Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၄





လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၄

(မိုးမခ) မတ် ၂၅၊ ၂၀၂၀

ဒေါက်တာဘရုစ်အဲလ်ဝဒ် (Dr.BruceAlyward) နဲ့ ဝူဟန့်


ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် (W.H.O) မှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဘရုစ်အဲလ်ဝဒ် ကိုတော့ တရုတ်နိုင်ငံသားများက အသဲစွဲသွားကြပါပြီ။

ကနေဒါက ကူးစက်ရောဂါဆိုင်ရာပညာရှင်ကြီးဖြစ်တဲ့ သူဟာ သူ့အဖွဲ့ရဲ့တာဝန်ပေးချက်အရ တရုတ်ပြည်ကကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကို လေ့လာစစ်ဆေးဖို့ တရုတ်ပြည်ကို တခြားနိုင်ငံက ပညာရှင် (၈) ဦးနဲ့အတူ ရောက်ရှိလာပါတယ်။ တရုတ်ပညာရှင် (၉) ဦးနဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကို ခေါင်းဆောင်ပြီး တရုတ်ပြည်က နေရာအချို့ (ဝူဟန်၊ ကွမ်တုံး၊ ပီကင်း) ကို သွားရောက်ပြီး ရောဂါဖြစ်ပွားမှု၊ ကုသမှု၊ ကာကွယ်မှု စတဲ့ ဘက်ပေါင်းစုံအခြေအနေများကို လေ့လာစစ်ဆေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၂၄)ရက်မှာတော့ ပီကင်းမှာ သူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သူတို့အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ပြောပြခဲ့ပါတယ်။ သူပြောဆိုချက်တွေထဲက မှတ်သားစရာများကတော့ ...

(၁) ပြည်သူလူထုအတွက်ပဲ စဉ်းစားပေးတဲ့ အစိုးရ၊  အစိုးရပြောသမျှ လိုက်နာတဲ့ပြည်သူ၊
အစိုးရနဲ့ ပြည်သူ တထပ်တည်းကျတဲ့ တိုင်းပြည်၊ ကမ္ဘာပေါ်မှာ တရုတ် တပြည်ပဲရှိတယ်။

(၂) ဝူဟန့်က မြို့သူမြို့သားများကို ပြောပါရစေ။ ကမ္ဘာကြီးက ခင်ဗျားတို့အပေါ် ကြွေးတင်သွားပါပြီ အေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်မှာ ခင်ဗျားတို့ဆီကိုပြန်လာပြီး ကျေးဇူးတင်ကြောင်း ပြောပါ့မယ်။
သူက သူဘာလို့ ဒီလိုပြောရသလဲ ဆိုတာတွေကိုလည်း ရှင်းပြပါသေးတယ်။

ဝူဟန့်က (ဘာအလုပ်ကိုပဲ လုပ်နေနေ) သူတွေပြောတာက ... ဒါ ဟာ ကျွန်တော်တို့တာဝန်လေ။ ကမ္ဘာကြီးကို ဒီရောဂါဘေးက ကာကွယ်ပေးရမှာ။ ကျွန်တော်တို့အလုပ် ကျွန်တော်တို့ လုပ်နေတာပဲ ... တဲ့။

ဒီလောက် တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်လိုက်တာကို ကိုယ့်အသိနဲ့ကိုယ် လိုက်နာကြတဲ့ လူထုကြီးကိုမြင်ရတာ သိပ်အားရတယ် ... တဲ့။

ဒါ့အပြင် သူက ဒီလိုပြောသေးတယ်။

ကျွန်တော် ဒီရောဂါဖြစ်ရင်တော့ တရုတ်ပြည်မှာပဲ ဖြစ်ချင်တယ်။ တရုတ်ဆေးဝန်ထမ်းတွေက အသက်ရှင်အောင် ကုတတ်တယ် ... တဲ့။

ဒါကတော့ ကပ်ရောဂါကုသရေး ရှေ့တန်းစစ်မျက်နှာက ဆေးဝန်ထမ်းများကို အမြင့်ဆုံး ချီးမြှောက်လိုက်မှုပါပဲ။

သူပြောလည်း ပြောလောက်စရာပါပဲ။ ဝူးဟန့်မြို့သူမြို့သားများဟာ အလွန်ကြီးမားတဲ့ သူရသတ္တိစိတ်နဲ့ ဝူဟန့်ပိတ်ဆို့မှုကို ကြံ့ကြံ့ခံခဲ့ကြတာပါ။ ဝူဟန့်ဟာ လူဦးရေ(၁၄)သန်းရှိပြီး တရုတ်ပြည်အလယ်ပိုင်းကကုန်းလမ်း ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းဆုံရာ အချက်အချာမြို့ပါ။ ဇန်နဝါရီ (၂၃) ရက် မြို့ကို ပိတ်လိုက်ချိန်မှာ တရုတ်နှစ်သစ်ကူးကာလနဲ့လည်း တိုက်ဆိုင်နေလို့ လူပေါင်း (၅) သန်းလောက် အပြင်ထွက်သွားကြပါပြီ။ အဲဒီကနေ ဒီရောဂါဟာ တနိုင်ငံလုံးကို ပျံ့နှံ့သွားတာပါ။ (အဲဒီလူတွေကိုလည်း ရောက်တဲ့ဒေသတွေမှာ သီးသန့်ထိန်းချုပ်မှုတွေ လုပ်ခိုင်းပါတယ်။)

ဝူဟန့်မှ နေ့စဉ် ရောဂါသည် ထောင်ချီရှိနေပြီး သေဆုံးသူကလည်း နေ့စဉ်ရာချီနေပါတော့တယ်။ ဆေးရုံတွေ ဆေးခန်းတွေ ပြည့်လျှံနေပြီး ကူးစက်မှုကလည်း မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာနေပါတယ်။ ဒီတော့မှ ဝူဟန့်မြို့သူမြို့သားများက ဒီပိတ်ဆို့မှုကို မလိုက်နာရင် မဖြစ်တော့ဘူးဆိုတာ သဘောပေါက်လာကြပြီး အစိုးရပြောသမျှကို နားထောင်လာတာပါ။ ဒီလိုနည်းနဲ့ မိမိဘာသာမိမိ ထိန်းချုပ်တာတွေလည်း လုပ်လာကြပါတယ်။

ဝူဟန့်သားတယောက်က သူ့ဒိုင်ယာရီမှာ ဒီလိုရေးထားပါတယ်။

ကျွန်တော်တို့တတွေ ပွင့်ကျနေတဲ့ ရေပိုက်ခေါင်းကို ပိတ်နေသလိုပါပဲ။ ကြမ်းပေါ်ဖိတ်ကျနေတဲ့ ရေတွေကိုကုန်စင်အောင် သုတ်ပစ်ရမှာပေါ့။ ကျွန်တော်တို့အနေနဲ့ ရောဂါသည် အသစ် နည်းနိုင်သမျှနည်းအောင် လုပ်ကြရမယ်။ ဒါမှသာ ကပ်ရောဂါကို ထိန်းနိုင်မှာ ... လို့ရေးထားပြီး အစိုးရရဲ့ ပိတ်ဆို့မှုကို ထောက်ခံခဲ့တယ်။

ဒီထက်စောစောလုပ်ခဲ့ရင် ပိုကောင်းမှာ .. လို့လဲ ရေးထားပါတယ်။

ကူးစက်မှုတွေပြင်းထန်စဉ်က နေအိမ်တိုင်းလိုလို ဒီရောဂါနဲ့ ပတ်သက်မှုတွေရှိနေပါတယ်။ တချို့အိမ်များဆိုဖိတ်စင်သူ အိမ်သားတယောက်မက ရှိခဲ့ပါတယ်။ ဒီအတွင်း ထွက်ပေါ်လာတဲ့ ဗွီဒီယိုအခွေလေးတခွေက တနိုင်ငံလုံးကို မျက်ရည်ကျစေခဲ့ပါတယ်။

လူနာတင်ကားကြီးတစင်းက ဆေးရုံဝင်းထဲက မောင်းထွက် လာနေပြီး အဲဒီကားနောက်က ဆေးရုံဝတ်စုံများနဲ့ လူ ၃-၄ယောက် အော်ဟစ် ငိုယိုပြီး ပြေးလိုက်နေတဲ့ပုံပါ။

အဖြစ်အပျက်က ရောဂါဖြစ်ကာစက ဆေးဝန်ထမ်းများ အတော်ကူးစက်ခံလိုက်ရပါတယ်။ အဲဒီထဲမှာ ဆေးရုုံတရုံက ဆေးရုံအုပ်ကြီးတဦးလည်း ပါပါတယ်။ အဲဒီဆေးရုံအုပ်ကြီး ဆေးရုံမှာ ၂လနီးပါး ကုသခံနေရာကကွယ်လွန်သွားတော့ ထုံးစံစည်းကမ်းနဲ့အညီ ချက်ချင်းအလောင်းကို သယ်ယူရတာပါ။ အဲဒီဆေးရုံအုပ်ကြီးဇနီးက ဌာနတခုမှာ သူနာပြုမှူးပါ။ အဲဒီနေ့က သူလည်း အခန်းတခုမှာ တာဝန်ကျနေပါတယ်။ ခင်ပွန်းသည်ကွယ်လွန်သွားပြီကြားလို့ လိုက်လာရာမှာ အလောင်းသယ်သွားတဲ့ကားကိုပဲ မီလို့ အဲဒီကားနောက်က ပြေးလိုက်နေတာပါ။ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် ၃-၄ ယောက်ပါ ပါပါတယ်။ တနိုင်ငံလုံး မျက်ရည်ကျရပါတယ်။ ဒါက အဖြစ်အပျက်ကလေးတခုပဲ ဖြစ်ပါတယ်။

ဝူဟန့်တမြို့လုံး ဒီရောဂါကပ်ဘေးရဲ့ဒဏ်ကို ခါးစည်း ခံခဲ့ကြရတာပါ။
ဝူဟန့်က ရပ်ကွက်အသီးသီးက ရပ်ကွက်ကော်မတီများရဲ့ လုပ်ဆောင်ချက်တွေ၊ တခြားနယ်ပယ်ပေါင်းစုံက
စေတနာဝန်ထမ်းကူညီသူတွေ စတာစတာတွေကတော့ ပြောမဆုံးနိုင်ပါ။
ဒါ့အပြင်် ဝူဟန့်မှာ ရောဂါဘေးပြင်းထန်လာတော့ တနိုင်ငံလုုံး က ဝိုင်းကူခဲ့ပါတယ်။ ဆေးဝန်ထမ်းတွေအကြောင်းပြောပြီးဖြစ်လို့ တခြားကူညီမှုတွေ ပြောပြပါဦးမယ်။

အတွင်းမွန်ဂိုလီးယားက ဆိတ်သားတွေ။ ရှန်စီးက ပန်းသီးတွေ၊ စစ်ချွှန်ကဟင်းမွှေးမဆလာတွေ၊  အနီးအနားပြည်နယ်တွေ ၊မြို့တွေက ဟင်းသီးဟင်းရွက်တွေ၊ စတဲ့ ... မရေမတွက်နိုင်တဲ့ အကူအညီများပါ။
အဲသလိုနဲ့ တနိုင်ငံလုံးရဲ့ ဝိုင်းဝန်းကူညီမှုနဲ့အတူ ဝူဟန့်ဟာ တဖြည်းဖြည်း နာလန်ထူလာပါတယ်။



မတ်လဆန်းကစပြီး သတင်းကောင်းတွေကြားလာရတာမှာ အခုတလောမှာတော့ ...  ဝူဟန့်မှာ ချယ်ရီတွေ ပွင့်နေပြီ ... တဲ့။

လှကျော်ဇော။
၂၃-၃-၂၀၂၀။