Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၁)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၁)

(မိုးမခ)မေ ၃၁၊ ၂၀၂၀
ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၆)၊ စက်တင်ဘာ ၂၀ဝ၄

၁။
ကဗျာဆိုတာ ဘဝအမောပြေဆေး၊ ရေကြည်ရေအေးတခွက်ပါ။ လောကထဲမှာ လောဘဒေါသတွေ ဟုန်းဟုန်းထနေတတ်တယ်။ မောဟတိမ်သလာဖုံးလို့ စုံလုံးကန်းနေတတ်တယ်။ ဒီတော့ မကျေနပ်မှုတွေ၊ အဆင်မပြေမှုတွေ၊ မကြည်လင်မှုတွေ ပွက်လောထပြီး ဘဝအမောဆိုက်တော့တာပေါ့။

ကဗျာဆိုတဲ့ ဖန်ပြာခွက်မှာ ဉာဏ်အမြင်နဲ့ စိမ်းစိမ်းလဲ့နေတဲ့ ရေကြည်အေးတခွက်ငှဲ့ပြီး သောက်လိုက်ရမှ စိတ်နှလုံးချမ်းမြ ကြည်အေးသွားတော့တယ်။ အဲဒါကတော့ ဆရာဇေယျတို့၊ ဆရာဇော်ဂျီတို့ရဲ့ ကဗျာသြဝါဒတွေပါ။

(၂)
ဒီလိုကဗျာ့သဘောကို ဆင်ခြင်မိတဲ့အလျောက် “ပြည်တန်ကျောက်” ဆိုတဲ့ ကဗျာကလေးတပုဒ်ကို ကောက်ကာငင်ကာ ဖွဲ့မိတာကတော့ …

ပြည်တန်ကျောက်
“ဘဝထဲမှာ ရှာ
ကဗျာတွေက အနန ္တ
ကျောက်မျက်တိုင်း
အရိုင်းအယဉ်ပါခဲ့
ရွေးကာ သွေးပါစမ်း
စွမ်းရှိသမျှ။
သွေးတတ်ရင် အကွက်ပေါ်
ဈေးခေါ်တိုင်းလှ။
အရည်ကောင်း အရည်မှန်
ပြည်တန်အောင် အဖိုးထိုက်
မိုးခိုက်မည်ပ …” တဲ့။


နေ့စဉ်နဲ့အမျှ ကဗျာကလေးတွေ ဟိုရေးသည်ရေး၊ အတွေးစကလေးတွေ ဟိုရောက်သည်ရောက်။ စိတ်ကူးပေါက်သမျှ ကဗျာဖွဲ့မိတယ်။

တနေ့သား ညဉ့်နက်နက်မှာ ဇီးကွက်တွေလည်း အိပ်နေပြီထင်ပါရဲ့။ လသာသာရှုခင်းကလေးကို ငေးကြည့်မိတယ်။ နားထဲမှာ ဆရာရန်နိုင်ဆွေရေးပြီး မေလှမြိုင်သီဆိုခဲ့တဲ့ “တိမ်ညိုနဲ့လခြမ်း” ဆိုတဲ့ တေးသွားကလေးကိုလည်း ကြားယောင်မိတယ်။

လမင်းအနီးမှာ တိမ်ညိုတိမ်မည်းတွေ ဝန်းရံနေပါကလား။ တိမ်ညိုတိမ်မည်းကို လူတို့မတောင့်တ။ လူတို့မကြည်ဖြူ။ ဒါပေမယ့် လမင်းရဲ့အလှ၊ လမင်းရဲ့ကျက်သရေကို အနားကွပ်ပေးသလိုလို ထင်မိတယ်။ တိမ်ညိုရှိမှ လမင်းရဲ့အလှ ထင်ရှားမှာပေါ့။ သူကလည်း ဆန့်ကျင်ဘက်ကနေပြီး အကျိုးပြုနေတာ မဟုတ်လား။ ဒါပေမယ့် တိမ်ညိုအမည်းကွက်တွေက ထာဝစဉ်နှောင့်ယှက်နိုင်စွမ်း မရှိပါဘူး။ ခဏကြာတော့ လေနှင်ရာလွင့်ပါး ရွေ့လျားပြီး သွားရတယ်။ လမင်းကတော့ တည်တည်ငြိမ်ငြိမ် ဝင်းထိန်ထိန်။

ရွှေလသာသာ

“တိမ်မည်းညိုစ၊ မမြင်ရရင်
ရွှေလအလင်း၊ ဘယ်မှာ သတင်းကြီးနိုင်ပါ့။
လမင်းရဲ့ ဣန္ဒြေကို
ကျက်သရေရှိရှိ အလှဆင်နိုင်ဖို့
တိမ်ခိုးမျှင်တွေက အနားကွပ်ပေးရမှာပေါ့။
လမင်းသာမှ
ကမ္ဘာငြိမ်းချမ်းနိုင်မှာပဲ။
ကြည်နူးချမ်းမြေ့ဖို့
တိမ်ခိုးတိမ်ငွေ့တွေက
တရွေ့ရွေ့ လမ်းဖယ်ပေးကြရမှာ ဧကန် …” တဲ့။


(၃)
ဘယ်နိုင်ငံ မနက်ခင်းမှာပဲဖြစ်ဖြစ် အလင်းရောင်မတောက် မိုးမသောက်တသောက်အချိန်မှာ ငှက်ကလေးတွေ၊ စာကလေးတွေ အစာကောက်ဖို့ ရောက်လာကြစမြဲ။ အချိန်မှန်သလား မမေးနဲ့။ နိုင်ငံမတူပေမယ့် ငှက်ကလေး၊ စာကလေးတွေရဲ့ အလေ့အထကတော့ အတူတူပဲ။ အခု ကျနော်နေတဲ့ ကယ်လီဖိုးနီးယား လော့စ်အိန်ဂျလိစ်နေအိမ်မနက်ခင်း၊ သင်းကလေးတွေ ရောက်လာကြပြန်ပြီ။ မြန်မာပြည်ကလာသလားလို့ မေးချင်၊ နှုတ်ဆက်ချင်စိတ်နဲ့ နှုတ်ယားမိတယ်။
ပြီးတော့ ဒီကဗျာကလေးက ခုန်ကာပေါက်ကာ ထွက်လာပါတော့တယ်။


အလွမ်းတံတား


“အင်းစိန် မင်းကြီးလမ်း
အေးချမ်းတဲ့ မအူပင်ရိပ်
ကသွယ်ချောင်းကလေးထိပ်မှာ
အိမ်တံစက်မြိတ်တလျှောက်
အခုလို ရောင်နီလာ မိုးသောက်မှာ
အစာကောက်နေကြတဲ့ စာကလေးတွေ
အယ်လ်အေမှာလဲ သူတို့ပဲလားမသိ
တကျွိကျွိနဲ့ လာနားကြပြန်ပြီ။
ငါ့တံတားကလေး လွမ်းပါဘိ။
နိုင်ငံတကာ ဘယ်နေရာသွားသွား
မနက်ခင်းမှာ လာလို့စားနေကျ
စာကလေးများနဲ့ ဆုံရမြဲ
အာရုံထဲက ရင်ခုန်သံ။
အလွမ်းတံတားထိုးဖို့
အိပ်ရာကနိုး မိုးပေါ်က ဆင်းလာရော့သလား။
အို … အချင်း စာကလေးတို့ …
ဆန်တဆုပ်
ဇလုတ်အပြည့် ကောက်ကြပါလေ
မိတ်ဆွေ ငှက်ကလေးတို့ရေ …”။


(၄)
ပန်းချီဆရာ အောက်ဒိုးထွက်၊ စကက်ချ်ပုံကြမ်းရေးသလို ထင်ပါရဲ့။ ကဗျာဆရာမှာလည်း ခံစားမိသမျှ ကာရန်ကလေးတွေညှိပြီး မပီ့တပီ ရုပ်ပုံလွှာကလေး ရေးကာခြစ်ကာ တေးသီကာ ပျော်မွေ့နေမိပါတော့တယ်။ ။


ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၆)၊ စက်တင်ဘာ ၂၀ဝ၄