Breaking News

ဇင်လင်း ● မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ထိန်းချုပ်၍မရသော စစ်ရေးပဋိပက္ခများ

ဇင်လင်း ● မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ထိန်းချုပ်၍မရသော စစ်ရေးပဋိပက္ခများ
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၉

မြန်မာ့ငြိမ်းချမ်းရေး ပြဿနာသည် ယခု ၂၀၁၈-၁၉ အတွင်း ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကြောင့် ရှေ့တိုးရမည့်အစား တခါတခါ နောက်ပြန်လျောကျနေသလို ခံစားကြရသည်။ ယုံကြည်မှု ပျက်ပြားခြင်းဆိုသည့်  သံသရာမှ ယခုထက်တိုင် လမ်းစရှာမရနိုင်ဘဲ ဖြစ်နေသည်။ အပြန်အလှန်ယုံကြည်မှုအရင်းခံ၍ စိတ်ရင်းစေတနာ ရိုးဖြောင့်စွာဖြင့် ညှိ နှိုင်းကြမည်ဆိုပါက နေ့ချင်း ညချင်း ငြိမ်းချမ်းရေး မရရှိသည့်တိုင် အပစ်အခတ်ရပ်စဲရေးအဆင့်လောက်တော့ ရနိုင်မည်ဟု ပြည်သူတို့က ယူဆနေသည်။ ပြဿနာအရင်းခံမှာလည်း “သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံ” ဖြစ်နေသောကြောင့် အပြန် အလှန် ယုံကြည်မှု ယိုယွင်းနေရခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇွန်လ ၁၆/၁၇ ရက်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ပါဝင်သည့် FPNCC အဖွ့ဲသည် UWSA "ဝ" ဌာနချုပ် ပန်ဆန်း၌ တံခါးပိတ် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း RFA  အရ သိရှိရသည်။ ထိုဆွေးနွေးပွဲအတွင်း အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၄) ဖွဲ့တို့ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးကိစ္စကို  အဓိကထား ဆွေးနွေးခဲ့သည် ဟု ဆိုသည်။ FPNCC အဖွဲ့ကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့အပြင် SSPP/SSA နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ ပါဝင်သည်။

ယင်းအစည်းအဝေးတွင် အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်အားလုံး တက်ရောက်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကပြောဆိုခဲ့သော်လည်း ဆွေးနွေးသည့်အကြောင်းအရာ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ အစည်းအဝေး အကြောင်းအရာများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမလုပ်ရန် သဘောတူထားသည်ဟု သိရသည်။ အစည်းအဝေးတွင် ဝ၊ မိုင်းလားနှင့် SSPP/SSA အဖွဲ့များသည် အစိုးရနှင့် ပြည်ထောင်စုအဆင့်အထိ ပဏာမ အပစ်အခတ် ရပ်စဲရေးသဘောတူထားသဖြင့် ကျန်အဖွဲ့ ၄ ဖွဲ့အနေဖြင့် Bilateral လက်မှတ်ရေးထိုးရန် သဘောတူကြောင်း ပြောဆိုခဲ့ သည်ဟု ဆိုသည်။

နေပြည်တော်ရှိ သမ္မအိမ်တော်တွင်ပြုလုပ်ခဲ့သည့် ဇွန်လ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦး ဇော်ဌေးက ဇွန်လအကုန်တွင် ယာယီအပစ်ရပ်ကာလ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ပစ်ခတ်မှုများဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ Bilateral စာချုပ် မချုပ်နိုင်သဖြင့် တိုက်ပွဲများပြန်ဖြစ်လာပါက ထိန်းသိမ်းရခက်မည်ဖြစ်၍ ကချင်အဖွဲ့(KIA) နှင့် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေသည်ဟု သမ္မရုံးမှ သတင်းရရှိကြောင်း ၇ ရက်နေ့စဉ်သတင်းက ဖေါ်ပြသည်။ အလားတူ အစိုးရ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ပါဝင်နိုင်ရန် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က အဆိုပြုချက်တရပ် ရေးဆွဲနေပြီး ထိုအဆိုပြုချက်ပေါ်မူတည်၍ ထပ်မံတွေ့ဆုံရန်ရှိသည်ဟုလည်း အစိုးရရုံးက ဆိုသည်။ မြောက်ပိုင်း မဟာမိတ် အဖွဲ့ (FPNCC ) သည် UWSA ၊ ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကိုးကန့် (MNDAA)၊ မိုင်းလား (NDAA)၊ တအောဝ်းပလောင် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့်တပ် (AA) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်က ရခိုင်အဖွဲ့ AA အား တိုက်ခိုက်နေသည့် စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ရေးဆိုင်ရာ စီမံချက် များကို ရပ်ဆိုင်းပေးရန် “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ” (FPNCC) အဖွဲ့က မေတ္တာရပ်ခံကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မကြာမီ Bilateral ခေါ် နှစ်ဘက်အပစ်ရပ် ဆွေးနွေးပွဲများ ကျင်းပတော့မည်ဖြစ်၍ FPNCC အဖွဲ့အနေဖြင့် ကောင်းမွန်သည့်အခြေအနေများကိုဖန်တီးနိုင်ရန် စစ်ရေးလှုပ်ရှားမှုများ ရပ် ဆိုင်းထားရေး မေတ္တာရပ်ခံရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ 

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ဦးဆောင်သည့် FPNCC အဖွဲ့သည် တရုတ်နိုင်ငံနယ်စပ်တွင် အခြေပြုရုံမက၊ တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း အကူအညီများ ရရှိရေးလည်း စွမ်းဆောင်နိုင်သည်ကို တွေ့ရသည်။ ၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်နေ့က တရုတ်-မြန်မာနယ်စပ်တွင် စစ်ရေးလှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (KIA၊ TNLA၊ AA၊ MNDAA) နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် ‘မစ္စတာ ဆွန်ကော့ရှန်’ (Sun Guo-xiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့ World Trade Center ၌ တတိယအကြိမ်နှင့် ၂၀၁၇ မေလ ၁၁ ရက်နေ့တွင်  စတုတ္ထအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း မီဒီယာသတင်းများတွင် ဖေါ်ပြခဲ့ဖူးသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်နေသည့် ပဋိပက္ခများ၊ စစ်ရေး၊ နိုင်ငံရေး အကြောင်းအရာများ၊ တိုက်ပွဲအရှိန် လျှော့ချရေး ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကိစ္စရပ်များ၊ NCA သဘောတူစာချုပ်ပါကိစ္စရပ်များနှင့် ပန်းခမ်းထိပ်သီးအစည်းအဝေး အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ ဖူးသည်။ 

၂၀၁၈ ခုနှစ်တွင် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သို့ တရုတ်နိုင်ငံက အမေရိ ကန်ဒေါ်လာ ၃ သိန်း လှူဒါန်းခဲ့သည်။ အလှူငွေကို JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူခဲ့သည်။ ၎င်း အလှူငွေပေးအပ်ပွဲတွင် ‘မစ္စတာ ဆွန်ကော့ရှန်’ က မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်လာစေရန် မျှော်လင့်ကြောင်း၊ NCA သဘောတူစာချုပ် လက်မှတ်မထိုးရသေးသည့် FPNCC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ပါဝင်လာစေရန် တရုတ်နိုင်ငံက ကူညီမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာအား နိုင်ငံ ရေးအရ ထောက်ခံကူညီနေသကဲ့သို့ ဘဏ္ဍာရေးအကူအညီလည်း ပေးလျှက်ရှိကြောင်း၊ စသဖြင့် ပြောကြားခဲ့သည်။  အမှန် စင်စစ် မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုမရှိလျှင် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (China-Myanmar Economic Corridor) အောင်မြင်နိုင်ဖွယ်မရှိသည်ကို တရုတ်နိုင်ငံက သဘောပေါက်နေခြင်း ဖြစ်သည်။

ယခု ၂၀၁၉ ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အစည်းအ ဝေးခန်းမ၌ ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြား ရာ၌ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဥိးခင်ဇော်ဦးက “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA)” တွင် အဓိကအရေးကြီးသည့် အချက် ၂ ချက်ရှိသည်ဟု ဆိုသည်။ ယင်းတို့မှာ (၁) အပစ်အခတ် ရပ်စဲရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ရေး၊ (၂) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကျင်းပရေး တို့ဖြစ်သည်ဟု ဦးခင်ဇော် ဦးက ဆိုသည်။ ၎င်းက ဆက်ပြောသည်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု တနည်းအားဖြင့် စေ့စပ်ညှိနှိုင်းမှုအပိုင်းတွင် အဓိက အရေးအကြီးဆုံးမှာ “ယုံကြည်မှုတည်ဆောက်ရေး” ဟု ဆိုသည်။

“မည်သည့်စေ့စပ်ညှိနှိုင်းမှုမျိုးမှာမဆို တဖက်နဲ့တဖက် ယုံကြည်မှု မြင့်မားနေရပါမယ်။ အနှစ်သာရမရှိတဲ့ ဟန်ဆောင် ယဉ် ကျေးမှု ရင်းနှီးဖေါ်ရွေမှုနဲ့တော့ တကယ့်စေ့စပ်ညှိနှိုင်းမှုကို မလုပ်ဆောင်နိုင်ပါဘူး။ ဒီနေ့ ကျနော်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဟာ ဟန်ဆောင်ရင်းနှီးမှုတွေလားလ့ိုတောင်လည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါတယ်။” ဟု ဦးခင်ဇော်ဦးက အဖွင့်အမှာ စကား၌ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၉ ဇွန်လ ၁၃/၁၄ ရက်များတွင် ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ပါဝင်သည့် အစိုးရအစုအဖွဲ့၁၀ ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ၁၀ ဦးနှင့် တိုင်းရင်းသားလက်နက် ကိုင် အစုအဖွဲ့ ၉ ဦး တက်ရောက်ခဲ့သည်။ ယခု UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲသို့ KNU ကိုယ်စား လှယ် တက်ရောက်ခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ (RCSS) တို့ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားခဲ့ခြင်းကြောင့် လက်ရှိ၌ NCA လမ်းကြောင်းအရ ဆောင်ရွက်သော ဆွေးနွေးပွဲများ ရပ်တန့်နေသည်။ UPDJC အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများသည် ၂၀၁၈ ဇူလိုင်လတွင်ပြုလုပ်သည့် တတိယအကြီမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ နောက်ပိုင်း ရပ်တန့်နေခဲ့သည်။

ယင်း အလွတ်သဘောဆွေးနွေးပွဲတွင် တစ်ဆို့မှုများကို ကျော်လွှားနိုင်ရေးအတွက် အချက် ၄ ချက်ကိုအခြေခံကာ ဆက် လက်ဆွေးနွေးကြမည်ဟု ဆိုသည်။ ထို ၄ ချက်မှာ ...

(၁) NCA စာချုပ် အကောင်အထည်ဖော်ဆောင်နေမှုကို ပြန်လည်သုံးသပ်ရန်။
(၂) ဖက်ဒရယ်ပြည်ထောင်စုတွင် ပါဝင်ရမည့် အခြေခံမူနှင့် လုပ်ငန်းစဉ်များ။
(၃) ၂၀၂၀ ပြည့်နှစ်မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ၂၀၂၀ အလွန်တွင် မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အာမခံချက်ရှိစွာ  ဆက်လက် ဆောင်ရွက်နိုင်ရန်။
(၄) ကြားကာလ အစီအစဉ်များတွင် NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ သက်ဆိုင်ရာဒေသ ဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ၎င်းတို့၏ပြည်သူလူထုများနှင့် ထိတွေ့ဆက်ဆံရေး။

စသည့်အချက်များအပေါ် အခြေခံကာ ဆက်လက်ဆွေးနွေးသွားရန် EAOs များအား အစိုးရဘက်မှ အဆိုပြုထားသည်ဟု မွန်သတင်းအေဂျင်စီသတင်းအရ သိရသည်။

အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ခဲသောကြောင့် ဆက်လက်ဆောင်ရွက်ရမည့်အပိုင်းများကို ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုသည်။ နောက်တကြိမ် ဆွေးနွေးပွဲကို  ဇူလိုင်လ အ တွင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်သည်ဟု ဆိုသည်။ ပုံမှန်လုပ်ငန်းစဉ်များ Formal Meeting များ ပြန်စနိုင်ပြီးလျှင် ပုံမှန် UPDJC အစည်းဝေးများ ခေါ်နိုင်မည်။ ညီလာခံကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ပြောကြောင်း၊ မွန်သတင်းအေဂျင်စီက ဖေါ်ပြသည်။

ဤအတောအတွင်း တရားဝင် အစည်းအဝေး ပြန်လည်စတင်၍ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် အဓိကဆွေးနွေးဖက်များကို ‘ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ’ (UPDJC) ‘နိုင်ငံရေးပါတီ များ အစုအဖွဲ့’ က ဇွန်လ ၁၇ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်းကြောင်း ၇ ရက်နေ့စဉ်သတင်းက ဖေါ်ပြသည်။ လက်ရှိတွင် ငြိမ်းချမ်းရေးဖြစ်စဉ် တန့်ရပ်နေပြီး၊ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆက်လက်ကျင်းပနိုင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေသည့် ပြည်သူများအနေဖြင့် အားမလို အားမရဖြစ်ကာ၊  စိုးရိမ်စိတ် များဖြစ် ပေါ်နေကြောင်း ဇွန်လ ၁၇ ကြေညာချက်၌ ဖော်ပြထားသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက ဆွေးနွေးဖက်များဖြစ်သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs) အနေဖြင့် NCA သဘောတူစာချုပ် နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်၌ ပြဋ္ဌာန်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲများ၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေးများ၊ UPDJC အစည်းအဝေးများအပါအဝင် ညီလာခံလုပ်ငန်း စဉ်များ ပြန်လည်စတင်နိုင်ရန်နှင့် “စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” အမြန်ဆုံးပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းရန် ယင်းကြေညာချက်တွင် တိုက်တွန်းထား‌သည်ဟု ဆိုသည်။

သို့ဖြစ်၍ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်လျှက်ရှိကြသော ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များသည် လတ် တလောစစ်ပွဲများကြောင့် ပြည်သူအများ ဆင်းရဲဒုက္ခ ကြီးစွာရောက်နေရသည်ကို ကယ်တင်ရေး ဦးစားပေးစဉ်းစား ကြစေချင် သည်။ မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ၂၀၁၈ နှစ်ကုန်ပိုင်း အထိ လေးသိန်းခွဲကျော်ရှိကြောင်း စစ်ရှောင်ပြည်သူများအရေး ဆောင်ရွက်သောအဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် ‘အိမ် မလွမ်းသူ ဘယ်သူရှိမလဲ - မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှငဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်မှုများ’ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာ၌ အစိုးရအနေဖြင့် အရေးတယူဆောင်ရွက်သင့်သည့် အကြံပြုချက်များဖေါ်ပြထားသည်။ အကြံပြုချက်များ တွင် မြေမြှုပ်မိုင်းများရှင်းလင်းပေးရေး၊ လက်နက်ကိုင်ပဋိပက္ခဖြစ်စေသည့်အကြောင်းရင်းကိုရှာဖွေ၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ခိုင်မာစွာလုပ်ဆောင်စေရေးနှင့် စစ်ရှောင်ပြည်သူများအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များကို ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၏ အရေးပါသောအစိတ်အပိုင်းအဖြစ်  ထည့်သွင်းဆွေးနွေး အကောင်အထည်ဖော်ရန် ဖော်ပြထားကြောင်း ၇ ရက်နေ့စဉ်သတင်းအရ သိရသည်။ အလားတူ တပ်မတော်သို့အကြံပြုရာ၌ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်မှု စနစ်တစ်ခု ဖော်ဆောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို အားပေးထောက်ခံရန်နှင့် နိုင်ငံရေးတွင် တပ်မ တော်ပါဝင်စွက်ဖက်မှုများကို  ရုပ်သိမ်းရန် ဇွန်လ ၂၀ ရက်နေ့တွင် ထုတ် ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဝင်များအားလည်း အလားတူ အကြံပြုထားသည်။ EAOs တို့အနေဖြင့် ဒုက္ခသည်များ၏ အိုးအိမ်၊ မြေယာနှင့်  ပိုင်ဆိုင်မှုအခွင့်အရေးများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့်  အစိတ်အပိုင်းအဖြစ် ထည့်သွင်း ဆွေးနွေး အကောင်အထည် ဖော်ရန်နှင့် တိုင်းရင်းသားအဖွဲ့များအချင်းချင်းအကြားဖြစ်စေ၊ အခြားအဖွဲ့များနှင့်ဖြစ်စေ၊ အပြန်အလှန်ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုများကို ရှောင်ကြဉ်ရန်၊ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေး အတူတကွ လက်တွဲဆောင်ရွက်ရန် စသည်ဖြင့် အကြံပြုထားကြောင်း တွေ့ရသည်။

နိဂုံးချုပ်ရလျှင် UPDJC ‘နိုင်ငံရေးပါတီများ အစုအဖွဲ့’ ၏ ဇွန်လ ၁၇ ရက် ကြေညာချက်နှင့် စစ်ရှောင်ပြည်သူများအရေး ဆောင်ရွက်သော အဖွဲ့ ၁၅ ဖွဲ့၏ (အိမ် မလွမ်းသူ ဘယ်သူရှိမလဲ) အစီရင်ခံစာတို့တွင် ဖေါ်ပြသည့် အကြံပြုချက်များသည် ပြည်သူကို မျက်နှာမူ၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုက်တွန်းနှိုးဆော်ချက်များ ဖြစ်သောကြောင့် သက်ဆိုင်သူနိုင်ငံခေါင်းဆောင်များ အလေးအနက် ထည့်သွင်းစဉ်းစားပေးရမည် ဖြစ်ပေသည်။

 29 June 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့် ဆောင်းပါး။