Breaking News

ထွန်းဝင်းငြိမ်း - ဒေါင်းဋီကာသစ် နှစ် ၁၀၀




ထွန်းဝင်းငြိမ်း - ဒေါင်းဋီကာသစ် နှစ် ၁၀၀

(မိုးမခ) မတ် ၂၂၊ ၂၀၂၀

နိဒါန်း
ဒီနှစ်ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဒေါင်းဋီကာသစ် စာအုပ် နှစ် ၁၀၀ ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ “မှိုင်းဋီကာ အရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ”မှာ ဒေါင်းဋီကာသစ် ပထမအကြိမ်ထုတ်ဝေတဲ့ ပုံနှိပ်မှတ်တမ်းကို ၃၀ မတ် ၁၉၂၀ ဆိုပြီး ဖော်ပြ ထားတာ တွေ့ရပါတယ်။ ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှု အစပြုရာ ဝံသာနုအရေးတော်ပုံရဲ့ ကဏ္ဍကို ဆရာကြီးက သမိုင်းရေးထိုး မော်ကွန်းတင်ခဲ့ တဲ့ ရှားပါးစာအုပ်ဖြစ်ပါတယ်။ ဆရာကြီးက အဲဒီလို အဖွင့်ဋီကာကျမ်းပေါင်း ၂၀ ကျော်ရေးခဲ့ရာမှာ ဒေါင်းဋီကာသစ်ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။

၀ံသာနုဋီကာ
ဆရာကြီးဟာ ၁၉၁၉ ခုနှစ်ဆီက သူရိယသတင်းစာတိုက်မှာ မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာ ဆရာလွန်းအဖြစ် တာဝန်ထမ်းဆောင်နေချိန် မစ္စတာမောင်မှိုင်း ကလောင်အမည်ခံပြီး သူရိယသတင်းစာမှာ ''သပြေနုချိန်'' ကဗျာဖွဲ့ဆိုပြီး ချီးကျူးဂုဏ်ပြုတဲ့ ဆောင်းပါးတွေရေးရာက ဒေါင်းဋီကာသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ အဲဒီဆောင်းပါးတွေကို ဒေါင်းဋီကာသစ် စာအုပ်အဖြစ် စုစည်းရိုက်နှိပ်ခဲ့ တာဖြစ်ပါတယ်။ အမျိုးသားကျောင်းတွေမှာ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ပြဌာန်းခဲ့တဲ့ ကျမ်းတစောင်လည်းဖြစ်ပါတယ်။


ဒေါင်းဋီကာသစ်ကို “ဝံသာနု” အမျိုးသားရေးလှုပ်ရှားမှုကြီး အမြင့်မားဆုံးအချိန်မှာ ရေးခဲ့တာပါ။ အဲဒီအချိန်က သူရိယ သတင်းစာဟာ ဗုဒ္ဓ ကလျာဏ ယုဝအသင်းကြီး (ဝိုင်အမ်ဘီအေ)ရဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဆိုတဲ့ “ဝံသာနု” ဝါဒသဘောတရားတွေကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူးရာဌာနလည်း ဖြစ်ပါတယ်။ ဝံသာနုဆိုတာ ပါဠိစကားဖြစ်ပြီး ဝံသ အနု ရက္ခိတ ဆိုတာ အမျိုးကို အစဉ် စောင့်ရှောက်သော တရားလို့ အဓိပ္ပါယ်ရပါတယ်။ အဖျားဆွတ်ပြီး “ဝံသာနု” လို့ ခေါ်ခဲ့ကြတာပါ။ “ဋီကာ” ဆိုတာ “အဖွင့်ကျမ်း” လို့ အဓိပ္ပါယ်ရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဋီကာတွေ ဒီပနီတွေ ဂဏ္ဍိတွေမှာ လေးချိုးကြီး ကဗျာတလှည့် အဖွင့်စကားပြေတလှည့်နဲ့ တောမှီ ယောဂီ ရသေ့ကြီးက တပည့်မတွေနဲ့ အချီအချ စကားပြောဟန်နဲ့ ရေးသားတင်ပြလေ့ရှိပါတယ်။ ဒေါင်းဋီကာသစ်မှာ သူရိယဆောင်းပါးခန်း၊ အဘိယာစကအခန်း၊ စူဠနိဒါန်း၊ မဟာနိဒါန်း၊ ပဏာမတေးထပ်ခန်း၊ လေးချိုးကြီးဝဏ္ဏနာခန်း၊ နိဂမခန်းဆိုပြီး အခန်းကြီး ခုနစ်ခန်း ရေးဖွဲ့ထားပါတယ်။ အဘိယာစက အခန်းမှာ ဒေါင်းဋီကာ ရေးရတဲ့အကြောင်းက သပြေနုချိန် ကဗျာမှာပါတဲ့ ဒေါင်းတဘောင်နဲ့ ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်ရှိ တပည့်တွေ တပည့်မတွေက အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ တေးထပ်နဲ့ တောင်းဆိုထားပုံကို -

“ရာဇဝင် ကဗျာဂိုဏ်းတွင်ဖြင့် ဆရာမှိုင်း ခေတ်ပေ။ မြန်မာတိုင်း ချစ်မပြေအောင် အသစ်တွေဖန်လို့။ ဒေါင်းအတိတ် ချောင်းရိပ်တောင်မှာ ကြောင်းဟိတ်ဆောင် ဟောတဲ့ ရွှေကိုယ့်။ သရေခေတ် ရသေ့ပြည်မှာ နဝဒေ့ ညီ ဆိုစို့။ မွေ့ကြည်ကြည်ချိုချို ပျို့အောင်ပ၊ နဂိုရ်ကိုယ့်ဉာဏ်ရည်။ အလောင်းတော် ကဿပဆီက ဖတ်ရလို့ လွမ်းကြပါသည်။ တမ်းတလို့ ကြာရှည်ပြီ၊ ပဏာချီ သွယ်ညွန်လျငယ်နှင့် မယ်ဝဏ္ဏပန်းရှိ လက်ဆောင်၊ ကျမ်းညှိမြွက်နှောင်။ လမ်းသိဖို့ အကြောင်းဆောင်သည်၊ ဒေါင်းတဘောင် ဆက်အုံးဖျလေး။” ဆိုပြီး ဖွဲ့ထားတာတွေ့ရပါတယ်။


အစဉ်အလာသစ်
ဆရာမှိုင်းရေးပေးတဲ့ ဒေါင်းဋီကာဆိုတာ ဒေါင်းဋီကာသစ် ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီးလက်ထက်က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားတောရကျောင်း ဆရာတော် အရှင်အာဒစ္စ မထေရ်ရဲ့ ဒေါင်းမေတ္တာစာကို မဟာဝိသုဒ္ဓါရာမ ဆရာတော်ရေးပေးတဲ့ ဒေါင်းဋီကာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီ ဒေါင်းဋီကာဟာ ရဟန်းတော်တွေအတွက် ဘုရားဟောဓမ္မကံ၊ ဝိနည်းကျမ်းဂန်တွေဖြစ်ပါတယ်။ ဆရာမှိုင်းရဲ့ ဒေါင်းဋီကာကတော့ တမျိုးသားလုံး ဝံသာနုစိတ်တွေ ပွားများဖို့ ရာဇဝင်ပုံပြင်တွေနဲ့တကွ ကဗျာ၊ လင်္ကာ၊ တေးထပ်၊ ရတု၊ ရကန်၊ အဲ၊ အန်၊ မော်ကွန်းတွေကို ကိုးကားပြီး စုစည်းတင်ပြ ရေးသားထားတာ ဖြစ်ပါတယ်။

ဒေါင်းဋီကာသစ်ဟာ ရှေးဟောင်းဂန္ထဝင်စာပေကနေ လမ်းခွဲထွက်လာတဲ့ ခေတ်ပြိုင်ခံစားမှုကို ဖွဲ့ဆိုတဲ့ ကနဦး ကျမ်းမြတ်တစ်ဆူ ဖြစ်ပါတယ်။ ခေတ်ကိုထင်ဟပ်တဲ့ ကြေးမုံ ဖြစ်သလို တမျိုးသားလုံးကို ဦးထိပ်ထားတဲ့ ပြည်သူလူထုရဲ့ အသံလည်း ဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှု လှုံ့ဆော်ခဲ့တဲ့ စာပေသစ် လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာဒဂုန်တာရာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ''သမိုင်းခေတ်၏ ရိုက်ခတ်ခြင်းကို ဖွဲ့နွဲ့သော အစဉ်အလာသစ်ထူထောင်ဖန်တီးသူ''ဆိုပြီး ဂုဏ်ပြုတင်စားခဲ့တာ ဖြစ်ပါတယ်။

အရေးပါတဲ့စာ
ဆရာကြီးဟာ မြန်မာနိုင်ငံကို မတရား ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်နေတဲ့ ဗြိတိသျှအစိုးရရဲ့ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားနဲ့ နယ်ချဲ့စနစ်ကို ဝံသာနုအမျိုးသားရေးလှုပ်ရှားမှုကြီးနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ဖို့ ဒေါင်းဋီကာသစ်ကို ရေးသားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ အစောဆုံးထွက်ပေါ်လာတဲ့ အမျိုးသားရေးလှုပ်ရှားမှု ဋီကာကျမ်း တစ်စောင်လို့ ဆိုနိုင်ပါတယ်။ ဒေါင်းဋီကာ သစ်ဟာ နိုင်ငံရေးကို အဓိကထားတယ် ဆိုပေမယ့် နိုင်ငံရေးနောက်ခံထဲမှာ အမျိုးသားရေး၊ ရာဇဝင်နဲ့ မြန်မာစာပေရေးရာတွေ အများကြီး ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

ဒေါင်းဋီကာသစ်မှာ ကိုးကားထားသော စာပေကျမ်းဂန် အမြောက်အများတွေ့ရပါတယ်။ မာဂဓ အဘိဓာန်၊ အဘိဋီကာ၊ အနန္တသူရိယ၏ မျက်ဖြေလင်္ကာ၊ ပါရမီတော်ခန်းပျို့၊ စစ်ကိုင်းရတနာဗိမာန်ကျောင်း ကျောက်စာ၊ ကိုးခန်းပျို့၊ ဝတ်ရုံကျောင်းဘွဲ့ မော်ကွန်း၊ ပျဉ်လှေကား အလှူမေတ္တာစာ၊ ရွှေစက်တော်သွားတောလား၊ ရွှေဟင်္သာမင်းပျို့၊ သုဝဏ္ဏသျှံ သစ္စာခန်းပျို့၊ ဥဒေါင်းဖိုမ အမေးအဖြေရတု၊ အလောင်းမင်း တရားကြီး နန်းဖွင့်ရတု၊ စစ်ကိုင်း အောင်မြေလောကကျောက်စာ၊ ဦးလွမ်းပြေ၏ တောပန်းတောင်ပန်းဘွဲ့ သီချင်းခံ့ကြီး၊ ဦးပုည၊ အချုပ်တန်း ဆရာဖေ၊ မြေထဲဦးကံစတို့ရဲ့ ဒေါင်းဘွဲ့တေးထပ်များ၊ ရွှေဥဒေါင်းမင်းပရိတ်တော်၊ သူရိယပရိတ်ကြီးပါဠိတော်၊ ဒေါင်းပရိတ်မွှန်းကြီး၊ ဒေါင်း မေတ္တာစာ စတဲ့ ကျမ်းတွေ ပါဝင်ပါတယ်။

ရာဇဝင်ပုဂ္ဂိုလ်ကျော်တွေနဲ့ ဂန္ထဝင်စာပြုစာဆိုတွေအပြင် ဆရာမှိုင်းတို့ခေတ် အထင်ကရ စာဆိုများကိုပါ ထည့်သွင်းရေးသားထားပါတယ်။ အနန္တသူရိယ၊ စတုရင်္ဂဗလအမတ်၊ ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာ ရဋ္ဌသာရ၊ ရှင်တေဇောသာရ၊ ရှင်အဂ္ဂသမာဓိ၊ လှော်ကား သုံးထောင်မှူး၊ ပြည် နဝဒေးကြီး၊ ဥက္ကာပျံ၊ နတ်ရှင်နောင်၊ ပဲခူးမိဖုရား၊ ဆင်ဖြူရှင်ကိုယ်လုပ်တော် ထွေးလှ၊ မြင်စိုင်း မင်းသမီး၊ ရွှေဆင်းတု မင်းသမီး၊ တွင်းသင်းမင်းကြီး ဦးထွန်းညို၊ စိန္တကျော်သူဦးသြ၊ ပလိပ်စားဦးဖျော်၊ ဦးဘုန်း၊ ဒုတိယနဝဒေး၊ မုံရွေးဆရာတော်၊ ဦးလွမ်းပြေ၊ မြဝတီမင်းကြီးဦးစ၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ မမြလေး၊ ပြင်စည်မင်းသား၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ၊ လှိုင်ထိပ် ခေါင်တင်၊ ရှိမ္မကား ရှင်အာဒစ္စမထေရ်၊ မန်လည်ဆရာတော်၊ မင်းကွန်းဆရာတော်၊ ငယ်တိုးအတွင်းဝန်၊ မြေထဲဦးကံစ၊ ကင်းဝန်မင်းကြီး၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ရွှေဥဒေါင်း စတဲ့ စာဆိုတွေရဲ့ အကြောင်းတွေ ပါဝင်ပါတယ်။

ဒေါင်းဋီကာသစ်ဟာ ပုဂံရာဇဝင်၊ အင်းဝရာဇဝင်၊ တောင်ငူရာဇဝင်၊ ဟံသာဝတီ ပဲခူးရာဇဝင်နဲ့ ကုန်းဘောင် ရာဇဝင်တွေမှာပါတဲ့ ရာဇဝင် အဖြစ်အပျက်တွေကိုလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ရေးသားဖော်ပြထားပါတယ်။ စာဖတ်ပရိသတ်နဲ့ ရင်းနှီးကျွမ်းဝင်အောင် ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် စစ်ကိုင်းနဲ့ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ သာသနိက အဆောက်အဦတွေ၊ စေတီပုထိုးတွေ၊ သမိုင်းဝင်အထိမ်းအမှတ် အများအပြားကိုလည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ဆရာကြီးရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ စကားဖန်တလှည့်၊ တေးကဗျာတလှည့် အရေးအသားမှာ ကျမ်းကိုး ၁၂၉ ၊ ရာဇဝင်ပုဂ္ဂိုလ်ကျော် ၁၁၂ ဦးနဲ့ စာပြုစာဆိုပုဂ္ဂိုလ် ၈၆ ဦးတို့ရဲ့ အကြောင်းတွေကို ထည့်သွင်းရေးသားထားသလို ဆရာကြီး ကိုယ်တိုင်ရေးဖွဲ့တဲ့ ကဗျာတွေလည်း ပါဝင်ပါတယ်။ တေးထပ်၊ ဒွေးချိုး၊ လေးချိုး၊ လေးချိုးကြီး၊ မဟာလေးချိုးကြီး စတဲ့ ကဗျာပေါင်း ၂၄ ပုဒ် ပါရှိပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ မြန်မာရာဇဝင်နဲ့ မြန်မာစာပေအတွက် အထူးအရေးပါ အရာရောက်တယ်လို့ သတ်မှတ်ကြပါတယ်။

သပြေနုချိန်
၁၉၁၉ ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓကလျာဏယုဝအသင်းကြီး (ဝိုင်အမ်ဘီအေ)က မြန်မာလူငယ်ခေါင်ဆောင်သုံးဦးဖြစ်တဲ့ ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်)တို့ကို အင်္ဂလန် စေလွှတ်ပြီး ဟုမ္မရူး (Home Rule) လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အရေးဆိုခဲ့ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဝိုင်အမ်ဘီအေ အသင်းကြီး လူငယ်တွေရဲ့ အမျိုးသားရေးနဲ့ ဝံသာနုစိတ်ဓာတ်ကို လှိုက်လှိုက်လှဲလှဲ အားပေး ထောက်ခံ ခဲ့ပါတယ်။ သူထောက်ခံသလို မြန်မာပြည်သူပြည်သားအားလုံးကလည်း အမျိုးသားရေးစိတ်နဲ့ အားပေးထောက်ခံကြဖို့ ဒေါင်းဋီကာသစ်ရဲ့ အင်္ဂလန်သွား ဒယ်လီဂိတ်ဘွဲ့ကဗျာ မဟာလေးချိုးကြီးမှာ “ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယျတုပါကွယ့်၊ သပြေနုချိန် တင်ရန်၊ ပန်းတွေက လည်း၊ များလိုက်ပါဘိသနှင့်၊ ဖေပုရှိန် အင်္ဂလန် နန်းမြေ သွားတို့မှာဖြင့်၊ အားမြောက်ဖွယ်ကြံလွယ်ဖန်လွယ်နှင့် အန္တရာယ် ရန်စွယ် မောင်း တဲ့ပြင်၊ ဆရာအရှင်မင်းရို့ ကိုရင်မှိုင်းမှာဖြင့်” ဆိုပြီး အားတက်ဖွယ် ဖွဲ့ဆိုထားတာတွေ့ရပါတယ်။ ကိုယ်စားလှယ်တော်သုံးဦးရဲ့ “အရေးဆိုပွဲကို မြန်မာတနိုင်ငံလုံးက ဝိုင်းအုံ ထောက်ခံကြ” လို့ ဆရာကြီးက ဒေါင်းဋီကာသစ်နဲ့ တိုက်တွန်း လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးကျမ်း
အဲဒီလို လှုံ့ဆော်ရာမှာ လောကီကိုပယ်ခွာပြီး လောကုတ္တရာအလုပ်တွေမွေ့လျော်နေတဲ့ ဘိုးသူတော်၊ မယ်သီလ၊ ယောဂီမ၊ ရသေ့ အထိ အားလုံးကိုလည်း လျှိုရိုးမှာ ဖိုထိုးနေသူ တောမှီတဲ့ ယောဂီရသေ့ကြီးက ဦးဆောင်ပြီး တောကြိုအုံကြားကနေ “ခအောင်း၊ ကညင်၊ သဖန်းငဲ့ပြင်၊ ထနောင်းပင်၊ တနန်းရယ်က၊ အပေါင်းဘဝင် ချမ်းစေဖို့၊ အကောင်းတမင် မှန်း မှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံထူ” ကြဖို့ ထောက်ခံ ရေးသားထားတဲ့စာလည်း ဖြစ်ပါတယ်။ ဆရာကြီးဟာ မူလပထမကတည်းက နိုင်ငံရေးလုပ်ဟန်မှာ လူထုနည်းကိုယုံကြည်ခဲ့သူပါ။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးကို ခပ်စောစောကတည်းက စပြီး တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါင်းဋီကာသစ်ဟာ စာပေ၊ ယဉ်ကျေးမှု၊ ရာဇဝင်နဲ့ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးတို့ကို အဓိကဦးတည်ပြီး ရေးသားခဲ့တာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ မြန်မာ့အမျိုးသားနိုင်ငံရေး သဘောတရားကျမ်းအဖြစ် မှတ်ယူထိုက်ပါတယ်။

ဇာတိမာန်စိတ်
ဒါ့ကြောင့် ဆရာဇော်ဂျီက သခင်ကိုယ်တော်မှိုင်း ဋီကာမှာ “ဆရာကြီးစာနှင့် မြန်မာ့ဝံသာနုလုပ်ငန်းတို့သည် တလှေထဲစီး တခရီးထဲ သွားသကဲ့ သို့ဖြစ်လေသည်။ ဆရာကြီးသည် ရှေးရှေးစာဆိုများကဲ့သို့ တောတောင်ရေမြေ သစ်ပင်ပန်းမာလ် အစရှိသော သဘာဝအလှအပကိုသာ ဖွဲ့ဆိုခြင်း၌၎င်း၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ အလွမ်းဘွဲ့ စသည်တို့ကိုသာ ဖွဲ့ဆိုခြင်း၌၎င်း၊ ဇာတ်တော်များကိုသာ ပျို့ကဗျာမျိုးဖြင့် ဖွဲ့ဆိုခြင်း၌၎င်း၊ စိတ်အာရုံ မစူးစိုက်လိုတော့ပြီ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ တို့၌သာလျှင်၎င်း၊ မြန်မာနိုင်ငံ၏ ကံကြမ္မာကို ဖန်တီးကြသည့် အင်အားစု များ၌ သာလျှင်၎င်း၊ မြန်မာတိုင်းသူပြည်သားတို့ ဇာတိမာန်စိတ်ဓါတ် ပြန်လည်ရရှိရေး တို့၌သာလျှင်၎င်း စိတ်အာရုံစူးစိုက် နေသည်ဟု ဆိုရာ သည်။ ဆရာကြီး၏ ဇာတိမာန် နိုင်ငံချစ်စိတ်ဓါတ်နှင့်တကွ မြန်မာပြည်အပေါ်၌ထားရှိသော ဆရာကြီးစေတနာတို့သည် ဒေါင်းဋီကာသစ်မှ အစပြု၍ ထင်ရှား သည်ထက် ထင်ရှား၍လာလေသည်” ဆိုပြီး ရေးခဲ့တာ ဖြစ်ပါတယ်။

နဝင်းကိုက်ပြီ
ဖေ၊ ပု၊ ရှိန် မြန်မာလူငယ်ကိုယ်စားလှယ် သုံးဦး ဘိလပ်ကို ဟုမ္မရူး သွားရောက် တောင်းဆိုချိန်ဟာ ၁၉၁၉ ခုနှစ်ဖြစ်ပြီး ကိုးနဝင်းနဲ့ ကိုက်ညီပါသတဲ့။ မြန်မာတွေရဲ့ လွတ်လပ်ရေး အထိမ်းအမှတ်ဖြစ်တဲ့ ဒေါင်းအိုးဝေသံတွေလည်း တွန်ကျူးနေတယ်။ အင်း၊ သိုက်စာ၊ တဘောင်တွေနဲ့လည်း ကိုက်ညီနေတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်သုံးဦးရဲ့ လုပ်ငန်းတွေအောင်မြင်မယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးရမယ်။ မြန်မာ့ လွတ်လပ်ရေးဒေါင်းဟာ အင်္ဂလိပ်အစိုးရနဲ့ နယ်ချဲ့စနစ်ကို ဒေါင်းခွပ် သလို အောင်မြင်မှုရမှာ ဖြစ်ကြောင်း မင်္ဂလာယူပြီးတော့ “နဝင်းကိုက်ပြီ အင်းသိုက်စာ အခါညီလို့မို့၊ မြန်မာပြည် သာမည် အကြောင်းတွေနှင့်၊ ရှေးဟောင်းကို နောင်ပြန်မည့်၊ တဘောင်သံ အစပ်တေးမှာတော့ မြတ်လေးနွယ် စွယ်တော်ချောင်းမှာလ၊ ဒေါင်းအိုးဝေ တွန်သံသာမှဖြင့်၊ မွန်မြန်မာ ဗဟိုနဂိုတွင်မှ၊ ပျိုတို့မောင် ဝါ၀ါဝတ်ကိုလ၊ ဒေါင်းခွပ်မည် ထင်ရည်မှန်းကြပေတော့” ဆိုပြီး ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အလံတော်
မိမိတို့ရဲ့ အမျိုးသားနိုင်ငံတော်ဟာ ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်စွာအုပ်ချုပ်ခဲ့တယ်။ ဇာတိမာန်နဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ ဒေါင်းအလံကို ဝင့်ဝင့်ကြွားကြွား လွှင့်ထူခဲ့ကြပုံကို မှန်နန်းရာဇဝင်တော်ကြီး ကိုးကားပြီး ဆရာကြီး ဖော်ထုတ်တင်ပြထားတာက “သက္ကရာဇ် ၁၁၈၈ခု၊ နတ်တော်လဆန်း ၁၀ ရက်နေ့ (ခရစ်နှစ် ၁၈၂၆ ခုနှစ်) ဟံသာဝတီရန်ကုန်မြို့ ဖောင်တော်တံခါး ပြင်စိုက်ထားသည့် အလံတိုင်တွင် အင်္ဂလိပ်အလံကိုချ၍ ပိတ်ဖြူအလျား ကိုးတောင်၊ အနံ ခြောက်တောင်၊ အလယ်အနီ သွတ်၊ ဥဒေါင်းရုပ် ပန်းခက်ကိုက်၊ အထွတ် ရွှေထည် မြန်မာ့အလံတော်ကို အတီးအကစုံ တီးမှုတ် စေပြီးလျှင် အမြောက်သံ ၃ ချက် ပေး၍ အဝေးရောက်စာရေး ဇေယျကျော်ထင်နော်ရထာ၊ ရတနာပုံတိုက် ဇေယျနော်ရထာတို့ကို ကြပ်မတ်တင်ထားမြဲ တင်ရ၏” ဆိုပြီး တွေ့ရပါတယ်။

“ကဒေါင်း” မှ “ခွပ်ဒေါင်း” သို့
ဒေါင်းဆိုတာ နေမင်းကြီးရဲ့အထိမ်းအမှတ်ဖြစ်တဲ့ မြန်မာတို့ရဲ့ရှေးအစဉ်အလာ အမျိုးသားသင်္ကေတ ဖြစ်ပါတယ်။ ဝံသာနုခေတ်မှာ ဒေါင်းပုဝါ ဒေါင်းအလံတွေကလည်း အထူးခေတ်စားတယ်လို့ဆိုပါတယ်။ အဲ့ဒီခေတ် ဒေါင်းတံဆိပ်က ဇာတိမာန်စိတ်ဓါတ်ဖြစ်ပါတယ်။ ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားမှုမှာ ပထမဆုံးနဲ့ အမြင့်မားဆုံးလွှင့်ထူခဲ့တဲ့ ဝံသာနုလှုပ်ရှားမှုအလံတော်လည်း ဖြစ်ခဲ့ပါတယ်။ တကသ၊ ဗကသ ခေါင်းဆောင် ကိုအောင်ဆန်းတို့ရဲ့ ဒုတိယကောလိပ်သပိတ်ခေတ်မှာတော့ ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲ ဒီရေ မြင့်သထက် မြင့်လာတဲ့အတွက် ခေတ်နဲ့အညီ “ခွပ်ဒေါင်း” အလံကို ပြောင်းလဲလွှင့်ထူခဲ့ပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တကသ၊ ဗကသ ကျောင်းသားထုကြီးရဲ့ ခွပ်ဒေါင်းအလံကို ယူဆောင် လွှင့်ထူခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် တကသ၊ ဗကသတို့ရဲ့ ခွပ်ဒေါင်းအလံဟာ ဝံသာနုခေတ်က ဒီနေ့ခေတ်အထိ နှစ်ပေါင်း ၁၀၀ ကျော် တလူလူလွင့်နေဆဲ ဖြစ်ပါတယ်။

ဒေါင်းအိုးဝေ
ဒေါင်းဋီကာသစ်ဟာ ကိုလိုနီခေတ် ဗျူရိုကရက်အုပ်ချုပ်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ ကျမ်းတစ်စောင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒမပါဘဲ ဗျူရိုကရေစီအရာရှိတွေရဲ့ ဆန္ဒသဘောအတိုင်း အုပ်ချုပ်ခဲ့တဲ့ ဗျူရိုကရက်အုပ်ချုပ်ရေးစနစ်ဟာ ၁၈၉၇ ခုနှစ်ကစပြီး ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် ပြောင်းသည်ထိ ၂၅ နှစ်ကြာခဲ့ပါတယ်။ တိုင်းပြည်က မလိုလားတဲ့ အဲဒီဗျူရိုကရက်အုပ်ချုပ်ရေးစနစ်ကို ဒေါင်းအိုးဝေက သူ့နည်းသူ့ဟန်နဲ့ ခွပ်လက်ပြင်ပြီး တိုက်ပွဲဝင်ထားတာ ဖြစ်ပါတယ်။

ဒေါင်းဋီကာသစ်ရဲ့ ကျမ်းပြီးဆုတောင်းကဗျာ လေးချိုးကြီးမှာ ဆရာမှိုင်းက ''မြန်မာတခွင် ပြုံးပြံုးချိုချိုနဲ့ မြူးရအောင်၊ မကြာခင် ဟုမ်းဆိုတဲ့ ရူးရယ်နှင့် သုံးလိုသနဲ့ အထူးသာပါ့၊ အကြောင်း အကျိုး မသွေ။ ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေ မြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” ဆိုပြီး ဖွဲ့ဆိုခဲ့ပါတယ်။ တကယ်တော့ ဒေါင်းအိုးဝေ ဆိုတဲ့ ဒေါင်းအလံ လွှင့်ပြီး တိုက်ပွဲဝင်ကြ၊ ရလျှင်ရ၊ မရလျှင် ဒေါင်းခွပ်ကြ ဆိုပြီး လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းအိုးဝေကဗျာဟာ ဗကသခေါင်းဆောင် ကိုအောင်ဆန်း ကြိုက်နှစ်သက်တဲ့ အမျိုးသားရေးကဗျာဖြစ်သလို၊ မြန်မာတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းအားထုတ်မှုမှာ အရှိန်အဝါကြီးမားတဲ့ ကဗျာဖြစ်ပါတယ်။ ဆိုခဲ့တဲ့အတိုင်း လွတ်လပ်ရေးအတွက် ရလျှင်ရ၊ မရလျှင် ချခဲ့ရတာ၊ ဒေါင်းခွပ်ခဲ့ရတာ တကယ့် လက်တွေ့ဘဝမှာ ပြည်သူလူထုဟာ အကြိမ်ကြိမ် ကြုံတွေ့ဖြတ်သန်းခဲ့ကြဖူးပါတယ်။

ဒေါင်းဋီကာသစ်ရဲ့ အနှစ်သာရမှာတော့ ဗျူရိုကရက်အုပ်ချုပ်ရေးစနစ်ကနေ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ပြောင်းနိုင်ဖို့ ဟုမ္မရူးတောင်းဆိုနေတဲ့ ဖေ ပု ရှိန်နဲ့အတူ တမျိုးသားလုံး ရပ်တည်ကြ၊ တောင်းဆိုကြလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီသမိုင်း အဖြစ်အပျက်တွေက နှောင်းလူတွေအတွက် ဘာသင်ခန်းစာတွေ ပေးနေပါသလဲဆိုရင်တော့ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုအတွက် အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ဖို့ ဒါမှမဟုတ် အုပ်ချုပ်ရေးစနစ်အသစ်တစ်ခု ရရှိဖို့ဆိုရင် တောင်းဆိုလို့ရရင်ရ၊ မရရင် ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူအပေါင်း တမျိုးသားလုံးပါဝင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးနဲ့အတူ တိုက်ပွဲဝင်ကြဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက ဒေါင်းဋီကာသစ်က ညွှန်ပြခဲ့ပြီ မဟုတ်ပါလား။

ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေ မြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော။

ထွန်းဝင်းငြိမ်း
၁၇၊ ၃၊ ၂၀၂၀

ကိိုးကား

၁။ မစ္စတာမောင်မှိုင်း၏ ဒေါင်းဋီကာသစ်၊ (တတိယအကြိမ်)၊ ၁၉၆၀ ခုနှစ်၊ လူထု ကြီးပွားရေးပုံနှိပ်တိုက်၊ မန္တလေးမြို့။
၂။ မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေး သဘောထားအထွေထွေ၊ ဒေါက်တာသန်းထွန်း၊ (တတိယအကြိမ်)၊ ၂၀၁၂ ခုနှစ်၊ တောင်သမန် ရွှေအင်း စာပေ၊ မန္တလေးမြို့။
၃။ သခင်ကိုယ်တော်မှိုင်းဋီကာ၊ ဇော်ဂျီ၊ (ဒုတိယအကြိမ်)၊ ၂၀၁၀ ခုနှစ်၊ ရာပြည့် စာအုပ်တိုက်၊ ရန်ကုန်။
၄။ ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း၊ မောင်မောင်အေး(စစ်ကိုင်း)၊ (ပထမအကြိမ်)၊ ၂၀၁၆ ခုနှစ်၊ မဟာမှိုင်း စာပေ၊ ရန်ကုန်။
၅။ မစ္စတာမောင်မှိုင်း၏ ဒေါင်းဋီကာသစ်၊ နှစ် ၁၀၀ ပြည့်၊ (စတုတ္ထအကြိမ်)၊ ၂၀၂၀ ခုနှစ်၊ မဟာမှိုင်း စာပေ၊ ရန်ကုန်။