Breaking News

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်က ဘာအကျိုးအမြတ် ရမလဲ၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဖြေရှာဖို့ အိန္ဒိယရဲ့ ချဥ်းကပ်မှု

⁨⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨


စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်က ဘာအကျိုးအမြတ် ရမလဲ၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဖြေရှာဖို့ အိန္ဒိယရဲ့ ချဥ်းကပ်မှု

၅ ရက်တာ ကြာမြင့်မယ့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခရီးစဥ်အတွင်း မဟာမဲခေါင်ဒေသ အစည်းအဝေးတက်ရောက်ရုံတင် မကပဲ၊ အာဆီယံနဲ့ တရုတ်တို့လို ဒေသတွင်း နိုင်ငံတွေအကြား သီးခြား အစည်းအဝေးတွေလည်း လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သံတမန်ရေးအရေ အကျိုးအမြတ်ရရှိစေတဲ့ အခွင့်အရေးတခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ခရီးစဥ်ရဲ့ အဓိက ရည်ရွယ်ချက်၊ ရည်မှန်းချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုက်ပွဲတွေကို ရပ်ဆိုင်းစေဖို့ စစ်ကောင်စီကို စည်းရုံးတာ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေဖို့ တိုက်တွန်းဖိအားပေးတာ၊ တဖက်မှာလည်း တရုတ်နိုင်ငံရဲ့ ဖြစ်စေချင်တဲ့ လက်နက်ကိုင် ပဋိပက္ခလျော့ကျလာခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ ဒီဒေသတွင်းမှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းတွေက ဘယ်လောက် အကျိုးအမြတ်ရရှိမယ်ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့  တရုတ်နိုင်ငံက စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ညီလာခံ အစည်းအဝေးကို လာတက်ဖို့ ဖိတ်ကြားခဲ့တာလို့ ယူဆရပါတယ်။ 

တရုတ်အစိုးရ အနေနဲ့ ဝန်ကြီးချုပ် အဆင့်ရှိတဲ့ မစ္စတာ လီချန်းက စစ်ခေါင်းဆောင်ကို တွေ့ဆုံခဲ့တာကို ကြည့်ရင် တရုတ်အစိုးရက မြန်မာစစ်ကောင်စီခေါင်းဆောင် နဲ့ ပရိုတိုကောလ်အရ တန်းတူဖြစ်တဲ့ ဝန်ကြီးချုပ်အဆင့် နဲ့ တွေ့ဆုံစေခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အာဏာအရှိဆုံး သမ္မတ ရှီကျင့်ဖျင်ကတော့ ဒီအစည်းအဝေးကို တက်ရောက်ခြင်း မရှိသလို မြန်မာစစ်ခေါင်းဆောင် အနေနဲ့လည်း ဝန်ကြီးချုပ်အဆင့် တွေ့ဆုံခွင့်ရခြင်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်ကို သီးခြား ဖိတ်ကြားတာမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ဒေသတွင်းနိုင်ငံတွေ အစည်းအဝေးကို ဖိတ်ကြားရင်း မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အကြံပြုချက် ဖြစ်စေချင်တဲ့ အချက်၊ လမ်းကြောင်းတွေကို မြန်မာစစ်ခေါင်းဆောင်ထံ ရှင်းရှင်းလင်းလင်း အသိပေးပြီး တရုတ်အစိုးရဘက်က လုပ်ပေးနိုင်တဲ့ အချက်တွေကိုလည်း သိရှိစေတဲ့သဘော ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာစစ်ခေါင်းဆောင်အဖို့ကတော့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေနဲ့ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တပြိုင်နက်တည်း ထိုးစစ်ဆင်မှုတွေကြောင့် နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရချိန် မှာ တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းမှုကို လက်လွှတ်မခံနိုင်တဲ့ အခြေအနေမျိုးရောက်ရှိနေတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ စစ်ကောင်စီ တွေ့ဆုံရာမှာ တရုတ်ဝန်ကြီးချုပ် ပြောဆိုတဲ့ အဓိက သော့ချက် စကားလုံးနဲ့ အကြောင်းအရာခေါင်းစဥ်တွေကတော့ မြန်မာနိုင်ငံရေး အသွင်ပြောင်းတဲ့ လုပ်ငန်းစဥ်တွေ ပြန်လည်စတင်ဖို့၊ ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့၊ အချုပ်အခြာအာဏာ နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထောက်ခံကြောင်းနဲ့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို စီမံခန့်ခွဲရေးမှာ စစ်ကောင်စီအစိုးရက အပြည့်အဝ စီမံခန့်ခွဲနိုင်အောင် လုပ်ဆောင်ဖို့တို့ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေး ပြဿနာတွေကို ရှုမြင်ရာမှာ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ် စတဲ့အရာတွေက အဓိကကျတယ်လို့ ရှုမြင်တာမဟုတ်ဘဲ တည်ငြိမ်ရေး၊ အချုပ်အခြာအာဏာ တစုတစည်းတည်း ဖြစ်တဲ့ အနောက်နိုင်ငံတွေနဲ့ နီးစပ် လွှမ်းမိုးမခံရတဲ့ မြန်မာနိုင်ငံ အဖြစ်သာ မြင်လိုတာ ဖြစ်ပါတယ်။ ဒီအနေအထားတွေ လိုလားချက်တွေအရ စစ်ကောင်စီကို ဆောင်ရန် ရှောင်ရန် အချက်တွေကို ပြီးခဲ့တဲ့ လပိုင်းကတည်းက သိစေခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ စစ်ကောင်စီ အနေနဲ့လည်း အခုလို စစ်ရေးအရ ဆုံးရှုံးမှုတွေရင်ဆိုင်နေရချိန် တရုတ်နိုင်ငံရဲ့ ထောက်ခံမှု၊ ၄င်းရဲ့ ဆောင်ရန်ရှောင်ရန် သတ်မှတ်ချက်တွေကို ယေဘုယျအားဖြင့် လက်ခံဆောင်ရွက်ဖို့က လွဲလို့ အခြား ရွေးစရာ နည်းလမ်းမရှိတဲ့ အခြေအနေမျိုး ရောက်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်အဖို့ ခုခရီးစဥ်အတွင်း  ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ လာအို၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခွင့်ရခြင်းကလည်း သံတမန်ရေးအရ အကျိုးအမြတ်ရခဲ့တယ်လို့ ရှုမြင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ စစ်တပ်နဲ့တော့ ရင်းနှီးတဲ့ ဆက်ဆံရေး တောက်လျှောက်ရှိနေခဲ့ပေမယ့် အရပ်သား အစိုးရအဖွဲ့ ရဲ့ တာဝန်အရှိဆုံး ဝန်ကြီးချုပ်လိုမျိုးနဲ့ အခုလို တွေ့ဆုံဖို့ အခွင့်အရေး ထိုင်း- မြန်မာ နယ်စပ် ကုန်သွယ်မှု နဲ့ အခြားလုံခြုံရေး ကိစ္စရပ်တွေ ဆွေးနွေးခွင့်ရတာ စစ်ကောင်စီအဖို့ အကျိုးအမြတ်ရစေတယ်လို့ ယူဆလိမ့်မှာ အသေအချာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက မြန်မာ့အရေးကို ဖြစ်စေချင်တဲ့ လမ်းကြောင်းတခုပေါ်  ဖိအားပေး တွန်းတင်နေချိန်မှာပဲ မြန်မာနိုင်ငံ အနောက်ဘက် အိမ်နီးချင်းနိုင်ငံ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံက အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေးကော်မတီဝင်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး အိန္ဒိယနိုင်ငံရဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးဖော်ဆောင်မှုတွေကို ရှင်းပြတာတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံ အစိုးရရဲ့ Think Tank အဖွဲ့အစည်းဖြစ်တဲ့ ICWA အိန္ဒိယကမ္ဘာ့ရေးရာ ကောင်စီ က နိုင်ငံရေးပါတီ ၁၁ ပါတီ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေး အကောင်အထည်ဖော်မှုကော်မတီ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု စင်တာတခုတို့ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ၊ စစ်ပွဲတွေမှာ ပတ်သက်ဆက်နွယ်တဲ့ လုပ်ဆောင်မှု မတွေ့ရဘဲ ၄င်းရဲ့ နယ်စပ်လုံခြုံရေး နဲ့ အချို့သော အိန္ဒိယပြည်နယ်တွေက လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက်မှုမရှိဖို့ စတဲ့ နယ်စပ်ဒေသလုံခြုံရေး ကိစ္စရပ်တွေကိုသာ စောင့်ကြည့်လုပ်ဆောင်တဲ့ သဘောတွေ့ရမှာ ဖြစ်ပါတယ်။ နယ်စပ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝက AA လက်နက်ကိုင်အဖွဲ့၊ ချင်းပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ ထိစပ်ရာ နယ်စပ်တလျှောက်က ချင်းလက်နက်ကိုင် အဖွဲ့၊ PDF အဖွဲ့တွေလိုမျိုးနဲ့ အိန္ဒိယအစိုးရအနေနဲ့ ထိတွေ့ဆက်ဆံတာမျိုး ဆက်စပ်ပတ်သက်တာမျိုး ရှိမနေပါဘူး။ ဒါကြောင့် အိန္ဒိယရဲ့ လတ်တလော ထိတွေ့ဆက်ဆံမှုတွေက တရုတ်အစိုးရရဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ရည်မှန်းချက်ချင်း မတူဘဲ ကွာခြားတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar