Breaking News

စစ်မီးအပြည့်နီးပါး တောက်လောင်လာတဲ့ မြန်မာနိုင်ငံ


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၃


စစ်မီးအပြည့်နီးပါး တောက်လောင်လာတဲ့ မြန်မာနိုင်ငံ


အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းက စတင်လိုက်တဲ့ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလို ရခဲတဲ့ အခြေအနေ အခွင့်အခါကို အသုံးချကြဖို့ သဘောပေါက်နားလည်လာကြပြီး မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ တပြိုင်နက်တည်း ဆိုသလို စစ်ကောင်စီတပ်တွေကို တိုက်ပွဲဖော်ဆောင်ကြပြီး အားနည်းတဲ့နေရာတွေက စစ်စခန်းတွေ၊ အရေးပါတဲ့ စစ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက် သိမ်းယူတာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

မြောက်ပိုင်း လက်နက်ကိုင် ညီနောင် ၃ ဖွဲ့ကတော့ ရှမ်းမြောက်ဒေသ နဲ့ ရှမ်းမြောက်ဒေသနဲ့ ထိစပ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်းက ဒေသတချို့ကို တိုက်ခိုက်တာတွေ အဓိက လုပ်ဆောင်တာတွေ့ရပါတယ်။ ကိုးကန့်လက်နက်ကိုင် အဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ အဓိက ကျတဲ့အဖွဲ့ဖြစ်ပြီး ၄င်းရဲ့ ရည်မှန်းချက်က ကိုးကန့်ဒေသပြန်လည် သိမ်းယူစိုးမိုးနိုင်ရေး ဖြစ်ပါတယ်။ ဒီလိုပြန်လည် သိမ်းယူနိုင်ရေးမှာ နိုင်ငံရေးအရ ရည်ရွယ်ချက်တွေရှိမယ့်အပြင် အကျိုးစီးပွားတွေလည်း ဆက်နွယ်နေလိမ့်မယ်လို့ မှန်းဆရပါတယ်။ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ TNLA  နဲ့ AA အဖွဲ့တို့အနေနဲ့လည်း မဟာမိတ်အဖွဲ့ ဖြစ်တဲ့ ကိုးကန့် MNDAA  ကို ကူညီတိုက်ခိုက်တာနဲ့ တပြိုင်နက်ထဲ ၄င်းတို့အဖွဲ့အစည်း အသီးသီးရဲ့ စစ်ရေးရည်မှန်းချက် စည်းရုံးရေး ရည်မှန်းချက်တွေကိုလည်း ဖေါ်ဆောင်နိုင်တဲ့ သဘောလို့ ယူဆရပါတယ်။ ဒီ ၁၀၂၇ စစ်ဆင်ရေးနဲ့ တနေ့ထည်းမှာ ကော့ကရိတ်မြို့ကို ကေအန်အယ်လ်အေနဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်တာ၊ နောက်ရက် အနည်းငယ်အကြာမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ကို ကေအန်အယ်လ်အေနဲ့ ပူးပေါင်းအဖွဲ့ကပဲ တိုက်ခိုက်ခဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ကေအန်ယူ/ ကေအန်အယ်လ်အေ အနေနဲ့တော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးလို နယ်မြေအများအပြားမှာ တိုက်ခိုက်တာတွေ စခန်းသိမ်းယူဖို့ ကြိုးစားတာတွေ ချက်ခြင်းမလုပ်နိုင်တဲ့အကြောင်းလည်း သတင်းမီဒီယာ အင်တာဗျူးတခုမှ ပဒို စောတောနီး က ဖြေကြားထားတာကို တွေ့ရှိရပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း၊ ကရင်ပြည်နယ်က ကော့ကရိတ်တို့ အပြင် ချင်းပြည်နယ်မှာ အခြေစိုက်တဲ့ CNF နဲ့ ဒေသက ကာကွယ်ရေး အဖွဲ့တွေပူးပေါင်းပြီး ချင်းပြည်နယ် မြောက်ပိုင်းက ရိဒ်ခေါဒါမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး အခုအခါ မြို့ဟာ CNF နဲ့ ဒေသက ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ သဘောဖြစ်ပါတယ်။ 

အဲဒီနောက် မှာတော့ ကရင်နီဒေသက ကာကွယ်ရေး အဖွဲ့တွေရဲ့ လွိုင်ကော်မြို့ သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အခုနိုဝင်ဘာ ၁၅ ရက်နေ့ အကုန်ထိ မြို့ကို သိမ်းယူနိုင်ခြင်း မရှိသေးသော်လည်း ၃ ရက်မြောက်နေ့မှာ လွိုင်ကော် တက္ကသိုလ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေထဲ ဖေါ်ပြထားပြီး တက္ကသိုလ်က ဒါဇင်နဲ့ချီတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုတွေကို ထိန်းသိမ်းထားတယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ လွိုင်ကော်မြို့ဟာ ပြည်နယ်မြို့တော်လည်း ဖြစ်တာကြောင့် စစ်ကောင်စီဘက်က အတတ်နိုင်ဆုံး ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်ကာ ယခင်နှစ်ကလို မြို့နေလူထုကို ထွက်သွားဖို့ ဖွင့်ပေးတာမျိုး မတွေ့ရပါဘူး။ သောင်းဂဏန်းလောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ မြို့နေလူထု အနေနဲ့ တိုက်ပွဲဖြစ်ပွားလာချိန်မှာ မြို့ကနေထွက်ပြေးတိမ်းရှောင်ဖို့ အခွင့်မသာတော့တဲ့ အနေအထားမျိုး ကျရောက်နေတာလည်း ဖြစ်ပါတယ်။ 

ကရင်နီဒေသ အပြင် ဒေသတခုလုံးနီးပါး စစ်ဖြစ်ပွားမယ့် အခြေအနေထဲ ပြန်လည်ကျရောက်သွားတာကတော့ ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နယ်ခြားစောင့် တပ်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်တာနဲ့အတူ AA အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ပြန်လည်စတင်လိုက်ပြီး စစ်ကောင်စီဘက်က ပြည်နယ်တခုလုံးကို အဝင်အထွက်တွေ ပိတ်ပင်လိုက်ကာ စစ်ရေးအရ တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာ ရခိုင်ပြည်နယ်ကို အခြားသော ပြည်နယ်၊ တိုင်းတွေနဲ့ ကုန်စည်ရော လူအဝင်အထွက်ပါ ပိတ်ဆို့လိုက်တဲ့ သဘောဖြစ်လာပါတယ်။ လေကြောင်းက သွားလာတဲ့ နည်းလမ်းကလွဲရင် ကုန်းလမ်းရေလမ်းက လူအဝင်အထွက်ကို ပိတ်ပင်လိုက်တဲ့ သဘောဖြစ်ပြီး ရိက္ခာ၊ ဆေးဝါး၊ အခြားသော လူသုံးကုန်ပစ္စည်းတွေ စျေးနှုန်းမြင့်တက်တာတွေ ပြတ်လပ်တာတွေ နဲ့အတူ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး အရ လည်ပတ်မှု ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ကာ ပြစ်ဒဏ်ခတ်တဲ့ နည်းလမ်းကို စစ်ကောင်စီဘက်က သုံးလာတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကောလင်း၊ ထီးချိုင့်၊ ချင်းပြည်နယ် မြောက်ပိုင်း ရိဒ်ခေါဒါ၊ စစ်ကိုင်းတိုင်း အနောက်မြောက်ဒေသက ခမ်းပတ်၊ ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မွန်ပြည်နယ်မှာ ကျိုက်မရော၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ ကရင်နီဒေသ စတဲ့ ပထဝီဝင် အနေအထား ကိုကြည့်လိုက်ရင် မြန်မာနိုင်ငံက တငွေ့ငွေ့ ပြည်တွင်းစစ်က မီးတောက်မီးလျှံတောက်လောင် လာတဲ့ သဘောလို့ ဆိုနိုင်ပါလိမ့်မယ်။ စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေး အင်အားစုတွေကတော့ စစ်အာဏာရှင် စနစ်ကို စစ်မီးနဲ့ ငြိမ်းအောင်လုပ်မယ်လို့ အယူအဆ၊ လောဂျစ် ကိုင်စွဲထားကြတဲ့ သဘောဖြစ်ပါတယ်။ စစ်မီးနဲ့ စစ်အာဏာရှင် စနစ်ကို ငြိမ်းသလို စစ်ဝါဒကိုပါ ကြီးထွားမလာအောင် သတိပြုဖို့လည်း လိုအပ်ပါတယ်။ လက်နက်သည်သာ အဆုံးအဖြတ် ဆိုတဲ့ စကားလုံး တနည်းအားဖြင့် မော်စီတုန်း စကားနဲ့ “အာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်” ဆိုတဲ့ အယူအဆက အရှိတရားကို ပြောတာသာ ဖြစ်ပြီး ဖြစ်စေချင်တဲ့ စံနှုန်းတန်ဖိုး၊ အခြေအနေတော့မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ 

စစ်မီးတောက်လောင်မှုရဲ့ အကျိုးရလဒ်က တည်ငြိမ်ရေး ငြိမ်းချမ်းရေးဖြစ်ဖို့ ရည်ရွယ်ကြတာလို့ ဆိုရင် တည်ငြိမ်ရေး ငြိမ်းချမ်းရေးဟာ နိုင်ငံရေး အယူဝါဒ၊ နိုင်ငံရေးအရ တည်ဆောက်ကြတဲ့ လက်တွေ့ အလေ့အကျင့်တွေကို ယုံကြည်ကျင့်သုံးကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ လက်နက်ကိုအမြဲသာ အားကိုးနေရင် စစ်ဝါဒ အင်အားနဲ့ အမြဲအနိုင်ယူဖို့ ကြိုးစားနေတဲ့ သံသရာထဲ ပြန်လည်ကျရောက်နိုင်ခြေလည်း ရှိတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar