖို့ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ ဝါဒဖြန့်ချိရေး စစ်ပွဲ၊ သတင်းမှား၊ စည်းရုံးသိမ်းသွင်းတာ၊ စိတ်ဓာတ်ကျဆင်းပြီး အရှုံးပေးအောင် လှုံ့ဆော်တာတွေ လုပ်လာကြတဲ့ သဘာဝ ဖြစ်လာပါတယ်။
လူထု အနေနဲ့ အခုလို စစ်ပွဲရဲ့ ဝါဒဖြန့်မှုတွေကို အကဲခတ်မိတဲ့ သူတချို့လည်း ရှိကြသလို အချို့ကတော့ ဝါဒဖြန့်မှုတွေကို ရိုးရိုးသားသားနဲ့ ယုံကြည်မိကြတဲ့သူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ဘယ်ဟာက ဝါဒဖြန့်ချက်လဲ ဘယ်ဟာက သတင်း အချက်အလက်လဲ ဆိုတာကို အရပ်သားတွေ မဆိုထားနဲ့ သတင်းမီဒီယာသမားတွေ အနေနဲ့တောင် ခွဲခြားနိုင်ဖို့ ခက်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အခါမှာ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေသာ ၄င်းတို့ တိုက်ခိုက်နေတဲ့ စစ်မျက်နှာဘက်က အခြေအနေတွေ၊ အနီးပတ်ဝန်းကျင် ကျေးရွာ၊ မြို့တွေရဲ့ အခြေအနေကို သိရှိနိုင်ကြတာ ဖြစ်ပြီး စစ်မျက်နှာရဲ့ အခြားတဖက်က အခြေအနေတွေကို သိရှိနိုင်ခြင်း မရှိပါဘူး။ ဒီလို စစ်မက်ဖြစ်ပွားနေချိန် အရပ်သားတွေ ဒေသခံတွေ အနေနဲ့လည်း ၄င်းတို့ နေထိုင်တဲ့ နေရာပတ်ဝန်းကျင် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုသာ သိရှိပြီး လက်နက်ကိုင် တိုက်ပွဲရဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ သိရှိနိုင်တဲ့ အနေအထားမဟုတ်ကြပါဘူး။
ဒီလို အခြေအနေမျိုးမှာ စစ်မက်ဖြစ်ပွားတဲ့ နေရာနဲ့ အဝေးကြီးမှာ ရှိတဲ့ သတင်းမီဒီယာသမားတွေ အနေနဲ့ စစ်ပွဲရဲ့အကြောင်း သတင်းရယူ တင်ဆက်တဲ့အခါ လွဲမှားနိုင်ခြေ ကြီးကြီးမားမား ရှိနေတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားလာကတည်းက လက်နက်နဲ့ တိုက်ခိုက်တဲ့ စစ်မြေပြင်နဲ့ တဖက်မှာ စကားလုံးတွေ၊ ဝါဒဖြန့်ချိမှုတွေနဲ့ အတူ မိမိတို့ရဲ့ ယုံကြည်မှုတွေကို တခြားသူတွေက ထောက်ခံလာအောင် စည်းရုံး ပြောဆိုရတဲ့ စိတ်ဓာတ်စစ်ဆင်ရေး တနည်းအားဖြင့် ဝါဒဖြန့်ချိရေး စစ်ပွဲတွေကလည်း တွဲလျက်ပါဝင်လာကြတာ ဖြစ်ပါတယ်။
ဒါကြောင့် သတင်းမီဒီယာတွေ အနေနဲ့ လူထုကို တင်ဆက်ပေးနိုင်တဲ့ သတင်းအချက်အလက်တွေ၊ ရှုထောင့်တွေ အကန့်အသတ် ရှိသလို လွဲမှားနိုင်ခြေ သို့မဟုတ် သတင်းမီဒီယာ ကိုယ်၌က စစ်မက်ဖြစ်ပွားနေတဲ့ ဘက် ၂ ဖက်အနက်က တဖက်ဘက်ကို ထောက်ခံပါဝင်လိုက်ပြီဆိုရင်တော့ သတင်းမီဒီယာကလည်း တဖက်ဖက်က ရပ်တည်ပြီး ဝါဒဖြန့်ချိရေး လုပ်ဆောင်ပေးတဲ့ သတင်းမီဒီယာ ဖြစ်သွားပြီး လူထုအကျိုးစီးပွားကို ဦးထိပ်ထား လုပ်ဆောင်တဲ့ သတင်းမီဒီယာလို့ မသတ်မှတ်နိုင်တော့တဲ့ သဘောလည်း ဖြစ်ပါတော့တယ်။
ဒီနေ့မှာ နောက်ထပ် တင်ပြချင်တဲ့ အကြောင်းအရာတခုကတော့ စားသုံးဆီ ၂၅ သား၊ ၅၀ သားရဖို့ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူရတဲ့ခေတ်မှာ ရောက်နေရာက အခုရက်ပိုင်းမှာ နေ့စဥ် စားသောက်နေတဲ့ ဆန်ကိုပါ တန်းစီဝယ်ယူရတော့ မလားဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်ဝန်းကျင်က မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အချို့သော ဆန်လုပ်ငန်းရှင်ကြီး တချို့ကို ထိန်းသိမ်း စစ်မေးနေပြီး ဆန်စပါး လုပ်ငန်းရှင်အသင်းက အမှုဆောင်အဖွဲ့ဝင် ဆန်ကုန်သည်တွေက လက်ရှိပေါက်ဈေးထက် သက်သာတဲ့ နှုန်းထားနဲ့ တအိမ်ထောင်ကို ဆန်တအိတ် ရောင်းချပေးတာတွေ လုပ်ဆောင်လာတာကြောင့် အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီခေတ် ဆန်တန်းစီပြီး ဝယ်ရတဲ့ ခေတ်ကို ပြန်ရောက်သွားလေမလားဆိုပြီး ပြောဆိုမှုတွေ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ကုန်ဈေးနှုန်းတွေ တက်ရခြင်း အကြောင်းရင်း ဖြစ်တဲ့ လက်နက်ကိုင် တိုက်ပွဲ ပြည်တွင်းစစ်၊ စစ်ပွဲရဲ့ ကုန်ကျစရိတ်ကို လူထုက ထမ်းရွက်ရတဲ့ အခြေအနေတွေကြောင့် ကုန်ပစ္စည်းတွေ ဈေးမြင့်တက်ရတာဆိုတဲ့ အချက်ကို ဝန်မခံလိုတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း ရဲ့ လက်သည်အဖြစ် လုပ်ငန်းရှင်တွေအပေါ် အပြစ်ပုံချကာ ဖမ်းဆီးထိန်းသိမ်းတာ၊ စစ်မေးတာတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
အခုလို ပြည်တွင်းစစ်ပိုမိုကျယ်ပြန့်လာနေတဲ့ အနေအထားအောက်မှာ စိုက်ပျိုးထုတ်လုပ်သူ လယ်သမား ယာသမားတွေကိုယ်၌က စစ်ဘေးတိမ်းရှောင်နေကြရပြီး ကုန်ထုတ်လုပ်မှု လျော့ကျလာခြင်းက ဈေးနှုန်းမြင့်တက်ခြင်း ရဲ့ အခြေခံ အကြောင်းတချက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တဒေသနဲ့ တဒေသ ကူးသန်းသယ်ဆောင်ရာမှ။
ဒါ့အပြင် တဒေသနဲ့ တဒေသ ကူးသန်းသယ်ဆောင်ရာမှာ လက်နက်ကိုင် လမ်းပန်းဆက်သွယ်ရေး ပျက်စီးတာတွေ နဲ့ ပိတ်ဆို့ခံနေကြရတာ တွေကြောင့်လည်း ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ ငွေတန်ဖိုးကျဆင်းလာတာကို ပြောင်းပြန် အဓိပ္ပါယ်ကောက်ယူတဲ့ အနေနဲ့ ကုန်ဈေးနှုန်း မြင့်တက်တယ်လို့ ယူဆပြီး ကုန်သည်တွေ အပေါ် အပြစ်ပုံချကာ ဖမ်းဆီးတာ၊ ထိန်းသိမ်းတာတွေ နဲ့ သတ်မှတ်နှုန်းထား တခုနဲ့ ပမာဏ အနည်းငယ်ကို ရောင်းချပေးပြီး ကုန်ဈေးနှုန်း ကျဆင်းရေးလုပ်ပြကြတဲ့ နည်းနဲ့ လူထုကို လှည့်စားကြတာလည်း ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေကို ဖမ်းဆီး ထိန်းသိမ်းထာ၊ ခွဲတမ်းစနစ် သို့မဟုတ် ပမာဏ အနည်းငယ်ကို ကန့်သတ်ဈေးနဲ့ ရောင်းခိုင်းတာတွေက ယာယီ လှည့်စားမှုနဲ့ လူထုကို မျက်လှည့်ပြပြီး ပြဿနာအကြောင်းရင်းခံကို ဖုံးကွယ်လိုမှုသက်သက်သာ ဖြစ်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ သဘောပေါက်လာကြမယ့် အနေအထားလည်း ရောက်လာနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar