Breaking News

မာန်သီဟထွန်း – ခွဲခြားမှုဝါဒနဲ့ လမ်းစဉ်များ


မာန်သီဟထွန်း –  ခွဲခြားမှုဝါဒနဲ့ လမ်းစဉ်များ

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

Sapiens - 52


လူမည်းယောက်ျားတစ်ယောက်နဲ့ လူဖြူအမျိုးသမီးတစ်ယောက် လက်ထပ်ပြီး လိင်နှီးနှောမှုရှိတယ်ဆိုတာ အမေရိကန်တောင်ပိုင်းသားတွေအတွက် (မြောက်ပိုင်းသားတွေလည်းပါ ပါတယ်) အော်ဂလီဆန် စက်ဆုပ်စရာအကောင်းဆုံးလုပ်ရပ်အဖြစ် ယူဆကြတယ်။ ဒီလို လူမျိုးခြားတွေကြားလိင်ဆက်ဆံမှုဆိုတာ အကြီးကျယ်ဆုံး ရွံရှာတားမြစ်ထားတဲ့အရာပါ။ ဒါကို ချိုးဖောက်တယ် သို့မဟုတ် ချိုးဖောက်တယ်လို့ သံသယဝင်တယ်ဆိုရင် ရုံးတင်စရာမလိုဘဲ လူအုပ်ကြီးက ချက်ချင်း သေဒဏ်ပေးသတ်လို့ရတယ်လို့ သတ်မှတ်ကြတယ်။ လူဖြူကြီးစိုးရေးလျှို့ဝှက်အဖွဲ့တစ်ခုဖြစ်တဲ့ ကေသုံးလုံးဂိုဏ်း (The Ku Klux Klan)ဟာ ခုလိုမျိုး လူသတ်မှုများစွာ ကျူးလွန်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဟိန္ဒူ ဗြဟ္မဏတွေကိုပါ ကေသုံးလုံးဂိုဏ်သားတွေက မျိုးနွယ်စုသန့်စင်ရေးအကြောင်း နည်းနည်းပါးပါးတော့ သင်ပေးစရာရှိမှာပဲ။

အချိန်ကြာလာတာနဲ့အမျှ လူမျိုးရေးခွဲခြားမှုဝါဒဟာ တခြားယဉ်ကျေးမှုနယ်ပယ်တွေဆီပါ ပြန့်သထက်ပြန့်လာခဲ့တယ်။ လူဖြူတွေရဲ့ အလှအပအဆင့်အတန်းသတ်မှတ်ချက် အပေါ်မူတည်ပြီးသာ အမေရိကန်တွေရဲ့ အနုပညာယဉ်ကျေးမှုကို တည်ဆောက်ထားတာပါ။ လူဖြူတွေရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှုပုံစံဖြစ်တဲ့.. ဥပမာ အသားရောင်ဖြူတာ၊ ဆံပင်ဖြောင့်ပြီး အရောင်ဖျော့တာ၊ သေးသွယ်ပြီး ချွန်တဲ့နှာတံ စတဲ့အရာတွေကိုသာ လှပတယ်လို့ သတ်မှတ်ကြတယ်။ လူမည်းတွေရဲ့ ပုံစံဖြစ်တဲ့ အသားမည်းတာ၊ ဆံပင်နက်ပြီး ကောက်တာ၊ နှာခေါင်းပြားတာတွေကို ရုပ်ဆိုးတယ်လို့ သတ်မှတ်ကြတယ်။ ခုလိုမျိုး တဖက်သတ်ထင်မြင်ယူဆချက်တွေဟာ စိတ်ကူးယဉ်အထက်အောက်လူမှုခွဲခြားမှုစနစ်မှာ ထဲထဲဝင် နစ်မြုပ်ပျော်ဝင်နေပြီး လူတွေအသိစိတ်ရဲ့ နက်ရှိုင်းတဲ့နေရာတွေအထိ ထိုးဖောက်နေရာယူနေတာပါ။

အခုလို အဆိုးသံသရာတွေဟာ နှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီ ဖြစ်ပျက်နေနိုင်ပါတယ်။ ဒီလိုနဲ့ပဲ သမိုင်းမှာ မတော်တဆတိုက်ဆိုင်မှုကနေ အစပြုပြီး စိတ်ကူးယဉ် အထက်အောက်လူမှုခွဲခြားမှုစနစ်ဟာ ဆက်လက် လည်ပတ်နေတော့တာပဲ။ တရားမျှတမှုမရှိတဲ့ ဖိနှိပ်ခွဲခြားမှုစနစ်တွေဟာ အများအားဖြင့် အချိန်ကြာတာတာနဲ့အမျှ ပိုကောင်းမွန်မလာဘဲ ပိုဆိုးဝါးလာတတ်ပါတယ်။ ငွေရှိတဲ့နေရာကိုပဲ ငွေလာသလို ဆင်းရဲမွဲတေသူတွေဆီကိုပဲ ဆင်းရဲမွဲတေမှုတွေ ထပ်လာပါတယ်။ ပညာတတ်တဲ့လူတွေဆီကိုပဲ ပညာရေးလာသလို တုံးအတဲ့လူတွေဆီကို မသိနားမလည်မှုတွေ ထပ်လာပါတယ်။ သမိုင်းရဲ့သားကောင် ဖြစ်ဖူးတဲ့လူတွေဟာ နောက်တစ်ကြိမ် သားကောင်ပြန်ဖြစ်ဖို့ များပါတယ်။ ဒီလိုပဲ သမိုင်းက အရေးပေးခဲ့တဲ့လူတွေဟာ နောင်ကိုလည်း မျက်နှာသာအပေးခံရသူတွေ ပြန်ဖြစ်ဖို့ ပိုများပါတယ်။


လူမှုနိုင်ငံရေး အထက်အောက်ခွဲခြားမှုစနစ် တော်တော်များများဟာ ကျိုးကြောင်းညီညွှတ်မှု၊ ဇီဝဆိုင်ရာမှန်ကန်မှုတွေ မရှိပါဘူး။ သူတို့ဟာ လုပ်ကြံစိတ်ကူးတွေနဲ့ကျားကန်ထားပြီး ထပ်ဖန်တလဲလဲဖြစ်ပျက်နေတဲ့ ကံအကြောင်းတိုက်ဆိုင်မှုအဖြစ်တွေ သက်သက်ပါ။ ဒါဟာလည်း သမိုင်းကို ဘာကြောင့်လေ့လာသင့်သလဲ ဆိုတဲ့ အကြောင်းပြချက်ကောင်းတစ်ခုပါပဲ။ တကယ်လို့ လူဖြူလူမည်းခွဲခြားတာ၊ ဗြဟ္မဏ တွေနဲ့ ရူဒရတွေကို ခွဲခြားတာဟာ ဇီဝအမှန်တရားတွေပေါ်မှာ အခြေခံတယ်ဆိုရင်.. ဆိုလိုတာက.. ဗြဟ္မဏတွေအားလုံးက ရူဒရတွေအားလုံးထက် တကယ်ပဲ ပိုကောင်းမွန်တဲ့ဦးနှောက်တွေရှိတယ်ဆိုရင်.. လူ့အသိုင်းအဝိုင်းကို နားလည်ဖို့ ဇီဝဗေဒနဲ့တင် လုံလောက်မှာပါ။ မတူကွဲပြားတဲ့ ဟိုမို ဆေပီယန်စ်အုပ်စုတွေကြားက ဇီဝဆိုင်ရာကွဲပြားမှုဟာ ဘာမှ မပြောပလောက်အောင်လေးပဲ ကွဲပြားတာဖြစ်လို့ အိန္ဒိယ လူ့အသိုင်းအဝိုင်းရဲ့အနုစိတ် ဒါမှမဟုတ် အမေရိကန် လူမျိုးရေးဖိနှိပ်ခွဲခြားမှု လုပ်ကြံဇတ်လမ်းတွေကို ဇီဝဗေဒနဲ့ ရှင်းပြလို့မရပါဘူး။ အဲဒီလိုအကြောင်းအရာတွေကိုနားလည်ဖို့ သမိုင်းအဖြစ်အပျက်တွေ၊ အခြေနေအမျိုးမျိုးတွေ၊ အာဏာကူးလူးစီးဆင်းပုံတွေကို လေ့လာရမှာပါ။ ဒီအဖြစ်အပျက် အကြောင်းအရာတွေကြောင့်သာ ဘာမဟုတ်တဲ့ လူ့စိတ်ကူးသက်သက်ကနေ တကယ်လက်တွေ့ဖြစ်လာပြီး ရက်စက်တဲ့ လူမှုအဆောက်အအုံတွေဆီ ကူးပြောင်းသွားတာပါ။

သူ နှင့် သူမ

ကွဲပြားတဲ့လူ့အဖွဲအစည်းတွေက ကွဲပြားတဲ့စိတ်ကူးယဉ်အထက်အောက်ခွဲခြားမှုစနစ်တွေ မွေးယူကြပါတယ်။ လူမျိုးနွယ်ဆိုတာ အခုခေတ်အမေရိကန်တွေအတွက် အလွန်အရေးကြီးပေမယ့် အလယ်ခေတ်က မွတ်ဆလင်တွေအတွက်တော့ ဘာမှအရေးကြီးခဲ့တာ မဟုတ်ပါဘူး။ အိန္ဒိယမှာ အလယ်ခေတ်တုန်းက ဇတ်စနစ်ဆိုတာ သေရေးရှင်ရေးအရေးကြီးခဲ့ပေမယ့် ခုခေတ် ဥရောပမှာတော့ ရှိကို မရှိတာပါ။ ဒါပေမယ့် အထက်အောက်ခွဲခြားမှုတစ်ခုကတော့ လူ့အသိုင်းအဝိုင်းအကုန်လုံးမှာ ထိပ်ဆုံးက အမြဲတမ်း အရေးပါခဲ့ပါတယ်။ ကျားမ အထက်အောက်ခွဲခြားမှုပါ။ နေရာတကာကလူတွေဟာ သူတို့ကိုသူတို့ ယောက်ျားတွေ၊ မိန်းမတွေ အဖြစ်ခွဲခြားကြတယ်။ ပြီးတော့ စိုက်ပျိုးရေးပြောင်းလဲမှုကြီး နောက်ပိုင်းကစလို့ပဲ နေရာတိုင်းမှာ ယောကျ်ားတွေက ပိုကောင်းတဲ့အခွင့်အရေးရကြတယ်။

အချို့သော ရှေးအကျဆုံး တရုတ်အရေးအသားတွေက ဘီစီ ၁၂၀၀ ခန့်ကဖြစ်ပြီး အနာဂတ်ကိုဟောတဲ့ အရိုးဗေဒင်တွေပါ။ သူတို့ထဲကတစ်ခုမှာ ‘ဟို’ အမျိုးသမီး ကိုယ်ဝန်ဆောင်တာ ကံကောင်းမှာလား လို့ ရေးထားပါတယ်။ အဲဒါကို ပြန်ပြောထားတာက။ တကယ်လို့ ကလေးဟာ ‘တိန်’ နေ့မှာ မွေးတယ်ဆိုရင် ကံကောင်းမယ်။ ‘ကျင်’ နေ့မှာမွေးတယ်ဆိုရင် အများကြီး လာဘ်ကောင်းတယ်။ ဒါပေမယ့် ‘ဟို’ အမျိုးသမီးက ‘ကျားယင်’ နေ့မှာ ကလေးမွေးခဲ့ပါတယ်။ ဟောစာကတော့ မကောင်းတဲ့နမိတ်နဲ့ စိတ်မချမ်းသာစရာ အဆုံးသတ်သွားပါတယ်။ နောက်သုံးပတ်နဲ့ တစ်ရက်ကြာတဲ့အခါ ကလေးကို ‘ကျားယင်’နေ့မှာမွေးခဲ့ပါတယ်။ ကံမကောင်းပါဘူး။ မိန်းကလေးဖြစ်နေလို့ပါ။ နောင်နှစ်ပေါင်း ၃၀၀၀ ကျော်ကြာတဲ့အခါမှာလည်း တရုတ်ကွန်မြူနစ်ပါတီက တစ်အိမ်ထောင်၊ ကလေးတစ်ဦး ပေါ်လစီကို ချမှတ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း တရုတ်မိသားစု တော်တော်များများက မိန်းကလေးမွေးလာတာကို ကံမကောင်းမှုတစ်ခုအဖြစ် ယူဆခဲ့ကြတုန်းပါ။ မိဘတွေဟာ နောက်တစ်ကြိမ်ကျရင် သားယောကျ်ားလေးများ ရမလားဆိုပြီး ကြိုးစားခွင့်ရအောင် တခါတလေ မွေးကင်းစ သမီးလေးတွေကို စွန့်ပစ်တာ၊ အဆုံးစီရင်တာတွေလုပ်ကြပါတယ်။

လူ့အသိုင်းအဝိုင်း တော်တော်များများမှာ မိန်းမတွေဟာ ယောက်ျားတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေပါ။ အများအားဖြင့် သူတို့အဖေ၊ လင်ယောက်ျား ဒါမှမဟုတ် မောင်တွေ၊ အစ်ကိုတွေ ပိုင်တာပေါ့။ အဓမ္မကျင့်မှုဟာ ဥပဒေစနစ်တော်တော်များများမှာ ပိုင်ဆိုင်မှု ဖျက်ဆီးခံရခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျရောက်ပါတယ်။ တခြားနည်းနဲ့ပြောရရင် နစ်နာသူဟာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးမဟုတ်ဘဲ အဲဒီအမျိုးသမီးကို ပိုင်ဆိုင်တဲ့ အမျိုးသား သာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်တာကြောင့် ဥပဒေကြောင်းလမ်းအရ ဆောင်ရွက်မယ်ဆိုရင် ပိုင်ဆိုင်သူထံ လွှဲပြောင်းပေးရတာပါ။ ဒါကြောင့် အဓမ္မပြုကျင့်သူက အဲဒီအမျိုးသမီးရဲ့ အဖေဖြစ်သူ သို့မဟုတ် အစ်ကိုဖြစ်သူကို သတို့သမီးကြေး ပေးရပါတယ်။ ပြီးတော့ အမျိုးသမီးဟာလည်း အဓမ္မပြုကျင့်သူ ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်သွားပါတယ်။ ခရစ်ယာန် ကျမ်းစာမှာ အဲဒါကို ခုလို့ပြောထားပါတယ်။ (ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေးသာ အပျိုကညာကို အခြားယောကျ်ားသည် တွေ့၍ ကိုင်ဆွဲသင့်နေ (အတူအိပ်နေ) သည်ကို တွေ့မိလျှင်၊ ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ တရားဟောရာကျမ်း ၂၂း ၂၈-၂၉) ရှေးခေတ် ဟီဘရူးလူမျိုးတွေကတော့ ဒါဟာကျိုးကြောင်းဆီလျော်တဲ့ သတ်မှတ်ချက်တစ်ခုလို့ ယူဆခဲ့ကြတာပဲ။


Sapiens - 53


ဘယ်ယောကျ်ားကမှ မပိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်တာဟာ ရာဇဝတ်မှု မမြောက်ပါဘူး။ လူတွေသွားလာအလုပ်များနေတဲ့ လမ်းပေါ်မှာ ကြွေစေ့တစ်ခုကောက်ရတာဟာ ခိုးမှု မမြောက်သလိုပေါ့။ ပြီးတော့ လင်ယောကျ်ားက သူ့မိန်းမကို အဓမ္မပြုကျင့်ရင်လည်း ဘာရာဇဝတ်မှုမှ မမြောက်ပါဘူး။ တကယ်ဆို လင်ယောကျ်ားတစ်ယောက်က သူ့မိန်းမကို အဓမ္မပြုကျင့်နိုင်တယ်ဆိုတဲ့ အတွေးကိုက အဓိပ္ပါယ်မရှိတဲ့ ဆန့်ကျင်ဘက်တစ်ခုလိုပါပဲ။ လင်ယောကျ်ားတစ်ယောက်ဖြစ်ပြီ ဆိုကတည်းက သူ့မိန်းမရဲ့လိင်သဘာဝအားလုံးကို ပိုင်စိုးတဲ့သဘောပေါ့။ လင်ယောကျ်ားတစ်ယောက်က သူ့မိန်းမကို အဓမ္မပြုကျင့်တယ်လို့ ပြောတာဟာ လူတစ်ယောက်က သူ့ပိုက်ဆံအိတ်ထဲကငွေတွေ သူပြန်ခိုးတယ်လို့ပြောသလိုပါပဲ ယုတ္တိမရှိပါဘူး။ ခုလိုမျိုးအတွေးအခေါ်တွေကို ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသမှာပဲ တွေးခေါ်ခဲ့ကြတာ မဟုတ်ပါဘူး။ ၂၀၀၆ ခုနှစ်အထိကို လင်ယောကျ်ားတွေကို သူတို့မိန်းမကို အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး တရားစွဲလို့မရတဲ့နိုင်ငံ ၅၃ နိုင်ငံရှိပါသေးတယ်။ ဂျာမနီနိုင်ငံမှာတောင်မှ အိမ်ထောင်ဖက်အဓမ္မပြုကျင့်မှုဆိုတဲ့ ဥပဒေခေါင်းစဉ်တစ်ခုကို ဖန်တီးပြီး ၁၉၉၇ ခုနှစ်ကျမှပဲ အဓမ္မပြုကျင့်မှုဥပဒေတွေကို ပြင်ဆင်ခဲ့တာပါ။
ယောကျ်ား နှင့် မိန်းမကို ခွဲခြားထားတာဟာ အိန္ဒိယ ဇတ်စနစ်လို၊ အမေရိကတိုက်က လူမျိုးရေးခွဲခြားမှုစနစ်လိုပဲ လူတွေရဲ့စိတ်ကူးယဉ်လုပ်ကြံမှု ထုတ်ကုန်တစ်ခုသက်သက်ပဲလား။ ဒါမှမဟုတ် နက်ရှိုင်းတဲ့ဇီဝသဘောတရားတွေမှာ အခြေခံတဲ့ သဘာဝတရားကြီးက ခွဲခြားထားမှု ဖြစ်ပါသလား။ တကယ်လို့ သဘာဝတရားကြီးက ခွဲခြားထားတာ မှန်ကန်ပါတယ်ဆိုရင် ယောကျ်ားနဲ့မိန်မကြားက ကွားခြားချက်တွေကို ဇီဝဗေဒသဘောတရားတွေနဲ့ ရှင်းပြနိုင်ရမှာပါ။

ယောကျ်ား နှင့် မိန်းမရဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ကွဲပြားမှုတွေကတော့ ဒီဆန့်ကျင်ဘက်လိင်နှစ်ခုရဲ့ သိသာထင်ရှားတဲ့ ဇီဝဗေဒကွဲပြားမှုတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမြဲတမ်း မိန်းမတွေလုပ်ရတဲ့ အလုပ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ယောကျ်ားတွေမှာ သားအိမ်မှမရှိတာ။ ဒါပေမယ့် ဒီကျားမခွဲခြားမှုစနစ်အပေါ်မှာပဲ လူ့အဖွဲ့အစည်းတိုင်းဟာ ဇီဝဗေဒနဲ့ သက်ဆိုင်မှုမရှိတဲ့ ယဉ်ကျေးမှုအယူအဆတွေ၊ သတ်မှတ်ချက်တွေ တစ်လွှာပြီး တစ်လွှာရစ်တက်လာခဲ့တယ်။ အမျိုးသားဝါဒ နှင့် အမျိုးသမီးဝါဒကို သတ်မှတ်ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ အများအားဖြင့် ခိုင်လုံတဲ့ ဇီဝဆိုင်ရာအခြေခံမှုတွေ မရှိကြပါဘူး။

ဥပမာအားဖြင့် ဘီစီ ၅ ရာစုက ဒီမိုကရေစီစနစ်ရှိတဲ့ အေသင်မှာ သားအိမ်ရှိတဲ့လူတစ်ယောက်(မိန်းမ)ဟာ ဥပဒေအရ ဘယ်သူ့ကိုမှ မမှီခိုဘဲ လွတ်လပ်စွာနေနိုင်တဲ့ အခြေအနေမရှိသလို လူအများဆွေးနွေးတဲ့နေရာမှာ ပါဝင်ဖို့သော်လည်းကောင်း၊ တရားသူကြီးတစ်ယောက်ဖြစ်ဖို့သော်လည်းကောင်း တားမြစ်ထားပါတယ်။ ခြွင်းချက်တချို့အနေနဲ့ ပညာသင်ကြားခွင့်ရပေမယ့် ပညာတတ်တဲ့အကျိုးခံစားခွင့်၊ စီးပွားရေးလုပ်ခွင့် သို့မဟုတ် ဒဿနဆိုင်ရာဆွေးနွေးခွင့်တွေ ရမှာ မဟုတ်ပါဘူး။ အေသင်ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကြီးကျယ်တဲ့ ဒဿနဆရာကြီးတွေ၊ ဟောပြောသူတွေ၊ အနုပညာရှင်တွေ၊ ကုန်သည်တွေ တစ်ယောက်မှာမှ သားအိမ် မရှိပါဘူး။ လူတစ်ယောက်မှာ သားအိမ်ရှိတာနဲ့ပဲ ခုလိုမျိုးအသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေနဲ့ မကိုက်ညီ အဆင်မပြေဖြစ်သလား မသိဘူး။ ရှေးခေတ်က အေသင်သားတွေကတော့ အဲဒီလိုပဲ ထင်မြင်ခဲ့ကြတယ်။ ဒီခေတ် အေသင်သားတွေကတော့ အဲဒါကို သဘောမတူကြပါဘူး။ ဒီနေ့ခေတ် အေသင်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရှိတယ်။ အစိုးရရုံးတွေမှာ ဝင်ရောက်အရွေးခံပြီး မိန့်ခွန်းတွေပြောကြတယ်။ အမျိုးသမီးတွေဟာ ရတနာအသုံးအဆောင်၊ အဆောက်အအုံတွေကစလို့ ဆော့ဖ်ဝဲတွေအဆုံး အကုန်းလုံးကို ဒီဇိုင်းထွင်ကြပြီး တက္ကသိုလ်တက်ခွင့်ရကြပါတယ်။ ဒီအရာတွေအားလုံးကို ယောကျ်ားတွေလုပ်သလိုမျိုး ဖြစ်မြောက်အောင်မြင်အောင် လုပ်တဲ့နေရာမှာ သူတို့ရဲ့သားအိမ်တွေက အတားအဆီးမဖြစ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေးကဏ္ဍတွေမှာ မိန်းမတွေ အချိုးစားနည်းနေသေးတာတော့ မှန်ပါတယ်။ ဂရိ ပါလီမန်အဖွဲ့ဝင်တွေရဲ့ ၁၂ ရာခိုင်နှုန်းသာ အမျိုးသမီးတွေ ဖြစ်နေပါသေးတယ်။ ဒါပေမယ့် မိန်းမတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်လို့မရအောင် လုပ်ထားတဲ့ ဥပဒေအတားအဆီးတွေ မရှိတော့ပါဘူး။ ပြီးတော့လည်း ဒီခေတ် ဂရိလူမျိုးတော်တော်များများက အမျိုးသမီးတွေ အစိုးရရုံးတွေမှာ အလုပ်ဝင်လုပ်ကြတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလို့ ထင်မြင်ကြတာပါ။

ဒီခေတ် ဂရိလူမျိုးတော်တော်များများကလည်း ယောကျ်ားတစ်ယောက်လို့ ဆိုလိုက်တာနဲ့ ဆန့်ကျင်ဘက်လိင်မိန်းမကိုပဲ စိတ်ဝင်စားတယ်လို့ ထင်ပြီးသားပါ။ ပြီးတော့ ကိုယ့်ရဲ့ဆန့်ကျင်ဘက်လိင်နဲ့ပဲ လိင်ဆိုင်ရာနှီးနှောမှုတွေ လုပ်ရမယ်လို့ ယူဆကြတယ်။ ဒါကို သူတို့က ယဉ်ကျေးမှုဘက်လိုက်ခြင်းတစ်ခုလို့ မမြင်ကြပါဘူး။ အဲဒီအစား ဇီဝအမှန်တရားတစ်ခုလို့သာ မြင်ကြပါတယ်။ လိင်မတူတဲ့ လူနှစ်ယောက်ကြားက ဆက်ဆံရေးဟာ သဘာဝကျပြီး လိင်တူတဲ့လူနှစ်ယောက်ကြားကဆက်ဆံရေးဟာ သဘာဝ မကျပါဘူး။ တကယ်တမ်းပြောရမယ်ဆိုရင် ယောကျ်ားတွေက တခြားယောကျ်ားတွေကို လိင်ဆိုင်ရာစိတ်ဝင်စားမှုရှိလည်း ဘဘာဝမိခင်ကြီးက ဘယ်လိုမှမနေပါဘူး။ လူသားမိခင်တွေကသာ တစ်ချို့သောယဉ်ကျေးမှုတွေမှာ သူတို့သားတွေ အိမ်ဘေးနားက ကောင်လေးတစ်ယောက်နဲ့ချစ်ကြိုက်ရင် ဝင်စွက်ဖက်ကြတာပါ။ အဲဒီမိခင်တွေ စိတ်သောကရောက် ဒေါသူပုန်ထကြတာကတော့ ဇီဝအရှိတရားတွေနဲ့ မဆိုင်ပါဘူး။ လိင်တူဆက်ဆံခြင်းဆိုတာဟာ ဥပဒေအရအကျုံးဝင်တဲ့အပြင် လူမှုရေးအားဖြင့်လည်း အထောက်အကူပြုတယ်လို့ မြင်တဲ့ လူ့ယဉ်ကျေးမှုတော်တော်များများ ရှိပါတယ်။ ရှေးခေတ်ဂရိနိုင်ငံကတော့ လူသိအများဆုံး ဥပမာပါပဲ။ အိလိယ ကဗျာရှည်ထဲမှာ သဲတစ်စ် ဟာ သူ့သား အာခီးလီစ် နဲ့ ပတ်ထရိုးကလပ်စ် လိင်တူချစ်ကြိုက်တာကို ကန့်ကွက်တာ မတွေ့ရပါဘူး။ ရှေးခေတ်ကမ္ဘာမှာဆိုရင် မက်ဆီဒိုနီးယားဘုရင်မ အိုလံပီယာစ် ဟာ အလွန်စိတ်ဆတ်ပြီး အတင်းအဓမ္မလုပ်တတ်တဲ့ မိန်းမပါ။ သူ့ယောကျ်ား ဘုရင်ဖီးလစ် လျှို့ဝှက်လုပ်ကြံခံရတာ သူပဲစီမံခဲ့တာပါ။ ဒါပေမယ့် သူ့သား မဟာအဲလက်ဇန္ဒားဘုရင်က သူ့အမျိုးသားချစ်သူ ဟယ်ဖိုင်းစတီးယန် ကို ညစာစားဖို့ခေါ်လာလို့ ဘုရင်မ အိုလံပီယာစ်တစ်ယောက် တုန်လှုပ်ချောက်ချားပြီး သတိလစ်တက်မသွားပါဘူး။

ဇီဝဗေဒက အမှန်တကယ်ကန့်သတ်ထားတာနဲ့ လူတွေက ဇီဝဗေဒဆိုင်ရာ စိတ်ကူးသတ်မှတ်ချက်တွေနဲ့ ကန့်သတ်မှုနှစ်ခုကြားက ကွဲပြားမှုကို ကျွန်တော်တို့ဘယ်လိုခွဲခြားကြမလဲ။ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ကြမယ်ဆိုရင်တော့ ‘ဇီဝဗေဒက ခွင့်ပြုတယ်။ ယဉ်ကျေးမှုက တားမြစ်တယ်’ လို့ ပြောရမှာပါ။ ဇီဝဗေဒအရတော့ အင်မတန်းများပြားတဲ့ ဖြစ်နိုင်ခြေအမျိုးမျိုးကို ခွင့်ပြုဖို့အသင့်ရှိပါတယ်။ ဇီဝဗေဒအရ မိန်းမတွေ သားသမီးမွေးနိုင်ကြတယ်။ တစ်ချို့ယဉ်ကျေးမှုတွေက မိန်းမတွေကို အဲဒီဖြစ်နိုင်ခြေ မရမကဖြစ်အောင် လုပ်ခိုင်းပါတယ်။ ဇီဝဗေဒအရ ယောကျ်ားတွေဟာ တခြားယောက်ျားတစ်ယောက်နဲ့ လိင်ဆက်ဆံသာယာနိုင်တယ်။ တစ်ချို့ယဉ်ကျေးမှုတွေက သူတို့ကို အဲဒီဖြစ်နိုင်ခြေ မဖြစ်အောင် တားဆီးထားပါတယ်။ လူ့ယဉ်ကျေးမှုတွေကတော့ သဘာဝမကျတာကိုပဲ တားမြစ်ထားတာလို့ ချေပပါတယ်။ ဒါပေမယ့် ဇီဝဆိုင်ရာရှုဒေါင့်ကနေ ကြည့်မယ်ဆိုရင် သဘာဝမကျတဲ့အရာဆိုတာ မရှိပါဘူး။ ဖြစ်နိုင်သမျှအရာအားလုံးဟာ သဘာဝကျတယ်ပဲ ပြောရမှာပါ။ အမှန်ကတယ် သဘာဝမကျတဲ့ အပြုအမူတစ်ခု၊ သဘာဝရဲ့ဥပဒေသတွေနဲ့ ဆန့်ကျင်နေတဲ့ အပြုအမူဆိုတာ လက်တွေ့မှာ မဖြစ်နိုင်၊ မတည်ရှိနိုင်ပါဘူး။ ဒါကြောင့် တားမြစ်ဖို့ကို လိုမှာမဟုတ်ပါဘူး။ ဘယ်ယဉ်ကျေးမှုကမှ လူသားတွေကို နေရောင်ခြည်ကနေအစာချက်တာ (ဖိုတို ဆင်းသဆစ်စ်) ]မလုပ်ဖို့ အလုပ်ရှုပ်ခံ တားမြစ်မှာမဟုတ်ပါဘူး။ အမျိုးသမီးတွေကို အလင်းထက်မြန်အောင်ပြေးဖို့ သို့မဟုတ် အမသဘောဆောင်တဲ့ အီလက်ထရွန် အချင်းချင်း ပူးကပ်ကြမှာကို တားမြစ်မှာ မဟုတ်ပါဘူး။

အမှန်တကယ်မှာတော့ သဘာဝကျတယ် မကျဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့အထင်အမြင်တွေဟာ ဇီဝဗေဒကနေ ယူထားတာမဟုတ်ပါဘူး။ ခရစ်ယာန် ဘာသာရေးယုံကြည်မှုကနေ လာတာပါ။ ခရစ်ယာန်ယုံကြည်မှုအရ ‘သဘာဝကျတယ်’ ဆိုတာဟာ ‘သဘာဝတရားကြီးကို ဖန်ဆင်းထားသော ဘုရားသခင်၏ အလိုတော်နဲ့ညီသော’ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ခရစ်ယာန်ဓမ္မပညာရှင်တွေကပြောတာက လူ့ခန္ဓာကို ဘုရားသခင် ဖန်ဆင်းပေးထားတာ။ လူ့ခြေလက်၊ အင်္ဂါတွေတစ်ခုချင်းစီမှာ သူလုပ်ဆောင်ရမယ့်ရည်ရွယ်ချက်တွေ ရှိတယ်။ ဘုရားသခင်က မျှော်လင့်ထားတဲ့ရည်ရွယ်ချက်အတိုင်း ဒီခြေလက်၊ အင်္ဂါတွေကို ကျွန်တော်တို့အသုံးပြုတယ်ဆိုရင် အဲဒါဟာ သဘာဝကျတဲ့ ပြုမှုခြင်းတွေဖြစ်တယ်။ ဒီခြေလက်၊ အင်္ဂါတွေကို ဘုရားသခင်က ရည်ရွယ်ထားတာနဲ့ မတူကွဲပြားစွာအသုံးပြုတာဟာ သဘာဝမကျတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဒါပေမယ့် ဆင့်ကဲပြောင်းလဲခြင်းမှာ ရည်ရွယ်ချက်မှ မရှိတာ။ လူ့အင်္ဂါတွေက ရည်ရွယ်ချက်တစ်ခုကို ဦးတည်ပြီး ဆင့်ကဲပြောင်းလဲလာကြတာမဟုတ်ဘူး။ ပြီးတော့လည်း သူတို့ကို အသုံးပြုတဲ့ပုံစံဟာလည်း အဆက်မပြတ် ပြောင်းလဲနေတာပါ။ လူတွေရဲ့ ခန္ဓာကိုယ်မှာ အင်္ဂါတစ်ခုဟာ သူ့ရဲ့ရှေပြေးပုံစံ လွန်ခဲ့တဲ့နှစ်သန်းရာချီကဖြစ်ပေါ်လာပြီး စတင်လုပ်ဆောင်ခဲ့တဲ့ အလုပ်တစ်ခုတည်းကိုပဲ အခုထက်ထိ တသမတ်လိုက်လုပ်နေတယ်ဆိုတာ မရှိပါဘူး။ အင်္ဂါတွေဟာ သီးသန့်တာဝန်တွေ ထမ်းဆောင်ဖို့ ဖြစ်လာကြတာပါ။ ဒါပေမယ့် ဒီအင်္ဂါတွေရှိလာပြီဆိုတာနဲ့ တခြားနေရာတွေမှာပါ သုံးလို့ရအောင် လိုက်လျောညီထွေ ပြောင်းလဲလာကြတာပဲ။ ဥပမာ ပါးစပ်တွေပေါ်လာတယ်ဆိုတာ ဆဲလ်များစွာပါတဲ့သက်ရှိတွေ(multicellular organisms)က အစာအာဟာရတွေကို သူတို့ခန္ဓာကိုယ်ထဲ သွင်းဖို့နည်းလမ်း လိုအပ်လာလို့ပါ။ ကျွန်တော်တို့ရဲ့ပါးစပ်တွေကို အဲဒီရည်ရွယ်ချက်အတွက် အသုံးပြုနေတုန်းပါပဲ။ ဒါပေမယ့် နမ်းဖို့၊ စကားပြောဖို့အတွက်လည်း ပါးစပ်ကို သုံးသေးတယ်လေ။ ပြီးတော့ ကျွန်တော်တို့ဟာ ရမ်ဘို ဖြစ်နေမယ်ဆိုရင်လည်း လက်ပစ်ဗုံး စနက်တံကိုက်ဖို့ပါ သုံးရတာပေါ့။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀၀ ကျော်က ကျွန်တော်တို့ရဲ့ ဘိုးအေဖြစ်တဲ့ တီကောင်လိုသက်ရှိတွေက သူတို့ပါးစပ်ကို အခုလိုပုံစံအမျိုးမျိုးနဲ့ အသုံးမပြုခဲ့ကြတဲ့အတွက် ကျွန်တော်တို့တွေ အခုလို ပါးစပ်ကို ပုံစံအမျိုးမျိုး အသုံးပြုတာတွေဟာ သဘာဝမကျဘူး ဖြစ်သွားရောလား။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။

https://pixels.com/…/trojan-war-achilles-tending-patroclus-…
https://www.dreamstime.com/vector-silhouette-big-man-small-…
https://truthout.org/…/alexander-the-great-an-interview-wi…/
https://queerculturechats.org/…/this-ancient-gay-lovဘာသာပြန် - မာန်သီဟထွန်း

https://slideplayer.com/slide/7778722/
http://theconversation.com/how-the-ku-klux-klan-seized-cine…
https://forward.com/…/209090/the-ku-klux-klan-welcomes-jews/