Breaking News

မန္တလေးမြို့ ခြိမ်းခြောက်ခံနေရပြီလား၊ စစ်ကောင်စီရဲ့ နောက်ခြေလှမ်း

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၄⁨


မန္တလေးမြို့ ခြိမ်းခြောက်ခံနေရပြီလား၊ စစ်ကောင်စီရဲ့  နောက်ခြေလှမ်း 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ (အုပ်ချုပ်ရေးအရ မန္တလေးတိုင်းထဲ ထည့်သွင်းထားသော်လည်း) ရှမ်းပြည်နယ် အနောက်မြောက်ဘက်နဲ့ ထိစပ်နေတဲ့ မိုးကုတ်မြို့တို့ကို TNLA နဲ့ MNDAA တို့က ၂ လမှ ၃ လအတွင်း သိမ်းယူပြီးနောက်မှာ နောက် ပစ်မှတ်က မြန်မာနိုင်ငံ အထက်ပိုင်းမှာ အကြီးဆုံးမြို့ ဖြစ်သလို တနိုင်ငံလုံးအနေနဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်း ကုန်သွယ်ရေးရဲ့  ဗဟိုအချက်အချာဖြစ်တဲ့ မန္တလေးမြို့ ဖြစ်လာပါတယ်။ 

မန္တလေးမြို့ကို တိုက်ခိုက်မယ်လို့ မှန်းဆရတဲ့အဖွဲ့တွေကတော့ TNLA, MDY-PDF လို့ခေါ်ဆိုကြတဲ့ မန္တလေးမြို့ရဲ့ မြောက်ဘက် အရှေ့မြောက်ဘက်တွေမှာ အခြေစိုက်ပြီး တိုက်ခိုက်လှုပ်ရှားနေကြတဲ့  လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပါတယ်။ မန္တလေး၊ မတ္တရာ၊ ကလေး၊ စစ်ကိုင်း၊ မကွေးအထက်ပိုင်းတွေက ဒေသအလိုက် PDF အဖွဲ့တွေ၊ ဒေသခံ ပကဖအဖွဲ့တွေနဲ့ ထိတွေ့ကာ ပူးပေါင်းဆောင်ရွက်နေတဲ့ KIA က မန္တလေး မြို့ စစ်ဆင်ရေးလိုမျိုးမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်မလဲ သို့မဟုတ် မပါဝင်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ 

စစ်ရေးစစ်ရာတွေ ဖြစ်လို့ အခုလိုကိစ္စတွေကို ကြိုတင်ပြီး လူသိရှင်ကြား ထုတ်ပြောမှာမဟုတ်တာ သဘာဝဖြစ်ပါတယ်။ သို့ပေမဲ့ မန္တလေးမြို့ ခံလူထုအနေနဲ့တော့ ဘယ်အဖွဲ့ပါတယ်၊ မပါဘူးဆိုတာထက် မန္တလေးမြို့ကို သိမ်းယူတဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့အချက်က သိရှိချင်ကြမှာ သေချာပါတယ်။ မန္တလေးမြို့ သိမ်းယူဖို့ တိုက်ခိုက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF အဖွဲ့တွေ လုံလောက်တဲ့ သဘောတူညီမှု၊ စစ်လက်နက် ခဲယမ်း၊ လူအင်အား ရှိနေကြပြီလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာသလို တရုတ်နိုင်ငံရဲ့ ဖိအား၊ ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ အပေါ် တရုတ်နိုင်ငံက ဘယ်လို သတင်းစကား ပါးထားသလဲ။ ဘယ်လို သတိပေးမှုတွေ ရှိနေသလဲ ဆိုတဲ့ အချက်အလက်တွေ အပေါ်မူတည်ပြီး မန္တလေးမြို့ သိမ်းတိုက်ပွဲတွေ ဖြစ်၊ မဖြစ်က မှန်းဆနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

မန္တလေးမြို့ကို သိမ်းယူဖို့ မအောင်မြင်ခဲ့ရင်တောင်မှ ဝိုင်းရံပြီး တိုက်ခိုက်ခံရတဲ့ အနေအထားမျိုး ရောက်ခဲ့ရင် နိုင်ငံရေး၊ ဝါဒဖြန့်ချိရေး၊ စီးပွားရေးနဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ အပေါ် သက်ရောက်မှုက ကြီးမားတဲ့ အနေအထားလို့ ဆိုနိုင်ပါလိမ့်မယ်။ နောက်တဆင့် သက်ရောက်မှုအနေနဲ့ နေပြည်တော်၊ မြန်မာနိုင်ငံတောင်ပိုင်းက ရန်ကုန် တို့လည်း ဘယ်တော့မှ တိုက်ခိုက်ခြင်း မခံရနိုင်ဘူးလို့ မယူဆနိုင်တော့မယ့် အနေအထားလို့ ဆိုရမှာပါ။ 

၁၉၄၉ ခုနှစ်ကလည်း မန္တလေးမြို့ သူပုန်တွေ ထိန်းချုပ်မှုအောက်ကို ရောက်ခဲ့ဖူးတာ မှန်ပေမယ့် အဲဒီအချိန်က အစိုးရ အနေနဲ့ လူထုထောက်ခံမှု ရယူနိုင်တဲ့ အနေအထား၊ အစိုးရနဲ့ ဆန့်ကျင်ဘက် တိုက်ခိုက်ခဲ့ကြတဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ အကြား ပူးပေါင်းဆောင်ရွက်မှုတွေက အခု ၂၀၂၁ ခုနှစ် နောက်ပိုင်းအခြေအနေနဲ့ မတူကွဲပြားတာကို သတိပြုဖို့ လိုပါတယ်။ အခု အနေအထားမှာ ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စုစည်းမှုက ၁၉၄၉ ခုနှစ်နဲ့ လုံးဝ မတူကွဲပြားတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။ ၄၉ ခုနှစ် အခြေအနေမှာ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဘုံအကျိုးစီးပွား ဘုံရည်မှန်းချက် ပြောဆိုညှိနှိုင်းနိုင်တဲ့ အနေအထားမဟုတ်ပေမယ့် အခုအခြေအနေမှာတော့ ဆန့်ကျင်ဘက် အကျိုးစီးပွားတွေ၊ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားနိုင်ခြေတွေ ရှိနေသည့်တိုင် အတိုင်းအတာတခုထိ မဟာမိတ် ဖွဲ့နိုင်တဲ့ အနေအထားမျိုး လို့ဆိုရမှာ ဖြစ်ပါတယ်။ 

မန္တလေးမြို့ သိမ်းယူဖို့ ရည်မှန်းချက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား အတိုင်းအတာတခုထိ နားလည် သဘောတူညီမှု ရှိထားတဲ့ အနေအထားလို့ ခန့်မှန်းနိုင်ပါတယ်။ သို့ပေမယ့် သဘောတူညီမှု ဘယ်လောက်ကျယ်ပြန့်သလဲ၊ နယ်မြေထိန်းချုပ်မှုနဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာ အကျိုးစီးပွားချင်း ဆန့်ကျင်မှုတွေရှိလာရင် ရှိနေခဲ့ရင် ဘယ်လိုအဖြေရှာကြမလဲ ဆိုတာတွေအထိလည်း စဥ်းစားပြင်ဆင်ထားကြကောင်း ထားကြပါလိမ့်မယ်။ ဒါတွေကတော့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်က အပိုင်းဖြစ်ပြီး နောက်တဖက်ကတော့ စစ်ကောင်စီ ရဲ့ လှမ်းလာနိုင်တဲ့ ဖြစ်နိုင်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ 

ရှမ်းမြောက်နဲ့ မန္တလေးမြို့တို့ကို ပစ်မှတ်ထားနေကြချိန်မှာ စစ်ကောင်စီ အနေနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်လည် ရယူဖို့ ကြိုးစားမှုတွေ ရှိကောင်း ရှိနိုင်တာလည်း ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင် အနေနဲ့ မန္တလေးမြို့၊ မော်လမြိုင်မြို့ နဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ လွိုင်ကော်မြို့တို့ကို တမြို့ပြီးတမြို့သွားရောက် တာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကရင်နီပြည် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ကို သွားရောက်ခြင်းဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း စစ်ကောင်စီ ခေါင်းဆောင် အနေနဲ့ ပထမဆုံးအနေနဲ့ သွားရောက်တာလို့ဆိုနိုင်ပါတယ်။ ယမန်နှစ်က အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယခေါင်းဆောင် စိုးဝင်း သွားရောက်ခဲ့ဖူးပေမယ့် ယမန်နှစ် ကုန်ပိုင်း အောက်တိုဘာ ၊ နိုဝင်ဘာလနောက်ပိုင်း လွိုင်ကော်မြို့ ရဲ့ လုံခြုံရေး အခြေအနေက စစ်ခေါင်းဆောင်တွေ လာရောက် ကြည့်ရှုရဲလောက်အောင် မလုံခြုံတဲ့ အနေအထားမျိုး ရှိခဲ့ရာက အခုအချိန်မှာတော့ စစ်ကောင်စီ အနေနဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ် ထားနိုင်တဲ့ အနေအထား နဲ့ ယုံကြည်မှုရှိလာတဲ့ အနေအထားလို့ မှန်းဆရပါတယ်။ ကရင်နီပြည်က KNDF အနေနဲ့ လွိုင်ကော်မြို့ သိမ်းဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အပြင်းအထန်ကြိုးစားခဲ့ရာက ၂၀၂၄ နှစ် ဧပြီလ နောက်ပိုင်း လွိုင်ကော်မြို့ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ တဖြည်းဖြည်း နောက်ဆုတ်ပေးခဲ့ရတဲ့ အနေအထားလည်း တွေ့ရပါတယ်။ 

စစ်ကောင်စီ အနေနဲ့ လက်လွှတ်ဆုံးရှုံးထားရတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့တွေ၊ တိုင်းစစ်ဌာနချုပ်တခုတို့ကို ပြန်လည်ရယူရေးထက် ပျော့တယ်လို့ ၄င်းတို့ ယူဆတဲ့ တိုင်းရင်းသား ဒေသအချို့မှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေ စခန်းတွေကို ပြန်ရယူဖို့ ရည်ရွယ်လုပ်ဆောင်နေသလားလို့ မှန်းဆရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။⁩



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar