Breaking News

စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စစ်ထဲ ဆွဲသွင်းခံနေရတဲ့ လူငယ်တွေ


မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၄ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅


စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စစ်ထဲဆွဲသွင်းခံနေရတဲ့ လူငယ်တွေ 

စစ်မှုထမ်းဥပဒေ အသက်သွင်းတာ ၁ နှစ်ပြည့်ချိန်မှာ စစ်မှုထမ်း ခေါ်ယူတဲ့ အပတ်စဥ် ၁၀ ခုထိရှိခဲ့ပြီး စစ်ကောင်စီ အပြောအရ စစ်မှုထမ်း ၅၀၀၀၀ စုဆောင်းခဲ့ပြီ လို့မှတ်ယူနိုင်ပါတယ်။ လက်တွေ့မှာ အပတ်စဥ် တခုကို လူ ၅ဝဝဝ အတိအကျ စုဆောင်းတာလား သို့မဟုတ် ဒိထက်ပိုပြီး စုဆောင်းသလား ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အချက် ဖြစ်နေပါတယ်။ 

စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း  စစ်မျက်နှာ ပေါင်းများစွာ တပြိုင်နက်ထည်း တိုက်ခိုက်နေရတာကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်း လူငယ်တွေ အနေနဲ့ သင်တန်းဆင်းပြီးပြီးချင်း ရှေ့တန်း စစ်မျက်နှာဖြစ်တဲ့ ရခိုင်၊ ကရင်၊ ကရင်နီ/ကယားပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ထိစပ်နေတဲ့ စစ်မျက်နှာ၊ ကချင်ပြည်နယ် စစ်မျက်နှာတွေကို ပို့ဆောင် တိုက်ခိုက်စေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ အနေနဲ့ တိုက်ပွဲမှာ ထိခိုက်သေဆုံးတာ၊ လက်နက်ချတာ၊ တပ်ကို စွန့်ခွာထွက်ပြေးတာတွေက ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ အရေအတွက်ကိန်းဂဏန်းတွေ နဲ့ ဖြစ်ပျက်ရင်ဆိုင်နေရာတဲ့ အခြေအနေကို ဖာထေးဖို့ ခုသာခံသာဖြစ်စေဖို့ တိုက်ပွဲ အတွေ့အကြုံ မရှိသေးတဲ့ စစ်မှုထမ်းသစ်တွေနဲ့ အားဖြည့် တိုက်ခိုက်နေတာ ကြားသိနေရတာပါ။ 

မဝင်မနေရ စစ်မှုထမ်းစေတဲ့ ဥပဒေကို အသက်သွင်းပြီး တနှစ်အကြာမှာ မြန်မာနိုင်ငံ ရဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသအများအပြားမှာ စစ်မှုထမ်း ဥပဒေရဲ့ ဖိအား၊ အဓမ္မခေါ်ဆောင်မှုတွေကို ကိုယ်ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် မိမိတို့ မိသားစုကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့လာကြရ ပြီဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မွန်၊ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းမှုက တစထက်တစ တွန်းတွန်းတိုက်တိုက် ဖြစ်လာနေပြီး လာဘ်စားမှု၊ ငွေညှစ်ခြိမ်းခြောက်တ တောင်းယူမှုတွေကလည်း နေရာတိုင်းမှာ ကျယ်ပြန့်စွာ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ အလှည့်ကျ မဲနှိုက်တဲ့စနစ်အပြင် လမ်းတွေမှာပါ အရပ်ဝတ်တွေနဲ့ ဖြစ်စေ၊ ယူနီဖောင်းဝတ်တွေနဲ့ ဖြစ်စေ ရုတ်တရက် ဆွဲတင်ခေါ်ဆောင်သွားတာကြောင့် လူငယ်တွေ ညဘက်မှာ အပြင် မထွက်ရဲလောက်အောင် ဖြစ်နေတာပါ။ တဖက်မှာ အလုပ်မလုပ်ရင် မိသားစုဝမ်းရေး မဖြေရှင်းနိုင်တဲ့ အခက်အခဲ အခြားတဖက်မှာ စစ်ထဲ ဆွဲသွင်းခံရမယ့် အန္တရာယ်ကြား နေထိုင်လှုပ်ရှားနေကြရတဲ့ ဘဝတွေကြောင့် လူငယ် အများအပြား ပြည်ပကို တရားဝင်ရော တရားမဝင်နည်းနဲ့ပါ ထွက်ခွာနေကြတာ ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

ပြည်ပကို သွားဖို့ အဆက်အသွယ် ငွေအရင်းအနှီးတချို့ မတတ်နိုင်တဲ့ သူတွေ အဖို့တော့ ပြည်တွင်းမှာ ဖြစ်တဲ့နည်းနဲ့ နေထိုင်နေကြရတာ ဖြစ်ပြီး အဲဒီလို သူတွေအနေနဲ့ ချောင်ပိတ် နှိပ်စက်ခံရသူတွေလို ထွက်ပေါက် ပိတ်နေတဲ့အဆုံး စစ်မှုထမ်းစုဆောင်းကောက်ဖို့ လာတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နဲ့ ရဲတို့လို လက်နက်ကိုင် အဖွဲ့ဝင်တွေကို ရတဲ့ လက်နက်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ တွေ့နေရပါပြီ။ ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ စာရင်းကောက်သူကို ဓာတ်ဆီလောင်း မီးရှို့တဲ့ အဖြစ်အပျက်၊ နောက်နယ်မြို့ တမြို့မှာ စစ်မှုထမ်းစုဆောင်းခံရသူ ထွက်ပြေးပြီး အိမ်ပြန်လာတာကို လာဖမ်းတဲ့ ရဲကို ဓားနဲ့ ခုတ်တဲ့အဖြစ်အပျက်နဲ့ နောက်ဆုံးဖြစ်ရပ်တခုကတော့ ဖျာပုံမြို့နယ်ထဲက အမာမြို့နယ်ခွဲမှာ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး စစ်သားနဲ့ စကားများရာက လုံးထွေးသတ်ပုတ်ကာ သေနတ်ယူပြီး ပစ်ခတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဒီဖြစ်ရပ် ၃ ခုစလုံးဟာ လူထုက ပြန်လည်တုံ့ပြန်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအရ စုဆောင်းမှုနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေဟာ လူထုအပေါ် တစတစ ဖိအားကြီးလာနေပြီး စစ်ထဲစုဆောင်းခံရသူတွေ တိုက်ပွဲမှာ သေဆုံး၊ ဒဏ်ရာရနေတဲ့ အဖြစ်တွေက ပိုမိုထင်ရှားလာတာကြောင့် လူထုရဲ့ စိုးရိမ်မှု၊ စိတ်ဖိစီးမှုတွေက ပိုမိုပြင်းထန်လာတယ်လို့ ဆိုနိုင်ပါတယ်။ စုဆောင်းမှု စတင်ခါစ အနေအထားမှာ လာဘ်စားမှု ရှိနေပြီဖြစ်ပေမယ့် တနှစ် မပြည့်မီမှာ စုဆောင်းမှုနဲ့အတူ ငွေရဖို့အတွက် ပြန်ပေးဆွဲတဲ့ အဖြစ်အပျက်တွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေပြီး နိုင်ငံက ထွက်ခွာတိမ်းရှောင်ဖို့ အခြေအနေ မပေးသူတွေအဖို့ မိမိတို့ နေအိမ်မှာ၊ မိမိတို့မြို့ရွာမှာပဲ နေထိုင်ပြီး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

ငွေကြေးအနည်းအကျဥ်း တတ်နိုင်သူတွေက အလုပ်အကိုင်စွန့်ပြီး မြို့ရွာပြောင်း နေထိုင်ကာ ရှောင်တိမ်းကြသလို ပိုမိုတတ်နိုင်သူတွေက ထိုင်းနိုင်ငံတို့လိုမှာ တရားဝင်ဗီဇာနဲ့ နေထိုင်ဖို့ စီစဥ်တိမ်းရှောင်ကြပေမယ့် လူများစုကတော့ စားဝတ်နေရေး၊ မိဘ၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်ရတဲ့ တာဝန် အစရှိတဲ့ အမျိုးမျိုးသော အကြောင်းအချက်တွေကြောင့် တိမ်းရှောင်ခြင်း မပြုနိုင်ကြပါဘူး။ 

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အဖြေရှာပေးနိုင်တဲ့ အနေအထားမရှိသေးဘူးလို့ ဆိုရင် မှားမယ်မထင်ပါ။ PDF ထဲဝင်ဖို့ တိုက်တွန်းခြင်းကလည်း အားလုံးအတွက် လက်ခံနိုင်တဲ့ ပြေလည်နိုင်တဲ့ အဖြေမဟုတ်ပါဘူး။ PDF လက်နက်ကိုင် အဖြစ်ကို ရွေးချယ်ခြင်းဟာ ကာယကံရှင်ရဲ့ ဆန္ဒအရသာ ဖြစ်သင့်တာကြောင့် စစ်မှုထမ်း စုဆောင်းခံရမယ့် အတူတူ PDF အဖြစ် ဆက်သွယ်ဝင်ရောက်ဖို့ အားလုံးကို တပြေးညီတိုက်တွန်း ပြောဆိုတာ သဘာဝ မကျဘူးလို့ မြင်ပါတယ်။ နောက်ထပ်အကြံပြုတဲ့ ရွေးစရာ နည်းလမ်းတခုက စစ်မှုထမ်းစုဆောင်းခံရပြီးနောက် သင်တန်းဆင်းလို့ ရှေ့တန်းစစ်မြေပြင်ရောက်တဲ့အခါ PDF ဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ ဘက်ကို လက်နက်ခဲယမ်း ယူဆောင်ပြီး ထွက်ပြေးခိုလှုံဖို့ ဖြစ်ပါတယ်။ အခုလက်ရှိကာလမှာလည်း ထွက်ပြေးပြီး ခိုလှုံမှုတွေ ဖြစ်နေပေမယ့် ဘယ်လောက်ထိ ထွက်ပြေးဖို့ အခွင့်အရေး ရကြမလဲ၊ မလွတ်ခဲ့ရင် ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ကြပါဘူး။ 

ပြည်တွင်းမှာ နေထိုင်နေကြတဲ့ စစ်မှုထမ်း အသက်အရွယ်နဲ့ အကျုံးဝင်သူ လူငယ်တွေ အဖို့ ၄င်းတို့ကို ကူညီပေးနိုင်တဲ့ အကောင်းဆုံး အကြံဉာဏ်၊ လက်တွေ့ကျတဲ့ အကူအညီတွေ မရှိကြဘူးလို့ ကောက်ချက်ချရင် လွန်မယ် မထင်ပါဘူး။ အခုလို ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မျိုး မဟုတ်ခဲ့ရင် လူထုအနေနဲ့ စစ်မှုထမ်း စုဆောင်းခံရတဲ့ အဖြစ်ကို ရှောင်လွှဲမရခဲ့ရင် လိုက်သွားရမယ့် အဖြစ်မျိုး ရင်ဆိုင်နိုင်ပေမယ့် လက်ရှိ အခြေအနေမျိုးမှာ အသက်လည်းဆုံး၊ သိက္ခာလည်းကျမယ့် အဖြစ်မျိုး ကြုံရနိုင်ခြေ ၈၀ ရာနှုန်းလောက်ရှိနေတာကြောင့် စစ်မှုထမ်း စုဆောင်းခံရမယ့် အရေးကို စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအဖို့တော့ လူထုရဲ့ မုန်းတီးမှုကို ထပ်မံခံယူရတဲ့ အခြေအနေက အဆိုးဖက်ဖြစ်ပေမယ့် အခြားတဖက်မှာ ပြုန်းတီးလာနေတဲ့ စစ်အင်အားကို ဖြည့်ဆည်းနိုင်တဲ့ စစ်မှုထမ်း ဥပဒေ အသက်သွင်းမှုကို ရွေးချယ်တာ မှန်တယ်လို့ ယူဆကောင်း ယူဆနေမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လူထုရဲ့ နာကျည်းမှု၊ အမုန်းကို မကြာတော့တဲ့ အချိန်မှာ ပြန်လည်ပေးဆပ်ရမယ့် အလားအလာလည်း ရှိနေတာ အသေအချာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar