Breaking News

မောင်လူပေ - ၂၀၂၀မှာ ကမ္ဘာစီးပွားရေး ကျဆင်းဖို့ နီးလာပြီလား။



မောင်လူပေ - ၂၀၂၀မှာ ကမ္ဘာစီးပွားရေး ကျဆင်းဖို့ နီးလာပြီလား။
(မိုးမခ) ဩဂုတ် ၂၊ ၂၀၁၉

စက်တင်ဘာ(၁)ရက်နေ့မှာမှ တရုတ်နဲ့ညှိနေကြတဲ့ ကုန်သွယ်ရေးစစ်ပွဲအတွက် သဘောတူညီချက်မရရင် အမေရိကန်ပြည်ထောင်စုကိုသွင်းေနတဲ့ တရုတ်ကုန်ပစ္စည်း ဘီလီယံဒေါ်လာသုံးရာကို အထူးအခွန်၁၀% ထပ်ကောက်မယ်လို့ ထရန့်က ချိမ်းခြောက်လိုက်ပြန်လေပြီ။ ၂၅% အထူးခွန်ကောက်ထားပြီးသားမို့ ထပ်တိုးရင် ၃၅% အခွန် ဖြစ်မှာပေါ့။

ဗဟိုဘဏ်က အတိုးနှုန်းလျှော့လိုက်လို့ တက်ဖို့ပြင်နေတဲ့ စတော့စျေးဟာ အဲဒီသတင်းကြောင့် အတက်ကနေ အကျဆီဆင်းသွားလေရဲ့။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ပညာရှင်တွေကတော့ ထရန့်ကိုဝိုင်းပြီး အပြစ်တင်ကြတယ်။ အမေရိကန်စားသုံးသူတွေကပဲ အဲဒီအခွန်တွေကို မျှခံရမှာပါ။ အဝတ်အစား၊ အသုံးအဆောင်တွေ၊ အလှပြင်ပစ္စည်းတွေ၊ လျှပ်စစ် အိမ်သုံးပစ္စည်းတွေ၊ အကုန်လုံးက စျေးထပ်တက်ကြပါတော့မယ်။

စကားတွေအမျိုးမျိုးပြောပြီးခဏခဏပြင်တတ်တဲ့သူ့စကားကို မှန်းရခက်တယ်။ ညှိနှိုင်းရေးမှာ သူဆရာလို့ ပြောတတ်ပေမဲ့ တကယ့်လက်တွေ့မှာ သူညှိနှိုင်းလို့ အကောင်အထယ်ပေါ်တာ မမြင်ရသေး။ ကုန်သွယ်ရေးစစ်ပွဲညှိနှိုင်းမှုေတွ အရမ်းတိုးတက်ပြီပြောလိုက်၊ တရုတ်က အမေရိကားရဲ့ လယ်ယာထွက်ကုန်တွေ ပိုဝယ်မှာပြောလိုက်နဲ့ သူ့ကိုမဲပေးတဲ့ လယ်သမားတွေအကြိုက် ပြောခဲ့ပေမဲ့ လက်တွေ့မှာ ဘာမှမဖြစ်လာ။ လယ်သမားတွေရဲ့ ဆုံးရှုံးမှုအတွက် လျှော်ကြေးပေးတာကလည်း စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးေတွဆီသာရောက်ပြီး တပိုင်တနိုင်စိုက်ပျိုးကြတဲ့ သူတွေဆီမရောက်တာမို့ ဝေဖန်နေကြတယ်။

ကုန်သွယ်ရေးစစ်ပွဲအချိန်ကြာမြင့်ေနလို့ စီးပွားရေးတိုးတက်မှုနှေးကွေးရတဲ့အထဲ အခွန်တွေတိုးကောက်ဖို့ချိမ်းေြခာက်တာဟာ ရေနစ်သူကို ဝါးနဲ့ကူထိုးနေတာပဲ။ လာမဲ့ ၂၀၂၀နှစ်ကုန်လောက်မှာ အမေရိကန်စီးပွားရေးကျဆင်းဖို့ ရာခိုင်နှုန်း လေးဆယ်ငါးလောက်အထိ ရှိတယ်လို့ ပညာရှင်အချို့က ဆိုကြတယ်။

တရုတ်ကလည်း စီးပွားနှေးကွေးနေတာပါ။ အမေရိကန်ပြည်ထောင်စုက ခိုင်မာတဲ့ ဒေါ်လာတွေကြောင့် တောင့်ခံနိုင်နေလို့ အခြေပျက်လာတာ မသိသာပေမဲ့ တရုတ်ကတော့ အခြေယိုင်လာတာ သိသာလှတယ်။ ဘဏ်အချို့ ဒေဝါလီခံရမဲ့အခြေကို တရုတ်ဗဟိုဘဏ်က ဝင်ထိန်းနေရတာ၊ ကုမ္ပဏီတွေက အကြွေးတွေ ပြန်မဆပ်နိုင်လို့ ဗဟိုဘဏ်က အရံငွေတွေ ထုတ်သုံးနေရတာ၊ စတော့စျေးတွေ ကျပြီးရင်းကျနေတာ၊ ကမ႓ာအနှံ့က ရင်းနှီးမြုတ်နှံမှုတွေ လျှော့ချလာတာ၊ တချို့ကို ပြန်ရုတ်သိမ်းတာတွေဟာ စီးပွားရေးက်နေတဲ့ သက်သေအထောက်အထားပါပဲ။

ကမ္ဘာစီးပွားရေး ကိုဦးဆောင်နေတဲ့ နံပါတ်တစ်နဲ့ နံပါတ်နှစ်က ရန်ဖြစ်နေကြလို့ စီးပွားကျလာသလို ဂျပန်၊ ဥရောပစတဲ့ စီးပွားရေးအင်အားကြီးတွေလည်း စီးပွားရေးအကျပ်အတည်းနဲ့ မကင်း။ ဦးဆောင်နိုင်ငံတွေ ယိမ်းယိုင်လာရင် နောက်လိုက်နိုင်ငံတွေလည်း ရထားကြီးသဘောတရားလို နောက်ကလိုက်ကြရမှာ။ သူတို့တက် ကိုယ်တက်၊ သူတို့ကျ ကိုယ်ကျပေါ့။

ဒီနိုင်ငံကြီးတွေက စီးပွားရေးအင်အားကြီးတဲ့ ဆင်ကြီးတွေမို့ သူဌေးသဘောင်္မှောက်တာ ပြသနာသိပ်မရှိပေမဲ့ မြန်မာလို ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ကမ္ဘာစီးပွားရေး အခြေအနေကျဆင်းမှုြဖစ်ပေါ်လာရင် ရိုက်ခတ်မှုကြီးပါလိမ့်မယ်။ လူတွေသိန်းချီပြီး အလုပ်အကိုင်တွေ ဆုံးရှုံးရနိုင်တာမို့ မှီခိုနေသူသန်းနဲ့ချီပြီးဒုက္ခ ရောက်နိုင်ပါတယ်။

အဲဒီအခြေအနေမျိုးတွေရောက်လာရင် ရင်ဆိုင်နိုင်ဖို့ လစဉ်ပေးတဲ့အလုပ်လက်မဲ့လျှော်ေကြးအစီအစဉ်လို လူမှုဖူလုံရေးထောက်ပံ့ငွေတွေ စုဆောင်းထားဖို့စတဲ့ဟာမျိုးတွေကို အစိုးရပိုင်းရော လုပ်ငန်းရှင်ကြီးတွေရော မူဝါဒခိုင်ခိုင်မာမာနဲ့ ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။

အမေရိကန်ရောက်မြန်မာတွေရော၊ မြန်မာပြည်က ညီအကို မောင်နှမတွေပါ အရေးပေါ်သုံးဖို့ အတွက် အနည်းဆုံးခြောက်လစာ စုဖို့လိုပါတယ်။ အကြွေးရှိသူတွေလည်း အလုပ်အဆင်မပြေချိန်မှာ အိမ်ဆုံး၊ ကားဆုံး မဖြစ်နိုင်တော့ပါဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။

အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဗေဒင်ဟောလို့ရတဲ့အရာမဟုတ်လို့ ပညာရှင်တွေ ခန့်မှန်းကြတာ ဖတ်မ်သမျှလေးကို ဖေါက်သည်ချပါတယ်။ ဖြစ်မဖြစ်ကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပါလို့။