Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၅)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၅)

အရက်သမားတယောက်ရဲ့ မျိုးချစ်စိတ်ဓာတ်

(မိုးမခ) မတ် ၁၇၊ ၂၀၂၀


(၁၅)
မင်းကွန်း မိုးမိတ်ကုန်းမြေမှာ အခြေအနေမကောင်းလို့ နေရာပြောင်းမယ်ဆိုပြီး သင်္ဘောဆိပ်ကို ဆင်းလာကြတယ်။ သင်္ဘောဆိပ်ရောက်တော့ တဘက်ကမ်းကို ပို့မယ့် လှေတွေ ပြန်မရောက်ကြသေးလို့ နာရီဝက်၊ တနာရီလောက် စောင့်ရမယ်လို့ လှေဆိပ်တာဝန်ခံက ပြောတယ်။ လှေစောင့်နေတုန်း ရီရီခင်ရဲ့ ရွှေမိုးရွာနေသီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုတီးမှုတ်နေတဲ့အသံကို လူအိုရုံဘက်က ကြားနေရတယ်။ ဒါနဲ့ မောင်ကုက လှေစောင့်ရအုံးမယ့်အတူတူ မင်းဒီမှာ စောင့်နေ ငါတီးဝိုင်း သွားကြည့်မယ်၊ လှေရောက်ရင် လာခေါ်ဘို့ ပြောပြီး ထွက်သွားတယ်။ ဒီလောက် ကျဉ်းထဲကျပ်ထဲ ရောက်နေတာတောင် ဂီတအရသာကို ခံစားချင်နေသေးတယ်ဆိုပြီး ဒေါသ ထွက်မိပေမယ့် “အော် အဘိုးသေသေ၊ ဗေထိဆို ကလိုက်ချင်သေး“ ဆိုတဲ့ ဗမာလူမျိုးတွေရဲ့ ထုံးစံပါပဲလေလို့ တွေးပြီး အငယ်ပီပီ သီးခံ ခွင့်လွှတ်လိုက်ပါတယ်။

နန်းတော်ကျွန်းရွာရဲ့မြောက်ဘက်မှာရှိတဲ့ ရွာသာအေးရွာရောက်တော့ ရွာကျောင်းဘုန်းကြီးကိုယ်တိုင် တအံ့တသြနဲ့ ခရီးဦးကြိုပြုပြီး နေရာထိုင်ခင်း အစားအသောက်စတာတွေကို ပြည့်ပြည့်စုံစုံ စီမံပေးရှာပါတယ်။ နောက်ရွာလူကြီးကိုပါ ဆင့်ခေါ် မိတ်ဆက်ပေးပြီး ဒီလို ဒီအကြောင်းတွေကြောင့် ရှောင်တိမ်းလာကြတဲ့ ဦးဇင်းတွေဖြစ်ကြောင့်း၊ တရွာလုံးက ကြည်ညိုတဲ့ ရွှေရေးဆောင်ကျောင်းတိုက်က အင်္ဂလိပ်စာသင်ပေးတဲ့ ဦးတေဇရဲ့တပည့်တွေဖြစ်ကြောင်း၊ အရေးအကြောင်းရှိပါက အမြန်ဆုံး သတင်းပေးစေလိုကြောင်း အမိန့်ရှိလိုက်ပါတယ်။ တခါတလေကျ အခြေအနေ မကောင်းဘူးဆိုပြီး သုံးဆယ်ပေးရွာက ဦးဇင်းလေး ဦးကုသလကျောင်းမှာ ပြောင်းရွှေ့အိပ်ရတာလဲ ရှိရဲ့။ အဲလို ပြောင်းအိပ်ပေမယ့်လဲ ခွေးဟောင်သံ ခွေးအူသံကြားတိုင်း ပြေးဘို့ပြင် ပြင်နေရတာနဲ့ပဲ အိပ်ရေး၀၀ အိပ်ခဲ့ရတယ်ရယ်လို့ သိပ်မရှိခဲ့ပါဘူး။

ဒီနေရာမှာ သတိထားမိတဲ့ခွေးဟောင်သံ၊ ခွေးအူသံတွေအကြောင်းကို တိုက်ဆိုင် တင်ပြချင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ခွေးတွေ တော်တော်များများဟာ မိစ္ဆာမြူးချိန်လို့ခေါ်တဲ့ ညဉ့်နက်ပိုင်းတွေမှာသာ ဟောင်ကြ အူကြလေ့ရှိပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ချီတေးတွေကို ထုတ်လွှင့်တဲ့အချိန်တိုင်း သံပုံးတီးကြ၊ စစ်ကားတွေ ကင်းလှည့်တိုင်း သံပုံးတီးကြဆိုတော့ နောင်မှာလဲ စစ်သားတွေကို တွေ့တိုင်း ဟောင်လာကြ အူလာတတ်ကြတယ်။။ ခါတိုင်း ပုံမှန်ဆိုရင် "ဟဲ့ခွေး" လို့ အော်လိုက်ငေါက်လိုက်ရင် ဟောင်တာ ရပ်သွားတတ်ကြပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သာမန်အော်ငေါက်တာထက်ပိုတဲ့ ခဲလုံးနဲ့ ပစ်ပြီး အော်ငေါက်ရင်တောင် အဟောင် မရပ်၊ အအူ မရပ်ကြဘူး။ ဒီလောက်ထိအောင် ပြည်သူတွေကိုယ်စား "ဇာတိမာန်" တွေ တက်ကြွပြနေတာမို့ ရှေးပညာရှိတွေက "သာမိကဿ ဝစနံ သုနာတီတိ သုနခေါ" အရှင်သခင်၏ စကားကို နားထောင်တတ်သောကြောင့် ခွေး လို့ ဝိဂြိုဟ်ပြုခဲ့ကြတာ ဖြစ်မယ်။

တနေ့ ဆောင်းဝင်ပြီး မနက်နေအထွက်မှာ လှည်းလမ်းဘေးထွက်ပြီး နေပူစာလှုံနေတုန်း ရဲ ၁၀ယောက်လောက် လာနေတာကို မြင်ပြီး တပါးနဲ့တပါး မျက်စပစ် ပြေးလိုက်တာ ဘိနပ်တွေတောင် ကျွတ်လို့၊ အဲအချိန်တုန်းက ယူနီဖောင်းမြင်ရင် ဖမ်းတော့မှာပဲဆိုတဲ့အသိက ခြောက်လှန့်နေလေတော့ " နောက်ကျတဲ့ခြေထောက် သစ္စာဖောက်" မူကို ကိုင်စွဲလို့ပေါ့။ အတော်ကြာလို့ အခြေအနေ လှမ်းကြည့်လိုက်တော့ ကိုရင်ပေါက်စတွေ ဆော့နေတာ မြင်ပြီး ကျောင်းပြန်လာခဲ့ကြတယ်။ ကျောင်းထဲလဲ ရောက်ရော ရွာလူကြီးက "ဦးဇင်းတို့ ဘာတွေ ဘယ်လိုတွေ ဖြစ်နေတာလဲ" မေးတော့ လာဖမ်းတယ်ထင်ပြီး ပြေးတယ်လဲ ပြောရော "ထင်တော့ ထင်လိုက်သားပဲ၊ ဦးဇင်းတို့နဲ့ မဆိုင်ပါဘူးဗျာ၊ ရွာထဲက ကြက်ဝိုင်း လာဖမ်းတာပါ၊ မဖမ်းအောင်လို့ ရေမန်းတိုက်ပြီး ပြန်လွှတ်လိုက်ပါပြီ၊ ရဲတွေကတောင် ပြောသွားသေးတယ်၊ ကျောင်းက ဦးဇင်း၂ပါး ဆော့တာ ဘိနပ်တွေတောင် ကျွတ်လို့တဲ့"။ အဲ့စကား ကြားမှ မေးခွန်းတခြား အဖြေတခြား ဖြစ်မှန်းသိပြီး ရယ်နိုင်မောနိုင် သက်ပြင်းချနိုင်တော့တယ်။

နေ့ခင်းပိုင်းကျ ကိုသက်ဝင်းအောင်(သူလဲ ဦးသောင်းထွန်းနဲ့အတူ လိုလေသေးမရှိ ကူညီပေးသူ၊ အရေးအခင်းကာလ ငြိမ်းချမ်းရေးစစ်ကြောင်းမှာကထဲက ပါလာပြီး နောင် ဦးဇင်းတွေ လုပ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင် ကူညီကာ မောင်ကုကို သူ့ဇာတိ အောင်လံကို ပို့ပေးတယ်။ အဲဒီက သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကွက်သစ်ရပ်ထဲက ကိုသိန်းဇော်+မခင်မာဦးမိသားစုက ခြောက်လလောက် စောင့်ရှောက်ပေးထားတယ်ပြောတယ်) ရောက်လာပြီး မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အဖမ်းအဆီးသတင်းတွေ အခြေအနေတွေကို စုံစုံလင်လင်ပြောပြပြီး ကိုယ်တို့နှစ်ပါးကိုလဲ တနေရာစီ ခွဲနေသင့်ပြီဆိုတဲ့အကြောင်းကို အခုလိုလေး ရှင်းပြတယ်။

"ဒီမယ် ဦးဇင်းတို့၊ ဦဇင်းတို့အတွဲက သိပ်ပြီး မှတ်ရလွယ်တယ်၊ တပါးက ဖြူဖြူ ထောင်ထောင်မောင်းမောင်း၊ ခပ်သန့်သန့်။ နောက်တပါးကြတော့ မဲမဲ ပုပု အရုပ်ဆိုးဆိုး။ ဒီတော့ ဦးဇင်းတို့ အခုအတိုင်းဆက်ပြီး တွဲနေမယ်ဆိုရင် သိပ်ကို သိသာလွန်းနေတယ်။ နောက်ပြီး ကားဂိတ်တွေ၊ ဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေမှာလဲ ဒီလို ပုံပန်းသဏ္ဍာန်၊ ဒီလို ဘွဲ့တွေနဲ့ တွေ့ရင် ဖမ်းဘို့ ညွှန်ကြားထားပြီးပြီ။ ဒီတော့ အမြန်ဆုံး လူခွဲ နေရာပြောင်းဘို့ စီစဉ်ကြတော့" လို့ ပြောပြီး ပြန်သွားတယ်။

သူပြောတဲ့အတိုင်းလဲ ဟုတ်နေတာဆိုတော့ ရွာကျောင်းဘုန်းကြီးနဲ့ တိုင်ပင်ပြီး စီစဉ်ကြတယ်။ အဲဒီလို တိုင်ပင်ဆုံးဖြတ်တဲ့ည မှောင်ရိပ်သမ်းစမှာ ကိုင်းခုတ်ဓားကြီး ကိုင်ပြီး ယိုင်ထိုးယိုင်ထိုးနဲ့ လူတယောက် ကျောင်းထဲ ဝင်လာတယ်။ သေချာကြည့်လိုက်တော့ တနေကုန် လူမှန်း မသိအောင် သောက်နေတတ်လွန်းလို့ တရွာလုံးက အဖက် မလုပ်ပဲ ကြဉ်ထားတဲ့ အရက်သမား ဖြစ်နေတယ်။

အဲ့လူကို ဆရာတော်က ဝင်လာလာချင်း "ဟေ့ကောင် ငမူး၊ ဘာ လာလုပ်တာလဲ၊ ဘာ လိုချင်လို့လဲ" မေးတော့ “တပည့်တော် အရေးတကြီး လျှောက်စရာ ရှိလို့ပါဘုရား၊ အထူးသဖြင့် ဒီ အာဂန္တုကိုယ်တော်လေးတွေနဲ့ပတ်သက်ပြီး အတိအကျ ရလာတဲ့သတင်းကြောင့် စိုးရိမ်မကင်း ဖြစ်မိလို့ပါဘုရား” တဲ့။ “ဆက်ပြောလေ ဒကာရဲ့” ဆိုတော့ “ဒီကနေ ဝသုန္ဓရရွာသွားတဲ့လမ်းက သင်္ချိုင်းကုန်းမှာ စစ်တပ်တွေ ရောက်နေကြောင်း၊ ရွာသာအေးဆိုတဲ့ရွာကို သိလား၊ အဲဒီ ရွာကျောင်းမှာ မြို့ပေါ် မစိုးရိမ်ကျောင်းတိုက်က ခေါင်းဆောင်ဦးဇင်းတွေ ရောက်နေတာ သိလားစတဲ့ မေးခွန်းတွေ မေးပြီး အရက်ဝယ်ခိုင်းကြောင်း၊ အရက်ဝယ်ပေးပြီး အတူတူ သောက်ကြရင်း မနက်ဝေလီဝေလင်းမှာ ဝင်ရောက် ဖမ်းဆီးမှာ ဖြစ်ကြောင်း၊ သူတို့ ပြောလို့ ကျောင်းမှာ ရောက်နေတဲ့ အာဂန္တုဦးဇင်းလေးတွေကို ခေါင်းဆောင်တွေမှန်း သိပြီး လေးစားကြည်ညိုကြောင်း၊ တပည့်တော် အရက်ကို ခုံမင်နှစ်ခြိုက်စွာ သောက်နေပေမယ့် ဒီလို ခေါင်းဆောင်ရဟန်းငယ်တွေကို ဖမ်းဆီးမှာ မလိုလားကြောင်းစတဲ့ စကားတွေကို အမောတကော လျှောက်ထားပြီး ရဲဝံ့ပြတ်သားစွာ အာမခံပေးသွားလိုက်ပုံက "အကယ်၍ တပည့်တော် လျှောက်ထားခဲ့တာတွေ မဟုတ်ခဲ့ဘူးဆိုရင် ဒီ ကိုင်းခုတ်ဓားနဲ့ အရှင်ဘုရားတို့ ရှေ့မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင် ပြပါမယ်ဘုရား" လို့ လျှောက်ပြီး ကိုင်းခုတ်ဓားကြီး ထားထွက်သွားပါတယ်။

သူလဲ ပြန်ရော ဆရာတော်က "သူ့အသက်နဲ့ ရင်းပြီး ပေးသွားတဲ့ သတင်းဆိုတော့ လေးစားလိုက်နာသင့်တယ်" လို့် ပြောပြီး ချက်ခြင်း ရွာထဲက ရင်းနှီးတဲ့ အိမ်တအိမ်ကို အကျိုးအကြောင်းပြောပြီး ပြောင်းရွှေ့ပေးလိုက်တယ်။ အပ်ခဲ့တဲ့အိမ်ကလဲ အလုံခြုံဆုံးနဲ့ စိတ်အချရဆုံး ဖြစ်အောင် နှစ်ထပ်တဲအပေါ်မှာ ပုံထားတဲ့ ကောက်ရိုးပုံကြီးထဲမှာ နှစ်ပါးလုံး လဲနေလို့ ရအောင် အပြင်က ကြည့်ရင်လဲ လုံးဝ မမြင်နိုင်လောက်တဲ့ ကောက်ရိုးအုံ ဗိမ္ဗာန်လေးတခု ဖန်တီးပြီး ဖွက်ပေးထားတယ်။ အပြင်မှာ နှင်းတဖျောက်ဖျောက်နဲ့ ချမ်းစိမ့်စိမ့် ဖြစ်နေသလောက် လေဝင်လေထွက် မရှိတဲ့ ကောက်ရိုးအုံထဲမှာတော့ ချွေးတလုံးလုံးနဲ့ပေါ့။ ကိုယ့်အခြေနေနဲ့ကိုယ်ဆိုတော့လဲ "ကျဉ်တုပ်ခံဝံ့ မခံဝံ့၊ ငြိမ်ကုတ်နေဝံ့၊ မနေဝံ့ထုံး နှလုံးမူပြီး အိပ်ပျက်ည တညကို ဖြတ်သန်းဘို့ကြိုးစားရင်း----

မနက်၃နာရီခွဲ၊ ၄နာရီလောက် အရောက်မှာတော့ တုန်လှုပ်ခြောက်ခြားဘွယ် ကောင်းလောက်အောင် ဟောင်နေ အူနေကြတဲ့ အသံတွေကို ကြားနေရပါတယ်။ အသံတွေ ကြားနေပေမယ့်လဲ အပြင်က အချက် မပေးလို့ လုံးဝ မထွက်ရဲခဲ့ပါဘူး။ ယောက်ယက်တွေခတ်ပြီး ထိပ်လန့် တုန်လှုပ်နေကြတာက အိမ်ရှင်ရဲ့သမီး ၃ ယောက်။ "ကျောင်းမှာတော့ ဝိုင်းနေပြီ" လို့ အသံ ခပ်အုပ်အုပ်နဲ့ ပြောပြီး ကောက်ရိုးအုံကို ဖွင့်ပေးတယ်။ ကောက်ရိုးစင်ပေါ်ကနေ ကျောင်းကို လှမ်းကြည့်လိုက်တော့ ဓာတ်မီးရောင်တွေ တဝင်းဝင်းနဲ့ မဲမဲလှုပ်နေတဲ့ စစ်သားတွေ။

ခဏနေတော့ ကိုရင်အောင်ထက် ဆွမ်းချိုင့်လေးဆွဲပြီး အိမ်ထဲ ဝင်လာရင်း "ဦးဇင်းတို့ နှစ်ပါးလုံး လူဝတ်လဲပြီး တောထဲ ခပ်ဝေးဝေးမှာ သွားနေဘို့ ဆရာတော်မှာလိုက်တယ်ဘုရားလို့ ပြောပြီး ပြန်ထွက်သွားတယ်။ အချိန်မဆိုင်းပဲ အိမ်မှာရှိတဲ့ အဝတ်အစားတွေ အမြန်လဲ၊ ဘုန်းကြီးစီး ဘိနပ်တွေ ဖွက်၊ တဘက်တွေ ပေါင်း၊ ခမောက်တွေ ဆောင်းပြီး ပေါက်တူး သံတူရွင်းတွေ ထမ်း၊ တကယ့် လယ်သမားကြီးတွေသဖွယ် တောထဲ မြန်းခဲ့ကြတယ်။

အရေးထဲ အရာပေါ်တာက မောင်ကု၊ မင်း ဒီကနေ တန်းတန်းသွား၊ ခပ်လှမ်းလှမ်းရောက်ရင် စောင့်နေတဲ့၊ ငါ ဆေးလိပ်သောက်ချင်လို့ ဆေးလိပ်မီး သွားတို့ရင်း အခြေအနေ အကဲခပ်လိုက်အုံးမယ်လို့် ပြောပြီး ကျောင်းထဲ ဝင်သွားတယ်။ ဝင်သွားပြီး ကျောင်းထဲမှာ ရှိတဲ့ ထယ်ကို ထမ်းရင်း စစ်သားတယောက်ဆီမှာ ဆေးလိပ်မီး တို့ပြီးမှ နောက်က လိုက်လာတယ်၊ အဲလိုကို မခန့်တာ။

အဲဒီအချိန်ထိ ကိုယ်တွေလုပ်ခဲ့ကြတဲ့ လုပ်ရပ် မှန်ကန်ခဲ့လို့လားမသိဘူး၊ နတ်ကောင်းနတ်မြတ်တွေရဲ့အစောင့်အရှောက်ကို ရရှိပြီး လွတ်မြောက်ခဲ့ပါတယ်။ အကယ်၍ အရက်သမားကသာ လာ မပြောခဲ့ဘူးဆိုရင် ဘုန်းကြီး ဦးဓမ္မဝရတို့လို ပေါ်တာတို့ ရဲဘက်တို့မှာ ပါသွား၊ အသက်ပျောက်ပြီး ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ရောက်တိုင်း အမျှဝေသံကို နားစွင့် သာဓုခေါ်ရင်း ကျွတ်မယ့်လွတ်မယ့်ရက်ကို မျှော်နေရလောက်ပြီ။

(Photo Credit - https://medium.com/@soninilucas)