တရုတ်နိုင်ငံ ရွှေလီမြို့လုံခြုံရေး ကော်မတီရဲ့ စာအတုအစစ် ပြဿနာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်မျှော်ကြည့်သော်
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၃၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၄
တရုတ်နိုင်ငံ ရွှေလီမြို့လုံခြုံရေးကော်မတီရဲ့ စာအတု အစစ် ပြဿနာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်မျှော်ကြည့်သော်
သြဂုတ်လ ၂၉ ရက်နေ့နေ့စွဲနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ လုံခြုံရေးကော်မတီက တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထံသို့ ပေးပို့တယ်ဆိုတဲ့စာက အစစ်အမှန်မဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေလည်း သြဂုတ်လ ၃၁ ရက်နေ့မှာ ဆက်ပြီးပေါ်ထွက်လာတာ တွေ့ရပါတယ်။ နိုင်ငံခြား သတင်းဌာန တခုက ဒီစာနဲ့ပတ်သက်လို့ အစစ်လား အတုလားဆိုတာကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူကို သတင်းထောက်တဦးက မေးမြန်းရာမှာ အစစ် သို့မဟုတ် အတုဆိုတဲ့ အဖြေမပေးပဲ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း က ပဋိပက္ခတွေကို ဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ် ရပ်စဲရန် အမြဲလုပ်ဆောင်နေပါတယ် ဆိုတဲ့ သံတမန်ဆန်တဲ့ ပြောဆိုမှုနဲ့ အသိပေးစာကို အစစ် သို့မဟုတ် အတုဆိုတာကို ဖြေကြားခြင်း မရှိပါဘူး။
ဒီစာက စာသားအသုံးအနှုန်းတွေက ရင့်သီးတဲ့ ဗိုလ်ကျ စိုးမိုးတဲ့ အသုံးအနှုန်းတွေ ပါတယ်လို့ ပြည်တွင်းက စစ်ကောင်စီ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက ယူဆကြပြီး အမျိုးသားညီညွတ်ရေးနဲ့ အတိုင်ပင်ခံကောင်စီ NUCC က သြဂုတ်လ ၃၁ ရက်နေ့မှာ ရွှေလီမြို့လုံခြုံရေးကောင်စီရဲ့ စာနဲ့ပတ်သက်လို့ ထုတ်ပြန်ချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ရဲ့ အချုပ်သဘောကတော့ ခပ် ပြင်းပြင်း ပြန်လည်တုံ့ပြန်ထားပြီး ပြန်လည်ရုပ်သိမ်းဖို့ ရာဇသံသဘောပါတဲ့ စာသားတွေ ပါရှိတာလည်း တွေ့ရပါတယ်။
သတိပေးစာ လက်ခံရရှိတယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားတဲ့ TNLA နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ အနေနဲ့တော့ ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ တုံ့ပြန်မှုတွေ မတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သတိထား တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့်လား သို့မဟုတ် စာက တရုတ်နိုင်ငံ အစိုးရရဲ့ သဘောထားလား ဆိုတာကို အတည်ပြုနေဆဲလား ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။
တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၊ လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားဆက်ဆံရေးတွေကို ပြန်လည် ဆန်းစစ်ကြည့်ရင် မြန်မာနိုင်ငံရေး သမိုင်းမှာ မဆလ ခေတ်တလျှောက်လုံး တရုတ်နိုင်ငံနဲ့ မဆလ စစ်အာဏာရှင်နဲ့ ဆန့်ကျင်ဖက် ဖြစ်ခဲ့ကြတာပါ။ တရုတ်ကွန်မြူနစ်ပါတီက ညီနောင် ကွန်မြူနစ်ပါတီဖြစ်တဲ့ ဗကပ ကို စစ်ရေး၊ လေ့ကျင့်ရေး၊ စစ်လက်နက်၊ နယ်မြေဝင်ထွက်ခိုလှုံခွင့် စသဖြင့် အစစအရာရာ ဆယ်စုနှစ်တွေနဲ့ချီ ကူညီခဲ့တာကြောင့် ဗကပ ကွန်မြူနစ်တွေကို တိုက်နေတဲ့ မဆလ အာဏာရှင် နေဝင်းနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးက တလျှောက်လုံး မကောင်းခဲ့ကြပါဘူး။ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး မကျေနပ်မှုတွေကိုတောင် တရုတ်-ဗမာ အရေးအခင်း အဖြစ် ထွက်ပေါက်ဖွင့်ပေးခဲ့ဖူးတာလည်း သမိုင်းမှာ မှတ်တမ်းတွေ ကျန်ရစ်ခဲ့တာပါ။ တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီကို တောက်လျှောက် အားပေးထောက်ခံခဲ့ရာက မော်စီတုန်း ကွယ်လွန်ပြီးနောက် တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒအလှည့် အပြောင်းချိန်ကျမှ တရုတ်မြန်မာဆက်ဆံရေးက အသွင်တမျိုးပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက်ပိုင်းကာလတွေမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့တာဖြစ်ပြီး နအဖ၊ နဝတ စစ်အစိုးရ ခေတ်တလျှောက် ကုလသမဂ္ဂမှာ အကာအကွယ်ပေးတာ၊ လက်နက်ခဲယမ်း၊ စစ်လေယာဥ်တွေအထိ ရောင်းချပေးခဲ့တာကြောင့် လူထုကြားထဲ တရုတ်နိုင်ငံ ဆန့်ကျင်ရေးစိတ်ဓာတ်က စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူပေါ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ အန်အယ်လ်ဒီအစိုးရကိုလည်း တရုတ်နိုင်ငံက ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်လက်တည်ဆောက်ခဲ့တာ တွေ့ရမှာပါ။ လူအများစု ထောက်ခံမှုလည်းရ သလို တရုတ်နိုင်ငံနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်လိုတဲ့ ဆန္ဒရှိတဲ့ အန်အယ်လ်ဒီ အစိုးရနဲ့ စာချွန်တော် ၃၃ ခု လက်မှတ်ထိုးခဲ့သလို တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဥ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး တရုတ်နိုင်ငံက အာဏာသိမ်းမှုကို တိုက်ရိုက် အားပေးထောက်ခံတာ မဟုတ်သော်လည်း မြန်မာစစ်တပ်ကို real politics ရှုထောင့်ကကြည့်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထောက်ချင့်ကာ ဆက်ဆံခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။ စစ်တပ်ကတော့ အာဏာသိမ်းပြီးခါစ ကာလတွေမှာ တရုတ်နိုင်ငံထက်ကို ရုရှားကို ပိုမိုနီးနီးကပ်ကပ် ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး တရုတ်ကို ခပ်ခွာခွာ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးတွေ နောက်ပိုင်းမှာ စစ်တပ်အနေနဲ့ တရုတ်ကို မအားကိုးလို့ မရတဲ့ အနေအထားကိုရောက်ခဲ့ရပြီး နောက်မှာ တရုတ်နိုင်ငံအစိုးရကို မလွှဲမရှောင်သာ အားကိုးလာရတဲ့ အနေအထား ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံရဲ့ လက် ဘယ်လောက် ပါဝင်သလဲဆိုတာ တိတိပပ မပြောနိုင်သေးပေမယ့် ၁၀၂၇ စစ်ဆင်ရေးကို ဇက်ကြိုးဆွဲနိုင်တာကတော့ တရုတ်နိုင်ငံသာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တရုတ်နယ်စပ်ကို ကျောပေးပြီး စစ်ကောင်စီတပ်တွေကို ရင်ဆိုင်နေကြရသလို ဖြတ်၄ဖြတ် ဆိုတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသကို ပိတ်ဆို့မှုကို ကျော်လွှားဖို့ လက်နက်ခဲယမ်း ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းရရှိဖို့ရာမှာ တရုတ်နိုင်ငံရဲ့ အကူအညီက မဖြစ်မနေ လိုအပ်နေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့ လက်ထဲကိုင်ထားတဲ့ အခွင့်အလမ်းကို အသုံးချနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လတ်တလော တရုတ်ရဲ့ ပြေးနေတဲ့ မြင်းကို ဇက်ကြိုးဆွဲပြီး အရှိန်ရပ်အောင် လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာက လတ်တလော လူအများသိရှိချင်နေကြတဲ့ အဓိက မေးခွန်းတခုဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar