Breaking News

ဧရာ(မန္တလေး) - အာဏာရှင်၊ ကြောက်စိတ်နှင့် တိုးတက်မှု



ဧရာ(မန္တလေး) - အာဏာရှင်၊ ကြောက်စိတ်နှင့် တိုးတက်မှု

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၉
အာဏာရှင်ဟူသည့် ဝေါဟာရကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် “ကြည်ညိုလေးစားမှု ခံရခြင်းထက် အကြောက်အရွံ့ ခံရခြင်းကသာ၍ စိတ်ချရသည်” ဟူသော မက္ခိယာဗယ်လီ၏ မင်းသားကျမ်းလာ အဆုံးအမအတိုင်း အုပ်ချုပ်သူမျိုးဟု အဓိပ္ပါယ် ဖွင့်ကြည့်ချင်ပါသည်။ အာဏာရှင်တို့သည် ပြည်သူတို့အား မိမိတို့၏ သြဇာကို မလှန်နိုင်ဘဲ ကြောက်ရွံ ကျိုးနွံနေအောင် အုပ်ချုပ်ထားသည့်နည်းတူ၊ သူတို့ ကိုယ်တိုင်သည်လည်း ကြောက်ရွံ့နေသူများ ဖြစ်နေကြသည်ကို တွေ့ရ၏။ သူတို့သည် မိမိတို့ ကျူးလွန်ထားသည့် မတရားမှုများအား ဖုံးကွယ်လိုသည့် သိမ်ငယ်စိတ်များ၊ မိမိတို့ ရရှိထားသည့် အာဏာနှင့် အခွင့်အရေးတို့ လက်လွှတ် ဆုံးရှုံးရမည်ကို ကြောက်ရွံ့စိတ်များ၊ မိမိတို့ အာဏာမဲ့သွားပါက အနှိပ်စက်ခံ ပြည်သူတို့က ပြန်လည် လက်တုန့်ပြန်မည်ကို စိုးရိမ် ထိတ်လန့်စိတ်များဖြင့် ဖိစီးနှိပ်စက် ခံနေရသူများဖြစ်ကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်က အာဏာရှင်တဦး၏ ကြောက်ရွံ့အားငယ်မှုကို ဒီဃနိကာယ် သာမညဖလသုတ်တွင် တွေ့နိုင်ပါသည်။ အဇာတသတ်သည် ဖခင်အရင်းကို ရက်ရက်စက်စက် သတ်ဖြတ်၍ အာဏာ ရယူခဲ့သူဖြစ်၏။ အဇာတသတ်မင်းသည် မိမိကျူးလွန်ထားသော အပြစ်တို့ကြောင့် အလွန်သာယာ ကြည်နှုးဖွယ်ကောင်းသည့် တန်ဆောင်မုန်း လပြည့်ည၌ပင် စိတ်ကြည်လင် ငြိမ်းချမ်းမှုမရှိခဲ့။ စိတ်အေးချမ်းမှု ရရန်အတွက် သမဏဗြာမဏ တဦးဦးထံ ဆည်းကပ်လိုစိတ် ဖြစ်သည်။ နန်းတွင်းဆေးဆရာ ဇီဝက၏ အကြံပေးချက်အတိုင်း ဗုဒ္ဓမြတ်စွာထံ ဆည်းကပ်ရန် မောင်းမများခြံရံ၍ သရက်တောဥယျာဉ်သို့ သွားကြသည်။

မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေသည့် သရက်တောဥယျာဉ် ကျောင်းသည် အလွန် တိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသောအခါ အဇာတသတ်သည် အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွား၏။ ဇီဝကသည် မိမိအား လှည့်ဖျား၍ ရန်သူထံ အပ်နှံလေသလောဟု သံသယစိတ်တို့ ဖြစ်ပေါ်လာ၏။ စိုးရွံ့မည်ဆိုလျှင်လည်း စိုးရွံ့လောက်ပါသည်။ အိမ်နီးချင်းနိုင်ငံမှ ကောသလမင်းသည် ဘုရားရှင်ထံ သွားရောက် ဖူးမြော်နေစဉ် ဝိဋဋူဘ မင်းသားနှင့် စစ်သူကြီး ဒီဃကာရာယနတို့က အာဏာလုယူ သွားခဲ့ဖူးသည် မဟုတ်ပါလော။ ဇီဝကက ဗုဒ္ဓမြတ်စွာနှင့် ရဟန်းတော်များ ထိုင်နေကြရာ အဝန်းအဝိုင်းမှ ဆီမီးရောင်များကို ပြကာ မကြောက်ရွံ့စေရန် အားပေးနှစ်သိမ့်ရသည်။ ထိုအခါမှ အဇာတသတ် စိတ်သက်သာရာရပြီးနောက် ရဟန်းတော်တို့၏ တည်ငြိမ်အေးချမ်းမှုကို အဖန်ဖန် ကြည်ညိုကာ “ငါ၏ သားတော် ဥဒယဘဒ္ဒ မင်းသားသည် ဤသို့ တည်ငြိမ် အေးချမ်း ပါစေသား” ဟုပင် ထုတ်ဖော် ကျူးရင့်လေ၏။ အဇာတသတ်၏ ကြောက်ရွံ့စိတ်များထဲတွင် မိမိကျူးလွန်ထားသော အပြစ်များကို မိမိချစ်သော သားက သိသွားမည်ကိုလည်း စိုးရိမ်ပါလိမ့်မည်။ သို့သော်လည်း အဇာတသတ်၏ မြှော်လင့်ချက်တို့ ဖြစ်မလာခဲ့ပါ။ နောင်သော် သားတော် ဥဒယဘဒ္ဒမင်းသားသည်လည်း ဖခင်ခြေရာနင်းကာ အဇာတသတ်ကို သတ်၍ အာဏာသိမ်းခဲ့သည်။ သမိုင်းတွင် ကောင်းကောင်းမွန်မွန် ဘဝဇာတ်သိမ်းရသည့် အာဏာရှင်တို့သည် အလွန် နည်းပါးပါလိမ့်မည်။

အဇာတသတ်သည် ဗုဒ္ဓမြတ်စွာအား ဖူးမြင်ရသောအခါတွင် “မျက်မှောက်၌ပင် သိမြင်နိုင်သော ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူး” (သန္ဒဋ္ဌိက သာမညဖလ) ကို မေးလျှောက်သည်။ မင်းစည်းစိမ်နှင့် အာဏာအတွက် ဖခင်အရင်းကိုပင် ရက်ရက်စက်စက် သတ်ဖြတ် လုယူသော အဇာတသတ်က စည်းစိမ်ဥစ္စာ အသက်မွေးဝမ်းကျောင်းမှုတို့ကို စွန့်ကာ ရဟန်းပြုကြသူတို့၏ ရည်ရွယ်ချက်ကို သိလိုခြင်းသည် အမှတ်တမဲ့ စဉ်းစားပါက ထူးဆန်း နေပါလိမ့်မည်။ စကြဝတေးမင်း ဖြစ်ထိုက်သော ကိုယ်ရည် ကိုယ်သွေးရှိသည့် ခတ္တိယနွယ်ဖွား သိဒ္ဓတ္တမင်းသားသည် မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုခဲ့သည်။ ဘုရားအဖြစ်မရောက်မီ တောထွက်လာစ ရဟန်းတော် ဂေါတမသည် မိမိဖခင် ဗိမ္ဗိသာရမင်းက မဂဓတိုင်းနိုင်ငံအား အတူခွဲဝေအုပ်ချုပ်ရန် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။ မိမိက ထို မင်းစည်းစိမ်အတွက် ဖခင်ကိုပင် လုပ်ကြံခဲ့၏။ စည်းစိမ်အာဏာနောက်သို့ အဆုံးတိုင်လိုက်သော မင်းတစ်ပါးက မည်သည့်အရာအတွက် စည်းစိမ်အာဏာတို့ကို စွန့်ကာ ရဟန်းပြုကြသည်ကို သိလိုပါလိမ့်မည်။ ဗုဒ္ဓမြတ်စွာက ရဟန်းပြုသူတို့သည် မင်း၏ သြဇာအာဏာအရိပ်မှ လွတ်မြောက်ခြင်း၊ ကျေးကျွန်ဘဝ၊ အခွန်ထမ်းဘဝမှ လွတ်မြောက်ခြင်းတို့မှစ၍ သီလ၊ သမာဓိ၊ ပညာဟူသော အကျင့်သိက္ခာအဆင့်ဆင့်ဖြင့် အမြတ်ဆုံးသော လွတ်မြောက်မှု (ဝိမုတ္တိ) ကို ရရှိနိုင်ပုံကို အသေးစိတ် ဟောကြားခဲ့သည်။

တရားအဆုံးတွင် အဇာတသတ်က “မိုက်မဲတွေဝေခဲ့သည့် အလျှောက် အပြစ်ကျုးလွန်မိခဲ့ပါသည်။ အာဏာအတွက် တရားဖြင့် အုပ်ချုပ်သော ခမည်းတော်မင်းကို သတ်ခဲ့မိပါသည်။ နောင်တွင် ထိုအပြစ်တို့ကို မကျူးလွန်မိစေရန် စောင့်စည်းခြင်းငှာ ကျွနု်ပ်၏ အပြစ်တို့ကို အပြစ်ဟု လက်ခံ အသိမှတ်ပြုတော်မူပါ” ဟု တောင်းပန်လျှောက်ထား၏။ ဗုဒ္ဓက တောင်းပန် စကားကို လက်ခံအသိမှတ်ပြုကြောင်း ပြောကြား၍ အောက်ပါအတိုင်း မိန့်ကြား၏။

✅ “ဝုဒ္ဓိဟေသာ, မဟာရာဇ, အရိယဿ ဝိနယေ, ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, အာယတိံ သံဝရံ အာပဇ္ဇတိ”

✅ “မင်းကြီး… အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်၍ ထိုသို့သိမြင်သည့် အကြောင်းအားလျှော်စွာ ကုစား၏။ နောင်တွင် ထပ်မံ မဖြစ်စေရန် စောင့်စည်း၏။ ယင်းအား မြတ်သောအဆုံးအမတွင် တိုးတက်ခြင်းဟု သတ်မှတ်ပေသည်။”

ထို့ကြောင့် အာဏာ လက်လွှတ်ရမည်ကို ကြောက်ရွံ့သည့်စိတ် (ဘယာဂတိ) အား အမှားကျူးလွန်ရမည်ကို ကြောက်ရွံ့သည့်စိတ် (သြတပ္ပတရား) ဖြင့် အစားထိုးကာ
(၁) အမှားကို အမှားဟု သိမြင်ခြင်း၊
(၂) ထိုအမှားကို ပြန်လည် ပြုပြင်ခြင်း၊
(၃) နောင်တွင် ထပ်မံ မမှားမိစေရန် စောင့်ထိန်းခြင်း
ဟူသော အချက် ၃ချက်-ဖြင့် တိုးတက်မှုလမ်းပေါ်သို့ ပြန်လည်တက်ရောက် နိုင်ပါလိမ့်မည်။

ဧရာ (မန္တလေး)
November 29, 2012