Breaking News

သီဟသွေး - ဝ ပြည်နယ် တောင်းဆိုမှု နဲ့ အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေး ပြဿနာ



သီဟသွေး - ဝ ပြည်နယ် တောင်းဆိုမှု နဲ့ အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေး ပြဿနာ

(ဖယ်ဒရယ်ဂျာနယ်၊ ဇွန် ၂၀၁၉၊)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၉

မြန်မာ့ နှစ်သစ်ကူး အခါသမယ ၊၂၀၁၉ ခုနှစ်ထဲက ဧပြီလ ၁၇ ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့သော ဝ' အထူးဒေသ ရဲ့ UWSA ဝ' လက်နက်ကိုင် အဖွဲ့ တည်ထောင်မှု နဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာ ကြီးမားထည်ဝါတဲ့ စစ်ရေးပြ အခမ်းအနားကိုပါထည့်သွင်းခင်းကျင်းလိုက်ပြီး အစိုးရတပ်မတော် ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယ အကြီးမားဆုံး စစ်အင်အား ကို ခင်းကျင်းပြသလိုက် တဲ့ အတွက် မြန်မာ့ နိုင်ငံရေး နဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အနာဂတ် အတွက် အလွန် အရေးပါတဲ့ အချက်ပေး ၊ သတိပေး နှိုးဆော်ချက်တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ 

အမှန်တော့ ဒီနှစ်များမှာ အရှေ့ မြောက်ပိုင်း နဲ့ ရခိုင်မြောက်ပိုင်းစစ်ရေး လှုပ်ရှားမှုတွေ ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မျှော်လင့်ချက်မဲ့ရတော့ မလိုဖြစ်စေခဲ့တယ်လို့ ထင်ရပေမယ့် ဒီလို လှုပ်လှုပ်ရှားရှားမဖြစ်ခင် ကတည်းကငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ထဲထဲဝင်ဝင်ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြားမှာရော UWSA ဝ 'အဖွဲ့လို ၊NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေလို အစိုးရတပ်မတော် နဲ့ တိုက်ပွဲ မရှိသော်လည်း နိုင်ငံရေး အားပြိုင်မှုအလားလာ ကောင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားမှာပါ စစ်အေးတိုက်ပွဲသဏ္ဌာန်၊ စစ်ရေး သရုပ်ပြခင်းကျင်းမှုတွေအားကောင်းနေခဲ့တာဖြစ်ပါတယ် ။ 

တပ်မတော်က နှစ်စဉ် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွေမှာ ပုံမှန် စစ်အင်အား နဲ့ တိုက်ခိုက်စွမ်းရည် ကို ပြသနေသလို ဒီနှစ်ပိုင်းတွေမှာ လက်တွေ့ စစ်ရေးလေ့ကျင့်မှုတွေ ကိုလည်း မြေပြင်၊ ရေပြင်၊ ဝေဟင်တွေမှာ အခါအားလျော်စွာ ခင်းကျင်းပြသရင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ရင်ဆိုင် နိုင်စွမ်းရှိကြောင်းပြသနေပါတယ် ။ 

ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း သက်ဆိုင်ရာနေ့ထူးနေ့မြတ်တွေကျင်းပရာမှာ စစ်ရေးပြအခမ်းအနားတွေ ခင်းကျင်းပြသတဲ့ အခါ စစ်ရေးစွမ်းအားထက် စည်းရုံးရေး နဲ့ နိုင်ငံရေး စွမ်းအားကို အဓိကထား ထုတ်ပြကြပြန်ပါတယ် ။ 

အဲဒီလို အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ကြွေးကြော်ထားတဲ့ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား မိမိ အားသာချက်ကို အပြန်အလှန် ထုတ်ဖေါ်ပြသရင်း နိုင်ငံရေးစျေး မြှင့် စျေးထိန်းတဲ့ စစ်အေးတိုက်ပွဲဆန်ဆန် အားပြိုင်မှုတွေ ရှိနေခဲ့ရာက အခုတခါ ကျင်းပခဲ့သော UWSA ဝ'အဖွဲ့ ရဲ့ စစ်ရေးပြ အခမ်းအနားကတော့ စစ်အေးတိုက်ပွဲ ကိုပိုပြီး နက်ရှိုင်းစွာ အားကောင်းပြင်းထန် စေခဲ့ပြီလို့ပြောရပါလိမ့်မယ် ။ 

တိုင်းရင်းသားတွေ နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ မှာ တပ်မတော်က အမြဲတစေ သာလွန်အင်အား အဖြစ် အသုံးပြုလေ့ရှိသော လေကြောင်းစစ်ဆင်ရေးတွေ ကို ကာကွယ်တွန်းလှန်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့နဲ့ယန္တရား အင်အားကို UWSA က သူရဲ့ တပ်ဖွဲ့ နှစ်၃၀ ပြည့် စစ်ရေးပြ အခမ်းအနားမှာထုတ်ပြခဲ့ပါတယ် ။ ဒီပွဲကို တက်ရောက်ဖို့ ပြည်တွင်းပြည်ပ သတင်း မီဒီယာတွေကို ပါ ဖိတ်ကြားခဲ့ပြီး သတင်းမီဒီယာတွေ က သတင်းဆောင်းပါးတွေ ရေးသား ဖေါ်ပြရာမှာ UWSA တပ်မတော်ရဲ့ စစ်အင်အား နဲ့ ဘယ်လို ခေတ်မီ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတယ် ဆိုတဲ့ အချက်အလက်တွေကိုပါ ဝေဝေဆာဆာဖေါ်ပြထားသလို အချို့ မီဒီယာဆောင်းပါးတွေမှာလည်း UWSA အနေနဲ့ သံချပ်ကာဖျက် စွမ်းအားမြင့်လက်နက်တွေပါ ပိုင်ဆိုင် တပ်ဆင်ထားရှိပြီ လို့ ဖေါ်ပြခဲ့တာတွေရပါတယ် ။ 

ဒီအချက်တွေကိုကြည့်ရင် ကိုးကန့်တိုက်ပွဲနဲ့ အရှေ့မြောက် မဟာမိတ် အဖွဲ့တွေ ရဲ့ ကန့်သက်စစ်ပွဲ စစ်ဆင်ရေးတွေမှာ တပ်မတော် က ထုတ်ပြခဲ့သော စစ်ရေးအားသာချက်တွေအပေါ်တန်ပြန်ချိန်ညှိ ထားတဲ့ Deterrence Theory သဘော နဲ့ အခင်းအကျင်းတစ်ရပ် အဖြစ် ယူဆနိုင်တာကြောင့် UWSA ဝ'အဖွဲ့ ရဲ့ နှစ်၃၀ ပြည့် အခမ်းအနားဟာ ကြီးကျယ်ခမ်းနား ခဲ့တယ် ဆိုတာထက်ပိုတယ် လို့ဆိုရမှာဖြစ်ပါတယ်။ ဒါဟာစစ်အေး တိုက်ပွဲ ရဲ့ အစိတ်အပိုင်း တစ်ခုလို့ ရှုမြင်နိုင်ပါတယ် ။ ဒီနေရာမှာ ပြဿနာက အင်အား ပြိုင်ဆိုင်မှုမဟုတ်ပဲ ဝ' အင်အား ရဲ့ အရှိန်အဝါအပေါ် အစိုးရ နဲ့တပ်မတော်ရဲ့ ပျော့ပျောင်းတဲ့ တုံ့ပြန်ချက်က ထိရောက်ကြီးမားတဲ့ အကျိူးဆက်တွေဖြစ်ပေါ်စေတာပဲဖြစ်ပါတယ် ။

ဝ ' အဖွဲ့ ဟာ စစ်ရေးပြ အခမ်းအနားမှာ အင်အားကို ထုတ်ပြခဲ့သလို သူ့ဆန္ဒအပြင်းပြဆုံး တောင်းဆိုချက်ကိုလည်း တောင်းဆိုခဲ့ပါတယ် ။ အဲဒါကတော့ ဝ' ကို ပြည်နယ် အဆင့် သတ်မှတ်ပေးဖို့ပဲဖြစ်ပါတယ် ။ တကယ်တော့ ဒီနေရာ ဒီအချိန်မှာအခုလိုတောင်းဆိုမှုပေါ်ထွက်လာခဲ့ပေမယ့် ဝ' ကို ပြည်နယ်ပေးရေး ၊မပေးရေးဟာ ဒုတိယပြဿနာသာဖြစ်သွားပါတယ် ။ ပထမ ပြဿနာ ကတော့ ဝ' တိုင်းရင်းသား လို အခြားသော လူမျိုးစုငယ်တွေကို နိုင်ငံရေးလိုလားချက်တွေ တောင်းဆို ရရှိ နိုင်ဖို့ လက်နက်ကိုင် အင်အားထူထောင်ရေး ဟာ အဓိက အရေးပါကြောင်း သက်သေပြ လမ်းကြောင်းပေးလိုက်တဲ့ အနေအထားဖြစ်သွားပြီး တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထဲက NCA ဆိုတဲ့ လမ်းပေါ်မှာလျှောက်လှမ်းရင်း ဖယ်ဒရယ်မူ နဲ့ ဝေ့လည်နေတဲ့ သက်ကြီးဝါကြီး တိုင်းရင်းသားသူပုန်အဖွဲ့ကြီးတွေကို " ငါတို့ များ လမ်းမှား ရောက်နေပြီလား ဟ " ဆိုပြီးတွေဝေ တုန့်ဆိုင်းစေကုန်တာပဲဖြစ်ပါတယ် ။

 ဝ'ရဲ့အောင်မြင်မှုဟာ သူ့လို အလားလာကောင်းတွေ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုငယ်တွေ အတွက် စိတ်အားတက်ကြွဖွယ် ပြယုဂ်ဖြစ်ခဲ့သလို တော်လှန်ရေးလမ်းပေါ် နှစ်ချို့နေတဲ့ တိုင်းရင်းသားလူမျိုးကြီးတွေ အတွက် မှင်တက်တွေဝေသွားစေခဲ့တယ် လို့ပြောရပါလိမ့်မယ်။ 

ဒီအကျိုးဆက်က ငြိမ်းချမ်းရေး ရရှိရေး ၊ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံ ထူထောင်ရေး ၊ ပြည်တွင်းစစ်ရပ်စဲရေး ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ အဆိုးရွားဆုံးကတော့ မြန့်မာနိုင်ငံရေးဖြစ်စဉ်မှာ ပြည်မကို ဗဟိုပြုပြီး လက်နက်ကိုင်အဖွဲ့ အစည်းများ နဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေ ရဲ့ သြဇာ နဲ့ လွှမ်းမိုးမှုကို လျှော့ချပြီး ပြည်သူအများစုသဘောထား ဆန္ဒ ကို တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး အာဏာ အဖြစ် ဦးတည်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အခိုက်အတန့်မှာ တောင်တန်းဒေသတွေမှာ လက်နက်ကိုင် အဖွဲ့တွေ နဲ့ အဲဒီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ရဲ့ သြဇာ ထူထောင်မှုက တဖန်အားကောင်းဖို့ အကြောင်းဖန်လာသလိုဖြစ်လာရပါတယ် ။ 

ဒါဟာ အရင်အစိုးရအဆက်ဆက် အနေနဲ့ရော လက်ရှိ အစိုးရ အနေနဲ့ပါ ချဉ်းကပ်ဆောင်ရွက်နေခဲ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး နည်းလမ်း နဲ့ ဗျူဟာတွေဟာ အားနည်းချက်တစ်မျိုးစီ ရှိနေကြပြီး အောင်မြင်မှုရနိုင်တဲ့ လမ်းကြောင်းတွေ မဟုတ်သေးဘူးဆိုတာသက်သေပြနေပါတယ် ။

ဒီနေရာမှာ လက်ရှိ NLD အစိုးရ နဲ့ တပ်မတော်က ကိုင်စွဲ ထားသော NCA လမ်းကြောင်းကို တစ်ခန်းရပ်သွားအောင် ဖိအားပေးလာတဲ့ အယူအဆ တစ်ရပ်ထွက်ပေါ် လာတာက ပြဿနာတွေ ထဲမှာ အကြီးမားဆုံး ပြဿနာဖြစ်တယ်လို့ဆိုရပါလိမ့်မယ် ။ ဒီပြဿနာ ဟာ စစ်ရေး နယ်ပယ်ထဲမှာပေါ်ပေါက်လာတာမဟုတ်ပဲ သာမန် ပြည်သူလူထုဖြစ်တဲ့ တောင်ပေါ် တိုင်းရင်းသားများ အပါအဝင် မြေပြန့် တိုင်းရင်းသားများရဲ့ နိုင်ငံရေးနယ်ထဲကို အနာဂတ် စဉ်းစားချက်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ် ။ 

အဲဒါကတော့ ကွန်ဖက်ဒရိတ် လို့ ယာယီ အဓိပ္ပါယ်ဖွင့်ဆိုကြပြီး အခု UWSA ထူထောင်ပြသထားတဲ့ ဝ' ဒေသလို နိုင်ငံငယ်ဆန်ဆန် လွတ်လပ်တဲ့ ပြည်နယ်ထူထောင်ရေး အယူအဆပဲဖြစ်ပါတယ်။ ဒါဟာ NCA လမ်းကြောင်းကပေးနေတဲ့ ဖယ်ဒရယ် အိပ်မက်ထက် သေချာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝ' ဒေသ က လက်တွေ့မျက်စိရှေ့မှ အထင်အရှားသာဓက အဖြစ်မြင်နေရပြီး အလွယ်တကူ ဝ' ဒေသလို လွတ်လပ်မှုမျိုး လို့ ရည်ညွှန်းနိုင်လို့ပဲဖြစ်ပါတယ် ။ 

အခုသွားနေတဲ့ NCA ကို ကြည့်မယ်ဆိုရင် အပစ်အခတ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကနေ ဖယ်ဒရယ် ပုံစံကို အများသဘောဆန္ဒ နဲ့ ပုံဖေါ် ၊ အဲဒီကမှ တပ်မတော် နဲ့ အများက လက်ခံလို့ ပေါ်ပေါက်လာတဲ့ ဖယ်ဒရယ်မူ ကို အခြေခံတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ် ပေါ်ပြီး အဲဒီအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စနစ်တကျ ဖျက်သိမ်း ၊ ပေါင်းစည်းရေး လုပ် ဆိုတဲ့သဘောဖြစ်ပါတယ်။ 

ဒီနေ့ ဝ' အဖွဲ့က ကြောင်းလမ်းနေတဲ့ ချဉ်းကပ်မှုနည်းလမ်း က တိုင်းရင်းသား အဖွဲ့တွေ လက်နက်စွန့်ရေး ကိစ္စမပါတဲ့ အပြင် လက်ရှိ တပ်မတော်ကိုပါ ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့ခိုင်းနေတာဖြစ်ပါတယ် ။ NCA လမ်းကြောင်းနဲ့ UWSA ရဲ့ လမ်းကြောင်း နှစ်ခုကို ယှဉ်ကြည့်မယ်ဆိုရင် NCAလမ်းကြောင်းက စစ်ပန်း နေတဲ့ ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် နားနားနေနေ သာသာယာယာ လျှောက်လှမ်းချင်စဖွယ်ကောင်းသော်လည်း အဆုံးသတ်မှာ ကိုယ်လိုချင်တဲ့ ဖယ်ဒရယ်မူ ဟာ အများဆန္ဒတွေ ၊ တပ်မတော် မူဝါဒတွေ နဲ့ အမြီးချိုးခေါင်းချိုး လုပ်ပြီး ရသလောက် ဖယ်ဒရယ် နဲ့ လက်နက်စွန့်ရမယ့် အဆုံးသတ်နိဂုံးဖြစ်နေပါတယ် ။ 

UWSA ဝ' ရဲ့ လမ်းကြောင်း ကတော့ အခြေအနေပေးတုန်း တိုင်းရင်းသား လူမျိုးစုတိုင်း လက်နက်စွဲကိုင်ပြီး ပြည်လုံးကျွတ် ငြိမ်းချမ်းစွာ လက်နက်ကိုင် သပိတ်တိုက်ပွဲ ဆင်နွှဲတဲ့နည်းနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် သေနက်ပြတော်လှန်ရေးလုပ်ဖို့ နည်းလမ်းဖြစ်ပါတယ် ။ 

တကယ်တော့ ဒီ နည်းလမ်းနဲ့ပတ်သက်ပြီး သူ့မှာ လက်တွေ့ရလဒ်တွေပြသထားနိုင်ပေမယ့် သူ့ ရဲ့အနေအထား နဲ့ ဖြတ်သန်းမှု အခွင့်အလမ်းဟာ အခြား ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ တူညီမှုမရှိတာတော့ သတိထားမိကြဖို့လိုပါတယ် ။ UWSA ဝ’ အဖွဲ့အနေနဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ လက်ရှိ အင်အားကို တည်ဆောက်နိုင်ခဲ့ခြင်း မှာ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ခဲ့ခြင်းကြောင့်ဖြစ် သလို အဲဒီလို အသုံးချနိုင်ဖို့ အတွက် မူလ က တပ်မတော် နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့စဉ်က ရှိထားခဲ့တဲ့ နှစ်ဖက်ဆက်ဆံရေး ကို ကောင်းကောင်း အသုံးချခဲ့နိုင်တာဟာလည်း ဝ' အဖွဲ့အင်အားထူထောင်နိုင်ရေး အတွက် အလွန်အရေးပါခဲ့ပါတယ် ။ နဝတ စစ်အစိုးရခေတ်တလျှောက်လုံး နိုင်ငံရေး အရ အဆိပ် မပြင်းတဲ့ ဗကပ လက်အောက်ခံဟောင်း လူမျိုးစုငယ်လေးအဖြစ် လျှော့တွက် ပြီး နေရာပေးခြင်း ခံခဲ့ရတာကလည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ပါးလို ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့ပါတယ် ။ နောက်ဆုံး နဝတခေတ်ကအစပြုခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မျက်နှာမပျက်ရအောင် ၂၀၀၈ အခြေခံဥပဒေ အောက်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်ပေမယ့် အခြေခံဥပဒေ နဲ့ မညီညွတ်တဲ့ ပြည်ပကုန်သွယ်ရေး ကို ချဲ့ထွင်ရင်း ကိုယ်ပိုင်လက်နက်ထုတ်လုပ်နိုင်ပြီး ကွန်ဖက်ဒရိတ် ဆန်ဆန် ရပ်တည်နိုင်တဲ့ အထိ အစိုးရ အဆက်ဆက် နဲ့ တပ်မတော် ရဲ့ မျက်စိမှိတ် အကျောပေးထားခံရတဲ့ အခွင့်ထူးကလည်း အခုနောက်ဆုံး ဘယ်သူသဘောတူတူ မတူတူ ဝ' ဒေသကိုဝ' ပြည်နယ် အဖြစ် ကိုယ့်ဖာသာကိုယ် အမည်တပ်ခေါ်ဝံ့ တဲ့ အထိ လက်မထောင်နိုင်ခဲ့စေပြီဖြစ်ပါတယ်။

ကျွန်တော် တို့ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ နိုင်ငံ အဖြစ် ပြုပြင်တည်ဆောက်ရေးလမ်းပေါ်က ဒီ လိုစစ်ရေးတဖက် နိုင်ငံရေး တစ်ဖက် ရှုပ်ထွေးလှ တဲ့ ငြိမ်းချမ်းရေး ပြဿနာ ကနဦးရှင်းလင်းနိုင်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ သော့ချက်တစ်ခု ကို ဆွဲထုတ်ပြချင်ပါတယ်။ 

အဲဒါကတော့ လက်နက်ကိုင်အဖွဲ့ အစည်းရဲ့ သြဇာနဲ့ သူရဲ့ နိုင်ငံရေး စေ့ဆော်ချက်ပဲဖြစ်ပါတယ် ။ ဝ' အဖွဲ့ဟာ ငြိမ်းချမ်းရေး စည်းဝိုင်းထဲက အခြားသော တိုင်းရင်းသားအဖွဲ့အစည်းတွေ နဲ့ ယှဉ် ရင် အခုလို နိုင်ငံရေး ရော စစ်ရေးပါ အားကောင်းမောင်းသန်ဖြစ်လာရတာဟာ တပ်မတော်ရဲ့ favor လိုလားမှု၊ နှစ်လိုမှု ၊ မဟာမိတ်သဘောပါမှုကို နှစ်ပေါင်းများစွာ ရရှိခဲ့တာ ကြောင့် ဖြစ်တယ် ဆိုတာ မငြင်းနိုင်တဲ့ အမှန်တရားပဲဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်လျှောက်လုံးကို အစကနေ အခုချိန်ထိ ပြန်ကြည့်မယ်ဆိုရင်လည်း တပ်မတော်ရဲ့ သဘောထား နဲ့ဆန္ဒဟာ ရှေ့တိုးဖို့ရော နောက်ဆုတ်ဖို့ပါ အကြီးမားဆုံးတွန်းအားတွေဖြစ်နေတာတွေ့ရပါလိမ့်မယ်။ ဒီလိုပဲ UWSA ဝ' အဖွဲ့ ဟာ လက်နက် နဲ့ စစ်ရေး အင်အား အထိုက်အလျောက်အားကောင်း လာပြီး နိုင်ငံရေး အိပ်မက်ပါ ရှိလာတဲ့ အခါ အစိုးရ နဲ့ တပ်မတော်ကပါ သတိထားဆက်ဆံရတဲ့ သြဇာ တစ်ခုရရှိလာပြီး အခုလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တင်မက ဖယ်ဒရယ် ပြည်ထောင်စု စနစ် ထူထောင်ရေးဆိုင်ရာ ငြင်းခုန်ဖွယ် အရေး ကိစ္စများမှာပါ အင်အားကြီးမားတဲ့ လှုပ်ရမ်းမှုကြီးတစ်ခု လုပ်ပြနိုင်ပြန်ပါတယ် ။ 

အဲဒီမှာ ပေါ်ပေါက်လာတဲ့ အဆိုးဆုံး အကျိုးဆက် ပြဿနာကတော့ UWSA ဝ'အဖွဲ့ ရဲ့ favors လိုလားမှု၊ နှစ်လိုမှု ၊ မဟာမိတ် သဘောပါမှု အောက်မှာ တိုင်းရင်းသား လက်နက်ကိုင်လက်သစ် ရခိုင် တပ်မတော် AA နဲ့ TNLA တအောင်း ပလောင် အဖွဲ့အပါအဝင် လက်ဟောင်း KIA ကချင် နဲ့ MNDAA ကိုးကန့်အဖွဲ့တွေဟာ မဟာမိတ်အဖြစ် စုစည်း ရပ်တည်ပြီး မူလ တော်လှန်ရေးနယ်မြေ ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် တော်လှန်ရေး နယ်သစ်ပယ်သစ်တွေပါချဲ့ထွင်လာနိုင်တာပဲဖြစ်ပါတယ် ။ ဒါကြောင့် တိုင်းပြည်တစ်ခုရဲ့ နိုင်ငံတော်တည်ဆောက်ရေးဟာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ခေါင်းဆောင်တွေ ရဲ့ စိတ်ကူးရှိသလောက်၊ သဘောကျ နှစ်ခြိုက်သလောက်သာ ခရီးပေါက်ရတဲ့ အနေအထားမှာရှိနေတုန်းပဲဆိုတာကိုတော့ အားလုံးလက်ခံရမယ့် အခြေအနေပဲဖြစ်ပါတယ် ။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်အောင် ကြိုးပမ်းရမှာကလည်း တိုင်းရင်းသားပြည်သူတွေအားလုံး ရဲ့ အဓိက အလေးထား ဦးတည်ဆောင်ရွက်ရမယ့် အရေးလည်းဖြစ်တယ် ဆိုတာကိုလည်း တပါတည်း ထပ်လောင်းသတိပေးထောက်ပြလိုပါတယ်။

ဒီနေ့ မျက်မှောက်ကာလမှာ ပြန်လည်အားယူ ရုန်းထလာနေသော လက်နက်ကိုင်အဖွဲ့ အစည်းတွေ နဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး မျှော်မှန်းချက် ၊ ရည်မှန်းချက်တွေ က ပိုပြီးမှန်ကန်တယ် ၊ ပိုပြီးသင့်တော်တယ် ဆိုတဲ့ ယူဆချက် ၊ခံယူချက်တွေကို ကျွန်တော်တို့ ပြည်သူ အားလုံး တွန်းလှန်ဖယ်ရှားနိုင်ဖို့လိုပါတယ်။ ဒါဟာ ဖယ်ဒရယ် ပြည်ထောင်စုစနစ်ကို ပြည်သူ့ ဒီမိုကရေစီ နဲ့ကမ႓ာတည် သ၍ တည်မြဲအောင် ထောက်မတည်ထောင်ထားပေးမယ့် အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်။ 

ဒီနေ့ လက်နက်ကိုင်ခေါင်းဆောင်အတော်များများဟာ ပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေ ကို အာမခံဖို့ ၊ အာဏာ ဟာပြည်သူလူထုထံကနေ ဆင်းသက်လာဖို့ အာမခံတဲ့ စနစ် တစ်ခု ခိုင်ခိုင်မာမာ တည်ဆောက်ရေးထက် တော်လှန်ရေးထွက်ပေါက်လှဖို့ ၊သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ အနာဂတ် ရပ်တည်မှုသေချာမှ သက်ဆိုင်ရာ လူမျိုး နဲ့ ပြည်နယ်တွေရဲ့ လွတ်လပ်ခွင့်တွေ ဟာ သေချာခိုင်မာနိုင်မယ်ဆိုတဲ့ သဘောတရားကို အထူးပြုစွဲကိုင်ထားကြတာတွေကြရပါလိမ့်မယ် ။ 

ဒီ ယူဆချက်ကို ပြည်သူလူထုရဲ့ နိုင်ငံရေး ရင့်ကျက်မှုနဲ့ ဖြေရှင်းကျော်လွှားနိုင်မှပဲ အောင်မြင်မှာဖြစ်ပါတယ်။ ဒီအချက်ကို ပြည်သူလူထုရဲ့ နိုင်ငံရေး တပ်ဦးမှာ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေက နားလည်ပြီး ဦးဆောင်နိုင်ဖို့လိုပါတယ် ။ အဲဒီလို ဒေါင်ဒေါင် မြည် နိုင်ငံရေး ပါတီတွေ ရဲ့အနောက်မှာ တိုင်းရင်းသားများ အပါအဝင် ပြည်သူတစ်ရပ်လုံး ရပ်တည်ပေးကြဖို့တော့လိုပါတယ်။ 

ဒီနေရာမှာ ဒီကနေ့ လွှတ်တော်တွင်းက အထင်ကရ နိုင်ငံရေး တိုက်ပွဲတွေထဲက တိုက်ပွဲကြီး တစ်ခုဖြစ်တဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စကိုပါ ထည့်ပြီးရှင်းလင်းဖို့ လိုအပ်လာပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ လက်ရှိ အာဏာရပါတီ NLD က အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ကော်မတီဖွဲ့ပြီး မူကြမ်းရေး ဖို့ ကြိုးပမ်းနေသလို လွှတ်တော်တွင်း အတိုက်အခံပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ နဲ့ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့ကလည်း အခြေခံ ဥပဒေရဲ့ ပုဒ်မ ၂၁၆ ကို ပြင်ဆင်ပြီး ပြည်နယ်လွတ်လပ်ခွင့်တွေ အခုရှိနေတာထက် ပိုရဖို့ ကြိုးပမ်းလာတာတွေ့ရပါတယ် ။ 

ဒီနေရာ မှာကြံ့ခိုင်ရေးပါတီက ပုဒ်မ၂၆၁ ကိုပြင်ဖို့ ဦးဆောင်တင်သွင်းလာတာဖြစ်သလို အဆိုပါ ပုဒ်မ ၂၆၁ကို ပြင်ဆင်ဖို့ တပ်မတော်ကလည်း သဘောထားပေးထားပြီးဖြစ်ပါတယ် ။ ဒီနေရမှာ ၂၆၁ ပြင်ဆင်ရုံနဲ့တော့ တိုင်းရင်းသားတွေ မျှော်လင့်တောင့်တနေတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လွတ်လပ်ခွင့် ရည်မှန်းချက်တွေဟာ နီးစပ်နိုင်မှာ မဟုတ်ပဲ ဝေးကွာနေတုန်းပဲဆိုတာ အားလုံးနားလည်ပြီးသားဖြစ်ပါတယ် ။ 

သို့သော် ဒီနေရာမှာ ထပ်ပြီး အထူးပြုထောက်ပြချင်တာကတော့ အခု ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုတာကလည်း နိုင်ငံရေးပါတီ တစ်ခုက ဦးဆောင်တာလို့ပြောချင်ပြောနိုင်ပေမယ့်တပ်မတော်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းရဲ့ favor လိုလားနှစ်သက်မှုတော့ လိုတယ်ဆိုတာကို တွေ့ရပါလိမ့်မယ် ။ အားလုံးသိကြပြီးတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီ ရဲ့ အဓိက ဦးခေါင်းပိုင်းဟာလည်း တပ်မတော်ခေါင်းဆောင်ဟောင်းများနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းပြည်ကို အများပြည်သူရဲ့ သဘောထားနဲ့ ဆန္ဒကို ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းရှာဖွေ့ဆန်းစစ်ခံယူဖို့ထက် သူတို့ကိုယ်ပိုင်အယူအဆနဲ့ သူတိုမျှော်မှန်း ယုံကြည်သလောက်သာ တဖြည်းဖြည်းချင်းချဉ်းကပ် သွားချင်တယ် ဆိုတဲ့ သဘောရှိတာကို အထင်အရှားတွေ့ကြရပါတယ်။ 

ဒါကြောင့် တိုင်းပြည်ဟာ ပြုပြင်ပြောင်းလဲဖို့ ၁၉၈၈ မှာ ပြည်သူလူထုက စတင်ခဲ့ကြပေမယ့် တပ်မတော် ခေါင်းဆောင်တွေ ရဲ့ ဆန္ဒ နဲ့ အမြော်အမြင် အောက်မှာ နှစ်ပေါင်း၂၀ကျော်ကြာ ထိန်းချုပ်ခံထားရပြီးကာမှ ခုလိုတရွေ့ရွေ့နဲ့ ရုန်းကန်ချီတက်နေရတာပဲဖြစ်ပါတယ် ။ အခုလည်း ဒီသဘောတရားအတိုင်းပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုအကြောင်းပြု၍ သော်လည်းကောင်း၊ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ အရသော်လည်းကောင်း ပြုပြင်ပြောင်းလဲရေးဟာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ဆန္ဒနဲ့ အမြော်အမြင်အပေါ်မှာ တည်မှီနေတုန်းပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံထူထောင်နိုင်ရေးအတွက် အနာဂတ် မျှော်မှန်းချက်ကို ထားရှိ ထူထောင်ကြတဲ့အခါမှာတိုင်းရင်းသားပြည်သူတွေ အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းထက် ရင့်ကျက်ပြီး လက်တွေ့ အရည်အချင်းမြင့်မားတဲ့ နိုင်ငံရေး ယန္တရားတွေ ထူထောင်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ် ။ နိုင်ငံရေးယန္တရား တွေလို့ဆိုတဲ့နေရာမှာ နိုင်ငံရေးပါတီတွေ ကိုအဓိကအားကောင်းအောင်ထူထောင်ကြဖို့လိုတာဖြစ်ပါတယ် ။ အထူးသဖြင့် ကိုယ့်ပြည်နယ်တွင်းအရေးတွေကို ပြည်မ အစိုးရထက် ပိုပြီးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိတဲ့ နိုင်ငံရေးအင်အားကို ထူထောင်နိုင်ဖို့ အရည်အချင်းရော အမြော်အမြင်ရော ရှိတဲ့ အင်အားကို ပြင်ဆင်ကြဖို့ လိုပြီလို့ပြောချင်ပါတယ် ။ 

မကြာသေးမီကပဲ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ကြေညာချက်တွေအရ မွန်ပြည်နယ် နဲ့ ချင်းပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းရပ်တည် လာနိုင်ကြတာတွေ့ရပါတယ် ။ ဒါဟာ ရှေ့ ရင်ဆိုင်ရမယ့်နိုင်ငံရေး စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ လုံလောက်တဲ့ရင့်ကျက်မှုကို ပြသတာပဲဖြစ်ပါတယ် ။ တိုင်းရင်းသားအရေး ကိုပြောရင် တပ်မတော် ဆန့်ကျင်ရေး နဲ့ရောပြီး ဗမာ လူမျိုးကြီး ဝါဒ ဆန့်ကျင်ရေးပါထည့်ပြောလာတာတွေ့ရပါတယ် ။ တကယ်တော့ ဒါဟာ ဗမာလူမျိုး နဲ့ ဗမာစစ်တပ်အောက်က ရုန်းထွက်ဖို့ ကြိုးစားမှုအဖြစ် ရှုမြင်လာအောင် အချို့သော တိုင်းရင်းသားခေါင်းဆောင်တွေက ကြိုးစားတာဖြစ်ပြီး အမှန်တကယ်တော့ အဲဒီလိုတွေးခေါ်ပြီး လွတ်မြောက်ရေးကို ချဉ်းကပ်တာဟာ ကိုယ့်ရပ်တည်ရာကို ဗမာ စစ်တပ် အောက်ကနေ တိုင်းရင်းသားစစ်တပ်အောက်ကို ရွှေ့ပြောင်းလိုက်ရုံလေးပဲ ဆိုတာကိုထောက်ပြချင်ပါတယ် ။ 

အဲဒီလို လုပ်လိုက်ရုံနဲ့တော့ ကျွန်တော် ဒီဆောင်းပါးရဲ့ အစ မှ ဖေါ်ပြရေးသားထားသလို လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ခေါင်းဆောင်တွေ ရဲ့ အတွေးအခေါ် အမြော်အမြင်ဘောင်ထဲက လွတ်ဖို့လမ်းမမြင်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ် ။ အမှန်တကယ် အလေးအနက်ထားပြီးကြည့်မြင်ရမှာကတော့ မိမိတို့နေထိုင်ရာ ဒေသ ထဲက ပမာဏ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ကောင်းတူဆိုးဖက် အေးအတူပူအမျှ နေထိုင်ကြတဲ့ လူမျိုးစုအားလုံးရဲ့ ဘဝတွေ လုံခြုံစွာ မြှင့်တင်နိုင်ရေး နဲ့ သူတို့ ယုံကြည်ရာ အုပ်ချုပ်ရေး စီးပွားရေး လူမှုရေး အဆောက်အဦတည်ဆောက်ရေးပဲဖြစ်ပါတယ် ။ ဒီအတွက် ကောင်းမွန်ခိုင်မာပြီး အစွမ်းရှိတဲ့ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး မဏ္ဍိုင်တွေ လွတ်လပ်ခိုင်မာစွာပေါ်ပေါက်လာဖို့ အဓိက ရည်မှန်းချက်ထားရမှာဖြစ်ပါတယ် ။ ဒီလိုရည်မှန်းချက်ထားခြင်းသည်ကသာ တိုင်းရင်းသားတွေ အပါအဝင် ကျွန်တော်တို့ အားလုံးရဲ့ အနာဂတ်လူအဖွဲ့အစည်း အသီးသီးထံ စစ်မှန်တဲ့ ဖယ်ဒရယ် စနစ် ကို အပ်နှင်းနိုင်မှာဖြစ်ကြောင်းဆန်းစစ်ဝေဖန် အကြံပြုအပ်ပါတယ်။

Federal Journal/ Issue 25 - June 2019