Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ်် ၁၆ - ၂၀၊၂၀၂၀)



မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ်် ၁၆ - ၂၀၊၂၀၂၀) 

(မိုးမခ) မတ် ၂၁၊ ၂၀၂၀

(သူ့ဖေစ့်ဘွတ်ကနေ ကူးပါတယ်)

မတ် ၁၆ ရက် ညနေ ၂၁:၅၄ ·

9 / 11 ပြီးတော့ covid19

အမေရိကားမှာ နိုင်းအီလဲဗင်းတုန်းက ခံစားချက်တွေ အခြေအနေတွေလိုမျိူးနဲ့ အလားတူ ဖြစ်နေတာကတော့ အခု ကိုဗစ်၁၉ အရေးအခင်း ဖြစ်ပါတယ်။

အစိုးရက တာဝန်ယူဖြေရှင်းတာ အားနည်းချိန်၊ မမြင်ရတဲ့ ရန်သူ၏ တိုက်ခိုက်မှုကို ခေါင်းငုံ့ ခါးစီး ခံစားနေရတဲ့ ပြည်သူတွေနဲ့ ကိုယ့်ဖာသာကိုယ် တာဝန်ယူဖြေရှင်းနေတဲ့ ရပ်ကွက်ကျေးရွာမြို့နယ်တိုင်းအဆင့်ဆင့်က အောက်ခြေခေါင်းဆောင်တွေ ပြည်နယ်ခေါင်းဆောင်တွေ ကျန်းမာရေးဌာနတွေ ရင်ဆိုင်နေရတာတွေဟာ နိုင်းအီလဲဗင်းတုန်းက အကြမ်းဖက်တိုက်ခံရလို့ သွေးအလူးလူးနဲ့ အမေရိကန်ကြီးနဲ့ ထပ်တူ ဖြစ်ပါတယ်။

အမေရိကန်က ခံစားချက်ဟာ မြန်မာပြည်က တာဝန်ယူမှုအားနည်းတဲ့ ခေါင်းဆောင်မှုအားနည်းတဲ့ အားကိုးရာမဲ့ အကာအကွယ်မဲ့ ခံစားချက်နဲ့မြန်မာပြည်သူတွေနဲ့လည်း အလားသဏ္ဍန် တူပါတယ်။

နိုင်းအီလဲဗင်းအပြီးမှာ လူတွေ ဘ၀တွေ အမြင်တွေ ပြောင်းလဲသွားကြသလိုပဲ ကိုဗစ်၁၉အပြီးမှာ ခါးသီးမှုတွေကနေ အမေရိကန်တွေရဲ့ ဘ၀အမြင်တွေ ပြောင်းလဲသွားဦးမှာ သေချာပါတယ်။

တရုတ်ပြည် လူနာ ၈သောင်းနဲ့ ခါးစည်းရုန်းကန်ချိန်မှာ အမေရိကန်တွေ ကိုယ်ချင်းစာဖို့ အားနည်းခဲ့တယ်လို့ ဆိုကြမယ်ဆိုရင် အခု အမေရိကန်နဲ့ ဥရောပတို့ဘက် ကိုဗစ်၁၉ တိုက်ခိုက်လာချိန်ဟာ အရှေ့နဲ့ အနောက်က စနစ် ၂ ခုတို့ကိုလည်း နှိုင်းချိန်စဉ်းစားဖို့ ကောက်ချက် မှတ်ချက် တစုံတရာဆွဲနိုင်ဖို့ အချိန်လည်း ဖြစ်ပါတယ်။

နောက်တချက်ကတော့ အမေရိကန်တွေဟာ ဘယ်လိုကောင်တွေလည်း ဆိုတာကို အကဲခတ်ဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။ သူတို့တွေ အများစုကတော့ အများနဲ့အတူ ဘယ်လိုရင်ဆိုင်ကြမလဲကို ရွေးပါတယ်။ ကိုယ်လွတ်ရုန်းတာ လုပ်ဖို့ အများစုက မရွေးပါ။ စည်းကမ်းရှိဖို့လည်း ကြိုးစားပါတယ်။ မီးလောင် မုန်တိုင်းကျ ရေကြီး ဘေးဒဏ်တွေ ခံစားနေကြလူတွေဆိုတော့ အခု ရောဂါကပ်ဘေးကိုလည်း သတိထားပြီး ရင်ဆိုင်နေကြပုံကို တွေ့ရပါမယ်။ သူတို့ရဲ့ လူ့အဖွဲ့အစည်းအပေါ်ကို သူတို့ ယုံကြည်စိတ်ချတာ၊ မျော်လင့်အားကိုးတာကိုလည်း တွေ့ရမှာပါ။

သူတို့ခေါင်းပေါ်က စကြာ၀တေးမင်း ဒေါ်နယ်ထရန့် မျောက်က က နေပြီး ဗလွတ်ရွှတ်တတွေ ပြောနေလည်း ကိုယ့်ဦးနှောက်ကိုယ့်နှလုံးသားကိုပဲ မီးထွန်းပြီး သူတို့ လမ်းလျောက်နေတာ လမ်းရှာနေတာကို တွေ့နေရတယ် ထင်တာပဲ။

မတ် ၁၇ ရက် ညနေ ၂၂:၄၅ ·

ကပ်ဘေးက နာရေးတွေကို ရင်ဆိုင်ခြင်း

အခု အမေရိကားမှာ လူ ၁၀၀ ကျော် သေသွားပြီ။ အခု အီတလီမှာ လူ ၂၅၀၀ သေသွားပြီ။ လူတွေက သူတို့ရှေ့က စကရင်တွေကို ကြည့်ပြီး တဦးကို တဦးပြောနေကြတယ်။ သူတို့ပြောနေပုံက မန်ယူက ချယ်ဆီကို ၁ ဂိုးသွင်းလိုက်ပြန်ပြီ။ ၂ ဂိုးသွင်းလိုက်ပြန်ပြီ ဆိုပြီး ကိန်းဂဏန်းတွေကို ရွတ်ဆို အပမ်းဖြေနေကြသလိုပဲ။ ပြီးတော့ ပြောသေးတယ်လေ၊ မြန်မာပြည်မှာ မသေကြသေးပါလားတဲ့။ ဘယ်တိုင်းပြည်ပဲ ဖြစ်ဖြစ် ဘယ်ဘေးဒုက္ခပဲ ကြုံကြုံ လူတွေ သေကြနာကြတာကို ခံစားချက်မရှိဘဲ သည်လိုပြောဆိုနေကြတာ ရှက်စရာ။ ဝမ်းနည်းစရာ။

သည်ဘက်အိမ်က ကပ်ဘေးကို ရင်ဆိုင်ဖို့ ရိက္ခာတွေ ဝယ်စုနေတယ်။ ဟိုဘက်အိမ်ကတော့ ကပ်ဘေးမှာ မိသားစုဝင်တွေ ကွယ်လွန်သွားလို့ ငိုကြွေးနေကြပြီ။ နောက်တအိမ်က ကျန်းမာရေးဝန်ထမ်းဟာ ဆေးရုံကနေ အိမ်မပြန်နိုင်သေးဘူး။ တချို့ကတော့ သူတို့ကို ကူးမှာစိုးရိမ်ပြီး တချို့ကတော့ အလုပ်ပြုတ်မှာ ဘ၀ပျက်မှာ စိုးရိမ်ကြပါတယ်။ တချို့ကတော့ စတော့စျေးကို ပိုစိတ်ပူတယ်၊ တချို့ အစိုးရကူငွေရမှာကို ပိုပျော်နေပြန်တယ်။ သူတို့တွေက မနက်ဖြန်ကို ပူနေကြတယ်။

နာရေးတွေကျတော့ကော။ မိသားစုဝင်တဦး ကပ်ဘေးဒဏ်သင့် ဆုံးပါးသွားတဲ့အခါ။ ဘယ်လိုမျိူး နာရေးတွေကို ရင်ဆိုင်ကြနေလိမ့်မလဲလို့ တခါတလေလေးတော့ စဉ်းစားကြည့်သင့်တာပေါ့။

သူတို့အတွက် ... ကျန်ရစ်သူတွေအတွက် ဂဏန်းလေးတလုံး တိုးသွားတာ မဟုတ်ပါဘူး။ သူတို့ဘ၀တွေအတွက် ထိခိုက်နစ်နာသွားတာဟာ အခြားသက်ရှင်နေသေးသူတွေထက် အများကြီး ဆိုးပါတယ်။ သူတို့ရဲ့ မနက်ဖြန်ဟာ အခြားလူတွေရဲ့ မနက်ဖြန်နဲ့ လုံး၀မတူတော့တာ သေချာပါတယ်။

မိမိကိုယ်တိုင်လည်း ဇန်နဝါရီလမှာ မိတ်ဆွေတဦး အသက်ကုန်သွားတာကို လူနာကုတင်ဘေးကနေ စောင့်ကြည်ခဲ့ရတယ်။ ပြီးတော့ ဖေဖော်ဝါရီထဲမှာ မိမိနဲ့ မသိသော်လည်း ရပ်ကွက်ထဲက လူရွယ်တဦး ကင်ဆာနဲ့ ကွယ်လွန်လို့ ကူကြရပြန်တယ်။ မတ်လထဲမှာ ၈၈ရဲဘောိတဦး ရုတ်တရက် ဆုံးပြန်တယ်။ သူတို့တွေက ဗိုင်းရပ်စ်ကြောင့်မဟုတ်သော်လည်း နာရေးကတော့ နာရေးပါပဲ။ သူတို့တွေ လောကကြီးက ထွက်သွားကြတာ ဂဏန်းနံပါတ်တွေ တိုးသွားတာမျိုး မဟုတ်ပါဘူး။ သည်လိုပဲ ကိုဗစ်၁၉ကြောင့် ကမ္ဘာကြီးကနေ လူ ၇၉၄၈ ဦး ဆုံးပါးခဲ့ပြီ။ အသက်တွေ ဘ၀တွေဟာ ဂဏန်းနံပါတ်သက်သက်တွေ မဟုတ်ပါဘူး။

ဝမ်းနည်းပါတယ်ဗျာ၊ ခင်ဗျားမိသားစုဝင်တော့ ဆုံးရှာပြီ။ ရုပ်ကလာပ်ကို ရင်ခွဲစစ်ဆေးပြီးမှ သေစာရင်းထုတ်ပေးမှာပါ။ ပြီးတော့ ကပ်ရောဂါနဲ့ ဆုံးတာဆိုတော့ ပုံမှန်နာရေးဈာပနလည်း ကျင်းပဖို့ မဖြစ်နိုင်ပါဘူး။ အသုဘကို အကျဉ်းရုန်းရမယ်၊ သုဿန်တွေကိုလည်း အကြောင်းကြားပါ။ သူတို့ ဘာလုပ်ရမှာ သိတယ်။ ခင်ဗျားတို့လည်း ကိုယ့်ဖာသာကိုယ် ၁၄ ရက် စောင့်ကြည့်ပါ။ သူများတွေနဲ့ ထိတွေ့တာ မလုပ်ပါနဲ့။ တခုခုဆို ဆေးရုံအရေးပေါ်ကို လာပါ။ ဝမ်းနည်းပါတယ်ဗျာ။

သည်လိုမျိုး ကြုံရ ကြားရ ရင်ဆိုင်ရတဲ့ ကျန်ရစ်သူတွေကို တွေးမိပြန်ပါတယ်။ သူတို့ဟာ ကပ်ဘေးကိုလည်း ရင်ဆိုင်ရ၊ နာရေးကိုလည်း ရင်ဆိုင်ကြရတယ်လေ။

သိပ္ပံပညာရှင်တချို့က ပြောတာက - စကြာ၀ဠာကြီးဟာ ဘလက်ဟိုးလ်ကြီးထဲကို စုတ်ယူခံနေရတယ်။ နောက်ဆုံးတနေ့မှာ တစစီ ပြိုကွဲ ပျက်စီးရတယ်။ သည်အတွက် ဘယ်အရာကမှ စနစ်တကျ ပုံမှန် ဖြစ်နေတယ်ဆိုတာ မရှိဘူး။ အဲသည်ကြားကာလလေးမှာသာ သက်တော့သက်သာဖြစ်ဖို့ ကြိုတင်ပြင်ဆင်ပြီး ဉာဏ်မီသလောက်တွက်ဆနိုင်မှုတွေနဲ့ လူတွေက အသက်ရှင်နေကြတာ ဖြစ်ပါတယ် တဲ့။ သည်တော့ နာရေးဆိုတာဟာ ပုံမှန်မျှော်လင့်ထားတဲ့ မနက်ဖြန် ပျက်စီးသွားခြင်းပေါ့။ ကာယကံရှင်ကတော့ မရှိတော့ဘူး။ ကျန်ရစ်သူတွေကတော့ သူတို့ပုံမှန်မျော်လင့်ထားတဲ့ မနက်ဖြန် မရှိတော့ဘူူး။

အခြားကျန်ရစ်သူတွေကတော့ ကပ်ဘေးကြီးကိိုကျော်မယ့် မနက်ဖြန်အတွက် ဆက်အသက်ရှင်ကြပါလိမ့်မယ်။


မတ််၂၀၊ ၂၀၂၀ - ၁၉ နာရီ ·

ကိုဗစ်၁၉နဲ့ အတူ နေထိုင်ခြင်း

အရင်အပတ်တွေတုန်းက ပွဲကြည့်ပရိသတ်လိုမျိုး။ ဒီတပတ်ကတော့ ကိုယ်တိုင် သည်ဇာတ်ခုံပေါ်ကို ရောက်နေရပြီ။ အလုပ်တွေ ပိတ်လိုက်ပြီ။ အိမ်မှာပဲ နေကြပါ။ အရေးပေါ်ကိစ္စကလွဲရင် အပြင်မထွက်တာကောင်းတယ်တဲ့။ ကုရာနတ္ထိ ဆေးမရှိသေး တဲ့။ ဆေးရုံနဲ့ ကျန်းမာရေးပစ္စည်းတွေကလည်း အမေရိကားမှာ မလုံလောက်သေးပါဘူး တဲ့။ ငွေတော့ ပေးနိုင်တယ်၊ ဆေးတော့ မပေးနိုင်သေး။ သည်တော့ ကျနော်တို့တတွေဟာ အခု ဗိုင်းရပ်စ်နဲ့ အတူ နေထိုင်နေကြရပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်နဲ့အတူ နေထိုင်ရတယ်ဆိုတာက ဟိုတခေတ်က မင်းမှာ အိတ်ဒ်စ် ဖြစ်နေပြီလို့ အပြောခံလိုက်ရသလိုမျိူးပဲလား စဉ်းစားမိတယ်။ ဗိုင်းရ့ပ်စ်ဟာ လူတိုင်းကို ကူးစက်ပြီးသွားလောက်ပြီ။ လက္ခဏာတွေ မပြသေးတာပဲ ရှိတယ်။ လက္ခဏာပြတဲ့သူတွေကတော့ ဆေးရုံရောက်ချင် ရောက် မရောက်ရင် အိမ်မှာပဲ သီးခံနေကြပေရော့။ အဆိုးဆုံးကိုုပြင်ဆင်ပြီး အကောင်းဆုံးကိုလည်း မျော်လင့်နေကြရုံသာ။

မဖြစ်သေးခင် မလာသေးခင် ပြင်ဆင်ချိန်ရခဲ့ပေမယ့် အခုကတော့ ဖြစ်နေပြီ ကိုယ့်ဆီရောက်နေပြီဆိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရှိတာနဲ့ ရင်ဆိုင်ကြရုံ ဆိုရမယ်။ အကောင်းဆုံးပြင်ဆင်ထားရင်တော့ စစ်ပွဲမှာ အစွမ်းကုန် ခုခံနိုင်မှာဆိုသော်လည်း အခုအချိန်က ရှိစုမဲ့စုလက်နက်လူသူနဲ့ မြို့ရိုးကို ကာကွယ်နေကြတာနဲ့ တူပါတယ်။

တရုတ်ပြည်က ဆေးဝန်ထမ်း ၅သိန်းကျော်၊ အရေးပေါ်ဆောက် ဆေးရုံကြီး၊ ဆေးပစ္စည်း ကိရိယာအစုံအလင်၊ သူတို့စနစ် သူတို့အကျင့်၊ သူတို့ခေါင်းဆောင်မှု၊ နောက်လိုက်တွေနဲ့ ရင်ဆိုင်ခဲ့ကြတာ။ လွန်ခဲ့တဲ့ ဇန်နဝါရီ ဖေဖော်ဝါရီ ၂ လတုန်းက။ ခု သူတို့ကို ပြန်ကြည့်လိုက်တော့ အိပ်မက်လိုမျိုး။ အခုတော့ ကျနော်တို့တတွေလည်း သူတို့လိုပဲ ဗိုင်းရပ်စ်နဲ့ အတူနေထိုင်နေကြရပြီ။

ထရီးဗာနိုအာ ဆိုတဲ့ ဟာသသရုပ်ဆောင်ပြောသလိုပေါ့ ခေါင်းဆောင်ကောင်းလိုတယ် တဲ့။ ခေါင်းဆောင်ကောင်းဆိုတာ မုန်တိုင်းထဲ ဖြတ်မယ့် လေယျာဉ်ပျံပိုင်းလော့လိုပဲ။ အရင်ဆုံး အမှန်အတိုင်း ခရီသည်တွေကို ပြောပြထားဖို့ လိုတယ်။ လေယျာဉ်ပျံ ဟာ လူးမယ် လှိမ့်မယ် ခရီးသည်တွေ အော့အန်မယ်၊ သို့သော်လည်း မုန်တိုင်းထဲကနေ လွတ်အောင် သူအစွမ်းကုန်မောင်းမယ်။ သည်လိုမျိုး ပြောရမယ်။ သည်တော့မှ ခရီးသည်ဟာ မုန်တိုင်းကို ဖြတ်ချိန်မှာ လေယျာဉ်ခရီးကြမ်းဒဏ်ကို ကြိုတင်သိရှိမျော်လင့်ပြီး ပိုင်းလော့ကို ယုံကြည်မှုထား ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဝန်ုကြီးချုပ် ပြည်သူတွေကို ပြောသလိုပေါ့။ အေးအတူ ပူအမျှ ပြည်သူနဲ့အတူတူ အဆိုးအကောင်းကို ရင်ဆိုင်ကြမယ်တဲ့။ ခေါင်းဆောင်လုပ်တဲ့သူတွေက ပြည်သူတွေကို 'ဘာမှ မဖြစ်ပါဘူး၊ ဘာမှ မဖြစ်စေရဘူး' ဆိုပြီး မုသားတွေနဲ့ ချွေးသိပ်ထားပြီး တကယ်မုန်တိုင်းကျလို့ ဗြောင်းဆန်နေတဲ့အခါ အဲသည်ခရီးသည်တွေဟာ ဘယ်လို ခံစားကြမလဲ။ ဘယ်လိုရင်ဆိုင်ကြမလဲ။ တွေးကြည့်သင့်တယ်တဲ့။ ဟာသပညာရှင် ထရီဗာ ပြောသွားတာ မှတ်သားစရာပါ။

အခုတော့ ကျနော်တို့ ဗိုင်းရပ်စ်နဲ့ အတူနေထိုင်နေရပါပြီ။ ဒါဟာ အမှန်တရားပါ။ ဗိုင်းရပ်စ်က ကျနော်တို့ အိမ်ထဲကို ရောက်နေပြီ။ ဒီတော့ ကျနော်တို့က ဗိုင်းရပ်စ်နဲ့ နီးနီးနေရပြီး မိသားစုတွေနဲ့တော့ ခွာခွာနေခိုင်းရတယ် အဖြစ် ရောက်နေတယ် မဟုတ်လား။ ဗိုင်းရပ်စ်ကတော့ ကျနော်တို့ကို ပြန်ဆင်ခြေပေးပါလိမ့်မယ်။ တကယ်တမ်းက မင်းတို့တတွေ ငါ့ကြောင့် ပိုပြီး နီးစပ်ခွင့် မိသားစုတွေ အတူတူနေထိုင်ခွင့် shelter in place ဖြစ်ခွင့်ရကြတာ ဝမ်းမသာဘူးလားလို့ မေးလိမ့်မယ် ထင်ပါတယ်။

ဟုတ်ပါ့ဗျာ။ အခုကျနော်တို့မိသားစု ခုမှ တမိုးအောက်မှာ အတူတူ နေခွင့်ရကြတာ ကိုဗစ်၁၉ကိုပဲ ကျေးဇူးတင်စရာ တဲ့ လား။