Breaking News

လှကျော်ဇော ● အာဖရိကဦးချိုစွန်းဒေသက ငြိမ်းချမ်းရေး

လှကျော်ဇော ● အာဖရိကဦးချိုစွန်းဒေသက ငြိမ်းချမ်းရေး
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၉

အနောက်နိုင်ငံများက နာမ်နှိမ်ပြီး အနက်ရောင်တိုက်ကြီး (Black Continent) လို့အခေါ်ခံရတဲ့ အာဖရိကတိုက်ကြီးမှာ အခု အခါမကြုံစဖူး မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာစပြုနေပါပြီ။

၂၀၁၈ ခုနှစ် အတွင်း အာဖရိကဦးချိုစွန်းဒေသ (Horn of Africa) နိုင်ငံများအတွင်း ချုပ်ဆိုလာကြတဲ့ ငြိမ်းချမ်းရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စာချုပ်များကြောင့် နှစ်ဆယ်စုနဲ့ချီပြီးဖြစ်ခဲ့တဲ့ မတည်မငြိမ်ဖြစ်မှုတွေဟာ အဆုံးသတ်တော့မယ့် အရိပ် အငွေ့တွေပေါ်လာနေပါတယ်။

အဲဒီ ဦးချိုစွန်းကနိုင်ငံများကို ကြည့်ရအောင်ပါ။


ပူးတွဲပါ မြေပုံကိုကြည့်ပါ။
၁။ အီသီယိုးပီးယားနဲ့ ၎င်းမှခွဲထွက်ခဲ့တဲ့ ...

၂။ အီရေရှား
နှစ်နိုင်ငံအကြား နှစ်ရှည်ကြာနယ်စပ်တိုက်ပွဲများအတွင်း လူပေါင်း (၈၀၀၀၀) ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ဇူလိုင် (၉) ရက်နေ့ ဆော်ဒီအာရေဗျမှာကျင်းပတဲ့ထိပ်သီးဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ချစ်ကြည်ရေးစာချုပ်ချုပ်ဆိုပြီး၊ သံတမန်ဆက် သွယ်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ လေကြောင်းလိုင်းတွေပြန်ဖွင့်နဲ့ နဂိုကတည်းကရှိပြီးသား နှစ်နိုင်ငံအကြား လူထု နှစ်ရပ်ကြားက ရင်းနှီးမှုတွေကလည်း ပြန်တိုးတက်လာလိုက်တာ။ အီရေရှားခွဲထွက်လို့ ပင်လယ်လမ်းကြောင်း ပိတ်သွားတဲ့ အပေါ် ဒေါသတကြီးဖြစ်ခဲ့တဲ့ အီသီယိုးပီးယားအတွက်လည်း ဒီစာချုပ်တွေကြောင့် ပင်လယ်လမ်းကြောင်းပြန်ပွင့်သွားလို့ စီးပွားရေးအတွက်လည်း အခွင့်ကောင်းတွေပြန်ရလာပါတယ်။

၃။ ဆိုမာလီ
သြဂုတ်လထဲမှာတော့ ၁၅ နှစ်ကြာ ဆက်ဆံရေးတင်းမာနေတဲ့ အီရေရှားနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေပြန်လုပ်ဖို့ သဘော တူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။

၄။ ဂျီဘိုတီ
ပင်လယ်နီတွင်းရှိ ကျွန်းတချို့ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နှစ်ဆယ်နဲ့ချီ ပဋိပက္ခဖြစ်နေတဲ့ အီရေရှားနဲ့ ဆက်သွယ်ရေးပြန်ထူ ထောင်လိုက်ပါတယ်။

ဒါတွေအားလုံးက ဒေသတွင်းသာမက အာဖရိကတတိုက်လုံးအတွက်ပါ သတင်းကောင်းများဖြစ်ပြီး သံခင်းတမန်ခင်းပူး ပေါင်းဆောင်ရွက်မှုများရဲ့ အောင်မြင်မှုကိုပြသနေပါတယ်။

ဒီနေရာမှာ တရုတ်ရဲ့သေနင်္ဂဗျူဟာ (ရေလမ်းကြောင်း - ပိုးလမ်မ) ခြေလှမ်းများကိုတွေ့နိုင်ပါတယ်။

၁။ ဆိုမာလီ
(တရုတ်ရဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်တပ်သားများအကူအညီနဲ့ ပင်လယ်ဓားပြများကိုရှင်းပစ်၊ ဆိုမာလီအတွင်း လက် နက် ကိုင်အဖွဲ့အစည်းများကြားစေ့စပ်ပေးပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ရရှိလာအောင်လုပ်ဆောင်ပေးတာ။ ပင်လယ်ဓားပြ ပေါ်လာရတဲ့ဇစ်မြစ်ဟာ (တရုတ်များရဲ့ရှုမြင်ပုံအရ) ဥရောပနိုင်ငံများ (ဂျာမဏီ၊ ပြင်သစ်) က အလွန်အဆင့်မြင့်တဲ့ ပင်လယ် ရေအောက်စုပ်ယူစက်ကြီးများနဲ့ (နိုင်ငံတကာ့ရေပြင်ကနေ) ငါးများဖမ်းယူမှုကြောင့်) ဆိုမာလီကမ်းရိုးတန်းက တံငါသည်များ အသက်မွေးဝမ်းကြောင်းခက်ခဲလာလို့ ဒါကြောင့် တဖက်ကလည်း ဆိုမာလီနိုင်ငံတွင်း တရရတ်ငြိမ်းချမ်းရေးစောင့်တပ်သားများအကူအညီနဲ့ အခြေခံအဆောက်အအုံတွေ (လမ်းများ တံတားများ) တည်ဆောက်ပေးပြီး နိုင်ငံတွင်း စီးပွားရေးများတိုးတက်လာအောင်ပြုလုပ်ပေးတာ။
(တရုတ်က ၂၀၀၈ ခုနှစ်ကစပြီး ငြိမ်းချမ်းရေးစောင့်တပ်သားများကို ရေတပ်စစ်သင်္ဘောများနဲ့အတူစေလွှတ်ပြီး ပင်လယ်ဓားပြများကိုနှိမ်နှင်းတဲ့ဖြစ်စဉ်အတွင်း အဖြစ်အပျက်များကို အခြေခံတဲ့ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ (အေဒင်ပင်လယ်ကွေ့မှာ)ကို အတော်လူကြိုက်များတာတွေ့ရပါတယ်။)

၂။ ဂျီဘိုတီ
တရုတ်ရဲ့တခုတည်းသော စစ်အခြေခံစခန်းတည်ဆောက်ထား။
(တရုတ်ကတော့ ထောက်ပို့စခန်းလို့ဆို တကယ်လည်း အေဒင်ပင်လယ်ကွေ့မှာတာဝန်ကျနေတဲ့ တရုတ်စစ်သင်္ဘောများ အနေနဲ့ အဲဒါလိုအပ်ပါတယ်။)

၃။အီသီယိုးပီးယား
တရုတ်က နေစွမ်းအင်ထုတ်လုပ်ရေးစက်ရုံအကြီးစား ဆောက်လုပ်ပေးထား။ အဲဒီကပိုလျှံစွမ်းအင်များကို (Grid system) ထဲထည့်ပြီးတခြားနိုင်ငံများကို ပို့လွှတ်ရောင်းချနိုင်။

ဒီလိုနည်းများဖြင့် ၄ နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ငြိမ်းချမ်းရေးစာချုပ်အမျိုးမျိုးကို တရုတ်များအကူအညီ ညှိနှှိုင်းပေးမှုများနဲ့ ၂၀၁၈ တနှစ်လုံး အကြိမ်ကြိမ်အဆင့်ဆင့် ဆွေးနွေးပြီး နှစ်ကုန်မှာ စာချုပ်များချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၉၈ ကထဲကစခဲ့တဲ့နှစ် (၂၀) ကျော်ကြာတည်ရှိခဲ့တဲ့ပြဿနာများကို နှစ်နိုင်ငံချင်း (bilateral) စီ အဆင့်ဆ့င်ဆွေးနွေးပြီး မှ စာချုပ်ချုပ်တာ၊ သံတမန်ဆက်သွယ်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ လေကြောင်းလိုင်းေတွေပြန်ဖွင့်တာတွေနဲ့     ဒေသတွင်း မကြုံစဖူး တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးမှုတွေရလာနေပါတယ်။

အာဖရိကတိုက်ရဲ့သေနင်္ဂဗျူဟာအချက်အချာဒေသ (အာဖရိကချိုစွန်း) ဟာ အာဖရိကတိုက်နဲ့ အနောက်အာရှဒေသအကြား ဆက်သွယ်ရေးကုန်သွယ်ရေးရေလမ်းကြောင်းကြီးဖြစ်နေလို့ (တဆက်တည်း တရုတ်ရဲ့ရေကြောင်း ပိုးလမ်းမးဖြစ်နေတာ)တို့အပြင် အာဖရိကသမဂွရုံးချုပ်ရှိလို့၊ အဲဒီဒေသကငြိမ်းချမ်းရေးစာချုပ်များဟာ တိုက်ကြီးတတိုက်လုံးရဲ့လူမှုစီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာအကြောင်းအရာများအတွက် အလှည့်အပြောင်းကြီးတရပ်ကို ဖော်ညွှန်းပါတယ်။

ဒါ့အပြင် ဒီဒေသတွင်းကတဆင့် တတိုက်လုံးနဲ့ဆက်သွယ်ရေးလမ်းကြောင်းများ (အဝေးပြေးလမ်းမကြီးများ၊ အမြန်ရထား လမ်းများ) တည်ဆောက်နေမှုများကလည်း ဒေသတွင်းကုန်သွယ်ရေးလုပ်ငန်းများ ချောမွေ့စွာလည်ပတ်ပြီး ဆင်းရဲမှုများ ကျဆင်းလာနိုင်ပါတယ်။

အာဖရိကတတိုက်လုံးကိုဖြတ်သွားမယ့် (တောင်အာဖရိက ကိတ်တောင်းမှ အီဂျစ်သို့) အဝေးပြေးလမ်းမကွန်ရက်ကလည်းမကြာမီပြီးစီးတော့မှာပါ။ ဒီဒေသတွင်း အများဆုံးရင်းနှီးမြှုပ်နှံနေသူများထဲမှာ တရုတ်၊ ဆော်ဒီအရေဗျ၊ ယူနိုက်တက် အာ ရပ်နိုင်ငံ (UAE) နိုင်ငံများ ပါဝင်ပါတယ်။ ဒီငြိမ်းချမ်းရေးစာချုပ်များရေရှည်အောင်မြင်ဖို့အတွက်ဆိုရင် နိုင်ငံခေါင်းဆောင်များ အနေနဲ့ အချိန်မှန်ဆွေးနွေးညှိနှိုင်းကြဖို့လိုအပ်ကြောင်း၊ ဒေသတွင်း စုစည်းပေါင်းစပ်မှုတမျိုးမျိုး (some kind of regional integration) လုပ်ဆောင်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးဆိုင်ရာအဆောက်အအုံများကို ရှင်းရှင်းလင်းလင်းရေးဆွဲဖို့ လိုအပ်ကြောင်း အာဖရိကပညာရှင်များက ထောက်ပြနေကြပါတယ်။

ဒါ့အပြင် တရုတ်အတွက် ဒေသတွင်းအင်အားကြီးနိုင်ငံများ (ဥပမာ ဆော်ဒီအာရေဗျ) ရဲ့ နိုင်ငံရေးအပြောင်းအလဲများ (ဥပမာ အမေရိကန်ရဲ့ အကျိုးစီးပွားကာကွယ်ရေးမူဝါဒများကြောင့် အာရှဘက်လှည့်လာမှု) ကလည်း သူ့သေနင်္ဂဗျူဟာခြေလှမ်း များကို အထောက်အကူပြုပါတယ်။

ဒီအခွင့်ကောင်းများကို တရုတ်က ကျွမ်းကျွမ်းကျင်ကျင် အကွက်စေ့စေ့ အသုံးချပြီး သူတို့ရဲ့ မဟာစီမံကိန်း (ပိုးလမ်းမကြီး)ကို ဘက်စုံကတည်ဆောက်နေပါတယ်လို့ တရုတ်ဖက်ကဆိုပါတယ်။

ကိုးကား
China Daily-15-2-2019/Peace treaties will benefit the Horn of Africa.pg11.