Breaking News

နိုင် ဝင်း သီ - အစက်အပြောက်များ

အစက်အပြောက်များ
နိုင် ဝင်း သီ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၀ 
       
                        ( တစ် )           
                                                     
      တွေ့ဖူးသမျှလူတွေထဲမှာတော့ သူဟာ ခပ်ဆိုးဆိုး ခပ်ပေပေ လူတစ်ယောက်။
      မျက်ခုံးထူထူနဲ့၊ ဝိုင်းစက်ကြည်လင်နေတဲ့ မျက်ဝန်းအစုံနဲ့၊ ဆံပင်ညိုညိုပျော့ပျော့လေးတွေနဲ့။ လူပုံကြည့်ရင်သာ နူးနူးညံ့ညံ့ထင်ရပေမယ့် တကယ်တော့ သူဟာ မုန်တိုင်း။ စိတ်မထင်ရင် မထင်သလို ဝုန်းခနဲ ထထတိုက်သွားတတ်တဲ့ ကမ်းခြေမုန်တိုင်းမျိုး။
       ဘဝမှာဆိုးခဲ့ပေခဲ့တာတွေများခဲ့ပေမဲ့လည်း  အရေးတော်ပုံကာလတုန်းက သူဟာ တစ်ခုသောအလံ တော်အောက်ကနေပြီး ဝံ့ဝံ့စားစားနဲ့ တိုက်ပွဲဝင်လာခဲ့တဲ့လူ။ လွတ်မြောက်ချင်ရင် တော်လှန်ရမယ်ဆိုတဲ့အဆို အမိန့်ကိုယုံကြည်ခဲ့တဲ့လူဆို‌တော့လည်း တက်ကြွသောလူငယ်တပ်ဦးမှာ သူလိုလူမျိုးကို မြင်ခဲ့ရတာဟာ အထူးအဆန်းတော့မဟုတ်။ အရေးတော်ပုံကာလ ပြီးဆုံးသွားတော့လည်း ဆိတ်ဖလူးပန်းရနံ့ မျောလွင့်နေတဲ့ နေရာလေးတစ်‌နေရာမှာ သုံးနှစ်လောက် ကြာမြင့်‌အောင် ရောက်သွားခဲ့ရပြန်လေတယ်။
       သူဟာ ဘယ်လိုနေရာမျိုးကို ရောက်ရောက် စိတ်မညစ်တတ်ဘူး။ ရောက်ရာအရပ်မှာ ပျော်ရွှင်အောင်နေတတ်တယ်။ တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်းတတ်တယ်။
      သူ့ကြောင့် စိတ်ညစ်ညူးခဲ့ရတာတွေ ရှိခဲ့သလို ပျော်ရွှင်ခဲ့ရတာတွေလည်း ရှိခဲ့ဖူးပါရဲ့။
      တိတ်ဆိတ်မှုဆိုတာ ဆူညံခြင်းတစ်မျိုးပါကွာ။ နာရီဆိုတာ အကျဉ်းထောင်တစ်မျိုးပေါ့ကွာ။ အနုပညာသာမရှိခဲ့ရင် ကမ္ဘာကြီးဟာ သွက်သွက်ခါအောင် ရူးသွားနိုင်တာပေါ့ကွာ။

      သူ့ရဲ့ အတွေးအမြင် အယူအဆတွေက ပုံသဏ္ဍာန်တစ်မျိုး။ သူ့ရဲ့ စကားလုံးတွေဟာ တစ်ခါတစ်ခါမှာ လေးလေးနက်နက်။ တစ်ခါတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး။ တစ်ခါတစ်ရံမှာ သူက အငြိမ်။ တစ်ခါတစ်ရံမှာတော့ သူက အလှုပ်။ သူ့လက်ဖျံပေါ်မှာ ရေးခြစ်ထိုးသွင်းထားတဲ့သေမှုအနုပညာဆိုတဲ့စကားလုံးကိုက သူများတွေနဲ့မတူတဲ့ သူ့ရဲ့အမှတ်အသား။
       ယန်းပေါဆတ်နဲ့ ကမျူးရဲ့ဝတ္ထုတွေကိုဖတ်ပြီး ဖြစ်တည်မှုပဓာနဆိုတာကို ဆင်ခြင်ကြည့်တာ ရူးနှမ်းချင်သလိုလိုတောင် ဖြစ်သွားတယ်ကွာ။ ခပ်လွင့်လွင့် ညနေခင်းတစ်ခုမှာ သူပြောခဲ့ဖူးတာကို ကျွန်တော် အမှတ်ရနေခဲ့တာ။ သူငယ်ချင်းလို့ပဲ  ဆက်၍ခေါ်မည်ခိုင်ကိုဖတ်ပြီး ဆရာတက္ကသိုလ်ဘုန်းနိုင်ကို တွေ့ချင်လွန်းလို့ပါ အတင်းပူဆာနေလို့ ဓမ္မရောင်ခြည်ကျောင်းလမ်းထဲက ပြတင်းပေါက်‌တွေအများကြီးပါတဲ့ ဆရာ့ရဲ့သစ်သားအိမ်လေးကို ကျွန်တော်ခေါ်သွားခဲ့ဖူးတာ။ အမည်သညာ ခေါ်စရာကား အောင်ဇော်မျိုးတဲ့။
       ရောက်တဲ့အရပ်မှာ ပျော်အောင်နေပြီး တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်းတတ်တဲ့ အောင်ဇော်မျိုးကို မင်းသားဇော်ခင်ကြီးကလည်း အရမ်းခင်ရှာ‌ပါတယ်။ အဲဒီတုန်းက ကျွန်တော်နေတဲ့ ကုန်းထိပ်လေးဟာ ရန်ကုန်သန်လျင်ကားလေးတွေ ဂိတ်ဆုံးတဲ့နေရာလေး။ ကားဂိတ်အနီးက မြေနီလမ်းလေးထဲမှာ အလေ့ကျဈေးလေးတစ်ခုလည်း ရှိနေလေတော့ တစ်နေ့လယ်လုံး သွေ့ခြောက်နေတဲ့ ကုန်းထိပ်လေးဟာ ညနေခင်းဆိုရင် သက်ဝင်လှုပ်ရှားလာခဲ့ပြီ။‌ ပြောမယ်ဆိုရင် အဲဒီကုန်းထိပ်လေးဟာ ကျွန်တော်တို့ရဲ့  မွန်ပါနာဆေရပ်ကွက် ‌လေး။

     ဇော်ခင်ကြီးဟာ မကြာခဏဆိုသလို အဲဒီကုန်းထိပ်လေးကို ရောက်ရောက်လာတတ်ပါတယ်။ လမ်းထိပ်လေးကနေ လှမ်းကြည့်လို့ ကျွန်တော့်အိမ်မှာ တံခါးရွက်လေးတွေ ဖွင့်ထားတာတွေ့ရင် မင်းသားကြီးဟာ အိမ်ကို ရောက်လာခဲ့ပြီ။ ကျွန်တော့်အိမ်ရောက်လို့ ကိုကျော်မင်းနိုင်တို့၊အောင်ဇော်မျိုးတို့နဲ့တွေ့ရင် မင်းသားကြီးဟာ ပျော်ရွှင်သွားခဲ့ပြီ။
စာ‌ရေးဆရာ ကိုကျော်မင်းနိုင်ဆိုရင် အနုပညာခေတ်ဦးပိုင်းထဲက မင်းသားကြီးနဲ့ တွဲလာခဲ့တဲ့လူ။ အဲဒီလို လူစုံတက်စုံရှိပြီဆိုရင် ကျွန်တော်တို့ဟာ ကုန်းထိပ်လေးက အစ်ကိုကြီး ကိုတင်ငွေရဲ့ ရွှေမဉ္ဇူဆိုင်‌လေးကို ရွက်လွှင့်ခဲ့ကြပေါ့။ ရွှေမဉ္ဇူမှာ လွင့်နေရင်းနဲ့ ဇော်ခင့်စတိုင်ဖြစ်တဲ့ ကော်လံထောင်၊ စီးကရက်ကိုခဲပြီး ဒါက ချိန်းမိလေသောညထဲက။ ဒီစတိုင်က ခြေလှမ်းငါးဆယ်ထဲက။ ဇော်ခင့်ရဲ့ နာမည်ကြီးကားတွေထဲကအမူ အရာတွေကို အောင်ဇော်မျိုးလုပ်ပြရင် မင်းသားကြီးဟာ သဘောကျလွန်းလို့ တဝါးဝါးတဟားဟား။
        ဒီကောင်ဟာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အငြိမ့်၊ ဇာတ်၊ ပွဲလမ်းသဘင် မှန်သမျှကို အာရုံ တိမ်းညွှတ်လေသူ။ အိပ်ရင်တောင်မှ  ဆိုင်းသံဗုံသံကြားရာအရပ်ကို ခေါင်းထိုးပြီး တရှူးရှူးနဲ့ အိပ်တတ်လေသူ။ တစ်ခါတစ်ခါမှာတော့ သူ့လက်နှစ်ဖက်ကို သူ့ဟာသူ ပွတ်သပ်ပြီး ဒီနေ့ ငါ့လက်တွေထဲမှာ ယားနေလိုက်တာကွာ။ ဘယ်သူ့ခေါင်းကို ရိုက်ခွဲရရင် ကောင်းမလဲမသိဘူးလို့ ပြောချလိုက်ပြီဆိုရင် သူနဲ့အတူရှိနေတဲ့ကောင်တွေဆိုတာ အကုန်မျက်ခုံးလှုပ်ကုန်ပြီ။ ပြောရင်လည်းပြောသလို ပြဿနာထထရှာတတ်တဲ့လူစားမျိုးမို့လား။

         တစ်ခါကလည်း မြို့မဈေးကြီးထဲမှာ ဂီတစာဆို ဦးကျော့မှူးနှင့်တွေ့လို့ သူ့ကို မိတ်ဆက်‌ပေးမိပါတယ်။ 
" ဆရာရေးတဲ့ သီချင်းတွေထဲမှာ ပကာသနဇာတ်ပျက်သမားနဲ့ ငယ်ချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာကို အငြိဆုံးပဲဆရာ" လို့ ပြောချလိုက်တော့ ဆရာဦးကျော့မှူးရဲ့ မျက်နှာပေါ်မှာ အပြုံးရိပ်တစ်ခုဖြတ်‌ပြေးသွားခဲ့။" မင်းတို့ သန်လျင်ကကောင်‌တွေဟာ‌လေ ငယ်ချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာကို အတော်ကြိုက်ကြတဲ့ကောင်တွေ။ ငယ်ချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာဆိုလို့ ပြောလိုက်ရဦးမယ်။ ငါ့အိမ်နားက အပေါင်ဆိုင်လေးမှာ အဲဒီသီချင်းလာလာဆိုတဲ့ ကောင်တစ်‌ကောင်ကတော့ အတော်လေးကောင်းသားကွ "

     "အဲဒါ ကျွန်တော်ဆိုတာပေါ့ ဆရာရယ် "
     "ဟာ...ဟုတ်ရဲ့လားကွာ ..ငါ့‌ကောင်ရာ "
     "ဟုတ်ပါတယ် ဆရာရဲ့။ ကျွန်တော် အဲဒီဘက်ကို ရောက်ရင် ဝင်ဆိုနေကျပါ။ ဆရာမယုံရင် ဒီညဆင်းလာခဲ့ကြည့်လေ "

      ဦးကျော့မှူး‌‌နေတဲ့အိမ်က ဇာတ်ရုံလမ်းရဲ့ အောက်ဘက်‌ ရေနံလိုင်းဝမှာပါ။ အဲဒီ‌ရေနံလိုင်းဝမှာပဲ မြို့ကလေးထဲကလူတွေအပေါင်ဆိုင်လို့ခေါ်ကြတဲ့ အစိုးရ ငွေချေးဌာနလေးတစ်ခုဟာ ဦးကျော့မှူးတို့ အိမ်နှင့်ကပ်လျက်သား။ ကြားထဲမှာ လမ်းကလေးတစ်လမ်းသာ ခြားသည်။ အဲဒီ အပေါင်ဆိုင်လေးရဲ့ မျက်နှာစာဆင်ဝင်ဟာ အကာအရံမရှိဘဲ တိတ်ဆိတ်နေတဲ့အပြင် ပင်ညိုကုက္ကိုပင်ကြီး‌တွေပါ ဝန်းကျင်မှာရှိနေလေတော့ အဲဒီနေရာလေးဟာ ဂစ်တာသမားလေးတွေရဲ့ ကွန်းခိုရာရိပ်မြုံလေး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတာ။ ညဦးပိုင်းရောက်တာနဲ့ ရေနံလိုင်းထဲက ဂစ်တာသမားလေးတွေဟာ အဲဒီရိပ်မြုံလေးထဲကို ရောက်ရောက်လာတတ်တာ။ တစ်ခါတစ်ခါကျတော့ ဇာတ်ရုံလမ်းထဲက လူငယ်ဂစ်တာသမား‌လေးတွေ။ ဒီလိုနဲ့ပဲ အဲဒီရိပ်မြုံလေးဟာ ညဥ့်နက်ပိုင်းရောက်တဲ့အထိ လွမ်းမောစရာကောင်းတဲ့ ဂစ်တာသံတွေနဲ့ လွင့်ရှရီ‌ဝေနေတတ်တာ။
တစ်ခါတစ်ခါ ကျွန်တော်တို့ထဲက တချို့ဟာ အဲဒီရိပ်မြုံလေးဆီရောက်သွားပြီး ညဥ့်နက်ကြယ်တွေနဲ့အတူ ရောထွေးလွင့်ထွက်သွားတတ်တာ။

        အဲဒီညက အောင်ဇော်မျိုး ငယ်ချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာကိုဆိုတော့ ဦးကျော့မှူး တကယ်ရောက် လာခဲ့ပါတယ်။ ကောင်းလိုက်တာကွာလို့လည်း လှိုက်လှိုက်လှဲလှဲ ချီးကြူးပါတယ်။ သီချင်းရေးတဲ့ ဂီတစာဆိုကိုယ်တိုင် ချီးမွမ်းခန်းထုတ်လေတော့ အောင်ဇော်မျိုး အားတက်သွားပြီး အဲဒီသီချင်းကိုပဲ လေးငါးခြောက်ခါလောက် အရပ်အနားမရှိဘဲ ဆက် တိုက်ဆိုပါတော့တယ်။ နောက်ဆုံး ဦးကျော့မှူးကိုယ်တိုင်တော်ပါတော့ကွာ လို့ ညည်းယူရတဲ့အထိ အောင်ဇော်မျိုးတစ်‌ယောက် အဲဒီညက သစ်ခက်သရဖူ ဆောင်းခဲ့ပါတယ်။

                        ( နှစ် )

       တစ်ချိန်တုန်းကဇာတ်သဘင်ဆိုတာ ကျွန်တော်တို့လူငယ်တွေ ရင်ခုန်တိမ်းမူးရာအနု ပညာရပ်ဝန်းတစ်ခု။
ပွဲခင်းတစ်ခုထဲက ဇာတ်ရုံတစ်ရုံထဲကို ရောက်ရှိသွားခဲ့ပြီလား။တွန့်ကာတွန့်ကာနဲ့ တရွရွ လိပ် တက်သွားတဲ့ ကြက်သွေးရောင် ကတ္တီပါ ပြည်ဖုံးကားကိုကြည့်ပြီး ကျွန်တော်တို့ဟာ ရင်တွေခုန်ခဲ့ကြ။ ပြဇာတ်ထဲက စကား လုံးတွေကြားမှာ ကျွန်တော်တို့ဝိဉာဉ်ပူးဝင်စီးကပ်ပြီးကျွန် တော်တို့ ကိုယ်ထဲက အနုပညာသွေးတွေဟာ ပူနွေးဆူပွက်ခဲ့ကြ။‌‌ ပြောမယ်ဆိုရင် အဲဒီနှစ်ကာလတွေဟာ လူငယ်ကြည်ခိုင်၊ ဘီအီးဒီအောင်သိုက်၊ သန်လျင်မောင်ဝင်းဝါတို့ရဲ့ ပြဇာတ်တွေနဲ့ ရေလည်အရသာရှိခဲ့တဲ့ ကျွန်တော်တို့လူငယ်ဘဝရဲ့  နွေဦးညများ။

       ကျွန်တော်တို့မြို့သား မောင်ဝင်းဝါဟာ တိုင်းချစ်တင်ငွေ ဇာတ်သဘင်ထဲမှာ ပြဇာတ်မင်းသား။ သန်လျင်မှာလာကတဲ့တစ်နှစ်က ဒီကောင်ဟာ ကိုဝင်းဝါကို ဆိုးနွဲ့ပြီးတော့ ကိုဝင်းဝါကတဲ့ဇာတ်ထဲမှာ တစ်လလောက် ပါသွားလိုက်သေးတယ်။ မင်းကြီးများ ဘုရားဆိုတဲ့ ဝန်ကြီး ဝန်ကလေးလည်းမဟုတ်။ တို့လူကလေးများဆိုသလေး ဝေလေလေထဲကလည်း မဟုတ်ပါဘဲနဲ့ ကျွန်တော်တို့ရဲ့ အစ်ကိုကြီး မောင်ဝင်းဝါကို သက်သက်ဂျီကျပြီး ဇာတ်အဖွဲ့နဲ့ လိုက်ပါသွားခြင်းပါပဲ။
       သူရောကျွန်တော်ပါ  ပြဇာတ်ကြိုက်တာချင်း တူညီသော်လည်း နောက်ပိုင်းဇာတ်ထုတ်တွေကိုတော့ ကျွန်တော် သိပ်မခံစားတတ်ပါ ။သူကတော့ နောက်ပိုင်းဇာတ်ထုတ်တွေကိုပါ ဇွဲကောင်းကောင်းနှင့် ကြည့်တတ်  ခံစားတတ်တဲ့လူ။
        ဒီလို အနုပညာခံစားမှုအားကောင်းတဲ့ အောင်ဇော်မျိုးဟာ ဖဲရိုက်တဲ့နေရာမှာလည်း စံတင်လောက် ပါပေသည်။ ဘန်လတ်၊ကိုးမီး၊ ပိုကာ၊‌ ရှိုး၊ ဘူကြီး အကုန်လုံးကို ကြုံလျှင် ကြုံသလို ကစားတတ်ပါသည်။သူ ဖဲနိုင်လာလျှင် သီချင်းလေးတအေးအေးနဲ့ လေကလေးချွန်ပြီး တစ်နေရာရာမှာ သွားကဲဖို့ အစီအစဉ်ဆွဲနေပြီ။ ဖဲရှုံးပြီဆိုလျှင်‌တော့ ဘယ်လို အရပ်မျိုးကိုပဲရောက်ရှိနေပါစေ။ သူ့ရဲ့လက်ကလေးကို ခေါင်းခုပြီး မလှုပ်မချောက် အိပ်တော်မူတော့သည်။ သူနိုးလာရင် သူ့ကိုယ်ပေါ်မှာ တွယ်ကပ်နေတဲ့ ခြင်တွေဆိုတာ သွေးတွေဝပြီး ဖေါင်းကားလေးလံနေသောကြောင့် ပျံတောင် မပျံနိုင်‌တော့။ သွေးဝနေတဲ့ အဲဒီခြင်တွေကို လက်ညှို းနှင့်လက်မကြားမှာ ဖိညှစ်ကြည့်လိုက်လျှင် သွေးညိုညိုတွေဟာ ဗျစ်ခနဲ ပန်းထွက်လာတတ်တာ။

       "မင်းက‌တော့ တကယ့်ကောင်ကွာ...ဖဲဆိုလည်း ရိုက်လိုက်တာပဲ" သွားမပြောလေနှင့်။" ဟေ့ကောင်ရာ..ပွတ်ရှ်ကင်နဲ့ ဒေါ့စတာယက်စကီးလည်း ငါ့လို ဖဲသမားတွေပါပဲကွာ။သူတို့က ငါ့ထက်တောင် ရိုက်သေးတာ" လို့ လေအေးကလေးနှင့် ပြန်ပြောလိမ့်မည်။
       ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ ပျော်ရွှင်မှုဆိုတာ‌‌ကို ခေတ်ကြီးထဲကနေ ရအောင်ရှာ‌ဖွေပြီး ခုနှစ်သက္ကရစ်တွေကို တစ်နှစ်ပြီးတစ်နှစ်  ဖြတ်သန်းလာခဲ့ကြတာ။

       သည့်နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ အရင်ကလောက် နီးကပ်မှု မရှိနိုင်တော့ပေမယ့် ရထားတွေတစ်စီးပြီး တစ်စီး ဖြတ်ဖြတ်မောင်းသွားတဲ့ ကျွန်တော့်အိမ်နားက ဆိုင်လေးထဲမှာ မကြာခဏဆိုသလို ဆုံတွေ့နေခဲ့ကြတာ။တစ်ခါတစ်ခါမှာတော့ ဗိုလ်ဇင်ယော်လမ်းလေးထဲက ကလပ်လေးထဲမှာ ညဥ့်နက်သွားတဲ့အထိ ကျွန်တော်တို့နှစ်ယောက်သား လွင့်နေခဲ့ကြတာ။ အလွမ်းဘူတာလို့ နာမည်ပေးထားတဲ့ အဲဒီဆိုင်လေးထဲမှာ ထိုင်ရင်းနဲ့ပဲ အထိအခိုက်အကျအဆုံး‌တွေ များပြားလာတဲ့ ဒီဘက်နှစ်တွေကို‌ရောက်တော့ ကျွန်တော်တို့အသင်းထဲက လူတွေဟာ တစ်ယောက်ပြီးတစ်ယောက် လျှော့နည်းလာခဲ့တာ။

      ငါတို့အသင်းမှာ လူမစုံတော့ပေမဲ့ ငါတို့သိမ်းပိုက်ထားတဲ့ တောင်ကုန်းလေးကိုတော့ စွန့်လွှတ်လို့ မဖြစ်သေးဘူးကွ။ ဒီညနေကို ရောက်အောင်လာခဲ့လိုက်မယ်။  သူ့ဆီမှာ FERRARI ဝိုင်တစ်လုံး ရထားတဲ့နေ့က လမ်းများတဲ့ကျွန်တော့်ကို ဘယ်ကိုမှ ခြေမရှည်ဖို့ မနက်ကတည်းက သူလှမ်းပြီး အချိတ်အဆက် လုပ်ထားခဲ့တယ်။အဲဒီနေ့က အလွမ်းဘူတာလေးထဲမှာ ကျွန်တော်တစ်ယောက်တည်း ထိုင်နေခဲ့ပေမဲ့ ညဥ့်နက်သွားတဲ့အထိ သူဟာ ရောက်မလာခဲ့။

                         ( သုံး )

      ကျွန်တော်နဲ့သူနဲ့ ချိန်းထားတဲ့ညနေခင်းတုန်းက FERRARI ဝိုင် ပုလင်းလေးကို အိတ်ပြာလေးထဲထည့်ပြီး ကျွန်တော့်ဆီကို သူ ထွက်အလာ။ ဘုရားကုန်းလမ်းဆုံမှာ နိုင်ငံခြားသူနှစ်ယောက်နဲ့ အတွေ့။
      နုထွေးညိုမျှင်‌‌တဲ့ ဖားလျားဆံနွယ်တွေဟာ ပန်းနုရောင်ကျော‌ပြင်ပေါ်မှာ ဝဲဖြာလွင့်ကျလို့။ အညိုရင့်ရောင်မျက်တောင်ကော့ကြီးတွေဟာ မျက်ဝန်းလဲ့ပြာပေါ်မှာ တဖျပ်ဖျပ်ခတ်လို့။ နှစ်ယောက်လုံးမှာလည်း ခရီးဆောင်အိတ် ကိုယ်စီလွယ်လို့။
        ဖားအောက်တရားစခန်းကို ဘယ်လိုသွားရပါမလဲ တစ်ယောက်ကမေးလိုက်တော့ သူ လမ်းညွှန်ပေ းလိုက်ပါတယ်။ ကျိုက်ခေါက်ဘုရားဝန်းကျင်မှာလည်း သဘာဝတရားရိပ်သာနဲ့ ဖားအောက်တရားစခန်းရှိလေတော့ နိုင်ငံခြားသားတွေဟာ အမြဲတမ်းလိုလိုအဲဒီနေရာလေးတွေကို ရောက်လာတတ်ကြပါတယ်။
     သူတို့နှစ်‌ယောက်ကို လမ်းညွှန်ပေးပြီးလို့ ဘယ်လောက်မှမကြာလိုက်။ ဖားအောက်ကိုသွားချင်တဲ့ နောက် ထပ်နိုင်ငံခြားသားတစ်ယောက်က မေးလာပြန်ပြီ။ သည်တစ်ခါမေးတဲ့ လူကတော့ အမျိုးသားတစ်ယောက်။
     ကျိုက်ခေါက်စေတီ အနီးဝန်းကျင်မှာနေလို့ သည်လိုလူမျိုးတွေကို မြင်ဖူး တွေ့ဖူး လမ်းညွှန်ခဲ့ဖူးတာတွေ များပြားလှပါပြီ။ သည်တစ် ကြိမ်မှာတော့ ဘယ်လိုဖြစ်သွားသည် မသိ။ သူ့ရဲ့ကိုယ်ထဲမှာ ဖျင်းဖျင်း ဖျင်းဖျင်းနဲ့ ဖြစ်လာသလိုပါပဲ။

     FERRARIဝိုင်ပုလင်းကို မဖေါက်ရသေးပါဘဲနှင့် အောင်ဇော်မျိုးဟာ ထုံရီလွင့်မူးသွားခဲ့ပြီ။
         အဲဒီညနေခင်းကပါပဲ။ ဖားအောက် တရားရိပ်သာထဲကို တစ်ကြိမ်တစ်ခါမှမရောက်ဘူးတဲ့ အောင်ဇော်မျိုးရဲ့ ခြေလှမ်းတွေဟာ ဖားအောက် တရားစခန်းရှိရာကိုတရွေ့ရွေ့နဲ့ ချဉ်းကပ်သွားခဲ့တာ။ သူ့မျက်နှာ‌ပေါ်မှလည်း စစ်မျက်နှာအသစ်တစ်ခုဆီစစ်ချီသွားရတဲ့ ကော့ဆက်တစ်ယောက်ရဲ့ အသွင်သဏ္ဌာန်မျိုးနဲ့ စိတ်လှုပ်ရှားနေခဲ့တာ။
           ကျွန်တော်တို့မြို့ကလေးထဲက သူပုန်အုပ်စုထဲမှာတော့ အောင်ဇော်မျိုးရဲ့သတင် းစကားဟာ သိပ်ကို ထူးဆန်း‌နေခဲ့ပြီ။
တစ်ရက်နှစ်ရက်နေရင် စပ်ဖြဲဖြဲနဲ့ ပြန်ထွက်လာပါလိမ့်မယ်ကွာ ပြောတဲ့သူနဲ့။ ဝီလျှံဟေးလ်မှာ ဆယ်လေးတစ်လေးပေးပြီး လောင်းကြေးတင်မယ့်ကောင်နဲ့။
       နောက်တစ်လလောက်နေတော့ လူသူလေးပါးနဲ့ အလှမ်းဝေးတဲ့ တောရကျောင်းလေးတစ်‌ကျောင်းမှာ  အရညဝါသီတောမှီရဟန်းလေးအဖြစ်နဲ့ သူ့ကို မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့

       သည့်နောက်ပိုင်းမှာ သူ့ကို မြင်လိုက်ရ‌လေတိုင်း သူဟာ မျက်လွှာ‌လေးချပြီး တည်ငြိမ်အေးချမ်း‌နေတတ်တာ။ လမ်းသွားရင်လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ အသိစိတ်လေး ကပ်ထား‌လေသလားမသိ။တစ်လှမ်းချင်းတစ်လှမ်းချင်းကို အာရုံစူးစိုက်မှု အပြည့်ထားပြီး ဖြည်းဖြည်းချင်း ကြွလှမ်းနေတတ်တာ။
       တစ်ချိန်တည်းမှာ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာအတွက်တစ်လှမ်း၊ မိသားစုအတွက်တစ်လှမ်း၊ အနု ပညာအတွက် တစ်လှမ်း၊ ငွေနံ့ကြေးနံ့အတွက် တစ်လှမ်း၊ ပိတ်ထားတဲ့တံခါးရွက်တွေကို တွန်းဖွင့်ဝင်ဖို့အတွက် တစ်လှမ်း။
     သံသရာအဆက်ဆက် ဘယ်သောအခါမှ ဆုံးခန်းတိုင်မှာမဟုတ်တဲ့ ခြေလှမ်းတွေနဲ့ မြို့ပြရဲ့ လမ်းမတွေထက်မှာ တစ်လှမ်းပြီးတစ်လှမ်း ပူလောင်လေးလံစွာနဲ့ လျှောက်လှမ်းနေခဲ့ကြတာ။    ။       
                                                                           
                                      နိုင်ဝင်းသီ